အခန်း ၄၃၀
Vol. 43 Ch. 430
အခန်း။ ၄၃၀
"မင်း နောက်ဆုံးတော့လည်း ပြန်လာတတ်ပြီပေါ့"
ခေါက်ယပ်တောင်ကို ကိုင်ဆောင်ထားကာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် ပေါ့ပေါ့ပါးပါး လူငယ်တစ်ဦးက ရှေ့ကို တိုးလာပြီး လုံယီ၏ ရင်ဘတ်ကို လက်သီးဖြင့် အားပါးတရ ထိုးလိုက်သည်။
မျက်လုံးဝိုင်းဝိုင်း၊ နဖူးပြန့်ပြန့်၊ မေးရိုးကျယ်ကျယ်နှင့် ဆောင်းရာသီတွင်ပင် ယပ်တောင်ကို ဝှေ့ယမ်းနေတတ်သူမှာ အချိန်အတော်ကြာ မတွေ့ရတော့သည့် ကျန်းဝေတမှတစ်ပါး အခြားသူ မဟုတ်ပေ။
"မင်း အိမ်ထောင်ပြုတော့မယ်ဆိုလို့ ညတွင်းချင်း အပြေးအလွှား ပြန်လာခဲ့တာ"
လုံယီသည် ကျန်းဝေတ၏ အနောက်ဘက်တွင် ရပ်နေသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ နုနယ်လှပသော မျက်နှာသွင်ပြင်ရှိပြီး ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော်လည်း အနည်းငယ် ဖောင်းကားနေသော ဝမ်းဗိုက်ကို မဖုံးကွယ်နိုင်ပေ။
"ရှူယွန်း သူမက..."
လုံယီက အံ့ဩစွာ မေးလိုက်သည်။
"ကျွန်တော်တို့ မနှစ်ကတည်းက လက်ထပ်ဖို့ ပြင်ထားတာ။ မင်းကို စောင့်နေရင်းနဲ့ပဲ အခုထိ ရောက်လာတာလေ"
ကျန်းဝေတက မကျေမနပ်ဖြင့် ပြောသည်။
"ကောင်းပါပြီ ကောင်းပါပြီ။ ငါ မင်းကို အပြည့်အဝ ပြန်လည် လျော်ကြေးပေးပါ့မယ်"
လုံယီသည် ပြုံးရွှင်စွာဖြင့် အခြားရင်းနှီးသူများထံသို့ လျှောက်သွားလိုက်သည်။
"ဦးလေး"
လုံယီ ဦးလေးဟု ခေါ်လိုက်သူမှာ ဆံပင်များ ရှုပ်ပွပြီး မုတ်ဆိတ်မွှေးများဖြင့်၊ ခြေဗလာနှင့် ရပ်နေသည့် သက်ကြီးဝါရင့် သိုင်းပညာရှင် အဘိုးကြီးရှီပင်။
လုံယီ သူ့၏ ကျင့်ကြံမှုကို အကဲခတ်ကြည့်ရာ ဝမ်ကျန်း၏ ထိပ်တန်းကျွမ်းကျင်သူဟောင်း မန်းကုန်းဟွားနှင့် မရှေးမနှောင်းပင် သိုင်းပညာရှင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"မင်းရဲ့ ညီမလေးဆီ မင်းတစ်ခါမှ မသွားဘူးလို့ ချိုင်ဖုန်းဆီက ကြားတယ်"
အဘိုးကြီးရှီက လက်ပိုက်ကာ မကျေနပ်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"အရင်က ကျင့်ကြံမှု မလုံလောက်လို့ တောင်ပေါ်က မဆင်းနိုင်ခဲ့တာပါ။ ဒီနှစ်ထဲမှာ သွားဖို့ စီစဉ်ထားပါတယ်"
လုံယီက ချက်ချင်းပင် ကတိပေးလိုက်သည်။ ထိုစကားကို ကြားသောအခါ အဘိုးကြီးရှီ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။
"အစ်ကိုကြီးယီ"
အဘိုးကြီးရှီ၏ ဘေးတွင် ရပ်နေသူမှာ လုံယီနောက်ကို လိုက်ပါလာခဲ့သည့် လျူယွမ်
ဖြစ်သည်။
