← Chapters

သဲလွန်စ

Vol. 169 Ch. 2408

သဲလွန်စ

Vol. 169 Ch. 2408

ဘုရားစင်ကို မြင်တွေ့လိုက်သည့် အချိန်မှာပဲ လင်းရီ၏ အာရုံက ဘုရားစင်ထံသို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့တော့သည်။

ဖန်းတရဲ့နှင့် မာဟိုင်ချန်တို့အိမ်တွင်လည်း ဘုရားစင်များရှိကြပြီး သူတို့ အကုန်လုံးက ကျင်းသုန်ရွာသားများ ဖြစ်ကြ၏။

ဒါလည်း တိုက်ဆိုင်မှု သပ်သပ်ပဲလား …

သူ မယုံကြည်နိုင်ပေ။

ဘုရားစင်ထံသို့ ရောက်လာခဲ့ပြီး အမွှေးတိုင်အိုးထဲ၌ ပြာများဖြင့် ပြည့်နှက်နေပြီး အမွှေးတိုင်ချောင်းများလည်း အတွင်းထဲ အများအပြား ကျန်ရှိနေသည်။ အချို့သော ပြာများက ဘေးတွင် ဖိတ်စင်နေလျက် ရှိ၏။

ဘုရားစင်၏ ကျန်သည့် နေရာတစ်ဝိုက်ကို ကြည့်လိုက်တော့ အမွှေးတိုင်ထွန်းသည့် နေရာတစ်ဝိုက်တွင် အနည်းငယ် ညစ်ပေနေသည်ကလွဲ၍ ကျန်သည့်နေရာများက အတော်လေး သပ်သပ်ရပ်ရပ်ရှိသည်။

လက်ထဲ ဖုန်းရှိနေသည်နှင့် လင်းရီလည်း ဘုရားစင်တစ်ဝိုက်ကို ဓာတ်ပုံအများအပြား ရိုက်ယူလိုက်ပြီး နောင်တွင် သေချာ ကြည့်ရှုလေ့လာဖို့ စီစဉ်ထား၏။

ဘုရားစင်ထံမှ အကြည့်ပြောင်းရွှေ့ပြီးနောက် လင်းရီ၏ မျက်လုံးတို့က စားပွဲခုံပေါ်သို့ ရောက်ရှိသွားခဲ့သည်။ စားပွဲတွင် ‘ ကြီးမြတ်သော မင်မင်းဆက် 1566 ‘ 748 မျက်နှာ ဟူသော စာအုပ်တစ်အုပ် ရှိနေသည်။

စာအုပ်ဘေးတွင် လက်ဖက်ရည်ခွက် တစ်ခွက် ရှိနေပြီး ခွက်၏ နှစ်ပုံတစ်ပုံတွင် လက်ဖက်ရည်ကွင်းတစ်ခုက ရှိနေသည်။ ( လက်ဖက်ရည်ရှိနေသေးတဲ့ခွက် အကျန်ကို မဆေးဘဲ ပစ်ထားတာကြာရင် ဖြစ်လာတတ်ပါတယ်။ မမြင်ဖူးသေးရင် စမ်းကြည့်ကြပါ။ အချိန်အကြာကြီး မပေးရပါဘူး။ နေ့တစ်ဝက်လောက်ဆိုရင်ကို မြင်ရပါပြီ။ )

အခင်းဖြစ်စဉ်ကို လင်းရီ မျက်လုံးထဲ ပြန်လည် ဖန်တီး မြင်ယောင်ကြည့်ဖို့ ကြိုးစားလိုက်သည်။ ဝမ်ကျန့်ရှုက ရေမချိုးမီ လက်ဖက်ရည်သောက်ရင်း စာအုပ်ဖတ်နေသည်။

