← Chapters

သံသယများ

Vol. 169 Ch. 2407

သံသယများ

Vol. 169 Ch. 2407

“ အဓိကက အထက်ခွင့်ပြုမိန့် မပါလို့ပါ …. အဲ့တာနဲ့ ကျုပ်လည်း မလုပ်ရဲ ……”

“ ယီးကို ခွင့်ပြုမိန့်လား … ငါစောက်ခွက်တွေ ဖြတ်ရိုက်ပြီး ထောင်ထဲ ညအိပ်ခိုင်းလိုက်ရ … မင်း တခြားလူတွေ အမှုဖိုင်လာတောင်းတော့ ခွင့်ပြုမိန့်အကြောင်း ပြောဖူးလား … အခုမှလာပြီး ယီးယီးယားယားတွေ လာပြောနေတယ် ….”

လျိုဝန်ကျဲမှာ ပြန်မပြောဝံ့လောက်အောင် ဆူခံနေရပြီး နေရာမှာတင် ကိုးရို့ကားယား ရပ်နေရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်။

“ သူတောင်းစား … အခုရော ဘာရပ်လုပ်နေတာ … အမှုဖိုင်ကို မြန်မြန်သွားယူလာခဲ့လေ … ငါက ခိုင်းမှလား ဟုတ်လား ….”

“ ကျုပ် .. ကျုပ် အခုချက်ချင်း သွားယူလာခဲ့ပါမယ် ….”

လွတ်ငြိမ်းချမ်းသာခွင့် ရရှိလိုက်သည့်နှယ် လျိုဝန်ကျဲသည် ကမန်းကတမ်း ပြေးထွက်သွားခဲ့တော့သည်။

“ အရာရှိလင်း … စိတ်မရှိပါနဲ့ကွာ … ဒီကောင်တွေက စခန်းမှာနေတာကြာတော့ ပိန်းတိန်းကုန်လို့ … အရာရှိလင်းကို စိတ်အနှောင့်အယှက် ဖြစ်စေမိပြီ ….”

“ ကိစ္စမရှိပါဘူးဗျာ …”

မကြာမီ လျိုဝန်ကျဲက အမှုဖိုင်တွဲနှင့်အတူ ပြန်ရောက်လာပြီး မာကျိန်းရှန်းထံ ကမ်းပေးလိုက်သည်။

“ အရာရှိလင်း … ဒီမှာ မင်းလိုချင်နေတဲ့ဖိုင်တွေ … တခြား လိုအပ်တာရှိရင် အားမနာနဲ့ … ပြောသာပြော ….”

“ လောလောဆယ်တော့ ကျန်တာ ဘာမှ မလိုသေးပါဘူး … တကယ်လို့ လိုအပ်ခဲ့ရင်လည်း ကျုပ်ပြန်လာခဲ့ပါမယ် …” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး “ ကျေးဇူးတင်ပါတယ်ဗျာ … အနှောင့်အယှက် ပေးမိလို့ စိတ်မရှိပါနဲ့ …”

“ ဒီမှာ အားလုံးက လုပ်ဖော်ကိုင်ဖက်တွေချည်းပဲလေ … အားမနာနဲ့ … အားနာနေဖို့ မလိုဘူး … လိုအပ်ရင် ငါ့ဆီ ဖုန်းတစ်ချက် လှမ်းခေါ်လိုက် ….”

“ ဒါဆိုလည်း ကျုပ် ဒါရိုက်တာမာကို ဆက်အနှောင့်အယှက် မပေးတော့ပါဘူး … ကျုပ်ကို ခွင့်ပြုပါဦး ….”

“ နေ့လည်တောင် ရောက်တော့မှာကို ထမင်းစားသွားပါဦးလား … ငါ ဧည့်ခံပါ့မယ် … ကြုံတုန်းကြုံခိုက် အတူသောက်ကြတာပေါ့ ….”

