ဟော်ယွမ်ယွမ် အကျိုးပြုတာ တစ်ခု လုပ်လိုက်ပြီ
Vol. 169 Ch. 2409
“ သူတို့အကုန်လုံးက ကျင်းသုန်ရွာသားတွေလား …”
ဤသတင်းကိုကြားတော့ သုံးဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။
နှစ်ခုက လုံးဝ မတူညီသည့် အမှုများ ဖြစ်နေသော်လည်း ၎င်းတို့တွင် တူညီသည့် အရာတစ်ခု ရှိနေသည်က အတော်လေး သံသယဖြစ်ဖို့ ကောင်းလှ၏။
“ မအံ့ဩသေးနဲ့ … ကျန်သေးတယ် … အဲ့ဒါတွေ အပြင် ငါ နောက်တစ်ခုလည်း ထပ်တွေ့ထားသေးတယ် …” လင်းရီ ပြောလိုက်ပြီး “ ဖန်းတရဲ့ ၊ မာဟိုင်ချန်နဲ့ ငါ့မိတ်ဆွေရဲ့ အိမ်အသီးသီးမှာ ဘုရားစင်တွေ ရှိနေကြတယ် …”
“ အခုခေတ်မှာ လူတော်တော်များများက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လာနေကြပြီလေ … ဒါကတော့ ရှင်းပြလို့ လွယ်ပါတယ် …” ကျန်းဇီရှင်းပြောလိုက်ပြီး “ ဒါပေမယ့် သူတို့သုံးယောက်လုံးက ကျင်းသုန်ရွာသားတွေ ဖြစ်နေတာကတော့ အတော်လေး ရှင်းပြရခက်တယ် … ဒါက ဒီတိုင်း တိုက်ဆိုင်မှုပဲလား … ဒါမှမဟုတ် နောက်ကွယ်မှာ တစ်ခုခု ရှိနေတာများလား ….”
ကူရိရန် လေးနက်တည်ကြည်နေသည့် မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်၏။
“ နင် သေချာစုံစမ်းပြီးသွားပြီလား … သေသွားတဲ့ နင့်မိတ်ဆွေက ဖန်းတရဲ့နဲ့ မာဟိုင်ချန်တို့နဲ့ ရင်းနှီးလား … သူတို့ကြားထဲ ဆက်နွယ်နေတဲ့ တစ်ခုခုရော ရှိလား ….”
“ စုံစမ်းတာကတော့ လုပ်နေတုန်းပဲ … မနက်ဖြန်ကျရင်တော့ ရလဒ် တစ်ချို့ သိရလောက်ပြီ …”
စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်သွားခဲ့ပြီးနောက် ကူရိရန်က “ တကယ်လို့ အချိန်ရရင် ငါ့အထင် တို့တွေ ကျင်းသုန်ရွာကို တစ်ခေါက်လောက်တော့ သွားလည်ကြည့်ဦးမှနဲ့တူတယ် … အဲ့ကနေ အသုံးဝင်တဲ့ အချက်အလက်တစ်ချို့ ရလာတာလည်း ဖြစ်နိုင်တာပဲလေ …”
“ ငါတွေးနေတာလည်း အဲ့အတိုင်းပဲ …” လင်းရီ ပြောလိုက်ပြီး “ လက်ထဲ ရှိတဲ့ ကိစ္စတွေ ကိုင်တွယ်ပြီးတာနဲ့ ငါ ကျင်းသုန်ရွာကို သွားမယ် …”
“ တကယ်လို့ ဖန်းတရဲ့အမှုက တကယ်ပဲ နင့်မိတ်ဆွေရဲ့ အမှုနဲ့ ဆက်နွယ်နေမယ်ဆိုရင် လူသတ်သမားက အစောကြီးကတည်းက အစီအစဉ်ဆွဲထားခဲ့တယ်ဆိုတာ ကျိန်းသေသွားပြီ … နောင်ကျ နစ်နာသူတွေ ပိုများရင် များလာနိုင်တယ် …”
“ ငါတော့ ဒီအမှုနှစ်ခုက ဆက်စပ်မနေဘူးလို့ ထင်တာပဲ …” ကျန်းဖန့် ပြောလိုက်ပြီး “ ဝရမ်းလည်း ထုတ်ထားပြီးပြီ … ဆုကြေးကလည်း နည်းတဲ့ ပမာဏ မဟုတ်ဘူး … ယုတ္တိကျကျ ပြောကြေးဆို လူသတ်သမားက သူ့ကို ရှာလို့မတွေ့အောင် ပုန်းနေသင့်တာ … တကယ်လို့ အဲ့တာတောင် သူက လူသတ်ချင်သေးတယ်ဆိုရင် အတော်လေးကို စွန့်စားရာ ရောက်သွားပြီ … သာမန်လူဆို အဲ့လို လုပ်မှာ မဟုတ်ဘူး ….”
