← Chapters

အခန်း (၄၀၉-၄၁၀)

Vol. 40 Ch. 409-410

အခန်း (၄၀၉-၄၁၀)

Vol. 40 Ch. 409-410

အပိုင်း(၄၀၉)

ကောင်းကင်ကပ်ဘေးစတင်ခြင်း

ယိလင် ကောင်းကင်နှလုံးသားကျွန်းကိုပြန်သွားပြီးနောက် ကျန်းယန် လင်းယွင်ကျိကို လန်ကျားအထွတ်အမြတ်မြေဆီ လွှတ်ကာ သူတို့မဟာမိတ်ထဲတွင် ကောင်းကင်နှလုံးသားကျွန်း ပါ၀င်လာပြီဖြစ်မှန်း သတင်းစကားပါးခိုင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် လန်ကျားအထွတ်အမြတ်မြေကို သူတို့မဟာမိတ်အကြောင်း တရား၀င် ကြေငြာချက်ထုတ်ဖို့ပါ အသိပေးလိုက်၏။

ကျန်းယန် လင်းယွင်ကျိအား ပင်လယ်ကောင်းကင်မျှော်စင်၏ ဗျူဟာအရအရေးကြီးပုံကိုလည်း ပြောပြလိုက်ပြီး လန်ကျားအထွတ်အမြတ်မြေကလည်း သူတို့ဆီ လူလွှတ်ကာ စည်းရုံးသင့်ကြောင်း မှာခိုင်းလိုက်သည်။

ထိုကိစ္စတွင် လန်ကျားအထွတ်အမြတ်မြေနှင့်အဇူရာတိမ်ဂိုဏ်းတို့ ပါစရာမလိုဘူးလို့ ကောင်းကင်နှလုံးသားကျွန်းဘက်က ပြောထားသော်လည်း လန်ကျားအထွတ်အမြတ်မြေကိုယ်တိုင် သွားရောက်စည်းရုံးခြင်းက သူတို့ကို မဟာမိတ်ကဘယ်လောက်အလေးထားသလဲ ပြသခြင်း ဖြစ်၏။

ထိုအချက်ကို ပြသနိုင်လျှင် သူတို့မဟာမိတ်ဖွဲ့ခြင်းက ပိုအောင်မြင်နိုင်ချေ ရှိလာပေလိမ့်မည်။

လင်းယွင်ကျိ သူတော်စင်သခင်နှင့်တွေ့သောအခါ ကျန်းယန်၏ ရည်ရွယ်ချက်များ အားလုံးကို ပြောပြလိုက်လေသည်။

သူတော်စင်သခင် ထိုသတင်းကြောင့် အံ့အားသင့်သွားခဲ့၏။

“ကောင်းကင်နှလုံးသားကျွန်းက ကမ္ဘာ့ရေးရာကိစ္စတွေထဲမှာ ၀င်မပါဘူးမလား သူတို့က တကယ်ကြီး မဟာမိတ်ထဲ ပါလာတာလား”

သမိုင်းကြောင်းအရ ကောင်းကင်နှလုံးသားကျွန်းသည် ကမ္ဘာ့ရေးရာကိစ္စများထဲတွင် ၀င်မပါသလောက်ပင်။

နောက်ဆုံးတစ်ခေါက် သူတို့ အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ရာ၌ ပါ၀င်လာခဲ့ရခြင်းကလည်း မတတ်သာ၍သာ ဖြစ်သည်။

နောက်ဆုံးတွင် ဂိုဏ်းကြီး ၈ဂိုဏ်းလုံးပေါင်းကာ အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်ခြင်းဖြစ်သောကြောင့် သူတို့အနေနဲ့ ငြင်းဆန်ဖို့ မလွယ်ခဲ့ပေ။

သို့သော် အခုအခြေအနေကတော့ မတူပေ။ ဤတစ်ကြိမ်တွင် သူတို့သည် သူတို့ကိုယ်တိုင် အားနည်းနေသော မဟာမိတ်ထဲပါ၀င်လာခဲ့ခြင်းဖြစ်၏။

