လူသတ်သမား၏ နည်းလမ်း
Vol. 169 Ch. 2410
“ သောက်ပဲ …” ဟော်ယွမ်ယွမ် ကျိန်ဆဲလိုက်ပြီး “ လူကို အထင်သေးနေလိုက်တာ …. ဒီက စာအုပ်တွေ အများကြီးဖတ်တဲ့ လူစားမျိုးပါနော်….”
လင်းရီ လက်မထောင်ပြလိုက်သည်။
“ ဥက္ကဌဟော်က အံ့ဩဖို့ အကောင်းဆုံးပဲ … ငါ အရင်က မင်းကို အထင်သေးနေမိခဲ့တာပဲ ….”
“ ကိုယ့်ကိုယ်ကို သိတယ်ဆို ပြီးတာပဲ …” ဟော်ယွမ်ယွမ်က ဘဝင်ခိုက်နေသည့် မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်၏။
“ အခု ကျွန်မ ပြောသွားတဲ့ လမ်းကြောင်းအတိုင်းပဲ အမှုကို စုံစမ်းလိုက် … ဒီအစ်မကြီးက ရှင့်ပြဿနာကို ဖြေရှင်းပေးမယ် …”
“ ငါ့ဖျင်ကြီးကို 'အစ်မကြီး'နေလိုက် … မင်းအသက်က ငါ့လောက်တောင် မကြီးဘဲနဲ့များ ….”
“ သူဌေး … နင် ငါ့အတွက် သေပေးစမ်း ….”
နှစ်ယောက်မှာ လိုရင်းကို မရောက်မီ တစ်ဖန်ပြန်ပြီး ရန်ဖြစ်နေကြတော့၏။
အကယ်၍ ကျီချင်းရန်သာ ဝင်မတားဘူးဆိုပါက အကျိုးဆက်တို့မှာ စိတ်ကူးမယဉ်ဝံ့လောက်အောင်ပင်။
လင်းရီနှင့် ဟော်ယွမ်ယွမ်တို့နှစ်ဦးလုံး ရောက်နေကြသဖြင့် ကျီချင်းရန်သည်လည်း အလုပ်ဆက်လုပ်ဖို့ရာ အာရုံမရှိတော့ပေ။ ညနေခင်းတွင် သူမက ကောင်းကျုံးယွမ်ကို အပြင်ထွက် ထမင်းစားရန်နှင့် ဈေးဝယ်ထွက်ရန် ဖုန်းဆက်ခေါ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ တစ်ယောက်ယောက်ကတော့ အိတ်များကို သယ်ပေးဖို့ လိုသည်။
“ လင်းကြီး … မင်း အခုတစ်လော ဘယ်တွေ ပျောက်နေတာ … မမြင်တာတောင် အတော်ကြာပြီ … ရှာလိုက်တိုင်းလည်း စခန်းရောက်နေတယ်ချည်းပဲ ….”
လင်းရီသည် လတ်တလော အခြေအနေကို ကောင်းကျုံးယွမ်ထံသို့ ဝေမျှလိုက်ပြီး သကောင့်သားကလည်း အနှီ ကိစ္စများကို ကြားသိလိုက်ရပြီးနောက် အတော်လေး စိတ်ဝင်စားသွားခဲ့သည်။
ဟော်ယွမ်ယွမ်နည်းတူ သူ့မျက်နှာထက်တွင်လည်း သိချင်စိတ်ပြင်းပြသည့် ပွဲကြည့်ပရိသတ်တစ်ဦး၏ မျက်နှာအမူအရာမျိုး ဖြစ်ပေါ်နေသည်။
“ ဒီအမှုနှစ်ခုက ဆက်စပ်နေတယ်လို့ ငါတော့ အာရုံတွေ ရနေတယ် ….” ကောင်းကျုံးယွမ်က တည်ကြည်လေးနက်စွာ ဆိုလိုက်၏။
“ ဟေ့ကောင် ... မင်းလည်း အဲ့စာအုပ် ဖတ်ဖူးတယ်လို့ ငါ့လာမပြောနဲ့နော် ….”
“ လာနောက်မနေစမ်းနဲ့ … ငါ သမိုင်းဘာသာရပ်ကို အမုန်းဆုံးမှန်း မင်းလည်း သိသားနဲ့ … ဝတ္ထုဆိုရင်တောင် စိတ်မဝင်စားဘူး ….” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ငါ အခုလို ပြောတာက လူသတ်သမားရဲ့ လူသတ်တဲ့ နည်းလမ်းတွေပေါ် အခြေခံပြီး ပြောတာ ….”