အစ်ကိုကြီးယီဟူသည့် အခေါ်အဝေါ်မှာ သူ့အတွက်သာ သီးသန့်ဖြစ်သည်။
ယခုအချိန်တွင် လျူယွမ်မှာ မုတ်ဆိတ်များ ထွက်လာပြီး ယခင်ကထက် ပိုမိုတည်ငြိမ်သွားပုံ ရသည်။
"ဂိုဏ်းချုပ်"
"ဂိုဏ်းချုပ်"
ဝမ်ကျန်းဂိုဏ်းမှ အခြားသူများလည်း သတင်းကြားသည်နှင့် တစ်ဦးပြီးတစ်ဦး ပြေးထွက်လာကြသည်။
လက်တစ်ဖက်ပြတ်နေသည့် အဘိုးအို ကျင့်ကြံသူတာအိုဆရာ ရွှမ်းကျီ၊ ရွှေရောင်ဖရုံသီး လက်နက်ကိုင်ထားသည့် ဧရာမသိုင်းသမား ချူဖုန်း၊ အစွန်းရောက်လက်သီးဂိုဏ်းမှ သက်ကြီးဝါရင့် ချန်မုကျူး၊ နှင့် တိရစ္ဆာန်မုဆိုးအဖွဲ့မှ ယန်ဇီတို့မှာလည်း ပိုမိုတိုးတက်လာကြသည်။
လုံယီသည် လုံကျန်းမြစ်ကို ဖြတ်ကူးစဉ်က ကူညီခဲ့သည့် အဘိုးအိုလှေဦးစီးကိုလည်း တွေ့လိုက်ရသည်။ သူသည် ဆေးတံကို ကိုင်ကာ ရယ်မောပျော်ရွှင်နေဆဲပင်။
ထို့အပြင် ထူးဆန်းသော သူနှစ်ဦးလည်း ပါဝင်သည်။ အသက် (၁၀) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ ယခင်ကထက် ပိုမိုလှပလာပြီး သူ၏ နောက်ကျောတွင် အဖုနှစ်ခု ထွက်နေသည်။ သူ့ဘေးတွင်မူ ကြေးရောင်အသားအရေရှိပြီး မေးစေ့တွင် အနီရောင်အဖုရှိသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိသည်။
သူတို့မှာ လဲ့မြို့မှ အပြေးအလွှား လိုက်လာသည့် ဖုန်းဟဲ့ကွမ်းနှင့် သူ့သမီးတို့ ဖြစ်သည်။
ဖုန်းဟဲ့ကွမ်း၏ အရည်အချင်းမှာ အံ့ဩစရာကောင်းပြီး တစ်နှစ်ကျော်အတွင်း၌ပင် သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိသွားသည်။
"ဂိုဏ်းချုပ်လုံ အဆင်ပြေရဲ့လား"
ပင်အန်းရွာမှ ဒေသခံ ခေါင်းဆောင်များဖြစ်သည့် ဆန်းပန်းနှင့် ဆန်းရှန်းတို့ကလည်း လုံယီကို နွေးထွေးစွာ နှုတ်ဆက်ကြသည်။
ယခင်က အငြင်းပွားမှုများ ရှိခဲ့သော်လည်း လုံယီ မရှိသည့် လေးနှစ်အတွင်း ဝမ်ကျန်းဂိုဏ်းသည် ပင်အန်းရွာတွင် တပည့်များစွာ လက်ခံထားသဖြင့် ယခုအခါ ရွာနှင့် ပေါင်းစည်းသွားပြီ ဖြစ်သည်။
လူအုပ်ကြီးက လုံယီကို မြို့ထဲသို့ ပျော်ရွှင်စွာ ကြိုဆို၍ ခေါ်ဆောင်သွားကြသည်။
"အားယီ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းထဲမှာက ဘယ်လိုလဲ တုနှိုင်းမရတဲ့ ကျွမ်းကျင်သူတွေ အများကြီးလား"
ကျန်းဝေတက စိတ်လှုပ်ရှားစွာ မေးသည်။
"အထဲမှာ ပညာသင်ရတာ ဘယ်လိုရှိလဲ"
အဘိုးကြီးရှီကလည်း သိချင်စိတ်ဖြင့် မေးသည်။
လူအုပ်ကြီး၏ စူးစမ်းမေးမြန်းမှုများကြားတွင် လုံယီသည် ရွာပြန်ရောက်လာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
