ရှာဖွေ တွေ့ရှိမှု အသစ်
Vol. 169 Ch. 2412
လျိုချန်ပင်း ရှက်ကိုးရှက်ကန်း မျက်နှာထားမျိုး ဖြစ်သွားခဲ့သည်။
“ အဲ့သဘောမျိုး မဟုတ်ပါဘူးဗျာ … ကျေးဇူးပြုပြီး ဒါရိုက်တာလင်းရဲ့ အဆင့်ကို ကျွန်တော်နဲ့တူအောင် မနိမ့်ချလိုက်ပါနဲ့ … ကျွန်တော်က ဒီတိုင်း သာမန်ဝန်ထမ်းလေး တစ်ယောက်ပါ … ဘာလုပ်ပိုင်ခွင့် အာဏာမှ သိပ်ရှိတာ မဟုတ်ဘူး … စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် မနက်ဖြန်ရောက်တာနဲ့ အထုပ်အပိုးပြင်ပြီး ထွက်သွားရမှာဗျ … “
“ အဲ့တာတွေ ထားပါ … အခု ငါ့ကို စောင့်ကြည့်ရေး ကင်မရာတွေ ထိန်းချုပ်တဲ့နေရာ လိုက်ပြတော့ …”
“ ဟုတ်ကဲ့ ဟုတ်ကဲ့ … ကျေးဇူးပြုပြီး ဒီဘက်ကြွပေးပါ …”
လင်းရီသည် ကျန်းဖန့်ကို ပြန်ခေါ်လိုက်ပြီး နှစ်ယောက်အတူ ဒုတိယထပ်သို့ တက်လာခဲ့ကြသည်။ ပြီးနောက် ထိုနေ့က စောင့်ကြည့်ကင်မရာမြင်ကွင်းကို ကြည့်ရှုကြ၏။
သူတို့တွေ အစောပိုင်း ခန့်မှန်းထားသည့်အတိုင်း ၇ ရက်နေ့ ညနေ တစ်နာရီခွဲ ဝန်းကျင်လောက်တွင် မျက်နှာမာ့စ်တပ်ထားပြီး နေကာမျက်မှန် ၊ ဦးထုပ်ဆောင်းထားသည့် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက ဝမ်ကျန့်ရှု၏ တံခါးပေါက်ရှေ့သို့ ရောက်ရှိလာခဲ့၏။
လင်းရီတို့ နှစ်ဦးလုံး၏ မျက်နှာအမူအရာများ လေးနက်တည်ကြည်သွားခဲ့ကြသည်။
ထိုအမျိုးသားက အရင်ဦးဆုံး တံခါးခေါက်လိုက်သည်။ များမကြာမီ တံခါးပွင့်လာသည်။
ပြီးနောက် … ၂ နာရီ ၁၀ မိနစ် ဝန်းကျင်လောက်တွင် တံခါးပြန်ပွင့်လာခဲ့သည်။
“ အဲ့နေ့ရဲ့ ကင်မရာမှတ်တမ်းကို ကူးပေးလို့ရတယ်မလား … ငါတို့ ပြန်ရောက်ရင် စုံစမ်းစစ်ဆေးဖို့အတွက် လိုတယ် …”
“ ဒါပေါ့ ဒါပေါ့ … အခုချက်ချင်းပဲ ကူးပေးလိုက်ပါ့မယ် …”
“ ကျေးဇူးပဲကွာ … အလုပ်ရှုပ်စေမိပြီ ….”
“ လုံးဝ မရှုပ်ပါဘူး … ဒါ ကျွန်တော်တို့ လုပ်ပေးရမယ့် တာဝန်ပဲလေ ….”