“ မင်းပြောသွားတာကလည်း ယုတ္တိရှိပါတယ် … ဒါပေမယ့် ဒီနေရာမှာ လူသတ်သမားက သာမန်မဟုတ်တာပဲ … ဒါပေမယ့် သူ့လုပ်ရပ်တွေကို သာမန် လောဂျစ်နဲ့ သွားတိုင်းလို့ မရဘူး …”
လင်းရီ ပြောလိုက်ပြီး “ စဉ်းစားကြည့်ကွာ … အစကနေ အခုထိ လူသတ်သမားရဲ့ နည်းလမ်းတွေက အတော်လေးကို မောက်မာတယ် .. ငါတို့ကို မျက်လုံးထဲ မရှိတဲ့အတိုင်းပဲ … သူ့ကို မဖမ်းမိနိုင်ဘူးလို့ အတော်လေး ယုံကြည်နေပုံရတယ် ….”
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။ လူသတ်သမားက တကယ်လည်း အတော်လေး မောက်မာလှပြီး အစွမ်းအစ အင်မတန် မြင့်မားသည့် ဆိုက်ကိုပါ့တစ်ယောက်ပင်။
“ ကောက်ချက်ချဖို့က စောပါသေးတယ် …” ကူရိရန် သက်ပြင်းချလိုက်ပြီး “ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ထွက်လာပြီဆိုတာနဲ့ အမှုနှစ်ခုက ဆက်စပ်နေလား ၊ မဆက်စပ်နေဘူးလားဆိုတာ သိရမှာပဲလေ ….”
“ တကယ်လို့ နှစ်ခုက တကယ်ပဲ ဆက်စပ်နေမယ်ဆိုရင်တော့ အဲ့ခါကျ ငါတို့တွေက တကယ့်လူပြက်တွေ ဖြစ်သွားပြီ …”
“ ငါတော့ အတော်တောင် စိတ်လှုပ်ရှားလာပြီ … ဒီလို ဖြစ်လာလေလေ၊ အမှုက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလေလေပဲ …”
ကူရိရန်သည် လင်းရီကို မျက်လုံးလှိမ့်ကြည့်လိုက်၏။ ဤအကောင်ကလည်း အနည်းငယ် ဆိုက်ကိုပါ့ဆန်နေသည်။
ဆေးရုံတွင် ခေတ္တနေပြီးနောက် လင်းရီသည် ကျီချင်းရန်ကို အလုပ်ကြိုရန်အတွက် ချောင်ရန်အုပ်စုသို့ ထွက်လာခဲ့၏။
သူ ရုံးခန်းတံခါးဝသို့ ရောက်သည့်အချိန်မှပဲ အထဲမှ ဆည်းလည်းသံကဲ့သို့ ရယ်မောသံလေးများဖြင့် ပြည့်နှက်နေသည်ကို အမှတ်မထင် ကြားလိုက်ရသည်။
သို့နှင့် သူလည်း တံခါးတွန်းဖွင့်လိုက်တော့ ဟော်ယွမ်ယွမ်လည်း ရောက်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ ကျီချင်းရန်က ဖုန်းကို အောက်သို့ မှောက်ထားလိုက်၏။
“ နင် ပြန်လာပြီလား …”
“ နှစ်ယောက်သား ဘာတွေ ပြောပြီး အဲ့လောက်တောင် သဘောကျနေကြတာ … အပြင်ကနေတောင် အသံတွေ ကြားနေရတယ် …”
ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ပြီး “ ဘာမှမဟုတ်ပါဘူး ….”
