လမ်းစသစ်
Vol. 169 Ch. 2415
“ သူလည်း အဲ့တုန်းက လောလောလတ်လတ် အလုပ်သစ်တစ်ခု ရထားတာဆိုတော့ အတော်လေး အလုပ်များနေခဲ့တာ … အားလပ်ချိန်ဆိုတာလည်း မရှိဘူး … အဲ့ဒါကြောင့် ကျုပ်ကပဲ သူ့အစား သွားခေါ်ပေးခဲ့တာ ….” ဟော်မန့်ရှန်း ပြောလိုက်သည်။
နှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သို့သော် များများစားစားတော့ ဘာမှ မပြောခဲ့ကြချေ။
ကျန်းဟွေ့က ခေတ္တအတွေးနက်သွားခဲ့ပြီး ဆက်မေးလိုက်၏။ “ ခင်များမိန်းမက ဗုဒ္ဓဘာသာဝင်လား ….”
“ဒါက ….”
ဟော်မန့်ရှန်းသည် စက္ကန့်အနည်းငယ်ကြာ တုံ့ဆိုင်းသွားခဲ့ပြီး “ အစတုန်းကတော့ ဘာသာဝင်ရယ်လို့တော့ မဟုတ်ဘူး … ဒါပေမယ့် ကျိုးဟိုင်ကို ရောက်လာပြီး မကြာခင်မှာပဲ ဗုဒ္ဓဆွဲသီးနဲ့ ပရိတ်ကြိုးတွေ စပြီး ဝတ်ဆင်လာတယ် … ပြောတာတော့ အဲ့ဒီအရာတွေက ဘေးကင်းလုံခြုံမှုနဲ့ ငြိမ်းချမ်းမှုကို ယူဆောင်လာပေးတယ်ဆိုပဲ... ကျုပ်နဲ့ သမီးလေးအတွက်တောင် ဝတ်ဖို့ ဝယ်ခဲ့ပေးသေးတယ် ….”
“ ခင်များတို့အိမ်မှာ ဘုရားစင်ရော ရှိလား …”
“ အဲ့တာတော့ မရှိဘူး …” ဟော်မန့်ရှန်း ပြောလိုက်ပြီး “ ဒီတိုင်း ဗုဒ္ဓဆွဲသီးနဲ့ အန္တရာယ်ကင်း ပရိတ်ကြိုးတွေလောက်ပဲ ရှိတာ ….”
ကျန်းဟွေ့ ခေါင်းညိတ်လိုက်ပြီး လင်းရီဘက်သို့ လှည့်ကြည့်လိုက်သည်။ “ ရှောင်ရီ … မင်း ဘာမေးစရာ ကျန်သေးလဲ ….”
လင်းရီသည် ဟော်မန့်ရှန်းကို ကြည့်၍ “ ခင်များဇနီးက အဲ့တုန်းက ကျင်းသုန်ရွာကနေ ဘာလို့ ထွက်လာခဲ့တာ … မိသားစုက အခြေအနေမကောင်းလို့ အပြင်ထွက်ပြီး အလုပ်လုပ်ချင်တာကြောင့်လား ဟုတ်လား …”
“ အမှန်ပါပဲ …” ဟော်မန့်ရှန်း ခေါင်းညိတ်လိုက်ပြီး “ အဲ့အချိန်တုန်းက သူတို့မိသားစုလည်း အတော်လေး အဆင်မပြေခဲ့ဘူး … သူ ရွာက ထွက်လာပြီး ရန်ကျင်းကို သွားတယ် … ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကျိုးဟိုင်ရောက်လာပြီး အဲ့အချိန်မှာ ကျုပ်တို့နှစ်ယောက် ဆုံခဲ့ကြတာပဲ …”
