အခန်း (၄၁၃-၄၁၄)
Vol. 40 Ch. 413-414
အပိုင်း(၄၁၃)
ဘုရင်အဆင့်အမတအသုံးအဆောင်
လျူချွမ်ပင်လယ်ကောင်းကင်မျှော်စင်ဆီသို့ မအီမသာ မျက်နှာထားဖြင့် ပြန်သွားခဲ့ရသည်။
သူတာအိုပေါင်းစည်းခြင်းဆေးကို အောင်မြင်စွာ လဲလှယ်နိုင်ခဲ့သော်လည်း ပါရမီရှင်တပည့် ၅ယောက်နှင့်အတူ သူတို့ကြောင့် စိတ်ဝိညာဉ်ကျောက်တုံး သန်း၅၀၀ကိုပါ ဆုံးရှုံးခဲ့ရ၏။
အဘယ်ကြောင့် သူတို့ကိုယ်တိုင်ထည့်ခဲ့သော သူလျှိုတပည့်များက အဇူရာတိမ်ဂိုဏ်းဘက် လုံးလုံးရောက်သွားသလဲဆိုတာ သူနားမလည်နိုင်ခဲ့ပေ။
ထိုစဉ် ကျန်းယန် ပျော်ရွှင်စွာပင် သူအနိုင်ရခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်နေခဲ့သည်။
ထိုစဉ်က အဇူရာတိမ်ဂိုဏ်းလက်ခံခဲ့သော တပည့် ၈၇ယောက်တွင် အယောက် ၂၀ကတော့ သူလျှိုသရုပ်မှန် ပေါ်သွားခဲ့ပြီးလေပြီ။
သူတို့ထဲကအချို့က ကောင်းကင်မျှော်စင်ကျွန်းမှဖြစ်နေပြီး ကျန်သူများကတော့ ဘယ်ကလဲ မသိသေးပေ။
ကောင်းကင်နှလုံးသားကျွန်းကရော သူလျှိုများ ထည့်ထားခဲ့သေးလားဆိုတာကိုေတာ့ ကျန်းယန်ပင် အတော်လေး သိချင်နေခဲ့သည်။
ထို့နောက် သူတားမြစ်နယ်မြေဆီသွားကာ မိစ္ဆာများကို အမွှေးတိုင်အိုးအကြောင်း မေးမြန်းခဲ့၏။
ဘာကြောင့် အမွှေးတိုင်အိုးက ၃၉ဆင့် မိုးကြိုးကပ်ဘေးမဟုတ်ဘဲ ၆၉ဆင့်မိုးကြိုးကပ်ဘေးကို ခံစားခဲ့ရတာလဲဆိုတာ သူမေးခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာများ တိတ်ဆိတ်သွားခဲ့ကြ၏။
နောက်ဆုံးတွင် ဂူဒူအာမေးလိုက်သည်။
“ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် အထက်မှာ ဘာအဆင့်ရှိလဲ မင်းသိလား”
ကျန်းယန် ခေါင်းခါပြလိုက်သည်။
ဂူဒူအာဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
“မိစ္ဆာလမ်းစဉ်မှာတော့ အထက်အဆင့်တွေကို မိစ္ဆာဘုရင် မိစ္ဆာဧကရာဇ်နဲ့ မိစ္ဆာအုပ်စိုးသူ လို့ခေါ်တယ်
အမတလမ်းစဉ်မှာတော့ အမတဘုရင် အမတဧကရာဇ်နဲ့ အမတအုပ်စိုးသူပေါ့
တစ္ဆေလမ်းစဉ်နဲ့ မွန်းစတားလမ်းစဉ်မှာလည်း အဲ့ဒီလို တူညီတဲ့အဆင့်တွေရှိတယ်”