လျိုချန်ပင်းသည် အနည်းငယ်မျှပင် ရေသာမခိုဝံ့ပဲ လင်းရီ တောင်းဆိုသည့် ကင်မရာမှတ်တမ်းကို USB drive ထဲသို့ ကူးထည့်၍ လက်နှစ်ဖက်နှင့် ရိုရိုသေသေကမ်းပေးလိုက်သည်။
“ ဒီနေ့တော့ ဒီလောက်ပဲ … ဒါပေမယ့် နောက်ပိုင်းကျ ပြန်လာရင် လာမှာ … အဲ့ခါကျ ထပ်ပြီး ပူးပေါင်းပေးပါဦး ….”
“ ကိစ္စမရှိဘူး … အရာရှိကြီးတို့ အချိန်မရွေးသာ လာခဲ့ကြပါခင်ဗျ …”
လင်းရီ ခေါင်းညိတ်ပြီး ကျန်းဖန့်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
လင်းရီတို့နှစ်ဦး ထွက်ခွာသွားတာကို ကြည့်ရင်း လျိုချန်ပင်းသည် နဖူးထက်မှ ချွေးအေးများကို စိတ်သက်သာရစွာ သုတ်လိုက်၏။ အမှားအယွင်းမခံသည့် ကြောက်ဖို့ကောင်းသည့် နတ်မင်းနှစ်ပါးကို ပြန်လွှတ်လိုက်ရသည့်နှယ် စိတ်ထဲ ဝမ်းသာနေမိသည်။
“ အစ်ကိုလျို .. အဲ့လူက ဘယ်သူတုန်း … ကျုပ်တို့ ဥက္ကဌစုကတောင် သူ့ကို ဒါရိုက်တာလင်းလို့ ခေါ်ရတယ် … သူပြောတဲ့ လေသံကလည်း အတော်လေး ယဉ်ကျေးတဲ့ပုံပေါက်နေတော့ သာမန်တော့ မဟုတ်နိုင်လောက်ဘူး ….”
“ ငါလည်း သေချာ မသိဘူး …” လျိုချန်ပင်း ပြန်ပြောလိုက်ပြီး “ ဒါပေမယ့် လုံးဝ သာမန် မဟုတ်မှာတော့ ကျိန်းသေတယ် … မဟုတ်ရင် ဥက္ကဌစုရဲ့ အဆင့်အတန်းနဲ့ တစ်ခြားတစ်စုံတစ်ယောက်ကို အဲ့လိုလေသံမျိုးနဲ့ ဘယ်တော့မှ စကားပြောမှာ မဟုတ်ဘူး …”
ချလပ် …
ထိုအချိန်မှာပဲ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက Hermes အိတ်ကို လွယ်လျက် အထဲသို့ လမ်းလျှောက်လာသည်။ သူမက ကျော့ရှင်းစွာ ဝတ်ဆင်ထားပြီး တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် ပိုက်ဆံရှိသည့် အငွေ့အသက်တို့ကို လှမ်းမြင်နေရသည်။
“ အစ်မဝမ် … ရောက်လာတာလားဗျ …”
ကုပေနံပါတ်ဝမ်း၏ မန်နေဂျာ တစ်ဦးဖြစ်ရသည်က ထင်သလောက် မလွယ်ကူပေ။ သူ့ဘေးနားဝန်းကျင်ရှိ အရာရာတိုင်းကို သတိထားရသည်။ မှတ်နိုင်စွမ်းကလည်း ကောင်းမွန်ပြီး ရပ်ကွက်ထဲ နေထိုင်သူတိုင်းကို သေချာ မှတ်မိသည့် အစွမ်းအစမျိုးရှိ၏။
“ ဒါရိုက်တာလင်း ဒီက ထွက်လာတာကို မြင်လိုက်မိလို့လေ … သူလည်း ဒီမှာ အိမ်လာဝယ်သွားတာလား ….”
