ငါ မင်းတို့ရဲ့ ဥက္ကဌစုနဲ့ သိတယ်
Vol. 169 Ch. 2411
ကျန်းဇီရှင်း၏ သုံးသပ်မှုကို နားထောင်ပြီးနောက် လူတိုင်း မျက်လုံးအရောင် လက်သွားခဲ့ကြသည်။
ရှင်းပြသွားသည်က အတော်လေး ယုတ္တိရှိ၏။
နောက်ဆုံးတော့ အမှုကို ဖြေရှင်းနိုင်မယ့် လမ်းစ အရိပ်အယောင် မြင်တွေ့လာခဲ့ရပြီး သူတို့တွေမှာ ခေါင်းမပါသည့် ယင်ကောင်များနှယ် ဆက်ဖြစ်နေကြတော့မှာ မဟုတ်ပေ။
“ ဒီ သီအိုရီကသာ မှန်မယ်ဆိုရင် စောင့်ကြည့်ရေး ကင်မရာတွေထဲ တစ်ခုခုတော့ မှတ်တမ်းတင်မိထားမှာပဲ … ငါ လူလွှတ်ပြီး အိမ်ခြံမြေ စီမံခန့်ခွဲရေး ဌာနကို သွားစုံစမ်းခိုင်းလိုက်မယ် ….” ကျန်းဟွေ့ ပြောလိုက်သည်။
“ ကျုပ် ကိုယ်တိုင် သွားလိုက်မယ် …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ လူခေါ်ပြီး ဒီမှာ လက်ဗွေရာတွေ ကျန်မကျန် စစ်ဆေးလိုက်ဦး … အသစ် တစ်ခုခု ရှာတွေ့တာမျိုးလည်း ဖြစ်နိုင်တယ် ….”
“ ကောင်းပြီလေ … ဒါဆို မင်းနဲ့ ကျန်းဖန့်က ကင်မရာတွေကို သွားစစ်ဆေးလိုက် … ငါကတော့ ဒီကို လူခေါ်လိုက်မယ် …”
အရာအားလုံး စီစဉ်ပြီးနောက် လင်းရီနှင့် ကျန်းဖန့်တို့က ဝမ်ကျန့်ရှု၏ အိမ်မှ ထွက်လာခဲ့ပြီး စီမံခန့်ခွဲရေး ရုံးသို့ ရောက်ရှိလာသည်။
လင်းရီကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့ရခြင်း အကြောင်းအရင်းကတော့ လက်ဇရီ အိမ်ယာများ၏ စည်းမျဉ်းစည်းကမ်းများကို သေသေချာချာ နားလည်သဘောပေါက်နေသောကြောင့်ပင်။
သာမန်လူများက ဤနေရာရှိ စောင့်ကြည့်ကင်မရာ မြင်ကွင်းကို ရယူဖို့ ဖြစ်နိုင်မှာ မဟုတ်ချေ။ ရဲအရာရှိများ အလိုရှိလျှင်ပင် ဝရမ်းရှိဖို့ လိုသည်။
မည်သို့ပင်ဆိုစေ ဤရပ်ကွက်ထဲ နေထိုင်သူများက ကျိုးဟိုင်ရှိ စီးပွားရေးလောကထဲ အင်မတန် ကြွယ်ဝချမ်းသာကြသည့် လူစားမျိုးများ ဖြစ်ကြသည်။ ထိုသို့သော လူမျိုးများအတွက် ကိုယ်ရေးကိုယ်တာ လုံခြုံမှုဟူသည် ထိပ်တန်း ဦးစားပေးအရာပင်။
အကယ်၍ အခြားတစ်ယောက်ယောက်ကသာ ရောက်လာခဲ့မည်ဆိုပါက အလကားသပ်သပ် အချိန်ဖြုန်းမိရုံသာ အဖတ်တင်လိမ့်မည်။
“ ငိုးပဲ … ဒီလောက် အချိန်ကြာအောင် စုံစမ်းလာပြီးမှ နောက်ဆုံးတော့ ဒီအမှုကို ဖြေရှင်းနိုင်တော့မယ် …” ကျန်းဖန့် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပြောဆိုလိုက်၏။
“ အောင်ပွဲခံ စောမနေနဲ့ဦး …. လူသတ်သမားက ဘယ်လိုလူစားမျိုးလဲ မင်းလည်း သိသားနဲ့ … စောင့်ကြည့်ရေးကင်မရာတွေ ရှိနေရင်တောင် အမှားတစ်ခုခု ရှာတွေ့ဖို့ဆိုတာ မသေချာသေးဘူး … သူတို့ဖမ်းဖို့က အဲ့လောက် မလွယ်ကူနိုင်ဘူး ….”