ကျန်းယန်က အစစ်အမှန်အမတအဆင့်အကြောင်းမေးသောအခါ ဂူဒူအာ ခေါင်းခါပြလိုက်၏။
“အဲ့ဒီလိုအဆင့်မျိုးမရှိဘူး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နဲ့ အစစ်အမှန်အမတဆိုတာ တာအိုနယ်ပယ်ထဲက ရိုးရှင်းတဲ့ အဆင့်တွေပဲ
ကပ်ဘေးဖြတ်ကျော်ခြင်းဆိုတာ တာအိုနယ်ပယ်ထဲ၀င်ရောက်တာ အစစ်အမှန်အမတဆိုတာကတော့ တာအိုပြီးပြည့်စုံသွားတာ”
ထို့နောက် ဂူဒူအာကျန်းယန်ကို အဓိပ္ပာယ်ပါပါပြောလိုက်သည်။
“မင်းအမွေဆက်ခံထားတဲ့ မိစ္ဆာပညာရပ်က မြေအောက်ကမ္ဘာမိစ္ဆာအုပ်စိုးသူ ပိုင်တဲ့ပညာရပ်ပဲ”
ကျန်းယန်တုန်လှုပ်သွားခဲ့သည်။
သူ့မိစ္ဆာပညာရပ်တွင် အခုလောက် နက်နဲသောဇာစ်မြစ်မျိုး ရှိနေလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။
ကျန်းယန် ရုတ်တရက် မြေအောက်ကမ္ဘာမိစ္ဆာအုပ်စိုးသူက ထိုပညာရပ်ထဲတွင် အန္တရာယ်များသော လျှို့ဝှက်ချက်အချို့ ဝှက်ထားလောက်သည်ဟုပင် တွေးလိုက်မိသည်။
“ဆိုတော့ အဲ့တာနဲ့ အမတရတနာကပ်ဘေးနဲ့ ဘာဆိုင်လို့လဲ” သူမေးလိုက်၏။
အမတရတနာသည် တကယ်တော့ တာအိုရတနာဖြစ်ပြီး သူ့အထဲရှိ တာအိုက ဆင့်ကဲပြောင်းလဲနိုင်ကြောင်း ဂူဒူအာ ရှင်းပြလိုက်လေသည်။
စစ်မှန်သော ဧကရာဇ်လက်နက်ဆိုသည်မှာ အခြေခံအားဖြင့် အမတဧကရာဇ်တစ်ပါးနှင့် တူညီသောအရာ ဖြစ်၏။
အမတသန့်စင်အမွှေးတိုင်အိုးသည် တာအိုကြီးတစ်ခုလုံးနှင့်ပေါင်းစပ်သွားခြင်းဖြစ်သောကြောင့် သူ့အဆင့်က အံ့ဩစရာကောင်းလောက်အောင်ပင် မြင့်မားသွားခဲ့ခြင်း ဖြစ်သည်။
“သူသာဆက်ပြီး ဆင့်ကဲပြောင်းလဲနေရင်” ဂူဒူအာပြောလိုက်၏။
“အနည်းဆုံးတော့ ဘုရင်အဆင့် တာအိုအသုံးအဆောင်တစ်ခုဖြစ်လာနိုင်တယ် ဧကရာဇ်အဆင့်ထိတောင် ရောက်သွားနိုင်သေးတယ်”
ကျန်းယန် သူ့လက်ထဲက ပျက်ဆီးနေသော အမတသန့်စင်အမွှေးတိုင်အိုးကို စိုက်ကြည့်နေခဲ့သည်။
ထိုကျိုးပဲ့နေသောပစ္စည်းက တစ်နေ့နေ့တွင် အမတဘုရင် သို့မဟုတ် အမတဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်ခြင်းပေလော။
ဂူဒူအာ ထိုအရာကိုကြည့်ကာ ပြုံးလိုက်သည်။