ထိုအချက်က များစွာသော အဓိပ္ပာယ်များကို သယ်ဆောင်‌ေနခဲ့သည်။

လင်းယွင်ကျိ လေးလေးနက်နက်ဖြေလိုက်၏။

“သူက မကြာခင်ဖြစ်လာမယ့် ကပ်‌ေဘးကြီးတွေကို ကြိုမြင်နိုင်တယ်လို့ ယိလင်က ပြောခဲ့ပါတယ် ပြီးတော့ သူအဲ့ဒီအကြောင်း ကမ္ဘာပေါ်က ဂိုဏ်းကြီးတွေအားလုံးဆီ အလည်သွားပြီး ပြောခဲ့တယ်လေ ဒါပေမယ့် ဘယ်သူမှသူ့ကိုမယုံကြည်ခဲ့ကြဘူး ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းကပဲ သူ့ကိုယုံကြည်ပေးခဲ့တာ အဲ့တာကြောင့် သူက ကောင်းကင်နှလုံးသားကျွန်းကိုကိုယ်စားပြုလို့ ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ပြီး အနာဂတ်ကပ်ဘေးတွေကို အတူတူရင်ဆိုင်ချင်တာပါ”

သူတော်စင်သခင်မျက်မှောင်ကြုံ့ကာ ယွင်မုန့်စိမ့်တောဘက်သို့ ကြည့်လိုက်မိသည်။

ကမ္ဘာကြီး၏ ကပ်ဘေးက ထိုနေရာမှ စတင်လာပါမည်လော။

မကြာသေးခင်ကမှ ထိုစိမ့်တောမှထွက်လာသော ၀တ်ရုံနက်များက ကမ္ဘာကြီးတစ်ခုလုံးကို မွှေသွားခဲ့ခြင်း ဖြစ်၏။

တခဏတွေးပြီးနောက် သူတော်စင်သခင် လေးလေးနက်နက်ပြောလိုက်သည်။

“လန်ကျားအထွတ်အမြတ်မြေက ကောင်းကင်နှလုံးသားကျွန်း ကြေငြာချက်ထုတ်တဲ့အခါ သူတို့ကြေငြာချက်ကို ထောက်ခံပေးလိုက်ပါမယ် ပြီးတော့ ပင်လယ်ကောင်းကင်မျှော်စင်ကိုလည်း လူလွှတ်လိုက်မယ် စကားမစပ် ကျန်းယန်ကို ဒါလေး ပြောပေးပါ ငါတို့တွေ မိစ္ဆာတွေကို ယွင်မုန့်စိမ့်တောထဲ ပိုနက်နက်ရှိုင်းရှိုင်းစူးစမ်းနိုင်ဖို့ လွှတ်လိုက်သင့်လား”

သူ့မျက်လုံးထဲတွင် အဇူရာတိမ်ဂိုဏ်းနှင့်မိစ္ဆာများသည် မဟာမိတ်များဖြစ်၏။

ထိုသို့သာဆိုလျှင် မိစ္ဆာများကို စိမ့်တောထဲကင်းထောက်ခိုင်းခြင်းက ကိစ္စကြီးတော့ မဟုတ်လောက်ပေ။

လင်းယွင်ကျိ ခေါင်းခါလိုက်သည်။

“စီနီယာသူတော်စင် ကျွန်တော်တို့က ဒီလိုကိစ္စမျိုးကို သွားတောင်းဆိုလို့မရပါဘူး သူတို့ကမိစ္ဆာတွေဆိုပေမယ့် ကျွန်တော်တို့နဲ့ ပူးပေါင်းထားတာဖြစ်လို့ သူတို့ကို လုပ်ဖော်ကိုင်ဖက်တွေလိုပဲ ဆက်ဆံရပါတယ် သူတို့ကို တမင်သက်သက်ကြီး အန္တရာယ်တောထဲ မပို့နိုင်ပါဘူး”

သူတို့နှင့်မိစ္ဆာများ၏ ဆက်ဆံရေးသည် ပူးပေါင်းထားသည် ဆိုတာလောက် ရိုးရှင်းမနေပေ။

သို့သော် ထိုလျှို့ဝှက်ချက်အကြောင်း သူတော်စင်သခင်ကို ပြောပြစရာအကြောင်းမရှိပေ။

သူတော်စင်သခင် မျက်မှောင်အနည်းငယ်ကြုံ့သွားသော်လည်း ယွင်မုန့်စိမ့်တောကိစ္စကို ထပ်မပြောတော့ပေ။

မကြာခင်တွင် လင်းယွင်ကျိ ထွက်ခွာသွားခဲ့၏။

သူထွက်သွားပြီးသည်နှင့် သူတော်စင်သခင် ကောင်းကင်မျှော်စင်ကျွန်းသို့ မဟာမိတ်ကိစ္စအတွက် လူများလွှတ်လိုက်လေသည်။

ကောင်းကင်နှလုံးသားကျွန်းသည် ပင်လယ်ကောင်းကင်မျှော်စင်နှင့် ဆက်ဆံရေးကောင်းရှ်ိပြီး အခုလို လန်ကျားအထွတ်အမြတ်မြေကပါ ၀င်ပါလာသောအခါ ‌ပင်လယ်ကောင်းကင်မျှော်စင် မဟာမိတ်ကိစ္စကို အလျင်အမြန်ပင် သဘောတူခဲ့၏။