မာကျိန်းရှန်းက လင်းရီကို ထမင်းအတူစားဖို့ ဖိတ်ခေါ်နေတာ မြင်တော့ လျိုဝန်ကျဲ မျက်လုံး အပြူးသား ဖြစ်သွားခဲ့သည်။

နှစ်ပေါင်းများစွာ အလုပ်အတူ လုပ်လာခဲ့ပြီးနောက် သူ့ ခေါင်းဆောင်၏ အကျင့်စရိုက်ကို သူ သေချာလေး သိ၏။

ပုံမှန်ဆိုပါက မာကျိန်းရှန်းသည် အရေးကြီးသည့် ပွဲများ ၊ ဒါမှမဟုတ် အထက်မြင့်အရာရှိကြီးများကို ဧည့်ခံဖို့ကလွဲ၍ ကျန်သည့် အချိန်များတွင် အရက်လုံးဝ မသောက်တတ်ပေ။

သို့သော် ယခု … သူ့ဘက်ကပင် စတင်၍ အရက်အတူသောက်ဖို့ ဖိတ်ခေါ်နေသည်။ ဤလူငယ်လေး၏ အထောက်အထားက ကျိန်းသေပေါက်ကို တစ်ခုခုတော့ တစ်ခုခုပင်။

“ ကျုပ် တခြားကိစ္စလေးတွေ ရှိနေသေးလို့ပါ … နောက်အချိန်ရမှပဲ အတူသောက်ကြတာပေါ့ … အလျင်လိုစရာ မလိုပါဘူး ….”

“ ဒါဆိုလည်း ငါ လိုက်ပို့ပေးမယ် …”

“ စနစ်တစ်ခုတည်းအောက်က အချင်းချင်းတွေကိုပဲ … အဲ့လောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး … ဒါရိုက်တာမာ ကိုယ်လုပ်စရာရှိတာပဲ လုပ်ပါ …”

လောကဝတ်စကားတစ်ချို့ ပြောဆိုပြီးနောက် လင်းရီသည် အမှုဖိုင်တွဲကို လက်ထဲကိုင်ပြီး ပြန်ထွက်လာခဲ့သည်။

လျိုဝန်ကျဲရှေ့က ဖြတ်လျှောက်သည့် အချိန်၌ သကောင့်သားကို အဓိပ္ပာယ်ပါပါ အကြည့်တစ်ချက် ပေးလိုက်၏။

ထိုအကြည့်က လျိုဝန်ကျဲ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေခဲ့ပြီး လူကို တစ်ကိုယ်လုံး မအီမသာ ဖြစ်လာစေသည်။ လမ်းရီ အလှမ်းတော်တော်ဝေးဝေး ရောက်ရှိသွားသည့် အချိန်ကျတော့မှသာ ပြန်ပြီး တုံ့ပြန်နိုင်တော့၏။

“ ဒါရိုက်တာမာ… အဲ့ကောင်က တကယ်ပဲ ဘယ်သူမို့လို့တုန်း … ဘာလို့ ခေါင်းဆောင်ကတောင် သူ့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရတာလဲ ….”

“ ငါလည်း သေချာမသိဘူး … သူက အတွင်းရေးမှူးလျန်ရယ် ၊ ခေါင်းဆောင်ချိန်ရယ်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိတယ်ဆိုတာပဲ သိတယ် … ငါ သွားထိလို့ လုံးဝ မရတဲ့ လူစားမျိုးပေါ့ ….”

ပြောပြီးနောက် မာကျိန်းရှန်းသည် လျိုဝန်ကျဲကို စိုက်ကြည့်လိုက်ပြီး “ မင်း လက်ရှိ ကပ္ပတိန်ရာထူးကို ဆက်ပြီး ထိန်းထားနိုင်မလားဆိုတာကတော ….. မင်းရဲ့ကံ ဘယ်လောက်ကောင်းလဲဆိုတဲ့ အပေါ်မှာပဲ မူတည်သွားပြီ …”

…..

ရဲစခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် စွန်းယွီ့ရှန်ထံ ဖုန်းဆက်လိုက်ပြီး သူမ၏ အိမ်သို့ သွားရောက်လည်ပတ်ဖို့ ဟန်ပြင်လိုက်၏။ ထိုနေရာက အခင်းဖြစ်ပွားသည့် မူလနေရာဖြစ်ပြီး သဲလွန်စတစ်ချို့ ကျန်ရစ်ကောင်း ကျန်ရစ်နေနိုင်သည်။

ဒရိုင်ဘာက ကားကို အမြန်မောင်းလိုက်ပြီး မိနစ် ၂၀ မပြည့်မီမှာပဲ ကုပေ နံပါတ်ဝမ်းသို့ ရောက်ရှိလာခဲ့၏။

သူဌေးများ စုစည်းရာ ရပ်ကွက်ဟု လူသိများသည့် ကုပေနံပါတ်ဝမ်းသည် ထန်ချိန် ပထမတန်းစား အိမ်ယာကဲ့သို့ပင် နာမည်ကြီး၏။ ချင်းဟန်ပင် ဤနေရာ၌ စံအိမ်တစ်ချို့ ဝယ်ထားသေးသည်။

သက်သေအထောက်အထားကို ထိခိုက်မှု မရှိစေရေးအတွက် လင်းရီသည် လက်အိတ်တစ်စုံကိုပင် ကြိုတင် ဝယ်ယူထားခဲ့သေးသည်။

သူရောက်လာသည့် အချိန်၌ စွန်းယွီ့ရှန်က ရောက်မလာသေးပေ။ ထို့ကြောင့် လင်းရီလည်း တိတ်ဆိတ်သည့် တစ်နေရာတွင် ထိုင်၍ အမှုဖိုင်ကို ဖွင့်ပြီး ဖတ်ရှုနေလိုက်၏။

အတွင်းတွင် အမှုအကြောင်းကို အနှစ်ချုပ် ရေးသားထားပြီး သူ အကြမ်းဖျင်း တစ်ချက်ကြည့်ရှုလိုက်ရာ မှတ်စုများကို လိုရင်းတိုရှင်းမျှသာ ရေးသားထားပြီး အလျင်စလို ကောက်ချက်ချထားသည်များကိုလည်း မြင်နေရသည်။

သို့သော် လင်းရီ ကြည့်ချင်သည်က မှတ်စုများကို မဟုတ်။ အခင်းဖြစ်ပွားရာ နေရာရှိ ဓာတ်ပုံများပင်။

ဖိုင်ထဲတွင် ဓာတ်ပုံများလည်း ပါသည်။ အခင်းဖြစ်ပွားရာနေရာကို သေသေချာချာ ရိုက်ကူးထားသည့် ဓာတ်ပုံ တစ်ဒါဇင်ခန့်လောက် ရှိ၏။

သို့သော် ဓာတ်ပုံများကို ကြည့်ပြီးနောက်တွင် လင်းရီ နက်နက်ရှိုင်းရှိုင်း တွေးတောသုံးသပ်မိသွားခဲ့သည်။

အိမ်က သန့်ရှင်းရပ်နေပြီး အရာအားလုံးက အစဉ်တကျ ရှိနေသည်။ ဘာဘာညာညာ ရုန်းကန်ထားသည်များလည်း မမြင်တွေ့ရပေ။ ပုံမှန် လူသတ်မှုများတွင် မြင်တွေ့ရလေ့ရှိသည်များနှင့် ကွဲထွက်နေသည်။

ဝမ်ကျန့်ရှု သေဆုံးပြီးနောက် မြင်ကွင်းကို ရိုက်ကူးထားသည့် ဓာတ်ပုံကို လင်းရီ ကောက်ကိုင်ကြည့်လိုက်သည်။

ဝမ်ကျန့်ရှုက ရေချိုးဇလုံထဲတွင် ကိုယ်တုံးလုံး လဲလျောင်းနေသည်။ မျက်လုံးနှစ်လုံးကလည်း ပြူးကျယ်နေပြီး ပါးစပ်ကလည်း ပွင့်အာနေလျက် ရှိသည်။ လက်နှစ်ဖက်ကလည်း ရေချိုးဇလုံအစွန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး အင်မတန် နာကျင်ခံစားနေရပုံပေါ်သည်။