“ ဒါပေမယ့် အနည်းဆုံးတော့ ငါတို့မှာ ထိရောက်မယ့် စုံစမ်းစရာ တစ်ခု ရှိလာပြီလေ …” ကျန်းဖန့် ပြောလိုက်ပြီး “ ခေါင်းမပါတဲ့ ယင်ကောင်တွေ ဖြစ်မနေတော့ဘူး …”
“ အဲ့တာတော့ အမှန်ပဲ …”
မကြာမီ နှစ်ယောက်က ကုပေနံပါတ်ဝမ်း၏ အိမ်ခြံမြေ စီမံခန့်ခွဲရေးရုံးသို့ ရောက်လာခဲ့ကြသည်။
“ ဟယ်လို လူကြီးမင်း … ဘာများ ကူညီပေးရမလဲရှင့် ….”
ကျိုးဟိုင်၏ ထိပ်တန်းအဆင့်မြင့် လူနေရပ်ကွက် ဖြစ်သည်နှင့်အညီ ၊ ကုပေနံပါတ်ဝမ်း၏ ကတ်စတန်မာ ဝန်ဆောင်မှုကလည်း အဆင့်အတန်းမြင့် သီးသန့်ကလပ်များနှင့်ပင် နှိုင်းယှဉ်နိုင်နေလေပြီ။
ဝန်ထမ်း အမျိုးသား ၊ အမျိုးသမီးများ အားလုံးက ရုပ်ရည်ကြည့်ပြီး ရွေးချယ်ထားသလား အောက်မေ့ရလောက်အောင် တောင့်တောင့်ဖြောင့်ဖြောင့်ရှိပြီး ဆွဲဆောင်မှုလည်း ရှိလှ၏။ အရေးကြီးဆုံးကတော့ အလွန်အင်မတန် ယဉ်ကျေးသိမ်မွေ့နေကြခြင်းပင်။
လင်းရီ သူ့ အထောက်အထားကို ထုတ်ပြလိုက်၏။
“ ငါတို့က ရှင်းရှန်းရဲစခန်းကပဲ … မင်းတို့ မန်နေဂျာနဲ့ တွေ့ချင်တယ် …”
လင်းရီက ရဲအရာရှိ ဖြစ်နေတာကို မြင်တော့ ကောင်တာရှိ ဧည့်ကြိုဝန်ထမ်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါနော် … ကျွန်မ မန်နေဂျာကို ခေါ်ပေးပါ့မယ် …”
သူမက ဘေးနားရှိ ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ အစ်ကိုလျို … ဒီမှာ ရဲနှစ်ယောက်က ရှင်နဲ့ တွေ့ချင်နေတယ် …”
“ သူတို့အခု အောက်မှာ ….”
ပြောဆိုပြီးနောက် ဧည့်ကြိုဝန်ထမ်းမလေးက ဖုန်းကို ပြန်ချလိုက်၏။
“ သူ အခုချက်ချင်း လာနေပြီ … ခဏလောက် ထိုင်စောင့်ပေးကြပါဦးနော်…”
“ အိုကေ …”
များမကြာမီ လှေကားဘက်ခြမ်းမှ ခြေလှမ်းသံများ ထွက်ပေါ်လာပြီး ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက လှေကားအောက်သို့ ဆင်းလာသည်။
သူ့အနောက်တွင် လူနှစ်ယောက်က ကပ်လျက် လိုက်ပါလာပြီး ဤက ဝန်ထမ်းများ ဖြစ်ပုံရ၏။
လင်းရီ တစ်ချက်ကြည့်လိုက်ပြီး သူ ဝတ်ဆင်ထားသည့် ဝတ်စုံက Armani ဖြစ်ကြောင်း သတိထားမိလိုက်သည်။
“ ဟယ်လို အရာရှိကြီးတို့ … ကျွန်တော်က ကုပေနံပါတ်ဝမ်း အိမ်ခြံမြေရုံးရဲ့ မန်နေဂျာ လျိုချန်ပင်းပါပဲ …
နှစ်ယောက်မှာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
“ ၇ ရက်နေ့တုန်းက အဆောက်အဦး ၃ ၊ ယူနစ် ၁၂၀၁ မှာ လူသေမှု တစ်ခု ဖြစ်သွားခဲ့တယ် … ဒီက ဝန်ထမ်းတစ်ယောက်အနေနဲ့ မင်းတို့ ဒီကိစ္စ သေချာ သိကြမှာပါ ဟုတ်တယ်မလား …” လင်းရီ ပြောလိုက်သည်။
“ ဒါပေါ့ … သိတာပေါ့ … ဥက္ကဌဝမ် ကွယ်လွန်သွားတာ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူးဗျာ….”