သို့သော် သူတို့တွင် အခြေအနေတစ်ခု ရှိပေသည်။

သူတို့ တာအိုပေါင်းစည်းခြင်းဆေးလုံး လိုချင်ခြင်း ဖြစ်သည်။

ထို‌ေဆးလံုးအတွက် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀ ပေးလိုက်ဖို့လည်း သူတို့ဆန္ဒရှိ၏။

သို့သော် ထိုကိစ္စကို ယိလင်ပင် ကြားထဲက၀င်ဆုံးဖြတ်ပေးလို့ မရပေ။

နောက်ဆုံးတွင် တာအိုပေါင်းစည်းခြင်းအဆင့်ဆေးလုံးဆိုသည်မှာ တော်ရုံတန်ဖိုးကြီးသော ဆေးလုံးဟုတ်မနေပေ။ တစ်ဂိုဏ်းဂိုဏ်းကသာ သူ့နောက်ကွယ်က ဖော်စပ်နည်းကို ဖော်ထုတ်နိုင်သွားခဲ့လျှင် တစ်ဂိုဏ်းလုံး၏ အုတ်မြစ်ကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သော ဆေးလုံးမျိုး ဖြစ်သည်။

ရလဒ်အနေဖြင့် ထိုကိစ္စကို ပင်လယ်ကောင်းကင်မျှော်စင်ကိုယ်တိုင် အဇူရာတိမ်ဂိုဏ်းဆီ‌ရောက်လာခဲ့ပြီး ညှိနှိုင်းဆွေးနွေးခဲ့၏။

ကျန်းယန်ကလည်း ချက်ချင်းပင် သဘောတူခဲ့သည်။

သူ့အတွက်တော့ တာအိုပေါင်းစည်းခြင်းဆေးလုံးဆိုသည်မှာ သာမန်ဆေးလုံးသာဖြစ်ပြီး တန်ရာတန်ကြေးရနေသရွေ့ သူရောင်းပေးနိုင်၏။

ထို့အပြင် ဆေး၏လျှို့ဝှက်ချက်ကို အခြားဂိုဏ်းများ ဘယ်တော့မှ ဖော်ထုတ်နိုင်မှာမဟုတ်ဘူးဆိုတာကိုလည်း သူသေချာသိနေခဲ့သည်။

ယခုအခါ သူတို့လုပ်ဖို့လိုတာက ပင်လယ်ကောင်းကင်မျှော်စင်နှင့်ကောင်းကင်နှလုံးသားကျွန်းတို့ ကြေငြာချက်ထုတ်ပြန်တာကို စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။

“ဆရာ နောက်ဆုံးတော့ အမတသန့်စင်အမွှေးတိုင်အိုးက အမတရတနာအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သွားပြီ” ကျန်းယန် သူ့ဆရာ့ကိုစိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“၀တ်ရုံနက်ကပ်ဘေးက ပြီးသွားပြီ ဂိုဏ်းကြီး ၂ဂိုဏ်းကလည်း ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့လိုက်ပြီဆိုတော့ အခုက အမွှေးတိုင်အိုးကို ကပ်ဘေးဖြတ်ကျော်ခိုင်းဖို့ အကောင်းဆုံး အချိန်ပဲ”

“ပြဿနာရှိမလာနိုင်ဘူးမလား” ချင်းယွင်ကျိ ဂရုတစိုက်မေးလိုက်သည်။

နောက်ဆုံးတွင် အမွှေးတိုင်အိုးက ကပ်ဘေးဖြတ်ကျော်နိုင်နေတာ ကြာပြီဖြစ်ပြီး မလိုလားအပ်သောပြဿနာတစ်ခုခု ဖြစ်လာမှာစိုး၍သာ သူတို့က အချိန်ဆွဲထားခဲ့ခြင်း ဖြစ်၏။

“မရှိလောက်တော့ဘူး” ကျန်းယန် ခေါင်းငြိမ့်၍ ပြောလိုက်သည်။

“တကယ်တော့ အခုလို မဟာမိတ်အားကောင်းလာချိန်မှာ အမတလက်နက်တစ်ခုပေါ်လာတာက ကျွန်တော်တို့ကို သံတမန်ရေးရာမှာ ပိုအားသာလာစေမှာ နောက်ထပ် အင်အားစုတွေကိုတောင် ဆွဲဆောင်နိုင်လောက်တယ်”