“ ရန်ကျင်းကို သွားခဲ့တယ် ….” လင်းရီ သူ့ဘာသူ ရေရွတ်လိုက်ပြီး သူ့အတွေးများက လူလေးယောက်၏ အခြေအနေအကြောင်းကို စဉ်းစားတွေးတောမိသွားခဲ့သည်။
ဖန်းတရဲ့က သူ့ဇနီးနှင့် တွေ့ဆုံပြီးနောက် ကျိုးဟိုင်သို့ တက်လာပြီး စီးပွားရေး လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် စီးပွားရေး အရှုံးပေါ်ခဲ့ပြီးနောက် ရှန်းရန်ရွာ၌ အခြေချခဲ့၏။
မာဟိုင်ချန်းလည်း တုန်းပေသို့ သွားခဲ့ပြီး နောက်ပိုင်းတွင်မှ ကျိုးဟိုင်သို့ ပြန်ရောက်လာခဲ့သည်။
ဝမ်ကျန့်ရှုကတော့ ကျိုးဟိုင်သို့ပဲ တိုက်ရိုက် ရောက်ရှိလာသည်။
စုန့်လင်းသည်လည်း ရန်ကျင်းသို့ သွားခဲ့ပြီးမှ ကျိုးဟိုင်သို့ ပြန်ရောက်လာခဲ့၏။
သို့သော် အခြားသူများနှင့် မတူညီပါဘဲ စုန့်လင်း ကျိုးဟိုင်သို့ ရောက်ရှိလာသည်က ဝမ်ကျန့်ရှုနှင့် တစ်နည်းနည်း ဆက်စပ်နေလောက်သည်။
“ လင်းရီ … မင်း ဘာတွေ အတွေးလွန်နေတာလဲ ….”
“ ဘာမှမဟုတ်ပါဘူး …” လင်းရီ သာမန်လျှံကာပဲ ခွန်းတုံ့ပြန်လိုက်ပြီး “ ကျုပ် တစ်ခြား ဘာမေးစရာမှ မရှိတော့ဘူး ….”
ကျန်းဟွေ့က သူ့ မှတ်စုစာအုပ် အသေးလေးကို ပိတ်လိုက်ပီး ဟော်မန့်ရှန်းကို ကြည့်၍ “ လောလောဆယ်တော့ ကျုပ်တို့ သိချင်တာ ဒီလောက်ပဲ … နောင်ကျ လိုအပ်ရင်တော့ ခင်များဆီ ပြန်ဆက်သွယ်လိုက်မယ် … ဖုန်းကို တစ်ချိန်လုံး ဖွင့်ထားဖို့ မမေ့နဲ့ …”
“ ဒါပေါ့ ဒါပေါ့ … ကျေးဇူးတင်ပါတယ် အရာရှိကြီးတို့ … ခင်များတို့ ကျုပ်မိန်းမကို သတ်သွားတဲ့လူကို ကျိန်းသေပေါက် ရှာပေးရမယ်နော်…”
“ ကျုပ်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ … စိတ်ချလက်ချသာ နေပါ ….”