“ ဒါရိုက်တာလင်း ….” လျိုချန်ပင်းက အနည်းငယ် အံ့အားသင့်သွားသည့်နှယ် လေသံကို မြင့်လျက် “ အစ်မဝမ်က အဲ့လူ ဘယ်သူလဲဆိုတာ သိနေတယ် …”
“ သိတာပေါ့ … ဒါပေမယ့် သူကတော့ ငါ့ကို မသိပါဘူးလေ … သူ့ကို ကျိုးဟိုင်ရဲ့ ပုန်းလျှိုးကွယ်လျှိုးနေတဲ့ ဒိတ်ဒိတ်ကျဲ သူဌေးကြီး တစ်ယောက်လို့ ယူဆလို့ရတယ် … နင်တို့ရဲ့ ဥက္ကဌစုတောင် သူနဲ့ယှဉ်လိုက်ရင် လယ်ဗယ်တစ်ဆင့် နိမ့်နေသေးတယ် ….”
“ ဗျာ ….”
လျိုချန်ပင်းနှင့် အခြားသူများမှာ ရှော့ခ်ရသွားခဲ့ကြပြီး ပြောစရာစကား ပျောက်ဆုံးသွားခဲ့ကြသည်။
“ နင် ငါမေးတာ မဖြေရသေးဘူးနော် … သူ ဒီလာပြီး အိမ်လာဝယ်သွားတာလားလို့ … “
“ မဟုတ်ပါဘူး မဟုတ်ပါဘူး … ဒီတိုင်း မေးခွန်းတစ်ချို့မေးပြီး ထွက်သွားခဲ့တာပါပဲ ….”
“ အဲ့လိုလား ….” သက်လတ်ပိုင်း အမျိုးသမီးက ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး “ ထင်တော့ထင်ပါတယ် … သူ့အဆင့်အတန်းနဲ့ ဒီလာပြီး အိမ်ဝယ်မှာ မဟုတ်လောက်ပါဘူးလို့ … သူသာ ဝယ်သွားခဲ့ရင် သူ့အဆင့်သူ ပြန်နိမ့်နေသလို ဖြစ်သွားလိမ့်မယ် …”
လျိုချန်ပင်းနှင့် အခြားသူများနှင့် တိတ်တဆိတ် ပင့်သပ်ရှိုက်မိသွားခဲ့ကြ၏။
ကုပေ နံပါတ်ဝမ်း အိမ်ယာက နိုင်ငံထဲမှာ ထိပ်တန်း လူနေအိမ်ယာ တစ်ခု ဖြစ်နေပြီးသားလေ …
အဲ့တာကို ဒီမှာ အိမ်ဝယ်တာက လူတစ်ယောက်ရဲ့ အဆင့်အတန်းကို နှိမ့်ချဖြစ်စေတယ်တဲ့လား … ဒါဆိုရင် အဲ့လူ ဘယ်မှာများ နေနေတာ …
ကျိုကျုံးဗီလာမှာများလား …
….
ထိုအချိန် လင်းရီနှင့် ကျန်းဖန့်တို့က ဝမ်ကျန့်ရှု၏ အိမ်သို့ ပြန်ရောက်နေကြသည်။ မှုခင်းဆေးအသင်းက လက်ဗွေရာများကို လိုက်လံစုဆောင်းနေပြီး ဟိုဟိုဒီဒီ သွားလာလှုပ်ရှားရင်း အလုပ်များနေကြ၏။
“ ကင်မရာတွေ သွားကြည့်ခဲ့တာ ဘယ်လိုလဲ … လူသတ်သမားကို တွေ့ခဲ့ရလား ….”
လင်းရီ ခေါင်းညိတ်ပြီး မြင်ခဲ့သမျှကို ကျန်းဟွေ့ထံ ပြန်ပြောင်းပြောပြလိုက်သည်။
“ ပြန်ရောက်ရင် ကင်မရာမှတ်တမ်းကို သေချာလေး ပြန်ကြည့်ကြတာပေါ့ … သူ အဲ့နောက်ပိုင်း ဘယ်ကို သွားခဲ့လဲ ဆိုတာ ခြေရာခံလို့ရရင် ရမှာ … ပြောလို့ မရဘူး ….”