“ဒါဆို စကြစို့” ချင်းယွင်ကျိ ပြတ်ပြတ်သားသား ပြောလိုက်၏။

မကြာခင်တွင် သူတို့ အမွှေးတိုင်အိုးကို အဇူရာတိမ်ဂိုဏ်းအနောက်ဘက် မိုင် ၁၀၀ ဝေးသော အရပ်ဆီ ခေါ်လာခဲ့ပြီး ကပ်ဘေးကို စတင်စေခဲ့သည်။

စိတ်ဝိညာဉ်လက်နက်တစ်ခု အမတလက်နက်အဖြစ် အဆင့်တက်ရာတွင် ရင်ဆိုင်ရသော ကောင်းကင်ကပ်ဘေးက တာအိုပေါင်းစည်းခြင့်အဆင့်တစ်‌ေယာက် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ တက်ရာတွင် ကျရောက်သော ကပ်ဘေးထက်ပင် ပိုသန်မာသေး၏။

ထို့ကြောင့် ထိုမိုးကြိုးမျိုးကို ဂိုဏ်းနှင့်ဝေးဝေးတွင် ထားဖို့ လိုပေသည်။

အမွှေးတိုင်အိုး သတ္တုများကိုသန့်စင်နေရင်း သူ့အရှိန်အဝါကပြောင်းလဲလာခဲ့၏။ သူ့ကိုယ်ထည်မှ ကျယ်ပြန့်လှသော ဖိအားတစ်ရပ် ပြန့်ကားထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေပြင်တွင် မဟာတာအိုစွမ်းအားများဖြင့် ပြည့်နှက်လာခဲ့သည်။

ကောင်းကင်က တာအိုတစ်ခု မွေးဖွားလာမှုကို သတိထားမိသွားသည်နှင့် ချက်ချင်းဆိုသလို ကောင်းကင်မိုးကြိုး ဆင်းသက်လာခဲ့၏။

ကြောက်မက်ဖွယ်မိုးကြိုးများက အဆုံးမဲ့စွာပင် အမွှေးတိုင်အိုးကို ထိမှန်နေခဲ့သည်။

ကျန်းယန် ပူပန်စွာ မေးလိုက်၏။

“ဆရာ အမွှေးတိုင်အိုး ဒီကပ်ဘေးကို

ကျော်ဖြတ်နိုင်လောက်တယ်မလား”

ချင်းယွင်ကျိပင် မလွယ်ကူဟန်ဖြင့် ခေါင်းခါလိုက်ကာ

“ငါမသိဘူး….အမတရတနာ ကပ်ဘေးမျိုး ငါအရင်က တစ်ခါမှ မမြင်ဖူးဘူး

ဒါပေမယ့် အဲ့တာက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကပ်ဘေးနဲ့ တူလောက်တယ်

အမွှေးတိုင်အိုးမှာ ခိုင်မာတဲ့ အုတ်မြစ်ရှိပါတယ် သူက ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမထဲက ပုဂ္ဂိုလ်ကြီးတွေရဲ့ အငွေ့အသက်ပါနေတဲ့ ပစ္စည်းတွေကို သန့်စင်ထားတာပဲလေ ပြီးတော့ မရေတွက်နိုင်တဲ့ ဝိညာဉ်တွေကိုလည်း သန့်စင်ထားတာ

သူ့အုတ်မြစ်နဲ့ဆိုရင် ဘယ်ဘက်ကကြည့်ကြည့် ကျရှုံးစရာတော့ အကြောင်းမရှိပါဘူး”

မိုးကြိုးများက တစ်စင်းပြီးတစ်စင်း အမွှေးတိုင်အိုးပေါ် ဆက်လက်ကျဆင်းနေခဲ့၏။

မျက်စိတမှိတ်အတွင်း မိုးကြိုးဆယ်စင်းကျော် ကျဆင်းပြီးသွားခဲ့ချေပြီ။

ကပ်ဘေးဖြတ်ကျော်ခြင်းကပ်ဘေးနှင့်သာ အတူတူဆိုလျှင် နောက်ထပ် မိုးကြိုးအနည်းငယ်သာ ကျသင့်တော့သည်။

သို့သော် မိုးကြိုးအစင်းသုံးဆယ်အထိ ဆက်လက်ကျဆင်းလာခဲ့ပြီး မိုးကြိုးများက ရပ်တန့်သွားမည့်ပုံမပေါ်ဘဲ ပိုပြီးပင် အားကောင်းလာခဲ့သေး၏။