ဟော်မန့်ရှင်း အခန်းထဲက ထွက်ခွာသွားခဲ့သည်။ သို့သော် လင်းရီတို့နှစ်ဦးကတော့ ထွက်မသွားသေးချေ။
“ ဟော်မန့်ရှန်းရဲ့ ပုံစံကို ကြည့်ရသလောက်ကတော့ သူတို့လင်မယား ဆက်ဆံရေးက အတော်လေး ကောင်းလောက်တယ် …” ကျန်းဟွေ့ မှတ်ချက်ပေးလိုက်သည်။
“ တကယ်လို့ သူ့မိန်းမက ဝမ်ကျန့်ရှုနဲ့ ဖောက်ပြန်နေခဲ့တာကို သိသွားခဲ့ရင် ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာ သိတော့ သိချင်မိသားကွ …”
“ အဲ့တာ ကျုပ်တို့ အလုပ်မဟုတ်ဘူး … မလိုအပ်ရင် မပြောတာပဲ ကောင်းမယ် … သူလည်း သနားဖို့ကောင်းနေပြီးသားပါ …” လင်းရီ သက်ပြင်းချလျက် မှတ်ချက်ပေးလိုက်၏။
“ စကားမစပ် မင်း စောနတုန်းက ဘာတွေ အတွေးလွန်နေတာလဲ …” ကျန်းဟွေ့က စကားလမ်းကြောင်း ပြောင်းလိုက်၏။
“ ငါးယောက်မြောက်လူက ဘယ်မှာပေါ်လာလောက်မလဲလို့ စဉ်းစားကြည့်နေတာပါ …”
“ ငါးယောက်မြောက်လူလား …”
“ နစ်နာသူ လေးယောက် သတ်ဖြတ်ခံလိုက်ရတဲ့ ပုံစံပေါ် အခြေခံပြီးကြည့်ရင် လူသတ်သမားက ဓာတ်ငါးပါး လူသတ်မှုဆိုတဲ့ သီအိုရီကို လိုက်နာနေတာ … တိုက်ဆိုင်မှုသပ်သပ် ဖြစ်ရင်လည်း ဖြစ်မှာပေါ့ … ဒါပေမယ့် ဒီလမ်းကြောင်းအတိုင်း လိုက်ကြည့်လို့ မနစ်နာသွားပါဘူး ….” လင်းရီ ရှင်းပြလိုက်သည်။
“ ကျုပ်အထင် နောက်ထပ် လူတစ်ယောက် ထပ်သေမှာကို မြင်တွေ့ရဖို့က မကြာလိုက်တော့ဘူး … ဒါပေမယ့် အဲ့လူ ဘယ်မှာသေသွားမလဲဆိုတာကတော့ အတော်လေး ပြောဖို့ ခက်တယ် ….”
စကားကို ခေတ္တရပ်နားထားပြီးနောက် လင်းရီ ဆက်ပြော၏။
“ ဖန်းတရဲ့နဲ့ ဝမ်ကျန့်ရှုတို့ပဲ ရွာက ထွက်လာပြီးတဲ့နောက်မှာ ကျိုးဟိုင်ကို တန်းတန်းမတ်မတ် ရောက်လာတယ် … မာဟိုင်ချန်ကကျ တုန်းပေကို သွားဖို့ ရွေးချယ်ခဲ့ပြီး စုန့်လင်းကကျတော့ ရန်ကျင်းကို သွားခဲ့တယ် ….”
“ သူတို့ရဲ့ ရွေးချယ်မှုတွေမှာ တူညီနေတဲ့အရာ တစ်ခုက အဲ့ဒီနေရာတွေက နိုင်ငံထဲ စီးပွားရေး အချက်အချာ မြို့တွေချည်းပဲ … “ ကျန်းဟွေ့ စီးကရက်တစ်လိပ်ကို မီးညှိလိုက်၏။ “ တကယ်လို့ ငါးယောက်မြောက်လူသာ ရှိလာခဲ့မယ်ဆိုရင် အဲ့သုံးနေရာထဲက တစ်နေရာရာမှာ ပေါ်လာလောက်တယ် …”
“ အဲ့တစ်ယောက်က ရွာမှာပဲ ကျန်နေခဲ့တဲ့လူ မဖြစ်နိုင်လောက်ဘူးလား …” လင်းရီ အဆိုပြုလိုက်ပြီး “ ဘာပဲဆိုဆို အဲ့ခေတ်မျိုးဆက်တွေက အတော်လေး ရှေးရိုးစွဲကြတယ် … အပြင်ကို ထွက်သွားဝံ့တဲ့လူတွေက ဘယ်လောက်မှ ရှိကြတာ မဟုတ်ဘူး ….”