“ဒါပေါ့ သူ့လက်ရှိအခြေအနေကတော့ အဲ့ဒီအဆင့်တွေရောက်ဖို့ အဝေးကြီးလိုနေပါသေးတယ် ဒါပေမယ့် ငါ့သံေသွးစစ်ပွဲအလံကတော့ မကြာခင် ဘုရင်အဆင့်ကို ထိတွေ့မိတော့မှာ”
ကျန်းယန်တိတ်တဆိတ်ပင် သူ့အမွှေးတိုင်အိုးကို ပြန်သိမ်းလိုက်၏။
သူထိုမိစ္ဆာတွေအကြောင်း သိလာလေလေ ထိုသူများဘယ်လောက်ကြောက်စရာကောင်းမှန်း နားလည်လာလေလေပင်။
ထို့နောက် သူရုတ်တရက် ၀င်္ကပါထဲတွင် ချိတ်ပိတ်ထားသော သွေးအရိပ်မိစ္ဆာအကြောင်း မေးလိုက်သည်။
ဂူဒူအာခေါင်းငြိမ့်ပြလိုက်၏။
“သူကငါတို့ စစ်သူကြီးပဲ မင်းခေါ်ချင်ရင် သူ့ကို ဂူရွှယ် လို့ခေါ်လို့ရတယ် သူက မင်းတို့ကမ္ဘာရဲ့ ခံနိုင်ရည်အကန့်အသတ်ဖြစ်တဲ့ တာအိုနယ်ပယ်အထွတ်အထိပ်ကို ရောက်နေပြီ”
မိစ္ဆာဧကရာဇ်ကိုယ်တိုင် သူတို့ကိုဤကမ္ဘာသို့ပို့လိုက်ကြောင်းများကိုပါ သူထုတ်ပြောခဲ့သည်။
ထိုအကြောင်းကြားသောအခါ ကျန်းယန် ကြက်သီးပင် ထသွားခဲ့၏။
ကြောက်မက်ဖွယ် မိစ္ဆာဧကရာဇ်သည် အရင်ဆုံး ထိုမိစ္ဆာများကို ပို့ခဲ့သည်။
နှစ်တစ်ထောင်ကြာပြီးနောက် ထိုမိစ္ဆာများသာဆင့်ခေါ်လိုက်လျှင် မိစ္ဆာဧကရာဇ်သည် သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ဆင်းသက်လာမှာပေလော။
ပိုဆိုးသည်မှာ မိစ္ဆာဧကရာဇ်သည် မိစ္ဆာများ ထပ်ပို့ဖို့ပင် စီစဉ်ထားသေးပုံပင်။
ထိုအကြောင်းတွေးမိရုံနှင့်တင် ကျန်းယန်အတွေးများ ဖရိုဖရဲဖြစ်ကုန်ရသည်။
ထိုအားနည်းသည်ဆိုသော မိစ္ဆာများကပင် ကြောက်စရာကောင်းနေပြီဖြစ်သော်လည်း ထိုသူများက မိစ္တာဧကရာဇ်နှင့်ယှဉ်လျှင် ဘာမှမဟုတ်သေးပေ။
တားမြစ်နယ်မြေထဲမှ ထွက်သွားပြီးနောက် ကျန်းယန်အတွေးများက ထိန်းမရအောင် ရှုပ်ပွနေခဲ့၏။
တားမြစ်နယ်မြေထဲတွင်တော့ မိစ္ဆာများက ဂူဒူအာအား ဘာကြောင့်ထိုကိစ္စများကို ထုတ်ပြောလိုက်တာလဲဟု မေးမြန်းနေခဲ့ကြသည်။
ဂူဒူအာအတန်ကြာအောင်တိတ်ဆိတ်နေပြီးနောက် အေးအေးဆေးဆေးပြောလိုက်၏။
“ဒီလမ်းက တကယ်ပဲ ဘယ်ကိုဦးတည်နေတယ်လို့ ထင်လဲ”
သူ သူ့ကိုယ်သူပြောနေတာလား မိစ္ဆာတွေကိုပြောနေတာလား ဒါမှမဟုတ် ပိုအဆင့်မြင့်သောတစ်ခုခုကိုပြောနေတာလား ဆိုတာ ဘယ်သူမှ မသိခဲ့ပေ။