“ ငါတောင် လူသတ်သမားက ဘယ်လိုနည်းလမ်းနဲ့ သတ်ဖြတ်သွားလဲဆိုတာ ကောက်ချက်မချနိုင်သေးတာ မင်းက ဘယ်လိုလုပ်ပြီး သိသွားရတာ ….”
“ ဟေး ဟေး ဟေး … မင်း လေသံက လူကို အထင်သေးလွန်းနေပြီနော်….” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ တွေးကြည့်လိုက်လေ … လူသတ်မှုက သုံးခု ရှိတယ်ဆိုပေမယ့် ဓာတ်ကြီးငါးပါးအတိုင်း လုံးဝ ကိုက်ညီနေတယ် …”
“ ဟမ် … ဘာကို ဓာတ်ကြီးငါးပါးတုန်း …”
“ စဉ်းစားကြည့် … ပထမ နစ်နာသူ ၊ သူ့နာမည်က ဖန်း … ဖန်း ဘယ်သူ ….”
“ ဖန်းတရဲ့ ….”
“ အေး ဟုတ်တယ် … ဖန်းတရဲ့ ….” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ သူ့ကို အလောင်းထဲမှာ ရှာတွေ့ခဲ့တယ် …. အလောင်းကို ဘာနဲ့လုပ်ထားလဲ … သစ်သားနဲ့ …. အဲ့တာက သစ်သားကို ကိုယ်စားပြုတယ် ….”
“ ဒုတိယ နစ်နာသူ … မျိုးရိုးနာမည် ‘မာ’နဲ့ လူကျတော့ လူသတ်သမားက မြေကြီးထဲ မြုပ်ထားခဲ့တယ် …. ကမ္ဘာမြေ(မြေ)ကို ကိုယ်စားပြုတယ် ….”
“ ကျန်တဲ့ တစ်ယောက် ဒါရိုက်တာဝမ်ကကျတော့ ရေချိုးဇလုံထဲမှာ သေသွားခဲ့တယ် … ဒါက သတ္တု၊ သစ်သား ၊ ရေ ၊ မီး ၊ မြေဆိုတဲ့ ဓာတ်ကြီးငါးပါးထဲက ဓာတ်သုံးမျိုး မဟုတ်လား …. ငါ ထင်တဲ့အတိုင်းဆိုရင် နောက်ထပ် လူတွေ ထပ်သေဖို့ရှိသေးတယ် …. ”
ကောင်းကျုံးယွမ်၏ စကားလုံးများက လင်းရီကို နက်နက်ရှိုင်းရှိုင်း တွေးတောမိသွားစေခဲ့ပြီး စိတ်ကို ဖွင့်ပေးသလို ဖြစ်သွားခဲ့သည်။
ဤသို့သော အသေးစိတ်များကို သူ ယခင်က သတိပြုမိခြင်း မရှိခဲ့ပေ။ သို့သော် ယခု စဉ်းစားကြည့်လိုက်တော့မှ ယင်းက လုံးဝက ယုတ္တိရှိနေသည်။
ဝမ်ကျန့်ရှုရဲ့ အမှုကို လောလောဆယ်ဘေးချိတ်ထားဦး … ဖန်းတရဲ့ကို အခေါင်းထဲထည့်ပြီး မာဟိုင်ချန်ကို မြေကြီးထဲထည့်ဖို့အတွက် လူသတ်သမားက ကြီးကြီးမားမား စွန့်စားခဲ့တာ တကယ့်တကယ်က ဓာတ်ကြီးငါးပါး သတ်ဖြတ်မှုဆိုတဲ့ ထင်ယောင်ထင်မှား တစ်ခုကို ဖန်တီးရုံအတွက်ပဲလား …
“ ပြောင်မြောက်လွန်းတယ် … သိပ်ကို ပြောင်မြောက်လွန်းတယ် …” လင်းရီ လက်မထောင်ပြလိုက်ပြီး “ ဒီလို ကြံရာမရ ဖြစ်နေတဲ့ အချိန်မျိုးမှာ မင်းတို့ လင်မယားနှစ်ယောက်က ငါ့ကို အများကြီး ကူညီပေးလိုက်တာပဲ ….”
“ ငါ့ကို ပုံမှန်အချိန်မျိုးမှာ သောက်လိုက် ၊ စားလိုက်၊ ပျော်လိုက် ၊ ပါးလိုက် လုပ်နေတာကို ကြည့်ပြီး အထင်မသေးနဲ့ကွ … ငါ ကောင်းကျုံးယွမ်သာ တကယ် လှုပ်ရှားလိုက်ရင် ကမ္ဘာကြီးတစ်ခုလုံးတောင် တုန်ဟီးတက်သွားဦးမယ် ….”