သေဆုံးသွားသည့် ပုံစံ အနေအထားကလည်း ဓာတ်လိုက်ပြီး သေဆုံးသည့် လက္ခဏာနှင့် တစ်ထပ်တည်းကျနေလျက် ရှိသည်။ အနည်းဆုံးတော့ ဓာတ်ပုံထဲတွင် မည်သည့် မသင်္ကာစရာကိုမျှ မမြင်တွေ့ရပေ။

အနှီ တွေ့ရှိမှုက လင်းရီ၏ ရင်ဘတ်ထဲသို့ နောက်ထပ် အရိပ်မည်းကြီးတစ်ခုက ကြီးစိုးသွားခဲ့သည်။ ယခုတစ်ခါတွင်လည်း သံသယဝင်လောက်စရာ မည်သည့်သဲလွန်စကိုမျှ မတွေ့နိုင်သေးပေ။

မကြာမီ စွန်းယွီ့ရှန်နှင့် ဝမ်ဖန်းရွှမ်တို့ ရောက်လာခဲ့ကြပြီး ရှေ့ဂိတ်ပေါက်ဝတွင် လင်းရီနှင့် ဆုံသည်။

“ အားနာလိုက်တာ ဒါရိုက်တာလင်းရယ် … ကျွန်မတို့သားအမိတွေ အတော်ဝေးဝေးကို ရောက်နေကြလို့ပါ … ဒါရိုက်တာလင်းကို စောင့်ခိုင်းစေမိပြီ ….”

“ ရပါတယ် … ကျုပ်ကို တစ်ချက် ကြည့်ရအောင် အထဲသာ ခေါ်သွားပေး ….”

“ ဒါပေါ့ ဒါပေါ့ ဒါပေါ့ … ဒီဘက်ကို ကျေးဇူးပြုပြီး ……”

သုံးယောက်မှာ လူနေရပ်ကွက်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

“ အမှု ဖြစ်ပြီးတဲ့နောက်ပိုင်း … တစ်ယောက်ယောက်ကို ဒီကို ရောက်လာသေးလား …”

“ အမှု ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်မကလည်း လူသတ်မှုလို့ ယုံကြည်တယ် .. အဲ့တာကြောင့် ရဲကလည်း ဒီနေရာကို စည်းတားလိုက်တယ် … ဒီရက်ပိုင်း အတွင်းတော့ ကျွန်မတို့လည်း ဈာပနာပွဲ စီစဉ်တဲ့ ကိစ္စနဲ့ အလုပ်များနေကြတော့ ကျွန်မတို့တောင် ဒီကို တစ်ခါမှ မရောက်ဖြစ်သေးဘူး ….”

( စည်းတားတယ်ဆိုတာက အဝါရောင်ကြိုးနဲ့ မ၀င်ရ၊ မှုခင်းဖြစ်ထားသည်၊ စုံစမ်းနေသည်၊ ဘာညာပေါ့ဗျာ။ ဇာတ်ကားတွေထဲ မြင်ဖူးကြမှာပါ။)

“ ဆိုတော့ … အခင်းဖြစ်ထားတဲ့နေရာက ဘာကိုမှ မထိတွေ့ရသေးဘူးပေါ့နော် ….”

“ အင်း ….”

“ သိပ်ကောင်းတယ် ….”