“ အစ်မကျီက လိုင်းပေါ်မှာ ကာတွန်းပုံစံ အတွင်းခံဝတ်စုံ တစ်ထည် တွေ့ထားတယ်လေ … “ ဟော်ယွမ်ယွမ်က ပြောပြလိုက်ပြီး “ ရောင်းတဲ့လူက အရှက်မရှိ ကလေးဆိုဒ်တောင် ရောင်းနေသေးတယ် … သူက တစ်စုံလောက် ဝယ်မလို့တဲ့ …”
“ နင်တော့ သေပြီပဲ ….” ကျီချင်းရန်သည် ဟော်ယွမ်ယွမ်ကို ကလိယား ထိုးလိုက်ပြီး “ ဘာလို့ သူ့ကို အကုန် ပြောပြလိုက်တာလဲ …”
“ နှစ်ယောက်ကဖြင့် ကလေးတွေတောင် ရနေပြီကို ဘာတွေ ရှက်ချင်ယောင်ဆောင်နေသေးတာ …” ဟော်ယွမ်ယွမ် ရယ်မောလိုက်ပြီး “ သူဌေးက တစ်ခါတစ်လေ ကြောင်တောင်တောင်နိုင်တယ်ဆိုပေမယ့် ကိုယ်ပါလိုက်လုပ်ရင် အစ်မကျီ အမှား ဖြစ်သွားလိမ့်မယ် …”
“ တော်ပြီ … ဒီအကြောင်း ဆက်မပြောနဲ့တော့ ….”
ဟော်ယွမ်ယွမ်သည် အမြဲတမ်း စကားကို မစဉ်းစားဘဲ ပြောလေ့ရှိပြီး ကျီချင်းရန်မှာလည်း ဤဟာမလေး အကုန်လုံးကို ဖွင့်ထုတ်ပစ်လိုက်မှာကို အမှန်တကယ် စိုးရိမ်နေမိသည်။ မည်သို့ပင်ဆိုစေ လင်းရီက ဤနေရာတွင် ရှိနေသည်။
“ ငါ ယွမ်ယွမ်ဆီကကြားတာ နင် ဈာပနာပွဲကို မတက်ခဲ့ဘူးဆို … ဒါရိုက်တာဝမ်ရဲ့ မိသားစုနဲ့ စကားသွားပြောခဲ့တာလား …” ကျီချင်းရန်က စကားလမ်းကြောင်းလွှဲဖို့ လုပ်လိုက်သည်။
“ ကုမ္ပဏီကိစ္စ နည်းနည်းပါးပါး ပြောခဲ့တာပါကွာ …. ဒါပေမယ့် ပြောနေရင်း အမှုနဲ့ ပတ်သက်ပြီး တစ်ခုခု လွဲနေသလိုပဲ … ဖုံးကွယ်ခံထားရတဲ့ အမှန်တရားတစ်ချို့ ရှိနေနိုင်တယ် …”
“ ဖုံးကွယ်ခံထားရတဲ့ အမှန်တရားတွေလား ….” အမျိုးသမီး နှစ်ဦးလုံးက ပြိုင်တူ ရွတ်ဆိုမိသွားခဲ့ကြ၏။
ကျီချင်းရန် ဂရုတစိုက်လေသံနှင့် “ နင်ပြောချင်တာ မတော်တဆ သေတာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို သတ်သေတာမျိုးလား ….”
“ ကိုယ့်ဘာကိုယ် အဆုံးစီရင်တာလည်း မဟုတ်ဘူး … ရည်ရွယ်ချက်ရှိရှိ အသတ်ခံရတာ ဖြစ်နေနိုင်တယ် …”
“ မဖြစ်နိုင်တာ …” ကျီချင်းရန် ယုံရအခက်သား ဖြစ်သွားခဲ့ပြီး “ အာဏာပိုင်တွေကတောင် အမှုကို ပိတ်လိုက်ပြီပဲဟာ အဲ့လို အလှည့်အပြောင်းတွေ ရှိနိုင်မယ် မထင်ဘူးနော် …”
“ ဒါရိုက်တာဝမ်ရဲ့ အမှုက အခု ငါလက်ရှိ ကိုင်တွယ်နေတဲ့ အမှုနဲ့ တစ်ချို့တစ်လေ ဆက်စပ်နေတယ် … အဲ့တာကြောင့်မို့ မသင်္ကာ ဖြစ်နေတာပဲ ….”