ထိုနေကာ အရောက်တွင် လင်းရီ၏ မျက်လုံးတို့ အနည်းငယ် ဂနာမငြိမ်ဖြစ်သွား၏။

အမှုဖိုင်တွဲထဲ ပြောထားပုံအရဆိုလျှင် … ဝမ်ကျန့်ရှု သေဆုံးသွားခဲ့သည့် အချိန်က ညနေ ၂ နာရီဝန်းကျင်တွင် ဖြစ်၏။ ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက မည်သည့်အရာကမျှ မှားယွင်းမနေသော်ငြားလည်း လူတော်တော်များများမှာ ထိုနာရီတွင် အရေးကြီး ကိစ္စ မရှိသရွေ့ ရေချိုးလေ့ မရှိကြပေ။

မျက်လုံးပိတ်လျက် ၊ အခင်းဖြစ်စဉ်ကို လင်းရီ၏ စိတ်ထဲ ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။

ဝမ်ကျန့်ရှုက စာကြည့်ခန်းထဲထိုင်ပြီး လက်ဖက်ရည်ကို သောက်လျက် ဇိမ်ပြေနပြေနှင့် စာအုပ်ဖတ်နေသည်က သူ၏ သက်တောင့်သက်သာရှိသည့် စိတ်အခြေအနေကို ဖော်ပြနေသည်။

သို့တိုင် သူက ညနေ ၂ နာရီအချိန်တွင် ရုတ်တရက်ချည်း ရေချိုးဖို့ ဆုံးဖြတ်ခဲ့၏။

ထိုဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မှားယွင်းမနေသော်လည်း လင်းရီကတော့ ယုတ္တိကျသည်ဟု မခံစားရပေ။

အကယ်၍ မွန်းလွဲပိုင်းတွင် အရေးကြီး ကိစ္စ တစ်ခုခု လုပ်စရာရှိရိုးမှန်လျှင် သူက သက်တောင့်သက်သာနှင့် စာအုပ်ဖတ်ဖို့ စိတ်အခြေအနေ ဖြစ်နိုင်ပါမည်လော။

မဖြစ်နိုင်။

မသိစိတ်အလျောက် လင်းရီသည် စားပွဲပေါ်တွင် ပြောင်းပြန်မှောက်လှန်ထားသည့် စာအုပ်ကို ဖွင့်လိုက်၏။

စာအုပ်က စာမျက်နှာ ၃၉၈ တွင် ဖတ်ရှုနေဆဲပင်။

နောက်ပြီး ဤသို့သော အသေးစိတ် အချက်အလက်လေးများကလည်း လင်းရီ၏ သံသယကို ပိုပြီး ကြီးထွားလာစေသည်။

ကျီချင်းရန်သည်လည်း ယခင်က ဤသို့ ပြုလုပ်ခဲ့ဖူး၏။

သူမ စာအုပ်ဖတ်နေချိန်တွင် တစ်စုံတစ်ယောက် လှမ်းခေါ်ပါက စာအုပ်ကို စားပွဲပေါ်တွင် မှောက်ထားပြီး …

အကယ်၍ ရေချိုးရန် ၊ ဒါမှမဟုတ်လည်း အနားယူရန် ဆုံးဖြတ်ထားသည်ဆိုပါက စာအုပ်ညှပ်သည့် အရာတစ်ခုခုကို ဖတ်ရှုဆဲ စာမျက်နှာတွင် ညှပ်၍ စာအုပ်ကို ပိတ်ပြီး စာအုပ်စင်သို့ ပြန်ထည့်ထားလိမ့်မည်။

ယခု … ဝမ်ကျန့်ရှုက စာအုပ်ကို စားပွဲပေါ် မှောက်ထားသည်က သူ စာအုပ်ဖတ်နေစဉ်တွင် အရာ တစ်ခုခုက နှောင့်ယှက်လာသောကြောင့် နောက်မှ ဆက်ဖတ်ဖို့ရာ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သေချာသည်။

သို့သော်လည်းပဲ … ထို'အရာတစ်ခုခု'က ရေချိုးမည့် ကိစ္စတော့ ကျိန်းသေပေါက် မဖြစ်နိုင်လောက်ပေ။