“ အမှုနဲ့ ပတ်သက်ပြီး သံသယ ဖြစ်စရာတွေ အများကြီး ရှိနေတယ် … ဒါကြောင့် ရပ်ကွက်ရဲ့ စောင့်ကြည့်ရေး ကင်မရာ မြင်ကွင်းတွေ လိုချင်တယ် …” လင်းရီ ပြောလိုက်ပြီး “ ၇ ရက်နေ့ ၂ နာရီ ဝန်းကျင်လောက်က မှတ်တမ်းပါပဲ … ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးပါဦး ….”
“ ဒါပေါ့ ဒါပေါ့ … ပူးပေါင်းပေးရမှာပေါ့ ….” လျိုချန်ပင်း ပြောလိုက်ပြီး “ ကျေးဇူးပြုပြီး ဝရမ်းလေး ပြပေးပါလား … ပြီးတာနဲ့ လူလွှတ်ပြီး ချက်ချင်းပဲ အဲ့နေ့က ကင်မရာမှတ်တမ်းကို ယူခိုင်းလိုက်မယ် …”
“ ဝရမ်းကတော့ လောလောဆယ် ငါတို့နဲ့ ပါမလာသေးဘူး … နောက်ပိုင်းကျရင်တော့ တစ်ခုပေးမယ် …”
“ ဪ … အဲ့လိုဆိုရင်တော့ စိတ်မကောင်းပါဘူးဗျာ … ဒီရပ်ကွက်မှာ နေတဲ့လူတွေ အကုန်လုံးက အထက်တန်းလွှာ လူကြီးမင်းတွေချည်းလေ … သူတို့က ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ ပတ်သက်ပြီး သိပ်အလေးထားကြတာ … ဝရမ်း မရှိရင်တော့ ကျွန်တော့်ဘက်က ခွင့်ပြုပေးလို့ မရဘူးရယ် …”
“ ဟျောင့် … မင်းက ဘာတွေ ဖြစ်ချင်နေတာ …” ကျန်းဖန့် ချက်ချင်းပဲ ပေါက်ကွဲထွက်လာခဲ့ပြီး “ ငါတို့ ရဲတွေက မင်းတို့ဆီကနေ ကင်မရာ မှတ်တမ်း တောင်းနေတာကို မင်းက ဒီလို ဆင်ခြေဆင်လက်တွေပေးပြီး ရှောင်နေတယ်ပေါ့ …. လိုအပ်လာရင် ရဲအရာရှိတွေနဲ့ အချိန်မရွေး ပူးပေါင်းပေးရမယ်ဆိုတဲ့ ဥပဒေကို မင်း နားမလည်ဘူးလားကွ …”
“ ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့ … အသုံးဝင်မှာ မဟုတ်ဘူး …”
လျိုချန်ပင်းသည် လွယ်ကူသည့်လူ မဟုတ်ကြောင်း သိသာသည်။ မည်သို့ပင်ဆိုစေ ကုပေနံပါတ်ဝမ်းတွင် အလုပ်လုပ်နေရသဖြင့် သူ နေ့တိုင်းနေ့ တွေ့ဆုံနေရသူတိုင်းက အရှိန်အဝါကြီးမားသည့် လူကြီးမင်းများပင်။
ကျန်းဖန့်လို ရဲပေါက်စနလေးတစ်ဦးကို သူ့လိုလူတစ်ယောက်က မည်သို့ အလေးအနက် ထားလိမ့်မည်နည်း။
“ ခြိမ်းခြောက်တယ်ဆိုတာ ဘာစကားတုန်း … ဒါ မင်းလုပ်ကို လုပ်ပေးရမယ့် ဝတ္တရားပဲ …”
“ တကယ်လို့ အရာရှိကြီးတို့က ဝရမ်းပါလာတယ်ဆိုရင်တော့ ကျွန်တော့်ဘက်က ကျိန်းသေပေါက် ခွင့်ပြုပေးမှာပါ …” လျိုချန်ပင်း ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်တော် စောနက ပြောခဲ့တဲ့အတိုင်းပဲ … ကုပေနံပါတ်ဝမ်း အိမ်ယာက လူကြီးမင်းတွေက သူတို့ရဲ့ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ ပတ်သက်ပြီး သိပ်အလေးထားကြတယ် … နောက်ပြီး ကုမ္ပဏီရဲ့ မူဝါဒတွေအတိုင်းဆိုရင် ဝရမ်းမပါဘဲနဲ့ စောင့်ကြည့်ရေး ကင်မရာ မှတ်တမ်းတွေကို ယူခွင့်ပြုလို့ မရဘူး … ခင်များတို့ မကျေနပ်ဘူးဆိုလည်း ကျွန်တော့်ကို တရားစွဲလိုက် … ကိစ္စမရှိဘူး …”
“ မင်း …”
“ ရပြီ …”
လင်းရီသည် ကျန်းဖန့်ကို ဖြတ်ပြောလိုက်ပြီး “ သွားပြီး အပြင်မှာ ငါ့ကို စောင့်နေ …”
“ လင်း …..”
