အင်မတန် လူမဆန်သောသူ
Vol. 169 Ch. 2414
ရုတ်တရက်ဆန်လှသည့် ဤသတင်းက ရုံးခန်းထဲရှိ လေထုကို အေးခဲတောင့်တင်းသွားစေသည်။
လူတိုင်း၏ မျက်နှာအမူအရာများမှာ မည်းမှောင်သွားခဲ့ကြသည်။
ဤသည်က သူတို့ကို ကြီးကြီးမားမား စော်ကားလိုက်ခြင်းဖြစ်ကြောင်း သံသယ ဖြစ်နေစရာမလိုပေ။ ထို့ပြင် မသိစိတ်အလျောက် … ဤအမှုသည်လည်း ဝမ်ကျန့်ရှု၏ လူသတ်မှုနှင့် ဆက်စပ်နေရမည်ဟု သူတို့အကုန်လုံး ယုံကြည်နေကြသည်။
အနှီ လူသတ်မှုလေးခုလုံးကို တူညီသည့် လူသတ်သမားတစ်ဦးတည်းက သတ်ဖြတ်ခဲ့ခြင်း ဖြစ်ဖို့ များလေသည်။
ဘာကြောင့်ဆိုတော့ စုန့်လင်းက သေသည်ထိ မီးရှို့သတ်ခံခဲ့ရသည်။ ယင်းက ဓာတ်ငါးပါး လူသတ်မှုပုံစံနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။
စိန်ခေါ်မှု ပုံစံ တစ်ခုလို လူသတ်ခြင်း …
လူသတ်သမားက သူတို့ရဲအရာရှိများကို သူ့လက်ဖဝါးပေါ်တွင် ကစားနေခြင်းပင်။
“ အရင် တစ်ချက် သွားကြည့်ကြတာပေါ့ …” ကျူးကျွင်းချီ ဆော်ဩလိုက်ပြီး လူတိုင်းလည်း ချက်ချင်းလှုပ်ရှားကြတော့၏။ ကားများထဲသို့ အလျင်အမြန် ပြေးဝင်၍ ကျင်းချွမ်ဗျူရိုရုံးခွဲသို့ မောင်းထွက်လာခဲ့ကြသည်။
မိနစ် လေးဆယ်ခန့်ကြာပြီးသည့်နောက် သူတို့တွေ အခင်းဖြစ်သည့် နေရာသို့ ဆိုက်ရောက်လာခဲ့ကြသည်။
ကားပါကင်ထိုးပြီးသည့်အချိန်မှာပဲ အူလှိုက်သည်းလှိုက် ငိုကြွေးသံကို ကြားလိုက်ရလေသည်။
အုပ်စုမှာ ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့ကြပြီး ရဲစခန်းဝင်ပေါက်ဝတွင် သက်လတ်ပိုင်းအမျိုးသား တစ်ဦးနှင့် မိန်းမငယ်လေး တစ်ဦးတို့ မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
မိန်းကလေးက ထိန်းချုပ်မရနိုင်စွာ ငိုကြွေးနေလျက်ရှိပြီး သတိလစ်သွားခဲ့သည်မှာလည်း အကြိမ်ကြိမ်ပင်။
သက်လတ်ပိုင်း အမျိုးသားနှင့် ရဲအရာရှိများ၏ နှစ်သိမ့်ပေးမှုတို့သာ မရှိဘူးဆိုလျှင် အကျိုးရလဒ်တို့က ထို့ထက်ပင် ပိုမိုဆိုးရွားသွားလောက်သည်။
“ ငါ စုန့်လင်းရဲ့ အချက်အလက်တွေ စစ်ဆေးထားတယ် …” ကျူးကျွင်းချီ ပြောလိုက်ပြီး “ အဲ့လူက စုန့်လင်းရဲ့ယောက်ျား ဟော်မာရှန်း … ၊ ဘေးကတော့ သူ့သမီး ဟော်လင်းယွီ့ …. စုန့်လင်းမှာလည်း အဖေရှိတယ် … ဒါပေမယ့် အခုလို ဖြစ်သွားတဲ့ ကိစ္စကိုတော့ မသိလောက်သေးဘူး ….”