ရေချိုးခြင်းဆိုသည်က လူကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည့်အရာများဖြစ်ပြီး စာအုပ်ကို မှောက်လျက် ပစ်ထား၍ အရေးတကြီး သွားချိုးစရာ အကြောင်းမရှိချေ။

စာကြည့်ခန်းထဲ မတ်တပ်ရပ်နေရင်း … လင်းရီသည် အခန်းပတ်ပတ်လည်ကို ဖြည်းညင်းစွာ ကြည့်ရှုလိုက်၏။

ရုတ်တရက်ဆိုသလို အခန်းတစ်ခုလုံးထဲ ဆန်းကြယ်မှုတို့ ပြည့်နှက်လာသယောင် ခံစားလိုက်ရသည်။

ယင်းက … အမည်မသိ လျှို့ဝှက်ချက်တို့ သိုလှောင်ထားသည့် အလုံပိတ်အခန်းကြီး တစ်ခုကဲ့သို့ပင်။

သို့တိုင် သူ့စိတ် အနက်ရှိုင်းဆုံးတစ်နေရာတွင်တော့ အသံတစ်သံက လင်းရီကို ပြောပြနေသည်။

အနှီ သဲလွန်စက ဤစာကြည့်ခန်းထဲမှာပဲ ဖုံးကွယ်နေလောက်၏။

လင်းရီ သူ့ဖုန်းနှင့် ဓာတ်ပုံ အများအပြား ရိုက်ယူထားလိုက်သည်။ ပြီးနောက် တံခါးကို သေချာပြန်ပိတ်ပြီး ထွက်လာခဲ့လိုက်သည်။

စာကြည့်ခန်းထဲမှ ထွက်လာခဲ့ပြီးနောက် ဧည့်ခန်းထဲတွင် ရပ်နေရင်း ဘေးပတ်ပတ်လည်ကို တစ်ဖန်ပြန်လည် စူးစမ်းကြည့်လိုက်၏။ အရာအားလုံးက ပုံမှန်ပင်။

သို့သော် ရေချိုးခန်း ဝင်ပေါက်ဝတွင်တော့ ပုံမှန်မဟုတ်သည့် အရာတစ်ခုကို လင်းရီ မြင်တွေ့သွားခဲ့၏။

သူ အစောပိုင်း ဝင်လာတုန်းက တစ်ခုခု လွဲချော်နေပါသည်ဟု ခံစားနေခဲ့ရပြီး ယခုနောက်ဆုံးတော့ ဘာကြောင့်ဆိုတာကို ရှာတွေ့သွားခဲ့လေပြီ။

ဝမ်ကျန့်ရှုက သူ၏ ဧည့်ရေချိုးခန်းလေးထဲ၌ ရေချိုးခဲ့သည်။

ယင်းက အဓိပ္ပာယ်မရှိပေ။

အိမ်ပိုင်ရှင် ဖြစ်သည့်အပြင် ၊ သူ၏ နေ့စဉ် အလေ့အထကို လေ့လာသုံးသပ်ကြည့်မည်ဆိုပါက မာစတာ ရေချိုးခန်းထဲမှာပဲ ရေချိုးသင့်၏။

ထို့ပြင် ရှပ်တစ်ထည်က ဧည့်ရေချိုးခန်းအနီး ထိုင်ခုံတစ်ခုပေါ် တင်ကျန်နေသည်ကို သတိပြုမိလိုက်သည်။ ဘောင်းဘီတစ်ထည်ကလည်း ကြမ်းပြင်ပေါ် ပြုတ်ကျနေသည်။ ပုံစံကြည့်ရသည်မှာတော့ ဝမ်ကျန်းရှု၏ ညအိပ်ဝတ်စုံများ ဖြစ်ပုံရ၏။

“ မရီး … ဒါရိုက်တာဝမ်က သူ မသေခင် ဒီ အဝတ်တွေ ဝတ်သွားခဲ့တာလား ….”