ကလင် ကလင် ကလင် …
ကျန်းဟွေ့ စကားဆုံးသည့် အချိန်မှာပဲ သူ့ဖုန်းက အသံမြည်လာသည်။
ကျူးကျွင်းချီက ဆက်သွယ်လာခြင်း ဖြစ်၏။
“ မင်းတို့ကောင်တွေ အခု ဘယ်ရောက်နေကြတာ ….”
“ နစ်နာသူရဲ့ အိမ်မှာ စုံစမ်းစစ်ဆေးနေတာလေ ….”
“ ငါ ဝမ်ကျန့်ရှုနဲ့ ပတ်သက်ပြီး အချက်အလက်တစ်ချို့ တွေ့ထားတယ် … မင်းတို့ကောင်တွေ ဘယ်တော့ ပြန်လာကြမှာ … ဒီကိစ္စက အတူထိုင်ပြီး လေ့လာသုံးသပ်ရမယ့် ကိစ္စပဲ ….”
“ နောက်နာရီဝက် တစ်နာရီလောက်ဆို ငါတို့လည်း ဒီမှာ ပြီးပါပြီ …”
“ အဆင်ပြေတယ် … စခန်းရောက်ရင် ဆက်ပြောကြတာပေါ့ …”
“ အိုကေ …”
ဖုန်းချပြီးနောက် ကျန်းဟွေ့က အားလုံးကို သိမ်းကျုံးကြည့်၍ “ လောင်ကျူးက ဝမ်ကျန့်ရှုနဲ့ ပတ်သက်ပြီး တစ်ခုခု တွေ့ထားတယ် ပြောတယ် … လေသံနားထောင်ရတာတော့ အရေးကြီးမယ့်ပုံပဲ … ခဏနေ ပြန်ပြီး နားထောင်ကြည့်ကြတာပေါ့ ….”
“ အိုကေလေ …”
လက်ဗွေရာ စုဆောင်းသည့် လုပ်ငန်းက မကြာမီ ပြီးဆုံးသွားခဲ့ပြီး အုပ်စုလည်း ရှင်းရှန်း ရဲစခန်းသို့ ပြန်ရောက်လာခဲ့ကြသည်။
ထိုအချိန် … ကျူးကျွင်းချီကတော့ ရုံးခန်းထဲ ဆေးလိပ်သောက်ရင်း သူတို့ ပြန်အလာကို ထိုင်စောင့်နေသည်။
“ အစ်ကိုကျူး … ရှင် ဘာတွေ ရှာတွေ့ထားလို့လဲ ….” ကျန်းဇီရှင်း မေးလိုက်၏။
“ ဝမ်ကျန့်ရှုမှာ နောက်ထပ် လျှို့ဝှက်အိမ်တစ်လုံး ရှိနေတယ် … ပိုက်ဆံချေတာက သူချေတာ ဆိုပေမယ့် ပိုင်ရှင်နေရာမှာ သူ့နာမည်နဲ့တော့ မဟုတ်ဘူး …”
“ မယားငယ် တစ်ယောက်ကို တိတ်တိတ်လေး ထားတဲ့နေရာ ဖြစ်ရင်ဖြစ်မှာပေါ့ …” ကျန်းဇီရှင်းက အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်သည်။
“ မင်းမှန်းတာ ကွက်တိပဲ … ဒီအိမ်ရဲ့ ပိုင်ရှင်က သူ့ထက် လေးနှစ်ငယ်တယ် … သူ့နာမည်က စုန့်လင်း .. ပင်းဟိုင်လမ်းခွဲက ဆောက်လုပ်ရေးဘဏ်ရဲ့ ဒုဥက္ကဌတစ်ယောက်ပဲ …”
“ ဟင် …”
ဤသတင်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