ကျန်းယန် အမူအရာ ပြောင်းလဲသွားခဲ့သည်။

သူကြိုးစားပန်းစား ဖန်တီးခဲ့ရသော အမတရတနာက မိုးကြိုးများ၏ ဖျက်ဆီးခြင်းကို ခံရပေတော့မည်လော။

ချင်းယွင်ကျိ၏မျက်နှာပင် မည်းမှောင်နေခဲ့၏။

သူတို့ဂိုဏ်းတွင် ၈ခုမြောက် အမတရတနာ ပေါ်မလာနိုင်တော့ဘူးပေလော။

သို့သော် မိုးကြိုးများ အမွှေးတိုင်အိုးပေါ် အဆက်မပြတ်ကျဆင်းနေတာကို အကူအညီမဲ့စွာ ထိုင်ကြည့်နေရုံကလွဲပြီး သူတို့တွင် ရွေးစရာမရှိခဲ့ပေ။

ဤအရာက ကောင်ကင်ကပ်ဘေးဖြစ်သောကြောင့် ဖြစ်သည်။

ထိုမိုးကြိုးကပ်ဘေးအားလုံးကိုတောင့်မခံနိုင်လျှင် အမွှေးတိုင်အိုးက သူ့ကိုယ်ပိုင်တာအိုကို ဘယ်တော့မှ တည်ဆောက်နိုင်တော့မည် မဟုတ်ပေ။

သို့သော် ထိုကပ်ဘေးကိုသာတောင့်ခံနိုင်ခဲ့လျှင် ရတနာ၏တန်ဖိုးက ဘယ်လောက်တောင် ရှိသွားပါမည်နည်း။

သူတို့အားလုံး အမွှေးတိုင်အိုးတောင့်ခံနိုင်ဖို့သာ မျှော်လင့်နေခဲ့မိကြသည်။

မဟုတ်လျှင် သူတို့ကြိုးစားခဲ့ရသမျှက အလကား ဖြစ်သွားတော့မည်သာ။

အပိုင်း(၄၁၀)

ကပ်ဘေးကို အောင်နုိင်ခြင်း

အမွှေးတိုင်အိုး ကပ်ဘေးဖြတ်ကျော်နေချိန်တွင် အဇူရာတိမ်ဂိုဏ်းမှ လူများ တုန်လှုပ်ကုန်ကြ၏။

ဗဟုသုတအားနည်းသူများပင် ဤအရာက ကောင်းကင်ကပ်ဘေးဖြစ်မှန်း ပြောနိုင်ပေသည်။

ထိုကြောက်မက်ဖွယ်မိုးကြိုးများကို ဖုံးကွယ်ထားလို့ မရပေ။

အခြားဂိုဏ်းကြီးများမှ သူလျှိုများအတွက် ထိုသတင်းက အတော်အရေးကြီးသော သတင်းဖြစ်၏။

ချက်ချင်းဆိုသလိုပင် သူလျှိပေါင်းများစွာက ထိုသတင်းကို သူတို့ဂိုဏ်းအသီးသီးဆိုသို့ ပြန်ပို့ဖို့ မြို့ထဲမှ ထွက်ခွာသွားခဲ့ကြလေသည်။

ထိုစဉ် လန်ကျားအထွတ်အမြတ်မြေမှ သူတော်စင်သခင် အဇူရာတိမ်ဂိုဏ်းဆီသို့ လေးနက်သောအမူအရာဖြင့် ကြည့်ရှုနေခဲ့၏။

“ဒါကြီးက မလွန်လွန်းဘူးလား” သူတီးတိုးရေရွတ်လိုက်သည်။

“သူတို့တွေ အခြားသူတွေအတွက် မျှော်လင့်ချက်နည်းနည်းလေးတောင် ထားမပေးနိုင်ဝောာ့ဘူးလား”

ထိုအရာက ချင်းယွင်ကျိ ကပ်ဘေးဖြတ်ကျော်နေခြင်းဟု သူယူဆမိသွားခြင်း ဖြစ်သည်။

မိုးကြိုးကပ်ဘေးသည် ၃၉ ချက်ကို ကျော်လွန်ကာ ၆၉ချက်အထိ သွားနေမှန်း သူသတိထားမိခဲ့၏။

အဇူရာတိမ်ဂိုဏ်းတွင် ချင်းယွင်ကျိတစ်ယောက်သာ ထိုမျှအားကောင်းသော မိုးကြိုးကပ်ဘေးကို စိန်ခေါ်နိုင်စွမ်း ရှိပေသည်။

သို့သော် ချင်းယွင်ကျိက လွန်ခဲ့သောနှစ်အနည်းငယ်ကမှ အဆင့်ချိုးဖြတ်ထားခြင်း မဟုတ်ပါလော။