“ တူရာတူရာစုတယ် ဆိုတဲ့ တကယ်မှန်နေတာပဲ … မင်းနဲ့ ယွမ်ယွမ်လည်း နည်းနည်းလေး ချီးကျူးလိုက်တာနဲ့ အာကာသအထိ မြှောက်တက်သွားတော့မယ် …”
“ ချီးပဲ … ဟားဟား …”
နှစ်ယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် ကျီစယ်ရွှတ်နောက်ရင်း ကျယ်လောင်စွာ ရယ်မောနေခဲ့ကြသည်။
ထိုအချိန်တွင် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့က ဈေးဝယ်ထွက်ပြီးလို့ ပြန်လာခဲ့ပြီး လေးယောက်အုပ်စုမှာ ချင်းဟန်၏ ဘာဘီကျူးဆိုင်သို့ ရောက်လာခဲ့ကြသည်။ သူတို့တွေ အတူသောက်စား စကားတွေပြောရင်း ဆယ်နာရီကျော်နောက်ပိုင်းမှ အိမ်သို့ ပြန်လာခဲ့ကြ၏။
ဈေးဝယ်ထွက်ရသည်က အနည်းငယ် ပင်ပန်းသောကြောင့် အိမ်သို့ ပြန်ရောက်လာခဲ့ပြီးနောက်တွင် ကျီချင်းရန်က ကိုယ်လက်ဆေးကြောပြီး ချက်ချင်း အိပ်ရာဝင်သွားခဲ့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ ထုံးစံအတိုင်း လင်းရီသည် ကျီချင်းရန်ကို အလုပ်သို့ လိုက်ပို့ပေးပြီး ရှင်းရှန်းရဲစခန်းသို့ သူ့ဘာသူ မောင်းထွက်လာခဲ့၏။
ရုံးခန်းထဲတွင်တော့ ကျန်းဟွေ့အပြင် ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့လည်း ရှိနေကြပြီး အမှုကို လေ့လာသုံးသပ်နေကြဟန်ပင်။
“ အစ်ကိုဟွေ့ … အလောင်းခွဲစိတ် စစ်ဆေးတဲ့ အခြေအနေ ဘယ်လိုရှိလဲ … ပြီးသွားပြီလား ….”
“ ရလဒ် ထွက်လာပြီ … တစ်ချက် ကြည့်လိုက်ဦး …”
ကျန်းဟွေ့က အစီရင်ခံစာကို စားပွဲပေါ်သို့ တင်၍ လင်းရီထံသို့ တွန်းပို့ပေးလိုက်သည်။
လင်းရီ ကောက်ယူလိုက်၏။ သို့သော် မဖွင့်ကြည့်သေးပေ။
“ ခင်များရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ဒီထဲကနေ ဘာအသုံးဝင်တဲ့ တစ်ခုမှ မတွေ့ရဘူးနဲ့တူတယ် ….”
“ အမှန်ပဲ … မှုခင်းဆေးဌာနက ငါတို့ကို ရှင်းလင်းတဲ့ အဖြေတစ်ခု ပေးလာခဲ့ပြီးပြီ … နစ်နာသူက ဓာတ်လိုက်ပြီး သေသွားခဲ့တာ … အသတ်ခံရပြီးမှ ဓာတ်လိုက်သွားခဲ့တာ မဟုတ်ဘူး … “ကျန်းဟွေ့ ပြောလိုက်သည်။ “ မင်းကပဲ နည်းနည်း အတွေးလွန်နေသလားလို့လေ ….”
အချိန်တစ်ခုကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် လင်းရီ ပြောလိုက်၏။ “ ကျုပ် အတွေးလွန်နေတာ မဟုတ်ဘူး … ဒီတိုင်း အလိုလိုသိစိတ်ကြောင့်ပဲ ….”
“ မင်းလက်ထဲရှိတဲ့ အစီရင်ခံစာထဲမှာ ပြောထားတာကတော့ တကယ်ပဲ ဓာတ်လိုက်မှုကြောင့် သေသွားခဲ့တာ … အဲ့မှာ ဘာသံသယ ဝင်စရာမှ မရှိဘူး ….”
“ မနေ့တုန်းက ကျုပ် သူ့အိမ်ကို သွားကြည့်တော့ သံသယ ဖြစ်ဖို့ကောင်းတဲ့ အချက်တစ်ချို့ ရှာတွေ့ခဲ့သေးတယ် ….”