စွန်းယွီ့ရှန်၏ ဦးဆောင်မှုအောက်တွင် သုံးဦးလုံး အိမ်သို့ ရောက်လာခဲ့ကြသည်။

အိမ်က အတော်လေးကို ကျယ်သည်။ စတုရန်းမီတာ ၃၀၀ ကျော်လောက် ရှိ၏။ ကုပေနံပါတ်ဝမ်း၏ အိမ်ဈေးနှုန်းအရဆိုလျှင် ပြင်ဆင်စရိတ် အပါအဝင် ဤသို့သော တိုက်ခန်းမျိုး၏ အနိမ့်ဆုံးဈေးက ယွမ်သန်းတစ်ရာကျော်ပင်။

အတွင်းပိုင်း အပြင်အဆင်ကလည်း ဟွာရှယဉ်ကျေးမှုကို အသားပေးထားပြီး လက်ဇရီဆန်သည့် အရှိန်အဝါတို့ ပျံ့လွှင့်နေလျက် ရှိသည်။ ထို့ပြင် ဝမ်ကျန့်ရှု စုဆောင်းထားသည်များလည်း မြင်တွေ့နေရသည်။

သူ့လို အဆင့်အတန်းမျိုးနှင့် ဤသည်က အတော်လေး လိုက်ဖက်ညီလှသည်ဟု ဆို၍ရသည်။

အထဲသို့ ရောက်လာခဲ့ပြီးနောက် လင်းရီသည် အတွင်းသို့ ချက်ချင်းမသွားဘဲ ထိုအစား အခန်းထောင့်တစ်ခုချင်းစီတိုင်းကို သေချာ လိုက်လံ စူးစမ်းကြည့်လိုက်၏။

ပရိဘောဂ ပစ္စည်များက သပ်သပ်ရပ်ရပ် ဟုတ်မနေသော်လည်း နေသားတကျတော့ ရှိသည်။

အပေါ်ယံ တစ်ချက်ကြည့်လိုက်သည်နှင့် လူတစ်ယောက် ဤနေရာတွင် သေဆုံးသွားခဲ့သည်ဟု ဆိုလျှင် မည်သူကမျှ ယုံကြည်နိုင်မှာ မဟုတ်ပေ။။

“ ခင်များတို့နှစ်ယောက်က ပုံမှန် ဒီမှာ နေလေ့ရှိကြတာလား …”

စွန်းယွီ့ရှန် ခေါင်းခါယမ်းလိုက်သည်။ “ ကျွန်မတို့မှာ နောက် ဗီလာတစ်လုံး ရှိသေးတယ် … သူက ဒီမှာနေပြီး ကျွန်မက အဲ့ဗီလာမှာ နေတာ ….”

“ ဟမ် …” လင်းရီသည် ရွှတ်နောက်ကျီစယ်ချင်သည့် အပြုံးမျိုးဖြင့် “ ဒါရိုက်တာဝမ် တစ်ခါပြောဖူးတာတော့ ခင်များတို့နှစ်ယောက်က အတော်လေး ဆက်ဆံရေး ကောင်းပါတယ်တဲ့ … ဘာလို့ ခွဲပြီး နေကြတာ …”

“ ဒါက ကျွန်မတို့တွေ စီးပွားရေး စဖြစ်တော့ ပထမဆုံး ဝယ်ဖြစ်တဲ့ တိုက်ခန်းလေ … သူက စိတ်ခံစားချက် ပြင်းထန်ပြီး အတိတ်ကို တသသ လုပ်နေတတ်တဲ့လူ … ဒီမှာ နေတာကြာလာတော့ အိမ်ကိုပါ သံယောဇဉ် တွယ်သွားခဲ့တာ … ပြီးတော့ သူ စုထားတဲ့ ပစ္စည်းတွေကလည်း ဒီမှာပဲလေ … အဲ့တာကြောင့် ဗီလာဆီ မပြောင်းချင်တော့တာ … ဒါပေမယ့် ကျွန်မတို့က လုံးဝကြီး ခွဲနေတယ်ရယ်လည်း မဟုတ်ပါဘူး … တစ်ခါတစ်လေ သူက ကျွန်မတို့ဆီ လာလည်တယ် … မဟုတ်လည်း ကျွန်မက ဒီကိုလာတယ် …” စွန်းယွီ့ရှန်က ညင်သာစွာ ပြုံးလျက် ရှင်းပြလိုက်ပြီး “ ဘာပဲဆိုဆို ကျွန်မတို့နှစ်ယောက်က အတူနေလာတာ ဒီလောက် နှစ်တွေ ကြာနေပြီပဲဟာ လူငယ်တွေလိုမျိုး အချိန်ပြည့် အတူမနေချင်ကြတော့ဘူးလေ …”