“ ဝမ်ကျန့်ရှုက ၅၁ နှစ်… “ ကျန်းဖန့်က သံသယရှိနေသည့် လေသံဖြင့် “ စုန့်လင်းက သူ့ထက် လေးနှစ်ငယ်တယ်ဆိုတော့ အသက်က ၄၇ နှစ် ၊ ဝမ်ကျန့်ရှုလို အောင်မြင်နေတဲ့ စီးပွားရေး သမားတစ်ယောက်က အသက် နှစ်ဆယ်ကျော်လေးတွေဆီကို သွားသင့်တယ် မထင်ဘူးလား ….” ကျန်းဖန့် ထိုသို့ မှတ်ချက်ပြုလိုက်သည်။
“ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မသင့်လျော်ဘူးဆိုပေမယ့် ပတ်သက်လာတဲ့ ဆက်ဆံရေးက နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီ … ဒီတော့ ... သူတို့နှစ်ယောက်လည်း အိုပြီပေါ့ …” ကျူးကျွင်းချီ ပြောလိုက်သည်။
“ ရှုထောင့်တစ်ခုကနေ ကြည့်ရင် ဝမ်ကျန့်ရှုက အတော်လေးတော့ သစ္စာရှိတဲ့ လူစားမျိုးပဲ… တိတ်တိတ်ပုန်း မယားငယ် တစ်ယောက် ထားတာကလွဲရင် သူနဲ့ ပတ်သက်တဲ့ တစ်ခြား မကောင်းတာ ဘာမှကို မရှိတာ ….”
လင်းရီ ခေတ္တမျှ အတွေးနက်သွားခဲ့သည်။
ဝမ်ကျန့်ရှု၏ ကိုယ်ကျင့်စရိုက်အရဆိုပါက တကယ်လည်း ထိုသို့ ပြုမည့် လူစားမျိုးပင်။
“ နေဦး … တစ်ခုခုတော့ မဟုတ်သေးဘူး …” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ဒီ အမျိုးသမီးက ရုံးခွဲရဲ့ ဒုဥက္ကဌ … ပြီးတော့ ဝမ်ကျန့်ရှုက စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် … သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီတိုင်း အချစ်တစ်ခုတည်းသပ်သပ်လို့ ထင်လား … ညီမတော့ မထင်ဘူးနော် …”
“ မင်းကတော့ ချဲ့ကားပြီး တွေးနေတော့တာပဲ …” လင်းရီ ပြောလိုက်ပြီး “ ဝမ်ကျန့်ရှုလို လူစားမျိုးက ဌာနချုပ်မှာ သူ့ထက် ရာထူးအများကြီး မြင့်တဲ့ အမှုဆောင် အရာရှိတွေနဲ့ တိုက်ရိုက်စကားပြောနိုင်တဲ့ လူစားမျိုးပဲ …. ရုံးခွဲတစ်ခုရဲ့ ဒုဥက္ကဌလေးက သူ့မျက်လုံးထဲမှာ ဘာမှမပေါက်ဘူး … နှစ်ယောက်ကြားမှာ ငွေကြေးအပေးအယူ ကိစ္စတွေ ရှိဖို့ဆိုတာ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး ….”