ထိုင်ခုံနောက်သို့ မှီရင်း လင်းရီ ဆက်ပြော၏။
“ နောက် တစ်ချက်လည်း ရှိသေးတယ် … ဖန်းတရဲ့ ၊ မာဟိုင်ချန်နဲ့ ဝမ်ကျန့်ရှုတို့ အကုန်လုံးက သက်တူရွယ်တူ နီးပါးတွေ … စုန့်လင်းကတောင် ဝမ်ကျန့်ရှုအောက် လေးနှစ်ပဲ ငယ်တယ် …”
“ တစ်ရွာတည်းမှာ ကြီးပြင်းခဲ့တဲ့လူတွေ ဖြစ်နေတာကို စဉ်းစားကြည့်ရင် အကုန်လုံးက သူတို့အချင်းချင်း မသိကြဘူးဆိုတာ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး …”
“ ရွာကလည်း ဧရာမမိသားစုကြီး တစ်ခုနဲ့ အတူတူပဲ …” ကျန်းဟွေ့ ခေါင်းညိတ်လိုက်ပြီး “ သွေးချင်း ဆက်နွယ်မနေဘူးဆိုရင်တောင် လူတိုင်းက အချင်းချင်း အန်ကယ် ၊ အန်တီတွေ ခေါ်ကြတယ် … သူတို့ကလေးတွေဆိုလည်း ရွာထဲ ကြိုက်တဲ့အိမ်တောင် ထမင်းဝင်စားလို့ရတယ် … အချင်းချင်း ရင်းနှီးကြမှာကတော့ ကျိန်းသေတယ် …”
“ အတိအကျပဲ … ဒါပေမယ့် ရွာက ထွက်လာပြီးတဲ့နောက်မှာ ဖန်းတရဲ့နဲ့ မာဟိုင်ချန်တို့က အတူတစ်အုပ်စု ဖွဲ့ပြီး ဝမ်ကျန့်ရှုနဲ့ စုန့်လင်းတို့က အတူတစ်အုပ်စု ဖွဲ့လိုက်တယ်….”
“ ဒါပေမယ့် အဲ့အုပ်စုနှစ်ခုက အချင်းချင်း အဆက်အသွယ် မရှိကြဘူး … ထူးဆန်းလွန်းတယ် …”
“ အဲ့တာက ရှင်းပြရ လွယ်ပါတယ် …” ကျန်းဟွေ့ ပြောလိုက်ပြီး “ ရွာက ထွက်လာလာချင်းတုန်းကတော့ သူတို့ချင်း အဆက်အသွယ် ရှိရင် ရှိလောက်မယ် … ဒါပေမယ့် အချိန်တွေကြာ … လူတိုင်း တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြတော့ အဆက်အသွယ်လည်း ပြတ်ကုန်ကြတာနေမှာပေါ့ ….”
“ ယုတ္တိရှိတယ် …” လင်းရီ ခေါင်းညိတ်လိုက်ပြီး “ ဒါပေမယ့် နောက်ထပ် ထူးဆန်းနေတဲ့ အချက်က ….”
“ ကျုပ် မာဟိုင်ချန်ကို စစ်ဆေးမေးမြန်းတုန်းက အရေးကြီးတဲ့ အချက်တစ်ချက်ကို သိခဲ့ရတယ် … သူ မြောက်ပိုင်းမှာ ကြီးပွားနိုင်ခဲ့တာက ဆွေမျိုးတွေရဲ့ အကူအညီကြောင့်ပဲ … တစ်ခြားလူတွေမှာ အဲ့လို အခွင့်အရေးမျိုး ရှိဖို့ ဆိုတာ မဖြစ်နိုင်ဘူး ….”
“ အဲ့ဒီတော့ … မင်းရလိုက်တယ်ဆိုတာက ….”