“ အမ် ... အင်း … ဒီဝတ်စုံ ဟုတ်လောက်တယ် …” စွန်းယွီ့ရှန်၏ လေသံထဲတွင် မရေရာမှုတို့ ပြည့်နှက်နေသည်။ သို့သော် အခင်းနေရာကို အခြေခံကြည့်လိုက်လျှင် ယင်းက လုံးဝကို ဖြစ်နိုင်ချေရှိသည်။

ရေချိုးခန်း အပြင်ဘက်မှာ အဝတ်တွေ ချွတ်ခဲ့တယ်ပေါ့ ….

ဤသည်ကလည်း လင်းရီ၏ ရင်ဘတ်ထဲ သံသယစိတ်ကို ပိုပြီး တိုးပွားသွားစေခဲ့သည်။

ဝမ်ကျန့်ရှုက အင်မတန် သန့်ရှင်းသပ်ရပ်သည့် လူစားမျိုး ဖြစ်၏။ အဝတ်များ ချွတ်ပြီးနောက်တွင် ၎င်းတို့ကို သေချာ သပ်သပ်ရပ်ရပ် ခေါက်ထားသင့်သည်။ ဤကဲ့သို့ ကြုံရာ ပစ်ချထားသည်က သူ၏ အကျင့်စရိုက်နှင့်လည်း ကိုက်ညီမနေချေ။

အကြမ်းဖျင်း တစ်ချက်ကြည့်ပြီးနောက် လင်းရီသည် ရေချိုးခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

အတွင်းတွင် သပ်ရပ်နေပြီး ရေချိုးခန်းသုံး ပစ္စည်းများကိုလည်း ဘေးတစ်ဖက် တစ်နေရာတွင် သပ်သပ်ရပ်ရပ် စီစဉ်ထား၏။

ရေချိုးဇလုံထဲတွင်လည်း ရေများ ရှိနေပြီး ကြည်လင်နေသည်။ သို့သော် ရေတစ်ချို့ကတော့ အငွေ့ပျံသွားခဲ့ပြီ ဖြစ်၏။

သူ့ရှေ့ရှိ မြင်ကွင်းက အရာအားလုံး ပုံမှန် ဖြစ်နေပြီး မူမမှန်သည့် မည်သည့်အရာကိုမျှ မမြင်တွေ့ရချေ။ အမှုဖိုင်တွဲထဲရှိ ဓာတ်ပုံကို ထုတ်ပြီး သူ့ရှေ့ရှိ အခင်းမြင်ကွင်းနှင့် နှိုင်းစစ်ကြည့်လိုက်၏။

ဝမ်ကျန့်ရှုက ရေချိုးဇလုံထဲ လဲလျောင်းနေပြီး အနက်ရောင် ဆံပင်လေမှုတ်စက်တစ်ခုက ရေထဲသို့ ပြုတ်ကျနေသည်။

ပြူးကျယ်နေသည့် မျက်လုံးများ ၊ ပွင့်အာနေသည့် ပါးစပ်တို့က ဓာတ်လိုက်ပြီး သေဆုံးသည့် ဖြစ်စဉ်နှင့် ကိုက်ညီမှု ရှိ၏။

နေရာတွင် ရပ်နေရင်း အခန်း ပတ်ပတ်လည်ကို ဆယ်မိနစ်ကျော်မျှ အသေးစိတ် လိုက်လံကြည့်ရှုနေခဲ့၏။ သို့တိုင် ကံမကောင်းစွာဖြင့် မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ပေ။

ရွေးချယ်စရာမရှိသည့် အဆုံး … ရေချိုးခန်းထဲမှ အပြင်သို့ ပြန်ထွက်လာခဲ့ရ၏။

“ ဒါရိုက်တာလင်း … ရှင် တစ်ခုခု တွေ့ခဲ့သေးလား ….”