လင်းရီသည် သူ၏ ရှာဖွေတွေ့ရှိမှုများကို လူတိုင်းထံသို့ ပြန်ပြောင်းပြောပြလိုက်သည်။
ကျီချင်းရန် ၊ ဟော်ယွမ်ယွမ်နှင့် ကောင်းကျုံးယွမ်တို့၏ ကိုယ်စီ သုံးသပ်မှုများကိုလည်း ပြောပြခဲ့လေသည်။
လင်းရီ၏ စကားကို နားထောင်ကြည့်ပြီးနောက် သုံးဦးလုံး မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ကြတော့၏။ အမှန်တကယ်လည်း ယင်းက အတော်လေး ပုံမှန်ဟုတ်မနေပေ။
“ မင်း နစ်နာသူ မိသားစုဝင်တွေနဲ့ ဆက်သွယ်လိုက် … ငါ အခင်းဖြစ်တဲ့နေရာကို တစ်ချက် သွားကြည့်ချင်တယ် ….”
“ ကျုပ်ကို သော့ပေးထားတယ် … ကြိုက်တဲ့အချိန် သွားလို့ရတယ် ….”
“ အခုပဲ သွားကြတာပေါ့ ….”
လေးဦးလုံး မတ်တပ်ထရပ်လိုက်ကြပြီး ကုပေနံပါတ်ဝမ်းသို့ ကားမောင်းပြီး ထွက်လာသည်။
ယွမ်သန်းရာချီတန်သည့် တိုက်ခန်းကြီးကို မြင်တွေ့လိုက်ရတော့ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့မှာ မည်သို့မျှ မနေနိုင်ဘဲ တအံ့တအား ချီးကျူးမိသွားခဲ့ကြသည်။
“ ဝါး... ဒီတော့ လူချမ်းသာတွေက ဒီလို နေကြတာပေါ့ … ဒါကြီးကတော့ ဇိမ်ကျလွန်းပါတယ် …” ကျန်းဇီရှင်း သက်ပြင်းချလိုက်သည်။
“ သားရီး … မင်း ဒီလို တိုင်ကွန်းမျိုးနဲ့ ဘယ်လိုလုပ်ပြီး မိတ်ဆွေ ဖြစ်သွားခဲ့တုန်းကွ …” ကျန်းဖန့် ပြောလိုက်သည်။
“ အစ်ကိုရီကလည်း အခြေအနေဆိုးတဲ့ထဲမှ မပါတာ … ဒီလိုမျိုး ချမ်းသာတဲ့ မိတ်ဆွေတွေရှိတာ သာမန်ပဲလေ …”
“ ကဲ … ရပြီ … အဲ့ကိစ္စတွေ နောက်ထား …. စုံစမ်းစစ်ဆေးပြီး သဲလွန်စတွေ ရှိမရှိ ကြည့်လိုက်ကြစို့ …”
လူတိုင်း … အိမ်ထဲကို တစ်ပတ်လိုက်ကြည့်ကြပြီးနောက် သုံးဦးမှာ ဆယ်မိနစ်မပြည့်မီ အချိန်မှာပဲ ပြန်ဆုံကြသည်။
“ အဲ့စာအုပ်က တကယ်လည်း ထူးဆန်းတယ် …” ကျန်းဖန့် ပြောလိုက်ပြီး “ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု ရှိနေမယ်လို့ မထင်ဘူးလား … အဲ့ဒီ လူသတ်သမားက ဆံပင်လေမှုတ်စက်ကို ရေချိုးဇလုံထဲ ရည်ရွယ်ချက်ရှိရှိ ပစ်ထည့်လိုက်တာမျိုးပေါ့ …”
“ မဖြစ်နိုင်ဘူး ….” ကျန်းဟွေ့ ပြောလိုက်ပြီး “ အခင်းဖြစ်တဲ့ အချိန်မှာ နစ်နာသူက ဘာအဝတ်မှ ဝတ်မထားဘူး … ပြီးတော့ ရေချိုးခန်းထဲ ပစ္စည်းတွေ အကုန်လုံးက စီစီရီရီပဲ … ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ အခြေအနေမျိုး မမြင်ရဘူ … တကယ်လို့ အခင်းဖြစ်တဲ့နေရာမှာ ဒုတိယလူတစ်ယောက် ရှိနေမယ်ဆိုရင် ဒီလောက်ထိ သန့်ရှင်းသပ်ရပ်နေမှာ မဟုတ်တာ သေချာတယ် ….”