ယခုလို ကိစ္စမျိုးတွင်တော့ လင်းရီတွင် အတိုင်းအတာ တစ်ခုထိအောင် ပိုင်နိုင်စွာ ပြောနိုင်သည့် အခွင့်အာဏာရှိသည်။
ရုံးခွဲ၏ ဒုဥက္ကဌလေးတစ်ဦး တစ်ဦးက ငွေပမာဏ များများစားစားလည်း မထိန်းချုပ်နိုင်သလို အရေးကြီးသည့် ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ပိုင်ခွင့် မရှိပေ။
ဝမ်ကျန့်ရှု၏ အဆင့်အတန်းဖြင့် … သူသည် ထိုသို့သော နည်းလမ်းသုံးပြီး ချေးငွေယူစရာ အကြောင်းမရှိပေ။
( အရင် ပုဖာဘဏ်တုန်းက ဖောက်သည် အချက်အလက်တွေ ပေါက်ကြားလာတာကို မှတ်မိကြသေးလား မသိဘူး။ တကယ်တော့ အစိုးရက ချေးငွေ ပမာဏကို သတ်မှတ်ပြီးသား။ အဲ့ထက်ကျော်လွန်ပြီး ယူချင်ရင် အဆက်အသွယ်တွေ သုံးရတယ်။ အဲ့မှာ စာရင်းလိမ်တာတွေ ဖြစ်လာတယ်။ ဖောက်သည်တွေရဲ့ ဘဏ်အပေါ် ယုံကြည်မှု ကျဆင်းလာမယ်။ ရှယ်ယာဈေးတွေ ကျလာမယ်။ နောက်ဆုံး ဒေဝါလီခံလိုက်ရတဲ့အထိ ဖြစ်သွားနိုင်တယ်။ အင်မတန် အန္တရာယ်များပါတယ်။ ကိုယ်ချေးလိုက်တဲ့လူတွေက ပိုက်ဆံပြန်မဆပ်နိုင်ရင် စီးပွားရေး ယန္တရားကြီးပါ ထိခိုက်သွားနိုင်တယ်။ အဲ့မှာ နိုင်ငံ့စီးပွားရေးလည်း ထိခိုက်လာမယ်။ ဒါကြောင့် အဲ့တုန်းက လျန်ရူရွှယ် နည်းနည်း တိုင်ပတ်သွားတယ် ပြောရမယ်။ စာထဲမှာတော့ တိတိကျကျ ရှင်းပြမထားဘူးရယ်။ လိုရင်းလောက်ပြောသွားတာ။ )
“ ဆိုတော့ မင်းပြောသလိုဆိုရင် .. သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတော်လေး အဖြူထည်ဆန်တယ်ပေါ့ …” ကျန်းဟွေ့ မှတ်ချက်ပြုလိုက်၏။
“ ဝမ်ကျန့်ရှုက အတော်လေး ကိုယ်ကျင့်တရား မဆိုးတဲ့လူလို့ ပြောလို့ရတယ် …” လင်းရီ ပြောလိုက်ပြီး “ အဲ့ဒီ စုန့်လင်းဆိုတဲ့ အမျိုးသမီးက သူ့ကို အချိန်တစ်ခုကြာအောင် တွယ်ကပ်ခဲ့လို့လည်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီလောက်ထိ သက်တမ်းကြာနေတာ ဖြစ်လိမ့်မယ် …” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ကျုပ်ထင်တာ မမှားဘူးဆိုရင် … သူ ရုံးခွဲ ဒုဥက္ကဌ ရာထူး ရလာတာကလည်း ဝမ်ကျန့်ရှုကြောင့်ပဲ ဖြစ်ရမယ် …”
“ အဲ့တာတော့ တကယ်ပဲ ဖြစ်နိုင်ချေရှိတယ် … ဒီရဲ့ စုန့်လင်းဆိုတဲ့ အမျိုးသမီးက အလယ်တန်းကျောင်းထွက် … ကျိုးဟိုင်လိုနေရာမျိုးမှာ ကျောထောက်နောက်ခံ တစ်ခုခု မရှိဘဲ သူ့ရဲ့ ပညာအရည်အချင်းနဲ့ ဒုဥက္ကဌရာထူးအထိ ရောက်လာတယ်ဆိုတာ အတော်လေးကို စဉ်းစားစရာပဲ …” ကျူးကျွင်းချီ ပြောလိုက်ရင်း ကျုံးဟွာ စီးကရက် တစ်လိပ်ကို မီးထပ်ညှိလိုက်သည်။
“ ဒါပေမယ့် သူကလည်း ရိုးတော့ မရိုးဘူး … သိုသိုသိပ်သိပ်နဲ့ နှိမ့်နှိမ့်ချချနေတဲ့ ဝမ်ကျန့်ရှုနဲ့ ယှဉ်လိုက်ရင် ဘာမှကို မတူတာ ….”