စွန်းယွီ့ရှန်က အားတက်သရော မေးမြန်းလာသည်။

“ ကျုပ် မရီးကို တစ်ခုလောက် မေးပါဦးမယ် … ဒါရိုက်တာဝမ် ဗုဒ္ဓဘာသာကို ကိုးကွယ်လာတာ ဘယ်နှနှစ် ရှိနေပြီတုန်း …”

“ နှစ်တော့အတော်ကြာပြီ … ကျွန်မအထင် … သူနဲ့ ပထမဆုံး စတွေ့ကတည်းက အဲ့ဘာသာကို ကိုးကွယ်နေခဲ့တာပဲ …” စွန်းယွီ့ရှန် ပြောလိုက်ပြီး “ ဒါပေမယ့် တခြားလူတွေလို ဘုရားခန်း တစ်ခုဆောက်ပြီး ခမ်းခမ်းနားနား ကိုးကွယ်တာမျိုးတော့ မဟုတ်ဘူး … ဒီတိုင်း သူ့စာကြည့်ခန်းထဲမှာပဲ စင်သေးသေးလေးထားပြီး ကိုးကွယ်တာ ….”

“ ဆိုတော့ နှစ်တွေ အတော်ကြာနေပြီပေါ့ ….”

“ ဟုတ်တယ် ….”

“ အိမ်သော့ ကျုပ်ဆီ ပေးထားလို့ရလား … ကျုပ်ဒီကို နောက်တစ်ခေါက် ပြန်လာချင်သေးလို့ ….”

“ ဒါပေါ့ … ရပါတယ် …”

စွန်းယွီ့ရှန်သည် အိမ်သော့ကို လင်းရီလက်ထဲသို့ တုံ့ဆိုင်းခြင်း မရှိ၊ ပေးအပ်လိုက်၏။

လင်းရီက ယွမ် ဘီလီယမ်ရာချီ ချမ်းသာကြွယ်ဝသည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်၏။ သူမတို့အိမ်က ပစ္စည်းများကို တပ်မက်စရာအကြောင်းလည်း မရှိပေ။

“ ကျုပ် ဒီကိစ္စကို ဆက်ပြီး စုံစမ်းသွားမယ် … ရလဒ်က ဘာပဲ ဖြစ်နေပါစေ … ကျုပ် မရီးတို့သားအမိကို အဖြေတစ်ခု ပေးပါ့မယ် …”

“ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်း … ကျေးဇူးအများကြီး တင်ပါတယ် … ကျေးဇူးပြုပြီး ကျွန်မတို့ လောင်ဝမ်ကို တရားမျှတမှု ရရှိအောင် ကူညီပေးပါနော်…”

“ ကျုပ်နဲ့သာ လွှဲထားလိုက်ပါ ….”

နှစ်သိမ့်စကားတစ်ချို့ ဆိုပြီးနောက် လင်းရီသည်လည်း ကုပေနံပါတ်ဝမ်းမှ ထွက်လာခဲ့လိုက်သည်။

ထွက်လာစဉ်တွင် လင်းရီသည် ကျန်းဟွေ့ထံသို့ ဖုန်းခေါ်ပြီး စခန်းက အခြေအနေများကို မေးမြန်းစုံစမ်းလိုက်၏။

အလောင်းနှင့် အခြားစုံစမ်းမှုများကို ပြုလုပ်နေပြီး ရလဒ်ကိုတော့ မနက်ဖြန် သိရဖို့မျှော်လင့်ထားသည်။

အခြားလုပ်စရာ မရှိသဖြင့် လင်းရီလည်း ဆေးရုံသို့ ထွက်လာပြီး ကူရိရန်ထံသို့ အလည်ရောက်လာသည်။

မည်သို့ပင်ဆိုစေ ဆေးရုံတွင် တစ်ယောက်တည်း နေထိုင်ပြီး ဟိုဟိုဒီဒီ မလှုပ်ရှားနိုင်သည်က အတော်လေး ပျင်းရိငြီးငွေ့ဖို့ ကောင်းလှ၏။