တုန်လှုပ်နေဆဲဖြစ်သောကျန်းယန် သူပင်မသိလိုက်ဘဲ အလိုလို အဇူရာတိမ်တောင်ထွတ်ဆီ ရောက်လာခဲ့ပြီး ချင်းယွင်ကျိ အခန်းထဲ၀င်သွားခဲ့၏။
သူ့ထူးဆန်းသောအမူအရာကိုမြင်ကာ ချင်းယွင်ကျိ မျက်မှောင်ကြုံ့သွားခဲ့သည်။
“ဘာဖြစ်ခဲ့တာလဲ”
ကျန်းယန်ခါးသက်သက်ပြုံးကာ ရုတ်တရက်မေးလိုက်၏။
“ဆရာ…ဆရာ သေရမှာကြောက်လား”
ချင်းယွင်ကျိ ရုတ်တရက်ကြောင်သွားခဲ့သည်။
သူ့ပြဿနာရှာတတ်သောတပည့်က အခု ဘာအကြောင်းပြောနေပါသနည်း။
အပိုင်း(၄၁၄)
မိစ္ဆာများ၏ကြောက်မက်ဖွယ်အကြံအစည်
ချင်းယွင်ကျိ ကျန်းယန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။
“ကိစ္စကြီးတစ်ခုခုဖြစ်လာလို့လား”
ကျန်းယန် ထိုင်ချလိုက်ကာ သက်ပြင်းချလိုက်၏။
“သတင်းကောင်းရော သတင်းဆိုးရောရှိတယ် ဆရာဘာကိုအရင်ကြားချင်လဲ”
“သတင်းကောင်း”ချင်းယွင်ကျိဖြေလိုက်သည်။
“မင်းငါ့ကို လုံလောက်အောင် ခြောက်လှန့်ပြီးပြီ”
ကျန်းယန် အမတသန့်စင်အမွှေးတိုင်အိုးကို ထုတ်လိုက်၏။
“သတင်းကောင်းကတော့ ဒီအမွှေးတိုင်အိုးက တစ်နေ့နေ့မှာ ဘုရင်အဆင့် အမတအသုံးအဆောင်တစ်ခု ဖြစ်လာနိုင်တယ်တဲ့ ဧကရာဇ်အဆင့်ထိတောင် ရောက်သွားနိုင်သေးတယ်”
ချင်းယွင်ကျိ ကြောင်ဖြစ်သွားခဲ့သည်။
ထို့ကြောင့် ကျန်းယန် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်အထက်ကအဆင့်မျာဖြစ်သော အမတဘုရင်အဆင့် အမတဧကရာဇ်အဆင့်နှင့် အမတအုပ်စိုးသူအဆင့်များအကြောင်းပါ ရှင်းပြလိုက်၏။
ထိုအခါမှသာ ကျင့်ကြံခြင်းလမ်းစဉ်က ဘယ်လောက်ရှည်လျားမှန်း ချင်းယွင်ကျိ နားလည်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အမွှေးတိုင်အိုး၏အလားအလာကြောင့်လည်း သူတုန်လှုပ်သွားခဲ့ရ၏။
တာအိုတစ်ခုလုံးနှင့် များစွာသော ၀တ်ရုံနက်များကိုစုပ်ယူပြီးနောက် သူ့တွင် ကြောက်မက်ဖွယ်အလားအလာမျိုးပင် ရှိလာခဲ့သည်။
ထို့နောက် ချင်းယွင်ကျိ သတင်းဆိုးအကြောင်းမေးလိုက်၏။
ကျန်းယန် ခါးသက်စွာပြန်ပြောလိုက်သည်။
“မိစ္ဆာတွေကို မိစ္ဆာဧကရာဇ်ကိုယ်တိုင် ဒီနေရာကိုပို့လိုက်တာ”
ချင်းယွင်ကျိ ကြက်သေသေသွားခဲ့၏။
အတန်ကြာတိတ်ဆိတ်နေပြီးမှ သူအကူအညီမဲ့စွာ ပြုံးလိုက်ကာ