“ သွားသာ သွားစမ်းပါကွာ ….”
ကျန်းဖန့်လည်း နှုတ်က တတွတ်တွတ် ကျိန်ဆဲရင်း ရုံးထဲက ထွက်ခွာသွားခဲ့သည်။ ပြင်းထန်နေသည့် လေထု အခြေအနေက အနည်းငယ် လျော့ပါးသွား၏။
“ ခင်များလည်း ထွက်သွားသင့်တယ် … ဝရမ်းရပြီးမှပဲ ပြန်လာခဲ့ … မဟုတ်လို့ကတော့ ကင်မရာမှတ်တမ်းတွေ ရဖို့ စိတ်ကူးတောင် မယဉ်နဲ့ …”
ကျန်းဖန့်ကို အလေးအနက်မထားသည့် မန်နေဂျာက လင်းရီကိုလည်း ခြွင်းချက်လုပ်ပေးပြီး အလေးအနက် ထားမနေချေ။
လင်းရီလည်း အကယ်၍ သူသာ ခေါင်းမာနေမည်ဆိုပါက ကိုယ့်ဘက်က အမှားဖြစ်လိမ့်မှာကို သိသည့်အတွက် သာမန်လျှံကာပဲ ပြောလိုက်သည်။
“ ငါ့ကို မျက်နှာသာ နည်းနည်းလောက်ပေး … ငါ မင်းတို့ ဥက္ကဌစုနဲ့ သိတယ် … အကုန်လုံးက အချင်းချင်းတွေပဲကို ဒီလိုတွေ လုပ်နေစရာ မလိုပါဘူး ….”
“ ဟမ် … ခင်များက ကျွန်တော်တို့ ဥက္ကဌစုနဲ့ သိနေတယ်ပေါ့ဟုတ်လား ….”
ရုံးရှိ ဝန်ထမ်းများအားလုံးက လင်းရီကို အထင်သေးသည့် မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။
“ အရာရှိကြီး … ခင်များ အဲ့လို ပေါက်ကရတွေ လာပြောနေလို့လည်း အသုံးမဝင်ဘူးနော် …” လျိုချန်ပင်း ပြောလိုက်ပြီး “ ဒီလို စကားလေး တစ်ခွန်းပေါ် မူတည်ပြီး ကင်မရာမှတ်တမ်းတွေ ပေးလိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး … ပြီးတော့ ကျွန်တော်တို့ ဥက္ကဌစုက ဟွာရှရဲ့ ထိပ်တန်း အယောက်နှစ်ဆယ် စီးပွားရေးလုပ်ငန်းရှင် စာရင်းထဲမှာ ပါတဲ့လူ … ခင်များ သူနဲ့ သိတယ်ဆိုတာ သေချာလို့လား ….”