လင်းရီ ခေါင်းညိတ်လိုက်၏။ ကျန်းဟွေ့ ဆိုလိုချင်သည့် သဘောကို နားလည်နေသည်။
အကယ်၍ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု တစ်ခုသာ ဖြစ်ခဲ့မည်ဆိုပါက ဝမ်ကျန့်ရှုသည် လူသတ်သမား၏ ထိန်းချုပ်မှုကို ခွင့်ပြုရင်း ဤမျှ အလိုက်သင့်လေး ပူးပေါင်းဆောင်ရွက်ပေးခဲ့မှာ မဟုတ်ချေ။
“ မဟုတ်သေးဘူး … နောက်ထပ် ဖြစ်နိုင်ချေ တစ်ခု ရှိသေးတယ် …” ကျန်းဇီရှင်း ပြောလိုက်၏။
အကြည့်များအားလုံးက သူမထံသို့ ကျရောက်လာသည်။
“ ဘယ်လိုမျိုးလဲ ….”
“ ပုံမှန်ဆို နစ်နာသူက လူသတ်သမားကို အလွယ်လေး ပူးပေါင်းဆောင်ရွက်ပေးမှာ မဟုတ်ဘူး … ဒါပေမယ့် တကယ်လို့ နစ်နာသူက လူသတ်သမားကို သိနေတယ်ဆိုရင်ကော ….” ကျန်းဇီရှင်း ပြောလိုက်သည်။ “ သူတို့ချင်းက ရင်းနှီးနေကြတယ်ဆိုရင် နစ်နာသူကလည်း တည်ငြိမ်နေမှာပဲလေ ….”
“ အဲ့တာလည်း ဖြစ်နိုင်ချေရှိတယ် … ဒါပေမယ့် ဘယ်လောက်ပဲ ရင်းနှီးပါစေဦးတော့ …. တစ်ဖက်က တိုက်ခိုက်လာတာကို နစ်နာသူက ငြိမ်ခံနေမှာမှ မဟုတ်တာ … အဲ့တာကလည်း အဓိက ပြဿနာပဲ …” ကျန်းဟွေ့ ပြောလိုက်သည်။
“ ဒါဆိုလည်း နောက်ထပ် ရှုထောင့်တစ်ခုကနေ စဉ်းစားကြည့်ရအောင် … တကယ်လို့ လူသတ်သမားမှာ နစ်နာသူကို ဖိအားပေးနိုင်မယ့် အရာ တစ်ခုခု ရှိနေမယ်ဆိုရင်ကော ….”
“ ဖိအားပေးနိုင်မယ့် တစ်ခုခု ဟုတ်လား ….”
“ အင်း … သူ့ ဂုဏ်သိက္ခာကို လုံးဝ ဖျက်စီးပစ်နိုင်မယ့် အရာ တစ်ခုခုပေါ့ ….”
ဟမ် …
သုံးယောက်လုံး စိတ်ဝင်စားသွားခဲ့ကြပြီး ကျန်းဟွေ့ လောဆော်လိုက်၏။
“ ဆိုစမ်းပါဦး ….”
“ လူသတ်သမားက အဲ့ဒီ သက်သေတွေနဲ့ နစ်နာသူကို ခြိမ်းခြောက်ပြီး အဝတ်တွေ ချွတ်ခိုင်းမယ် … ပြီးတာနဲ့ ရေချိုးခန်းထဲ သွားခိုင်းမယ် …”
ကျန်းဇီရှင်း ပြောဆိုရင်းဖြင့် အခင်းမြင်ကွင်းကို သရုပ်သကန် ဖန်တီးကြည့်လိုက်သည်။
“ သူ့မှာ ရွေးချယ်စရာ မရှိတော့ နစ်နာသူကလည်း လူသတ်သမား ညွှန်ကြားတဲ့အတိုင်းပဲ လုပ်ဖို့ တတ်နိုင်ပြီး ရေချိုးဇလုံထဲ လဲလျောင်းလိုက်တယ် … အဲ့နောက်မှာ လူသတ်သမားက ဆံပင်လေမှုတ်စက် တစ်ခုကို ထုတ်လာခဲ့ပြီး ရေချိုးဇလုံထဲ ပစ်ချလိုက်တယ် … အဲ့လို အခြေအနေမျိုးမှာဆိုရင် နစ်နာသူက ဓာတ်လိုက်ပြီး မသေခင် တုံ့ပြန်ဖို့ အခြေအနေတောင် ရလိုက်မှာ မဟုတ်ဘူး …”