ကျန်းဟွေ့ ကိုယ်ဟန်ကို ပြောင်းလဲလိုက်ပြီး လေးလေးနက်နက် နားထောင်နေသည်။
လင်းရီလည်း သူ၏ ကိုယ်ဟန်ကို ပြောင်းလဲလိုက်ပြီး ကျန်းဟွေ့ကို ကြည့်လျက် “ အစ်ကိုဟွေ့ … ခင်များစဉ်းစားကြည့် … တကယ်လို့ ကျုပ်တို့နှစ်ယောက်က တစ်ရွာတည်းသားချင်းတွေ ဖြစ်မယ် … ငယ်သူငယ်ချင်းတွေလည်း ဖြစ်ခဲ့ကြမယ် ….”
“ နောက်ပိုင်းမှာ ကျုပ်က ရွာကနေ ထွက်သွားပြီး တစ်ခြားတစ်နေရာက ဆွေမျိုးတွေရဲ့ အကူအညီနဲ့ ကြီးပွားအောင်မြင်လာမယ် …”
“ တကယ်လို့ အစ်ကိုဟွေ့လည်း ရွာက ထွက်လာချင်တယ်ဆို ခင်များ ဘာလုပ်မလဲ….”
“ မင်းဆီကိုပဲ ကျိန်းသေပေါက် လာမှာပေါ့ကွ ….” ကျန်းဟွေ့ မဆိုင်းမတွ အဖြေပေးလိုက်၏။
“ ရွာက ထွက်ချင်မှ မဟုတ်ဘူး .. တကယ်လို့ ထွက်လာပြီးလို့ အဆင်မပြေဘူးဆိုရင်တောင် ကျိန်းသေပေါက် မင်းကောင်းစားနေတယ်ဆိုတဲ့ အကြောင်းကြားတာနဲ့ မင်းဆီပဲ ရောက်လာမှာပဲ …”
“ အတိအကျပဲ … ကျုပ်လည်း အဲ့ဒီအတိုင်း လုပ်မိမှာပဲ …” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် ဒီလေးယောက်ကတော့ အဲ့လို မလုပ်ခဲ့ကြဘူး … သူတို့က ကိုယ်စီလမ်းခွဲသွားကြတယ် ….”
“ ဖန်းတရဲ့နဲ့ ဝမ်ကျန့်ရှုတို့က ကျိုးဟိုင်ကို တိုက်ရိုက်လာခဲ့ကြတယ်ဆိုပေမယ့် ဖန်းတရဲ့က သူ့ကိုယ်ပိုင် စီးပွားရေးကို ဇနီးသည်နဲ့ အတူလုပ်ပြီး ဝမ်ကျန့်ရှုနဲ့ ဘာမှမလုပ်ခဲ့ဘူး ….”
“ တစ်နည်းပြောရရင် တစ်ရွာတည်းက ထွက်လာခဲ့ကြတဲ့ လူလေးယောက်က အိမ်က ထွက်လာပြီးတာနဲ့ ဘယ်တုန်းကမှ အုပ်စုမဖွဲ့ခဲ့ကြဘူး … ကိုယ်လမ်းကိုယ် လျှောက်ကြတယ် ….”
“ နှစ်တွေ အတော်ကြာပြီးမှသာ မာဟိုင်ချန်က ဖန်းတရဲ့နဲ့ ဆက်သွယ်မိသွားခဲ့ပြီး စုန့်လင်းကလည်း ဝမ်ကျန့်ရှုနဲ့ ဆက်သွယ်မိသွားခဲ့တယ် … အဲ့နောက်မှာ သူတို့က နှစ်ယောက်တစ်ဖွဲ့ ဖြစ်လာကြတာပဲ ….”
“ ဒါက တကယ်လည်း ထူးဆန်းနေတာပဲ …” ကျန်းဟွေ့ မေးစေ့ကို ပွတ်သပ်လိုက်ပြီး “ ယုတ္တိရှိတယ်ဆိုပေမယ့် လူသားတွေရဲ့ သာမန် အသိစိတ်နဲ့ကျ ဆန့်ကျင်နေတယ် …”
“ ကျုပ်ပြောချင်နေတာလည်း အဲ့တာပဲ …” လင်းရီ လေးနက်သည့် မျက်နှာထားဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ ပြီးတော့ နောက်တစ်ခု ရှိသေးတယ် ….”