“ဒါက တကယ့်ကြောက်စရာသတင်းပဲ…”
မိစ္ဆာဧကရာဇ်ကို သူတို့ကိုယ်တိုင် မမြင်ဖူးသော်လည်း ထိုတည်ရှိမှုက ဘယ်လောက်ကြောက်စရာကောင်းမှန်း သူတို့နားလည်ပေသည်။
ပိုဆိုးသည်မှာ မိစ္ဆာဧကရာဇ်က အနာဂတ်တွင် နောက်ထပ်မိစ္ဆာများကိုပင် ထပ်ပို့ပေလိမ့်ဦးမည်။
ယိလင်၏ နိမိတ်နှင့်ထိုသတင်းပေါင်းလိုက်လျှင် ကမ္ဘာကြီးက အမှန်တကယ်ပင် ကပ်ဘေးတစ်ခုဆီ ဦးတည်သွားနေရသည့် ပုံပင်။
တခဏတွေးတောပြီးနောက် ကျန်းယန် ရုတ်တရက်မေးလိုက်၏။
“ဒီနေရာက အမတလမ်းစဉ်ရဲ့နယ်မြေဖြစ်နေတုန်းပဲလေ တကယ်လို့ မိစ္ဆာဧကရာဇ်က ၀င်ရှုပ်ဖို့ကြိုးစားလာရင် အမတဧကရာဇ်တွေကရော မလှုပ်ရှားသင့်ဘူးလား”
ချင်းယွင်ကျိ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအထက်တည်ရှိမှုများသည် အကန့်အသတ်တစ်ခုအတွင်းတွင်သာ ၀င်ရှုပ်နိုင်ကြပုံပင်။
မဟုတ်လျှင် ဟိုအရင်ကတည်းက မိစ္ဆာဧကရာဇ်က ဤနေရာကို အမှုန့်ချေပြီး ဖြစ်နေပေလိမ့်မည်။
ထို့နောက် ကျန်းယန် တောင်တစ်သိန်းတောင်တန်းတွင်နေထိုင်သော မွန်းစတားများအကြောင်း တွေးမိသွားခဲ့၏။
“တကယ်လို့ မိစ္ဆာဧကရာဇ်နဲ့ အမတဧကရာဇ်တောင် ၀င်ပါတယ်ဆိုရင်….မွန်းစတားဧကရာဇ်လည်း ပါကောင်းပါလာနိုင်တယ်”
အကယ်၍ များစွာသော အင်အားကြီးတည်ရှိမှုများ ၀င်ပါမည်ဆိုလျှင် အခြေအနေက လုံး၀မျှော်လင့်ချက်မဲ့နေမှာတော့ မဟုတ်တော့ပေ။
ကျန်းယန်အတွေးများက ချက်ချင်းတက်ကြွလာခဲ့ပြန်သည်။
သူ့အတွက်က အဆိုးဆုံးမှ သရုပ်မှန်ပြောင်းလဲလိုက်ရုံသာ ဖြစ်၏။
နောက်ဆုံးတွင် သူသည် လမ်းစဉ်လေးခုလုံး၏ အမွေကိုဆက်ခံထားသူ မဟုတ်ပါလော။
အမတ မိစ္ဆာ မွန်းစတား တစ္ဆေ…
ဘယ်အင်အားစုပဲ အသန်မာဆုံးဖြစ်လာလာ သူကရိုးရှင်းစွာပင် ထိုအင်အားစုဘက်တွင် သွားရပ်လိုက်ရုံပင်။
သူ့ကာကွယ်ပေးမှုအောက်တွင် အဇူရာတိမ်ဂိုဏ်းကလည်း ရှင်သန်နိုင်ပေလိမ့်မည်။
ထိုသို့တွေးမိသောအခါ မိစ္ဆာဧကရာဇ်အပေါ် ကြောက်ရွံ့မှု အနည်းငယ်လျော့သွားခဲ့၏။
သို့သော် ကျန်းယန် မျက်မှောင်ကြုံ့လိုက်မိပြန်သည်။
အဘယ်ကြောင့် ဂူဒူအာက သူ့ကိုထိုအကြောင်းများအားလုံး ပြောပြခဲ့ပါသနည်း။