"အလောင်းထိန်းချုပ်ခြင်းဂိုဏ်းမှာတော့ ကျွမ်းကျင်သူတွေ အများကြီးပဲ။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတွေဆိုရင် မှော်ပစ္စည်းတွေနဲ့ ပျံသန်းနိုင်ကြတယ်။ တစ်ချက်တိုက်ခိုက်
လိုက်တာနဲ့ တောင်ကုန်းငယ်တွေကိုတောင် ချေမှုန်းနိုင်တယ်"
လုံယီက ပြုံး၍ ပြောလိုက်သည်။
သူတို့ စိတ်ဝင်စားမည့် အကြောင်းအရာများကို ရွေးချယ်ပြောပြလိုက်ရာ လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်သွားကြသည်။
"ငါသာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို တစ်ယောက်မက သတ်ဖြတ်ခဲ့ပြီးသားဆိုတာသာ သူတို့ သိသွားခဲ့ရင်... သူတို့မျက်နှာတွေ ဘယ်လိုတောင် ပျက်သွားကြမလဲဆိုတာ သိချင်နေပီ"
ပင်အန်းရွာမြို့တွင်းသို့ ပြန်ရောက်ပြီးနောက် လုံယီသည် ဝမ်ကျန်းဂိုဏ်း၏ အိမ်တော်၌ ခဏတာ နားနေလိုက်သည်။
ထို့နောက် မြို့၏ အစွန်အဖျားရှိ လူမသိသူမသိ နေရာတစ်ခုတွင် ရှိသော မသေမျိုးဆရာသခင်ရှဲ့ထံသို့ သွားရောက်၍ဂါရဝပြုခဲ့သည်။
တံခါးဝတွင်မူ အသက်ဝင်လှုပ်ရှားနေကာ ငါးသေကဲ့သို့မျက်လုံးနှင့် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မသေမျိုးဆရာသခင်ရှဲ့၏ လုံခြုံရေးကို စောင့်ကြပ်နေသည်။
သူသည် လုံယီကို မှတ်မိဟန်ဖြင့် ခေါင်းညိတ်၍ ဝင်ခွင့်ပေးလိုက်သည်။
ဆံပင်ဖြူသော်လည်း မျက်နှာသွင်ပြင် ဝင်းပနေသော မသေမျိုးဆရာသခင်ရှဲ့သည် အဆောင်တစ်ခု ရေးဆွဲပြီးစဖြစ်ကာ လုံယီကို မြင်လျှင် ပြုံး၍ ပြောလိုက်သည်။
"ကြာပြီနော် ဂိုဏ်းချုပ်လုံ။ အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်။ အရင်တုန်းက လမ်းညွှန်ပေးခဲ့တဲ့ မသေမျိုးဆရာသခင်ရှဲ့ရဲ့ ကျေးဇူးကိုလည်း အမြဲမှတ်မိနေပါတယ်"
လုံယီသည် လေးနက်သော အမူအရာဖြင့် အရိုအသေပေးလိုက်သည်။
သူတို့ ပင်အန်းရွာသို့ ပထမဆုံး ရောက်လာစဉ်ကတည်းက မသေမျိုးဆရာသခင်ရှဲ့သည် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ရွာသားများနှင့် တန်းတူ ဆက်ဆံခဲ့သည်။
ရှီချိုင်ဖုန်းနှင့် သူ့မောင်လေးကို မသေမျိုးတက်လမ်းသည့်ခွင့်ပြုမိန့်ပေးခဲ့ရုံသာမက လုံယီကိုလည်း ကျင့်ကြံခြင်းလောကအကြောင်း များစွာသင်ပေးကာ အလောင်းထိန်းချုပ်ခြင်းဂိုဏ်းသို့ လမ်းညွှန်ပေးခဲ့သူဖြစ်သည်။
"အို ဒါကတော့ အသေးအဖွဲကိစ္စပါ"
မသေမျိုးဆရာသခင်ရှဲ့က လျစ်လျူရှုစွာ ပြောသည်။ သူသည် လုံယီကို အံ့ဩစွာ ကြည့်လိုက်ပြီး "ဂိုဏ်းချုပ်လုံရဲ့ ကျင့်ကြံမှုက ချီစွမ်းအင်ကျင့်ကြံခြင်းအဆင့် ၄ အထိ ရောက်နေပြီပဲ။ ဒီနှစ်တွေအတွင်းမှာ အတော်လေး ကြိုးစားခဲ့ပုံပဲနော်" ဟု ပြောလိုက်သည်။