“ ကျင်းသုန်ရွာကို သွားခဲ့တဲ့လူက ဟော်မန့်ရှန်း … စုန့်လင်းက ဘယ်တုန်းကမှ မသွားခဲ့ဘူး …”
“ အဲ့တစ်ချက်ကလည်း မသင်္ကာစရာပဲ ….”
“ လူကြီးတစ်ယောက်ကို ရွာထဲက ခေါ်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး .. ပြီးတော့ ဟော်မန့်ရှန်းက သားမက် ၊ အပြင်လူ … ၊ သူ တစ်ယောက်တည်း ကိုင်တွယ်လို့ အဆင်မပြေဘူး … စုန့်လင်း ဘယ်လောက်ပဲ အလုပ်များနေပါစေ ၊ အချိန်တစ်ချို့ရှာပြီး သူ့ဘာသူ သွားခေါ်သင့်တယ် …”
“ အခုလိုမျိုး ယောက်ျားဖြစ်သူကိုပဲ လွှတ်လိုက်တယ်ဆိုတာကတော့ တော်တော့်ကို ယုတ္တိမရှိတာ ….”
“ ငါလည်း အဲ့တာကို ထူးဆန်းနေတာပဲ ….” ကျန်းဟွေ့ သင်္ကာမကင်း ဖြစ်စွာ ဆိုလိုက်ပြီး “ သူက အဖေဖြစ်သူကို သွားမခေါ်ခဲ့ရုံတင် မကဘူး … ရွာကနေ နှစ်တွေ အကြာကြီး ထွက်လာခဲ့ပြီးတဲ့နောက်မှာတောင် ရွာကို တစ်ချက်ကလေးတောင် ပြန်မသွားခဲ့ဘူး … အဲ့တာက ပိုပြီးတောင် ထူးဆန်းသေးတယ် … အပြင်မှာ ဘဝကြီးက ဘယ်လောက်ပဲ အဆင်ပြေနေပါတယ်ပြောပြော ဘယ်သူမဆို ကိုယ့်မွေးရပ်မြေကိုတော့ တစ်ခေါက်လောက် အလည်ပြန်ချင်ကြတဲ့လူတွေချည်းပဲလေ ….”
“ ဒါကြောင့် ကျုပ် ခန့်မှန်းမိတာက …. “ လင်းရီ ဖြည်းညင်းစွာ ဆိုလိုက်ပြီး “ သူ တစ်ခုခုကို ရှောင်နေတာ ဖြစ်ရမယ် .. အဲ့တာကြောင့် ကျင်းသုန်ရွာကို တစ်ခေါ်မှ မပြန်ဝံ့တာ ဖြစ်မယ် ….”
ထိုစကားကြားသည်နှင့် ကျန်းဟွေ့သည် ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့ပြီး စိတ်လှုပ်ရှားကြီးစွာဖြင့် သူ့ပေါင်သူ ဖြန်းခနဲ ရိုက်လိုက်၏။
“ ဒါ လုံး၀ကို ငါတို့ရဲ့ စုံစမ်းမှုအတွက် လမ်းစသစ် တစ်ခု ကျိန်းသေပေါက် ဖြစ်နိုင်တယ် ….”
“ ဖန်းတရဲ့၊ မာဟိုင်ချန်နဲ့ ဝမ်ကျန့်ရှုတို့လည်း အရင်နှစ်တွေမှာ ကျင်းသုန်ရွာကို တစ်ခေါက်ပြန်ခဲ့ဖူးလားဆိုတာ ငါတို့ကောင်တွေ စုံစမ်းကြည့်သင့်တယ် …”
စာစဉ် (၁၆၉) ပြီး၏။
( 27 May 2026 , 2:50 PM.)