မိစ္ဆာများက သူ့ကို တမင်သက်သက် ဖိအားပေးကာ ခြောက်လှန့်လိုက်ခြင်းပေလော။
နောက်ဆုံးတွင် အရင်တုန်းက ဂူဒူအာသည် သူ့ကိုမြေအောက်ကမ္ဘာမိစ္ဆာနယ်မြေကို ဖွင့်ခိုင်းဖူးသည် မဟုတ်ပါလော။
ဂူဒူအာတစ်ခုခုကို ကြံစည်နေမှန်း ကျန်းယန်ပိုပြီး သေချာလာခဲ့သည်။
အရင်ဆုံး ထိုမိစ္ဆာသည် သူ့ကို မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေကို ဖွင့်ဖို့ ဆွယ်ခဲ့၏။
အခုမိစ္ဆာဧကရာဇ်၏တည်ရှိမှုကို သုံးကာ သူ့ကိုခြောက်လှန့်နေခဲ့ပြန်ချေပြီ။
သူတစ်ခုခုကိုရည်ရွယ်နေတာ ထင်ရှားလွန်းလှသည်။
ကျန်းယန်ချက်ချင်း ချင်းယွင်ကျိကို ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်နှင့် ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမကိစ္စကို သတိထားကိုင်တွယ်ဖို့ သတိပေးလိုက်၏။
အကယ်၍ မိစ္ဆာဧကရာဇ်တစ်ပါးတောင် ပါ၀င်ပတ်သက်လာမည်ဆိုလျှင် ကိစ္စများက ရိုးရှင်းနေတော့မည် မဟုတ်ပေ။
ချင်းယွင်ကျိ ပြတ်ပြတ်သားသားပြောလိုက်သည်။
“ဒါဆို ငါတို့အလွယ်တကူ ၀င်မပါတော့ဘူး နှစ်၂၀သဘောတူညီချက်ပြီးလို့ မိစ္ဆာတွေကို လွှတ်ပေးပြီးသွားရင် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်နဲ့ ဝေးဝေးနေကြမယ်”
သူတို့အတွက်တော့ ထိုနေရာသည် ကပ်ဘေး၏ဗဟိုဖြစ်လာနိုင်သော နေရာသာဖြစ်၏။
ကျန်းယန်ကတော့ အစောကြီးမဆုံးဖြတ်သင့်သေးဘူးဟု ထင်နေဆဲပင်။
အခြေအနေတွေဘယ်လိုဖြစ်လာမလဲဆိုတာ သူတို့ စောင့်ကြည့်ရပေဦးမည်။
သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ထိန်းပြီးနောက် ကျန်းယန် တခဏ မိစ္ဆာဧကရာဇ်အကြောင်းမတွေးမိစေရန် ကြိုးစားလိုက်လေသည်။
ထိုအတွေးက သူ့ကိုထိတ်လန့်စေရုံကလွဲပြီး ဘာမှဖြစ်မလာစေသော အတွေးဖြစ်၏။
တခဏအကြာတွင် သူဟွာလင်းကျိကို သွားရှာခဲ့၏။
နောက်ဆုံးတွင်တော့ သူတောင်းဆိုထားသည့် အလင်းကဗ္ဗည်းများကို ဟွာလင်းကျိ ဆွဲပြီးသွားခဲ့ချေပြီ။
ဟွာလင်းကျိ အသက်သွင်းလိုက်သော ကဗ္ဗည်းများမှထွက်သောအလင်းကြောင့် တစ်ခန်းလုံး လင်းထိန်သွားခဲ့လေသည်။