ကျီချင်းရန်မှာ တစ်ကိုယ်လုံး ချမ်းစိမ့်သွားခဲ့ပြီး အတော်လေးလည်း အံ့အားသင့်သွားခဲ့သည်။
တစ်ဖက်ရှိ ဟော်ယွမ်ယွမ်ကတော့ အတော်လေး စိတ်လှုပ်ရှား တက်ကြွလာသည်။ အတင်းအဖျင်း အသံကြားသည်နှင့် သူမ၏ မျက်နှာအမူအရာမှာလည်း ချောင်ရှင်းနှင့် တစ်ထေရာတည်းပင်။
“ နင် အခု ကိုင်နေတဲ့ အမှုက ရှန်းရန်ရွာက …၊ ဒါရိုက်တာဝမ်က နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက် ….၊ ဒီနှစ်ခုကြားမှာ ဘာဆက်စပ်မှုမှ ရှိမယ် မထင်ဘူးနော် … ပြီးတော့ ဒါရိုက်တာဝမ်က အဲ့လောက် ကျိကျိတက် ချမ်းသာနေတာ နှစ်ယောက်သာ ဆက်စပ်မှုရှိရင် ဒါရိုက်တာဝမ်ရဲ့ အကူအညီနဲ့ အခုချိန်လောက်ဆို ချမ်းသာနေပြီးရောပေါ့ …”
“ သူတို့နှစ်ယောက်ကြားမှာ မြင်သာတဲ့ ဆက်စပ်မှုတွေ မရှိတာ မှန်တယ် … “ လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် နှစ်ယောက်လုံးက တစ်ရွာတည်းသားတွေ ၊ ပြီးတော့ သူတို့အကုန်လုံးက ဗုဒ္ဓဘာသာဝင်တွေ … ဒီလို တူညီတဲ့ အချက်တွေကြောင့် ငါ့စိတ်ထဲ သံသယ ဝင်နေရတာပဲ … ဒါပေမယ့် အတိအကျ ဘာတွေဖြစ်နေလဲဆိုတာကတော့ ဆက်ပြီး စုံစမ်းစစ်ဆေးဖို့ လိုနေတုန်းပဲ ….”
“ နင် အတွေးအရမ်းလွန်ပြီး ဆတ်ဆတ်ထိမခံ ဖြစ်နေတာရော မဖြစ်နိုင်ဘူးလား … တိုက်ဆိုင်တယ်ဆိုပေမယ့် ဖြစ်နိုင်ချေရှိတုန်းပဲလေ … စာအုပ်တွေထဲမှာတောင် တကယ့်လက်တွေ့က စိတ်ကူးယဉ်ပုံပြင်တွေထဲကထက်ကို ပိုပြီး အံ့ဩဖို့ကောင်းတယ်လို့တောင် ဆိုကြသေးတာပဲမလား ….”
လင်းရီ ပြုံးလိုက်သည်။
“ မင်းပြောတာ အဓိပ္ပာယ်ရှိတယ် … ဒါပေမယ့် တခြား သံသယဖြစ်စရာ အချက်တွေကလည်း ရှိနေတယ် .. အဲ့တာကြောင့်မို့ ဒီအမှုက မရိုးရှင်းဘူးလို့ ခံစားနေရတာ ….”