“ ဟင်း ….” ကျန်းဟွေ့ သက်ပြင်းချလိုက်၏။ ယခုလို မြင်ကွင်းမျိုးကို အတွေ့အကြုံ သက်တမ်းတစ်လျှောက် မရေမတွက်နိုင်လောက်အောင် မြင်ဖူးခဲ့ပြီ ဆိုသော်လည်း မြင်တွေ့လိုက်ရသည့်အချိန်တိုင်း စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ခဲ့ချေ။ ကျင့်သားရဖို့ဆိုသည်မှာ အတော်လေး လိုအပ်နေသေး၏။
“ သွားစို့ … အရင်ဆုံး အထဲဝင်ပြီး အမှုကို ကိုင်တွယ်ကြရအောင် ….”
အုပ်စုက ရဲစခန်းထဲသို့ ဝင်လာခဲ့ကြပြီး ကပ္ပတိန် ကျောက်ရာကျွင်းနှင့် တွေ့ဆုံသည်။
အကြမ်းဖျင်း မိတ်ဆက်ပေးပြီးနောက် လိုရင်းကို တန်းသွားလိုက်၏။
“ လောင်ကျောက် … အလောင်းကို စစ်ဆေးနေတာ အခြေအနေ ဘယ်လိုရှိလဲ ….” ကျူးကျွင်းချီ မေးမြန်းလိုက်သည်။
“ အခုလေးတင်ပဲ ဆေးမှုခင်းဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစည်းအဝေးထိုင်ခဲ့ပြီးတာပဲ …” ကျောက်ရာကျွင်း ပြောလိုက်ပြီး “ နစ်နာသူ စုန့်လင်းက မီးထဲသေသွားခဲ့တာ မဟုတ်ဘူး ….”
“ မီးထဲ သေသွားခဲ့တာ မဟုတ်ဘူးလား ….” ကျူးကျွင်းချီ မျက်မှောင်ကြုတ်မိသွားခဲ့ပြီး “ ဒါဆို တစ်ခြားလှည့်ကွက်တွေ ရှိနေသေးတာလား …”
“ သူက လောင်ကျွမ်းပြီး သေသွားခဲ့တာ မှန်တယ် … ဒါပေမယ့် မီးလောင်မှုကြောင့်တော့ မဟုတ်ဘူး …” ကျောက်ရာကျွင်း ပြောလိုက်ပြီး “ လူသတ်သမားက စုန့်လင်းအပေါ် အတော်လေး ရန်ငြှိုးကြီးတဲ့သူ ဖြစ်ရင်ဖြစ် ၊ မဖြစ်ရင်တော့ အတော်လေး ရက်စက်တဲ့ ဆိုက်ကိုပါ့ တစ်ယောက် ဖြစ်ဖို့ များတယ် … သူက အရင်ဦးဆုံး စုန့်လင်းကို အရှင်လတ်လတ် မီးမြိုက်တယ် … နောက်တော့မှ မတော်ဆမှုကြောင့် မီးလောင်ပြီး သေသွားခဲ့သလို ဖြစ်အောင် ဖန်တီးခဲ့တာပဲ ….”
ကျောက်ရာကျွင်း စကားကို ခေတ္တရပ်တန့်ထားလိုက်သည်။ သူ့မျက်နှာအမူအရာမှာလည်း အင်မတန် အုံ့မှိုင်းလေးလံနေသည်။
“ သူက အသက်ရှင်နေတုန်းမှာ မီးရှို့ခံခဲ့ရတာ …. တောက် ကွာ … လူသတ်သမားက တော်တော် လူမဆန်တဲ့ကောင်ပဲ …”
လင်းရီပင်လျှင် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့ရသည်။
လူသတ်သမား၏ ရက်စက်ယုတ်မာမှုက သူတို့ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေလေပြီ။
ယင်းက ယခင် လူသတ်မှု သုံးခုထက်ပင် ပို၍ ထိတ်လန့်ဖွယ်ရာ ကောင်းနေတော့သည်။
“ ငါတို့ အလောင်းကို ကြည့်လို့ရမလား …” ကျူးကျွင်းချီ မေးလိုက်၏။
“ မင်းတို့ ကြည့်ချင်တယ်ဆိုရတယ် …” ကျောက်ရာကျွင်း ခေါင်းညိတ်လိုက်ပြီး “ ဒါပေမယ့် ဒီရဲမေလေးကတော့ နောက်မှာ နေခဲ့သင့်တယ် … မြင်ပြီးသွားရင် မင်း ဒီည အိပ်ပျော်တော့မှာ မဟုတ်ဘူး ….”
ကျူးကျွင်းချီ ခေါင်းညိတ်လိုက်၏။
“ ရှင်းရှင်း … မင်းက အပြင်မှာ သွားစောင့်နေ …”
“ အွန်း ….”