ကျန်းယန် စိတ်လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းဆိုသလို ချင်းရှုကိုသွားရှာကာ ထိုကဗ္ဗည်းကိုသုံးပြီး အထူးအသုံးအဆောင်ပစ္စည်းတစ်ခု လုပ်ပေးဖို့ တောင်းဆိုခဲ့၏။
သူ့ရည်ရွက်ချက်ကရိုးရှင်းသည်။
ကျင့်ကြံခြင်းကမ္ဘာနှင့်ကိုက်ညီသော လမ်းမီးတိုင်များဖန်တီးချင်ခြင်းဖြစ်ပြီး အဇူရာတိမ်မြို့ကို စစ်မှန်သည့် ဘယ်တော့မှမအိပ်သောမြို့ ဖြစ်လာစေချင်ခြင်း ဖြစ်၏။
ချင်းရှု အလျင်အမြန်ပင် ပထမဆုံး မှော်မီးအိမ်ကို ထုလုပ်လိုက်သည်။
ကျန်းယန်ထိုမီးအိမ်ထဲကို စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးထည့်လိုက်သောအခါ တစ်ခန်းလုံး မီးအိမ်ကြောင့် လင်းထိန်သွားခဲ့၏။
သူချက်ချင်း ချင်းရှုကို အခုလိုမီးအိမ်မျိုး ပမာဏအမြောက်အများထုလုပ်ခိုင်းလိုက်ပြီး ကျန်းကျစ်ချိုးကိုတော့ မြို့အနှံ့တွင် ထိုမီးအိမ်များ လိုက်လံတပ်ဆင်ခိုင်းလိုက်သည်။
ကျန်းယန်ထိုကိစ္စနှင့်အလုပ်ရှုပ်နေစဉ်တွင် ယိလင် ရောက်ရှိလာခဲ့ပြန်၏။
ဤတစ်ကြိမ်တွင် သူမသည် ကောင်းကင်နှလုံးသားကျွန်း၏ တရား၀င် မဟာမိတ်ဖွဲ့ဆိုခြင်း ကြေငြာချက်ကိုပါ ယူဆောင်လာခဲ့သည်။
မကြာခင်တွင် ပင်လယ်ကောင်းကင်မျှော်စင်ကလည်း ကောင်းကင်နှလုံးသားကျွန်း အဇူရာတိမ်ဂိုဏ်း လန်ကျားအထွတ်အမြတ်မြေတို့နှင့် မဟာမိတ်ဖွဲ့လိုက်ပြီဖြစ်ကြောင်း တရား၀င်ကြေငြာခဲ့၏။
အဇူရာတိမ်မြို့ထဲရှိ ဂိုဏ်းကြီးများမှ သူလျှိုများ လုံး၀တုန်လှုပ်ကုန်ကြသည်။
သူတို့အတွက်တော့ သစ္စာဖောက်ဂိုဏ်းနှစ်ဂိုဏ်းက ရန်သူဘက်ပြောင်းသွားသလို ခံစားနေခဲ့ကြရ၏။
ပိုအရေးကြီးသည်မှာ လက်ရှိတွင် အဇူရာတိမ်ဂိုဏ်းက မဟာမိတ်ဂိုဏ်းကြီး ၃ဂိုဏ်းရရှိသွားပြီဟူသော အချက်ဖြစ်သည်။
ကမ္ဘာ့အင်အားချိန်ခွင်လျှာက ၄ခု ၆ခုအဖြစ်သို့ တရား၀င်ပြောင်းလဲသွားခဲ့ချေပြီ။
မရေတွက်နိုင်သော သူလျှိုများက ချက်ချင်းဆိုသလိုပင် ထိုသတင်းကို သက်ဆိုင်ရာဂိုဏ်းများဆီ အမြန်ပြန်ပို့ခဲ့ကြ၏။
ဤကိစ္စကြောင့် ကမ္ဘာကြီးက စတင်ပြောင်းလဲနေပြီဖြစ်မှန်း လူတိုင်း ခံစားမိနေခဲ့ကြလေသည်။