ဆေးရုံကို ရောက်တော့ ကျန်းဇီရှင်းနှင့် ကျန်းဖန့်တို့လည်း ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

“ မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်ပြီး ရောက်လာကြတာ …”

“ ငါတို့လည်း ဒီကို လာမယ်လာမယ်နဲ့ လာချင်နေတာ အလုပ်တွေ တအားများလို့သာ မလာဖြစ်တာ … ဒီနေ့တော့ အချိန်နည်းနည်းအားတာနဲ့ ထွက်လာခဲ့လိုက်တာပဲ …” ကျန်းဖန့် ပြောလိုက်သည်။

“အစ်ကိုရီ … ရှင်ဒီနေ့ စခန်းမှာလည်း မရှိဘူးနော် … ရှန်းရန်ရွာကို ထပ်သွားနေပြန်ပြီလား …” ကျန်းဇီရှင်း မေးလိုက်သည်။

“ ငါ တစ်ခု ထူးဆန်းတာတွေ့ထားတယ် …” လင်းရီသည် ဝမ်ကျန့်ရှုအမှုအကြောင်းကို ပြောပြလိုက်၏။

“ ငါ့မိတ်ဆွေတစ်ယောက်က သူ့ကိုယ်ပိုင် ရေချိုးဇလုံထဲမှာ သေသွားခဲ့တယ် … သေသွားရတဲ့ အကြောင်းအရင်းက ဆံပင်လေမှုတ်စက်တစ်ခု ပြုတ်ကျသွားလို့တဲ့ ….”

“ ဟင် … မဖြစ်နိုင်လိုက်တာ ….”

ကျန်းဇီရှင်းက ရှော့ခ်ရစွာဖြင့် အလန့်တကြား အော်ဟစ်လိုက်ပြီး “ ဒီခုခေတ် ဆံပင်လေမှုတ်စက်တွေမှာ လျှပ်စစ်ဓာတ်ကူးတာတွေ မဖြစ်အောင်လို့ သေချာလုပ်ထားတာလေ … အဲ့လိုမျိုးက လုံးဝ မဖြစ်သင့်ဘူး …”

“ ထူးဆန်းနေတာလည်း အဲ့အပိုင်းပဲ …. ဆံပင်လေမှုတ်စက်ကို ငါတို့ စစ်ကြည့်ပြီးပြီ … လက်ဆော့ထားတာတွေလည်း မရှိဘူး … ဒါပေမယ့် လျှပ်စစ်ကတော့ စီးနေတယ် ….” လင်းရီ ပြောလိုက်၏။

“ နောက်ထပ် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် တိုက်ဆိုင်နေတဲ့ အချက်တစ်ချက်က … သူ ၊ ဖန်းတရဲ့နဲ့ မာဟိုင်ချန်တို့ သုံးယောက်လုံးက ကျင်းသုန်ရွာသားတွေ ဖြစ်နေကြတာပဲ …”

( လင်းရီအခု တာ၀န်ကျနေတာက ရဲမှုခင်း စုံစမ်းရေးဌာနဆိုတော့ စုံထောက်ပဲဆိုပါတော့။ ရဲစုံထောက်ပေါ့။အလွတ်တန်း စုံထောက်တော့ မဟုတ်ပါဘူး။ ပြီးတော့ စုံထောက်တွေက အခင်းဖြစ်တဲ့ နေရာကို ခဏခဏ ပြန်ပြန်သွားပြီး အခင်းဖြစ်ချိန်က မြင်ကွင်းကို ပုံရိပ်ပြန်မြင်ယောင်ကြည့်တာ ၊ ဒါမှမဟုတ် သူတို့ လွတ်သွားတဲ့ သဲလွန်စတွေ ရှိဦးမလား ကြည့်တတ်ကြပါတယ်။ )

All Chapters