ကျန်းဇီရှင်း မငြင်းဆန်ခဲ့ပေ။ သူမက သတ္တိသွေးကြောင်သူ မဟုတ်သဖြင့် သာမန် အလောင်းများက သူမကို ခြောက်လှန့်နိုင်စွမ်းမရှိပေ။ သို့သော် ထိုကဲ့သို့သော အလောင်းကတော့ စိတ်ထဲ လက်ခံဖို့ရာ နည်းနည်းဝန်များနေသည်။
ကျောက်ရာကျွင်း၏ ဦးဆောင်မှုအောက်တွင် အုပ်စုက အလောင်းထားသည့် နေရာသို့ ရောက်လာခဲ့ပြီး စုန့်လင်း၏ ရုပ်အလောင်းကို မြင်တွေ့လိုက်ရ၏။
ကျန်းဟွေ့နှင့် ကျူးကျွင်းချီကဲ့သို့ ဆယ်စုနှစ်နဲ့ချီ အတွေ့အကြုံရင့်ကျက်သည့် ရဲအရာများများပင် အလောင်းကိုမြင်တော့ အတော်လေး မသက်မသာ ဖြစ်သွားခဲ့ကြ၏။
“ အလောင်းကတော့ မင်းတို့ မြင်တဲ့အတိုင်းပဲ … ဘာမှ ထပ်ကြည့်စရာ မလိုတော့ဘူး ….” ကျောက်ရာကျွင်း ပြောလိုက်သည်။
“ သူ မသေခင် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ လက္ခဏာတွေ ရှိလား ….” လင်းရီ မေးမြန်းလိုက်၏။
ကျောက်ရာကျွင်း ခေါင်းခါယမ်းပြီး “ မရှိဘူး … လူသတ်သမားက ဆိုက်ကိုပါ့လား ဘာလားတော့ မသိပေမယ့် လူကိုတော့ ဘာမှ မလုပ်သွားဘူး … အခင်းဖြစ်တဲ့နေရာက မြင်ကွင်း ဓာတ်ပုံတွေက ငါ့ရုံးခန်းထဲမှာ ရှိနေတုန်းပဲ … မင်းသွားပြီး တစ်ချက် ကြည့်လို့ရတယ် …”
“ အိုကေ ….”
ကျောက်ရာကျွင်း၏ ရုံးခန်းထဲ၌ လင်းရီသည် ဖိုင်းများထဲတွင် မှုခင်း ဓာတ်ပုံ ဒါဇင်ခန့်ကို ရှာတွေ့သွားခဲ့ပြီး ရှိနေသည့် လူတိုင်းသို့ ဝေမျှပေးလိုက်၏။ ပြီးနောက် လူတိုင်းကလည်း တစ်ပုံချင်းစီ သေချာကြည့်ရှုကြသည်။
“ အခင်းဖြစ်တဲ့နေရာမှာ လောင်တဲ့မီးက ငါတို့ ထင်ထားသလောက် ပြင်းထန်မနေဘူးပဲ …” ကျန်းဟွေ့က မှတ်ချက် ပြုလိုက်သည်။
“ ငါတို့လည်း သတိထားမိတယ် …” ကျောက်ရာကျွင် ပြောလိုက်ပြီး “ ဒီလောက်မီးလေးက လူတစ်ယောက်ကို အဲ့လောက် အတိုင်းအတာအထိ ဖြစ်အောင် လောင်ကျွမ်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး … အဲ့တာကြောင့် ငါတို့လည်း သံသယဝင်လာတယ် … ဆေးမှုခင်းဌာနက ထပ်ခါထပ်ခါ စစ်ဆေးပြီးတော့မှပဲ နောက်ဆုံး ဒီလို ကောက်ချက်မျိုးကို ချနိုင်ခဲ့တာ ….”
“ လောင်ကျန်း … ဒါကို တစ်ချက်ကြည့်ဦး ….”
ကျူးကျွင်းချီက ဓာတ်ပုံတစ်ပုံကို ကမ်းပေးလာသည်။
ယင်းက အိမ်ထဲရှိ အိပ်ခန်းဓာတ်ပုံဖြစ်ပြီး ထိခိုက်ပျက်စီးမှုက သိပ်မပြင်းထန်လှပေ။
“ ဒါဘာလဲ …”
“ မှန်တင်ခုံဘေးမှာ ပုတီးနဲ့ ဗုဒ္ဓဆွဲသီး ရှိနေတယ် ….”