“ ဒါဆိုလည်း နင်က ဘာတွေ စောင့်နေတာ … ငါတို့ကို အမှုအကြောင်း အသေးစိတ် ပြောပြတော့လေ … ငါလည်း ဒီလို ဆန်းကြယ်တဲ့ အမှုတွေ နားထောင်ရတာ နှစ်သက်တယ် …”
“ တကယ်တမ်းကျ … သံသယ အများစုက ငါ့စိတ်အထင်သပ်သပ်ပဲ … ဒီတော့ တစ်ချို့အရာတွေက ယုတ္တိညီနေမှာတော့ မဟုတ်ဘူး …”
“ ရတယ် … ပြဿနာ မရှိဘူး … ဘာပဲဆိုဆို ငါတို့လည်း အခု အားနေတာပဲလေ …”
လင်းရီသည် ဆိုဖာသို့ မှီလိုက်ပြီး ကုပေနံပါတ်ဝမ်းတွင် မြင်တွေ့ခဲ့ရသည်များကို အမျိုးသမီး နှစ်ဦးထံ အသေးစိတ် ပြန်ပြောင်းပြောပြလိုက်သည်။
“ ငါ့စိတ်ထင် … နင် သုံးသပ်ပြသွားတာတွေကလည်း အတော်လေးတော့ ယုတ္တိရှိပါတယ် …” ကျီချင်းရန် စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။
“ ဘာကြောင့် အဲ့လိုပြောတာ …” လင်းရီ ပြုံးလျက် မေးလိုက်သည်။
“ ဘာလို့ဆို ငါလည်း မင်မင်းဆက်ခေတ် ဆိုတဲ့ စာအုပ်ဖတ်ဖူးလို့လေ …” ကျီချင်းရန် ခွန်းတုံ့ပြန်လိုက်ပြီး “ စာမျက်နှာ ၃၉၈ က ပြောရရင် စာအုပ်တစ်အုပ်လုံးရဲ့ ဇာတ်လမ်းအထွတ်အထိပ် အခြေအနေလို့ ပြောလို့ရတယ် … ဖြောင့်မတ်တဲ့အရာရှိ ဟိုင်ရွေ့က အင်ပါယာ ကျားကျင်းကို တိုက်ရိုက်ဝေဖန်တဲ့ အစီရင်ခံစာကို တင်ခဲ့တယ် … ငါ ဖတ်တုန်းကဆို တစ်ကိုယ်လုံး ကြက်သီးဖြန်းလာတဲ့ထိပဲ … ယုတ္တိကျကျပြောရရင် တကယ်လို့ တစ်ယောက်ယောက်က အဲ့လို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အခိုက်အတန့်မျိုးကို ရောက်နေပြီဆိုရင် အထူးတလှယ် အရေးတကြီး ကိစ္စ ပေါ်မလာသရွေ့ စာအုပ်ကို အောက်ချပြီး ထထွက်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးရယ် …”
“ ကျွန်မလည်း အစ်မကျီပြောတာကို ထောက်ခံတယ် …” ဟော်ယွမ်ယွမ်က လက်ထောင်လျက် ပြောလိုက်ပြီး “ ကျွန်မလည်း အဲ့စာအုပ်ကို ဖတ်ဖူးတယ် … အင်ပါယာ ကျားကျင်းက တရားသူကြီးလည်း ဟုတ်သလို ကွပ်မျက်သူဆိုလည်း မမှားဘူး … အဲ့စာအုပ်ဖတ်တုန်းကဆို စိတ်လှုပ်ရှားလွန်းလို့ အသားတွေပါ တဆတ်ဆတ် တုန်တယ် … ဟိုင်ရွေ့ ရေးတဲ့ ဧကရာဇ်ကို တိုက်ရိုက်ဝေဖန်တဲ့ အစီရင်ခံစာက ရင်ဖိုစရာကောင်းလွန်းလို့ တစ်အုပ်လုံးကို ညလုံးပေါက် ထိုင်ဖတ်မိတဲ့ အထိပဲ …”
“ အစ်မကျီ ပြောတဲ့အတိုင်း အဲ့စာမျက်နှာက စာအုပ်တစ်အုပ်လုံးရဲ့ ဇာတ်လမ်းအထွတ်အထိပ်နေရာ …၊ အဲ့လို အခန်းကို ဖတ်နေတဲ့အချိန် ဘယ်သူမဆို လက်ထဲက ချချင်ကြမှာ မဟုတ်ဘူး … အဲ့လောက် ဇာတ်ရှိန်တက်နေတဲ့အချိန်မှာ ရူးနေမှပဲ စာအုပ်ကို ရုတ်တရက် ပစ်ထားပြီး ရေသွားချိုးလိမ့်မယ် ….”
“ ပြီးတော့ ရှင်ပြောခဲ့တာ စာအုပ်ကို ကလစ်ညှပ်ပြီး ပိတ်ထားတာ မဟုတ်ဘူး … ဖွင့်လျက်သား မှောက်ထားတာ … သဘောက သူ အချိန်တိုလေးအတွင်းမှာ စာအုပ်ကို ပြန်လာဖတ်ဖို့ ရည်ရွယ်ချက်မျိုး ရှိတယ် … ဒါပေမယ့် အကြောင်းအရင်း တစ်ချို့ကြောင့် ပြန်မလာနိုင် … ဟမ် … ရှင်က လူကို ဘာလို့ အဲ့အကြည့်မျိုး လာကြည့်နေတာလဲ ….”
“ မင်းလိုလူက စာအုပ်ဖတ်လိမ့်မယ် မထင်လို့လေ …”