“ ငါ အခုချက်ချင်း သူ့ဆီ ဖုန်းခေါ်ပြမယ် …”
လင်းရီ သူ့ဖုန်းထုတ်လိုက်ပြီး စုမင်ကျန်း၏ ဝီချက်အကောင့်ကို တွေ့သွားခဲ့သည်။ ထို့နောက် ဗွီဒီယိုကော ခေါ်ဆိုလိုက်၏။
“ ရို … ဒါရိုက်တာလင်း … ထူးထူးခြားခြား ငါ့ဆီ ဗွီဒီယိုကောတွေ ခေါ်လာလို့ပါလားကွ … ဟားဟား …”
ဗွီဒီယိုထဲရှိ လူကို မြင်တော့ ဝန်ထမ်များအားလုံး အံ့ဩဘနန်း ဖြစ်ကုန်ကြလေသည်။
ဘာကြောင့်လဲဆိုတော့ … ယင်းက အမှန်တကယ်ကို သူတို့၏ ဥက္ကဌစု ဖြစ်နေသောကြောင့်ပင်။
“ ကျုပ် အခု ခင်များရဲ့ ကုပေနံပါတ်ဝမ်း အိမ်ယာကို ရောက်နေတာ … ဒီမှာ တစ်ခုခု စုံစမ်းစရာလေးရှိလို့ … ဒါပေမယ့် ခင်များ ဝန်ထမ်းတွေက ကျုပ်ကို ကင်မရာမှတ်တမ်းတွေ ပေးမကြည့်ဘူး … အဲ့တာနဲ့ ကျုပ်လည်း ခင်များဆီ ဖုန်းဆက် အကူအညီတောင်းရုံကလွဲလို့ ဘာတတ်နိုင်တော့မှာ …”
“ စောင့်ကြည့်ရေး ကင်မရာ မှတ်တမ်းတွေလား ….” စုမင်ကျန်း ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး “ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလို ကိစ္စမျိုးတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ကိုင်တွယ်နေစရာ လိုလို့လား….”
“ ကိုယ်ရေးကိုယ်တာ ကိစ္စလေ .. တစ်ခြားတော့ မဟုတ်ပါဘူး …”
“ အိုကေ .. ငါ နားလည်သွားပြီ …” စုမင်ကျန်း ပြောလိုက်ပြီး “ မန်နေဂျာ ဘယ်မှာလဲ …”
“ စု … ဥက္ကဌစု … ကျွန်တော် ဒီမှာပါခင်ဗျ ….” လျိုချန်ပင်း တုန်ယင်နေသည့် အသံဖြင့် ဆိုလိုက်၏။
“ အချိန်ဖြုန်းမနေနဲ့ … မြန်မြန်လေး ဒါရိုက်တာလင်း လိုချင်တဲ့ ကင်မရာမှတ်တမ်းတွေ ပေးလိုက် … သူနဲ့ အပြည့်အဝ ပူးပေါင်းပေးလိုက် …”
“ ဟုတ် … ဟုတ်ကဲ့ခင်ဗျ …”
စုမင်ကျန်းရှေ့မှောက်တွင်တော့ လျိုချန်ပင်းမှာ အသက်ပင် ကျယ်လောင်စွာ မရှူဝံ့ချေ။
“ ကဲ ဒါရိုက်တာလင်း … အားလုံး စီစဉ်ပြီးသွားပြီ … မင်း တစ်ခြား ဘာလိုချင်သေးလဲ …”
“ လောလောဆယ်တော့ ဘာမှ မရှိတော့ပါဘူး … ကျုပ် လုပ်စရာလေးတွေ ရှိသေးလို့ ဖုန်းချလိုက်တော့မယ် … အားတဲ့အခါကျ တစ်ဝိုင်းလိုက်တိုက်ပါ့မယ် …”
“ အိုကေ …”
သာမန်လျှံကာ ကတိပေးပြီးနောက် လင်းရီလည်း ဖုန်းချလိုက်သည်။
ဝန်ထမ်းများအားလုံးက သူ့ကို စောနကနှင့် မတူညီသည့် အကြည့်များဖြင့် ကြည့်ရှုနေကြတော့၏။
ရိုသေလေးစားမှု။
သတိထားမှု။
“ ဆိုတော့ အခု ငါ့ကို ကင်မရာမှတ်တမ်းတွေ ပေးလို့ရပြီလား ….”
“ ဟုတ် ဟုတ်ကဲ့ .. ဥက္ကဌစုကတောင် ပြောလာခဲ့ပြီဆိုတော့ … ဒါပေါ့ သေချာပေါက်ပဲပေါ့ ….”
လင်းရီ ပြုံးလျက် အရွှန်းဖောက်လိုက်သည်။
“ မင်းတို့ ဥက္ကဌရဲ့ စကားက ငါတို့ ရဲအရာရှိတွေရဲ့ အမိန့်ထက်တောင် ပိုပြီး အာဏာစက် ပြင်းနေပါလားကွ …”