“ သူလည်း ဗုဒ္ဓကို ယုံကြည်သူပေါ့ …” လင်းရီ အံ့အားတကြီး မြည်တမ်းမိသွားခဲ့၏။
“ အတည်ပြုဖို့က လွယ်ပါတယ် … ခဏနေ မိသားစုဝင်တွေကို မေးလိုက်ရင် သေချာ သိရပြီပဲလေ …”
“ အစ်ကိုဟွေ့ … ညီမ အသစ်တစ်ခု တွေ့ထားပြီ …” ကျန်းဇီရှင်းက စာရွက်စာတမ်း တစ်ခုကို ကိုင်ထားလျက် စိတ်လှုပ်ရှားကြီးစွာဖြင့် အော်ပြောလိုက်သည်။ “ စုန့်လင်းရဲ့ မွေးရပ်မြေကလည်း ကျင်းသုန်ရွာကပဲ ….”
“ ငါ့ကိုပြစမ်း …”
ကျန်းဟွေ့က စာရွက်ကိုယူပြီး လူတိုင်းကလည်း သူ့နားဝိုင်းအုံလာကြသည်။
ထိုအချိန်အခိုက်အတန့်၌ သူတို့၏ သံသယများက ခိုင်မာသည့် ရေရာမှု တစ်ခုအဖြစ်သို့ ဖြစ်တည်လာသည်။
“ ဘာလဲ … ကျင်းသုန်ရွာနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခု ရှိနေလို့လား …” ကျောက်ရာကျွင်း ဇဝေဇဝါ ဖြစ်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။
“ ငါတို့ ရှင်းရှန်းဗျူရိုရဲ့ စီမံပိုင်ခွင့်အောက်မှာ လူသေမှု နှစ်ခု ဖြစ်ခဲ့တယ် … ပြီးတော့ နစ်နာသူတွေ အကုန်လုံးက ကျင်းသုန်ရွာကပဲ .. အဲ့နောက် ပေါင်ရှန်းခရိုင်မှာလည်း နောက်ထပ် လူသေမှု ဖြစ်ခဲ့တယ် … နစ်နာသူကလည်း ကျင်းသုန်ရွာကပဲ … အခု စုန့်လင်းကလည်း ကျင်းသုန်ရွာဇာတိ ဆိုတော့ … ဒါ တိုက်ဆိုင်မှုသပ်သပ်တော့ မဖြစ်နိုင်တော့ဘူး …”
ကျောက်ရာကျွင်း အမူအရာမှာ အေးခဲသွားခဲ့သည်။
“ ဒီတော့ ကွင်းဆက်လူသတ်မှု ဖြစ်နေတာကိုး … အရင် အတွေ့အကြုံတွေအပေါ် အခြေခံပြီး ပြောရရင် ပြဿနာက ကျင်းသုန်ရွာမှာပဲ ရှိနေလောက်တယ် ….”
“ ငါတို့ တွေးမိတာလည်း အဲ့လိုပဲ …” ကျန်းဟွေ့ ဆိုလိုက်ပြီး “ ဒါပေမယ့် အဲ့တာ မတိုင်ခင် သူ့ မိသားစုကို မေးခွန်းတစ်ချို့ မေးမြန်းဖို့လိုတယ် …”
“ အမှုက မင်းတို့နဲ့ ဆက်စပ်နေတယ်ဆိုမှတော့ မင်းတို့ဆီပဲ လွှဲပေးလိုက်တော့မယ် …” ကျောက်ရာကျွင်း ပြောလိုက်ပြီး “ တကယ်လို့ တစ်ခုခု အကူအညီလိုတယ်ဆိုရင် ငါတို့ကို ဖုန်းတစ်ချက် လှမ်းခေါ်လိုက် ….”
“ အိုကေ … ကောင်းပြီ ….”
ယဉ်ကျေးသည့် စကားတစ်ချို့ ပြောဆိုပြီးနောက် သူတို့တွေ ထွက်လာခဲ့ကြသည်။
“ ကျန်းဖန့် … ရှင်းရှင်း … မင်းတို့နှစ်ယောက်က နစ်နာသူရဲ့ အိမ်ကို သွားပြီး အဲ့နားတစ်ဝိုက်က စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို ကော်ပီသွားယူလာခဲ့ ….”
“ ဟုတ်ကဲ့ … နားလည်ပါပြီ အစ်ကိုဟွေ့ …” ကျန်းဖန့် ခေါင်းညိတ်လိုက်သည်။
“ လောင်ကျူး … မင်းကတော့ စုန့်လင်းနဲ့ ရင်းနှီးတဲ့လူတွေကို လိုက်ပြီး စုံစမ်းဖို့လိုမယ် … ဝမ်ကျန့်ရှုအပြင် ဖန်းတရဲ့၊ မာဟိုင်ချန်တို့နဲ့ အဆက်အသွယ် ရှိမရှိ ကြည့်လိုက် … မဟုတ်လည်း ကျင်းသုန်ရွာက တစ်ခြားလူတွေနဲ့ပေါ့ ….”