အခု ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်ကို ဘယ်လိုရောက်သွားပါသနည်း။

ကမ္ဘာကြီးတစ်ခုလုံး အတွက်ဆိုလျှင်ပင် ဤကိစ္စက က်စ္စကြီးတစ်ခု ဖြစ်နေခဲ့ချေပြီ။

လူတစ်ယောက်က ထိုမျှမြန်အောင် ဘယ်လိုကျင့်ကြံနေပါသနည်း။

မဟာမိတ်တစ်ယောက်အနေနှင့် ဆိုလျှင် သူတော်စင်သခင် ပျော်ရွှင်ပေသည်။

သို့သော် တာအိုမိတ်ဆွေတစ်ယောက်အနေနှင့်ဆိုလျှင်ဝောာ့ သူစိတ်ဓာတ်ကျသလိုလိုပင် ခံစားနေခဲ့ရ၏။

သူကိုယ်တိုင်သည် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်တွင် နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေသူဖြစ်ပြီး အခုထိ နှောင်းပိုင်းအဆင့်ကိုတက်ဖို့ လမ်းစရှာမတွေ့သေးပေ။

ဒီလိုသာ ဆက်သွားနေမည်ဆိုလျှင် ချင်းယွင်ကျိသည် သူ့ကိုကျင့်ကြံခြင်းတွင် လိုက်မီသွားတော့မှာ သေချာပေသည်။

ထိုအချိန်ရောက်သွားလျှင် သူ့ဂုဏ်သိက္ခာကို ဘယ်သွားထားရပါတော့မည်နည်း။

သူ့ခံစားချက်များ အတော်ကြီး ရှုပ်ထွေးနေခဲ့၏။

ထိုစဉ် ကျိုးရွှမ်ရှန်းမျက်နှာလည်း မှောင်မည်းနေကာ ဒေါသထွက်နေခဲ့သည်။

သူအဇူရာတိမ်ဂိုဏ်းဘက်သို့ မီး၀င်း၀င်းတောက်နေသော ‌မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ပြီး ချင်းယွင်ကျိ ဘယ်လိုဖြစ်ပြီး အဆင့်တက်သွားလဲဆိုတာ နားမလည်နိုင် ဖြစ်နေခဲ့၏။

ဤအရာသည် ၆၉ချက် ကောင်းကင်ကပ်ဘေးဖြစ်မှန်း ထင်ရှားလှသည်။

ဤအချက်က အဇူရာတိမ်ဂိုဏ်းတွင် ကမ္ဘာ့အင်အားကြီးဂိုဏ်းများ၏ ဂိုဏ်းချုပ်များနှင့် စွမ်းအားတူညီသော ပညာရှင်တစ်ယောက် ရှိနေပြီဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သော သူက အလယ်အဆင့်တစ်ယောက်ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိပါသော်လည်း သတ်ဖြတ်ပစ်ဖို့ကတော့ မဖြစ်နိုင်သလောက်ပင်။

သတ်ဖြတ်ချင်သည် ဆိုလျှင် သူ့ဘက်က အလွန်ကြီးမားသော တန်ဖိုးကြီးတစ်ခု ပေးဆပ်ရန်လိုပေသည်။

ဤသို့ဆိုလျှင် အဇူရာတိမ်ဂိုဏ်းက အနာဂတ်တွင် ဖျက်ဆီးဖို့ ပိုခက်သွားတော့မည် မဟုတ်ပါလော။

ကျိုးရွှမ်ရွှန်း ထိုအခြေအနေကို မုန်း၏။

အဘယ်ကြောင့် ချင်းယွင်ကျိ အရင်ကတည်းက သေမသွားရပါသနည်း။

လွန်ခဲ့သော နှစ်များအတွင်း သူအဇူရာတိမ်ဂိုဏ်းကို ဆက်တိုက်ဖိနှိပ်နေခဲ့ပြီး နောက်ဆုံး၌ ဖျက်ဆီးပစ်ဖို့ အခွင့်အရေးပေါ်လာသည့်အချိန်တွင် မိစ္ဆာများပေါ်လာပြီး တားဆီးခဲ့သည်။ ထို့နောက်တွင်တော့ အဇူရာတိမ်ဂိုဏ်းက ပိုပိုပြီးပင် အားကောင်းလာခဲ့၏။