လင်းရီလည်း နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။

ဝမ်ကျန့်ရှုက စိတ်အတွင်း၌ ကိုယ်ပိုင် ကမ္ဘာငယ်လေး တစ်ခု တည်ဆောက်ထားသည့် လူတစ်ယောက်ဟုဆိုရမည်။

သူက အိမ်ကို သူ အလိုရှိသည့် ပုံစံသို့ ပြောင်းလဲပြီး မွန်းကြပ်ဖွယ်ရာ လောကကြီးထဲ ဤနေရာလေးက သူ၏ ကိုယ်ပိုင် နားခိုရာလေး တစ်ခု ဖြစ်လာခဲ့သည်။

ကုပေနံပါတ်ဝမ်းတွင် နေလိုသည့် သူ၏ ရည်ရွယ်ချက်ကို နားလည်ပေး၍ရ၏။

“ ခင်များတို့ နှစ်ယောက် အပေါက်ဝမှာ ခဏလောက် သွားနေပေးဦး … ကျုပ် အထဲ တစ်ချက်သွားကြည့်လိုက်ဦးမယ် ….”

“ ဒါပေါ့ ဒါပေါ့ ဒါပေါ့ … ဒါရိုက်တာလင်း စိတ်တိုင်းကျကြည့်ပါ …”

အခင်းနေရာကို အနှောင့်အယှက်မရှိ လွတ်လွတ်လပ်လပ် လေ့လာနိုင်ရန်အတွက် လင်းရီသည် သားအမိနှစ်ယောက်ကို ဝင်ပေါက်ဝသို့ နှင်လွှတ်လိုက်ပြီး သူတစ်ဦးတည်း ဝင်သွားခဲ့သည်။

အိမ်ထဲရှိ အိပ်ခန်းများကတော့ သပ်ရပ်နေပြီး လုံးဝ ထိတွေ့ထားခြင်း မရှိသည့် အတိုင်းပင်။ ဤသည်ကလည်း လင်းရီစိတ်ကူးထဲရှိ ဝမ်ကျန့်ရှု၏ စတိုင်နှင့် အတော်လေး ဆင်တူနေသည်။ ထိုသူက သန့်ရှင်းရေးလုပ်ရတာကို အလွန်အမင်း ဝါသနာကြီးပြီး စွဲလမ်းမှုဘက်သို့ အနည်းငယ် ရောက်ရှိနေလျက် ရှိ၏။ ဤအပိုင်းတွင်တော့ သူနှင့် ယှဉ်လိုက်မည်ဆိုပါက ကမ္ဘာကြီး တစ်ခုစာလောက်ကို ခြားနားနေသည်။

ကျီချင်းရန်ပင် သူ့ကို ဝမ်ကျန့်ရှုထံက သင်ယူသင့်သည်ဟုပင် တစ်ခါစနောက်ဖူးသေးသည်။

သို့သော် စာကြည့်ခန်းရှေ့ ရောက်ချိန်တွင်တော့ လင်းရီသည် ခေတ္တခန့် တုံ့ဆိုင်းသွားပြီး သတိနှင့် ဝင်ရောက်လိုက်၏။

စာကြည့်ခန်းက ၃၀ စတုရန်းမီတာခန့်မျှ ကျယ်ဝန်းပြီး အထူးတလှယ် ကြီးမားနေခြင်း မရှိပေ။

နောက်ဘက်ခြမ်းတွင် စာအုပ်စင်ကြီး တစ်စင်ရှိပြီး စာအုပ်မျိုးစုံနှင့် ပြည့်နှက်နေသည်။

သို့သော် ဤအခန်းထဲ လင်းရီ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည့် အရာတစ်ခုလည်း ရှိနေသေး၏။

ယင်းအရာကတော့ ဘုရားစင်တစ်ခု ….။

All Chapters