“ အိုကေ …”
တာဝန်များ ခွဲဝေပြီးနောက် ကျန်းဟွေ့သည် ဟော်မန့်ရှန်းနှင့် တွေ့ဆုံပြီး အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်၏။ ပြီးနောက် သူတို့သားအဖနှစ်ယောက်ကို ရှင်းရှန်းရဲစခန်းသို့ ခေါ်လာလေသည်။
“ အရာရှိကြီး … ကျုပ်မိန်းမက အစားအသောက် ဒီလီပို့တဲ့လူနဲ့ စကားများ ရန်ဖြစ်ဖူးတယ် … “ ဟော်မန့်ရှန်းက ဒေါသတကြီးနှင့် ပြောဆိုလိုက်ပြီး “ အဲ့ကောင် ရန်ငြှိုးထားပြီး ကျုပ်အိမ်ထဲကို ခိုးဝင် … ဒီလို လူမဆန်တဲ့ လုပ်ရပ်မျိုး လုပ်ခဲ့တာပဲ ဖြစ်ရမယ် …”
“ အခြေအနေက ခင်များ ထင်သလို ရိုးရှင်းမနေဘူး ….” ကျန်းဟွေ့ ပြောလိုက်ပြီး “ ခင်များမိန်းမ မသေခင် ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်ခဲ့သေးလား …”
“ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေလား …..”
“ သူ တစ်ခြား သူစိမ်းတစ်ယောက်ယောက်နဲ့ တွေ့ခဲ့သေးလား … ဒါမှမဟုတ် ခါတိုင်းနဲ့ မတူဘဲ ထူးထူးခြားခြားတွေ ပြုမူခဲ့သေးလားလို့ ပြောချင်တာ ….”
“ မဟုတ်ဘူး … မရှိဘူး ….” ဟော်မန့်ရှန်း ပြောလိုက်ပြီး “ သူ အလုပ်သွားတယ် … ခါတိုင်းလိုပဲ အိမ်ပြန်လာတယ် … ဘာထူးဆန်းတာမှ မရှိဘူး ….”
“ ခင်များတို့နှစ်ယောက် အိမ်ထောင်သက်တမ်း ဘယ်နှနှစ် ကြာပြီလဲ ….” ကျန်းဟွေ့ ဆက်ပြီး မေးမြန်းလိုက်၏။
“ ၂၅ နှစ်နီးပါးလောက် ရှိပြီ ….”
“ မှတ်တမ်းဖိုင်တွေ အရဆိုရင် ခင်များမိန်းမရဲ့ မွေးရပ်မြေက ကျင်းသုန်ရွာနော် … အိမ်ထောင်သက်တမ်း တစ်လျှောက်မှာ သူ့ဆွေမျိုးတွေဆီ သွားလည်ဖြစ်သေးလား ….”
“ ကျုပ် မှတ်မိသလောက်ဆိုရင်တော့ …. မရှိဘူး ….” ဟော်မန့်ရှန်း ပြောလိုက်ပြီး “ ကျုပ်တို့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ခမည်းခမက်ကို ကျုပ်တို့နဲ့ အတူ နေဖို့ ခေါ်လိုက်တယ် … သူ့ မွေးရပ်မြေမှာ ဘာဆွေမျိုးမှ မရှိတော့ဘူး … ဒီတော့ ပြန်သွားစရာ အကြောင်းလည်း မရှိဘူးလေ ….”
“ သူ့အဖေကို ခေါ်ဖို့ ပြန်သွားခဲ့တာတောင် ခင်များက မသွားပါဘူး ဆိုနေတယ်ပေါ့ ….” ကျန်းဟွေ့ တင်းမာသည့် မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်သည်။
“ မဟုတ်ဘူး မဟုတ်ဘူး … ကျုပ်မိန်းမ မသွားဘူး …. သွားခဲ့တာက ကျုပ် ….”
“ သမီးရင်း တစ်ယောက် ဖြစ်နေပါလျက်နဲ့ အဖေ ဖြစ်သူကို ကြိုဖို့ သူကိုယ်တိုင် မသွားခဲ့ဘူးပေါ့ …”
ထိုစကားကြားတော့ လင်းရီနှင့် ကျန်းဟွေ့တို့နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။