“ဂိုဏ်းချုပ်…အဲ့တာ ချင်းယွင်ကျိလား” ကျိုးကျွင်းချန် မေးလိုက်သည်။

ကျိုးရွှမ်ရှန်း သူ့ကိုအေးစက်စက်ကြည့်လိုက်ကာ

“ဒီနေ့ကစပြီး ဂိုဏ်းကိစ္စတွေကို မင်းပဲကိုင်တွယ်ရမယ် အရေးမကြီးရင် ငါ့ကိုလာမနှောင့်ယှက်နဲ့ ငါတံခါးပိတ်ကျင့်ကြံခြင်း၀င်ပြီး အစစ်အမှန်အမတ အဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားတော့မယ်”

အစစ်အမှန်အမတ ဖြစ်လာမှသာ သူ့အတွက် အဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးဖို့ အခွင့်အရေးရှိလာနိုင်ပေလိမ့်မည်။

မဟုတ်လျှင်တော့ အားလုံး ပြီးဆုံးသွားမည်သာ။

ထိုသို့သာဖြစ်သွားလျှင် အဇူရာတိမ်ဂိုဏ်းက တစ်သက်လုံး သူ့စိတ်ထဲတွင် အတွင်းမိစ္ဆာတစ်ခု ဖြစ်လာတော့မှာ သေချာ၏။

“ဟုတ်ကဲ့ပါ” ကျိုးကျွင်းချန် အမိန့်ကိုနာခံလိုက်သည်။

ထို့နောက် ကျိုးရွှမ်ရှန်း ချက်ချင်းပျောက်ကွယ်သွားပြီး တံခါးပိတ်ကျင့်ကြံခြင်း ၀င်သွားခဲ့၏။

ထိုစဉ် ကျိုးကျွင်းချန် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဘက် ကြည့်နေရင်း သူ့စိတ်ထဲ ခံစားချက်များ ရောပြွန်းနေခဲ့လေသည်။

သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ရောက်ခဲ့စဉ်က အတော်ကြီး ပျော်နေခဲ့ဖူး၏။

အခုတော့ သူ့နောက်မှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆီ ရောက်လာသူက သူ့ကိုကျော်တက်ပြီး အလယ်အဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။

သူ့နှလုံးသားထဲက ခါးသက်လာမှုကို သူမဖုံးကွယ်နိုင်ခဲ့ပေ။

အဇူရာတိမ်မြို့ထဲတွင်တော့ သူလျှိုများ တုန်လှုပ်နေကြပြီး ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများက အလွန်ပျော်နေခဲ့ကြသည်။

သူတို့ရှင်သန်ရေးက အဇူရာတိမ်ဂိုဏ်းပေါ် မူတည်နေခြင်း ဖြစ်သည်။

အဇူရာတိမ်ဂိုဏ်း ပိုသန်မာလာလေလေ သူတို့ပိုပျော်လေလေပင်။

ပိုအရေးကြီးသည်မှာ တစ်ယောက်ယောက်အဆင့်ချိုးဖြတ်လိုက်လျှင် အဇူရာတိမ်ဂိုဏ်းမှာ နောက်ထပ် စားသောက်ပွဲတစ်ခု ဖြစ်လာတော့မှာ မဟုတ်ပါလော။

ဤတစ်ခေါက်တွင်…ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက် ဟောကြားသော တာအိုကို နားထောင်ရပါတော့မည်လော။

အဇူရာတိမ်မြို့ထဲရှိဘယ်သူမှ ကောင်းကင်ကပ်ဘေးကို ကြည့်ရှုဖို့ အဇူရာတိမ်ဂိုဏ်းနောက်သို့ မသွားရဲခဲ့ပေ။

ကောင်းကင်ကပ်ဘေးသည် အလွန် ထိရှလွယ်သောအရာဖြစ်ပြီး အနားကပ်သွားသူမှန်သမျှကို ရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်တတ်သည်။

အဇူရာတိမ်ဂိုဏ်းထဲတွင် လင်းယွင်ကျိ တန်ချန်ကျိနှင့်အခြားသူများ ကြောက်လန့်တကြား ကြည့်ရှုရင်း ထိုနယ်မြေကို ကာကွယ်နေခဲ့ကြ၏။

အမတသန့်စင်အမွှေးတိုင်အိုး၏ မိုးကြိုးကပ်ဘေးသည် ကြောက်စရာကောင်းလောက်အောင် အားကောင်းပြီး ၅၉ ဆင့်မြောက်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

အမွှေးတိုင်အိုးသည် မိုးကြိုးကိုတောင့်ခံနေရင်း ကပ်ဘေးစွမ်းအင်များကို သန့်စင်နေခဲ့၏။ ဤသို့ဖြင့် သူ့အိုးမျက်နှာပြင်ပေါ်တွင် မိုးကြိုးအမှတ်အသားများ စတင်ပေါ်ပေါက်လာခဲ့သည်။

မကြာခင်တွင် ကပ်ဘေးက ၆၉ ဆင့်မြောက်သို့ရောက်ရှိသွားခဲ့ပြီး မိုးကြိုးများက အနီရောင်သို့ ပြောင်းလဲကုန်ကြ၏။

ထိုမိုးကြိုးနီတစ်‌စင်းစတင်ကျဆင်းလာလေရာ အမွှေးတိုင်အိုးတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွားခဲ့သည်။

နောက်ထပ် မိုးကြိုးနီများဆက်တိုက်ဆိုသလို ဆက်လက်ကျဆင်းလာခဲ့ပြီး အိုးတွင်လည်း အပေါက်များ ပိုမိုများပြားလာခဲ့၏။

ချင်းယွင်ကျိ အမူအရာချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။

သူအလျင်အမြန်ပင် မိုးကြိုးများအားနည်းသွားစေရန် အဇူရာမဟာတိမ်၀င်္ကပါကို အသက်သွင်းလိုက်၏။ သို့သော် စွမ်းအားအပြည့်အ၀တော့ မထုတ်ခဲ့ပေ။

၀င်္ကပါအသက်၀င်လာသည့်တိုင်အောင် မိုးကြိုးများက အမွှေးတိုင်အိုးကို ပြင်းပြင်းထန်ထန် ထိခိုက်နေဆဲပင်။

နောက်ဆုံး အနီရောင်မိုးကြိုးကြီး ကျဆင်းလာသည့်အခါတွင်တော့ အမွှေးတိုင်အိုး အတော်လေးပျက်ဆီးသွားခဲ့ပြီး သူ့မူလပုံသဏ္ဍာန်ပျောက်လုနီးနီးပင် ဖြစ်သွားခဲ့ရ၏။

သို့သော် နောက်ဆုံးတွင် ကပ်ဘေးကပြီးဆုံးသွားခဲ့လေသည်။

ချင်းယွင်ကျိ ချက်ချင်းဆိုသလို ပျက်ဆီးနေသော အမွှေးတိုင်အိုးဘေးတွင် ပေါ်လာခဲ့ပြီး အမွှေးတိုင်အိုးကို ပြန်ပြင်လို့ မရတော့မှာ စိတ်ပူနေခဲ့၏။

ကျန်းယန် အလျင်အမြန်ပင် ရတနာစိတ်ဝိညာဉ်နှင့် ဆက်သွယ်လိုက်သည်။

“စီနီယာ အဆင်ပြေရဲ့လား”

အားနည်းနေသော်လည်း ရတနာစိတ်ဝိညာဉ်ပျော်ရွှင်စွာ ရယ်မောလိုက်၏။

“ငါလုံး၀ အဆင်ပြေတယ်”

သူ့သည် ပေါင်းစပ်ခြင်းနှင့်သန့်စင်ခြင်းတာအိုကိုပိုင်ဆိုင်ထားသောကြောင့် ပျက်ဆီးသွားသောအပိုင်းများကို သတ္တုအသစ်များကို သန့်စင်ပြီးသူကိုယ်တိုင် ပြုပြင်နိုင်စွမ်း ရှိပေသည်။

တကယ်တော့ အခုလို အားကောင်းသောမိုးကြိုးကပ်ဘေးက ရင်ဆိုင်လိုက်ရခြင်းက သူ့တာအိုကို ပိုမိုအားကောင်းသွားစေခြင်း ဖြစ်၏။

ထိုအခါမှသာ ကျန်းယန် စိတ်အေးသွားနိုင်ခဲ့သည်။

အဘယ်ကြောင့် ၆၉ဆင့်ကောင်းကင်ကပ်ဘေး ကျရောက်လာတယ်ဆိုတာကိုလည်း သူနားလည်သွားခဲ့၏။

အမွှေးတိုင်အိုး သန့်စင်ထားသော မူချန်းရှန်သည် ကောင်းကင်ကပ်ဘေးကို တစ်ကြိမ်ဖြတ်ကျော်ထားပြီးသူ ဖြစ်သည်။ ထို့ကြောင့် အမွှေးတိုင်အိုးကပ်ဘေးဖြတ်ကျော်သောအခါ အချိန်ခဏလေးအတွင်း နှစ်ကြိမ်ကပ်ဘေးဖြတ်ကျော်သည်ဟု ကောင်းကင်ကသတ်မှတ်ပြီး ပိုခက်ခဲသော ၆၉ဆင့် ကပ်ဘေးကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။

All Chapters