"ကံကောင်းလို့ပါ"
လုံယီက ပြန်ဖြေလိုက်သည်။
စကားစမြည် ပြောဆိုကြရင်း မသေမျိုးဆရာသခင်ရှဲ့က "လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျင့်ကြံသူ မိသားစုတစ်ခု ရောက်လာပြီး ရွာကို ဒုက္ခပေးဖို့ ကြိုးစားသေးတယ်။ အဲဒီနေ့က ငါက တောင်ပေါ်မှာ ဆေးမြစ်ရှာနေတာမို့ မရှိလိုက်ဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ နက်နဲတဲ့ အနက်ရောင် သံချပ်ကာလူတစ်ယောက် ပေါ်လာပြီး..." ဟု လုံယီ၏ ကိုယ်ပိုင်အလောင်းဖြစ်သူ လုံအာအကြောင်းကို ပြောပြသည်။
လုံယီကလည်း သူ၏ သူငယ်ချင်းဖြစ်ကြောင်း ပြုံး၍ ဖြေလိုက်သည်။
အကြောင်းစုံကို မရှင်းပြရသေးသော်လည်း မသေမျိုးဆရာသခင်ရှဲ့က တစ်စုံတစ်ခုကို နားလည်ဟန်ဖြင့် ခေါင်းညိတ်သည်။
သွားရောက်လည်ပတ်မှု မဆုံးမီ လုံယီသည် အဆောင်များ၊ မှော်ပစ္စည်းများနှင့် မူလချီစွမ်းအင်ကို အလွန်ဖြည့်ဆည်းပေးနိုင်သော အနှစ်တစ်ထောင်သက်တမ်းရှိ ဂျင်ဆင်းတို့ကို မသေမျိုးဆရာသခင်ရှဲ့အတွက် ထားရစ်ခဲ့သည်။
အခြားသော မာနကြီးသည့် ကျင့်ကြံသူများနှင့် မတူဘဲ မသေမျိုးဆရာသခင်ရှဲ့သည် သူ၏ ဘဝတစ်ဝက်ကို ပင်အန်းရွာအတွက် အနစ်နာခံခဲ့သူဖြစ်ရာ လုံယီသည် သူ့ကို အမြဲလေးစားခဲ့သည်။
နောက်ပိုင်းရက်များတွင် လုံယီသည် ပင်အန်းရွာ၌သာ ဆက်နေခဲ့သည်။
ဝမ်ကျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော်လည်း မည်သည့်ကြီးမားသော လှုပ်ရှားမှုမှ မလုပ်ဘဲ ဂိုဏ်း၏ စနစ်ကိုသာ ပြန်လည် လေ့လာပြီး တပည့်များ၏ မေးခွန်းများကို ဖြေရှင်းပေးခဲ့သည်။ သူ မရှိသည့်ကာလတွင်လည်း ဂိုဏ်းမှာ ကောင်းမွန်စွာ လည်ပတ်နေသဖြင့် အနှောင့်အယှက် မပေးတော့ပေ။
ထို့အပြင် ဆန်းပန်းနှင့် အဘိုးကြီးရှီတို့ထံမှ သတင်းများ ရယူကာ ပင်အန်းရွာ ပတ်ဝန်းကျင်ရှိ နတ်ဆိုးများကို အမြစ်ပြတ် ရှင်းလင်းပေးခဲ့သည်။
မကြာမီပင် ကျန်းဝေတ၏ မင်္ဂလာဆောင် ပွဲတော်သို့ ရောက်ရှိလာသည်။
ပင်အန်းရွာတွင် လပေါင်းများစွာအတွင်း အကြီးကျယ်ဆုံးပွဲဖြစ်ပြီး မင်္ဂလာဆောင်သည် အနီရောင်ဖဲကြိုးများနှင့် စည်ကားနေသည်။
ဝမ်ကျန်းဂိုဏ်း၏ အိမ်တော်ရှေ့တွင်လည်း ကလေးငယ်များအတွက် မုန့်များ ဝေပေးထားသည်။
အနီရောင်ဝတ်စုံနှင့် ကျန်းဝေတ၊ မင်္ဂလာဦးသတို့သမီး ရှူယွန်းတို့မှာ အလွန်ပင် လိုက်ဖက်ညီလှသည်။
အနည်းငယ် ကြာပြီးနောက် မနက်စောစောတွင် လုံယီသည် ဝမ်ကျန်းဂိုဏ်းဝင်အားလုံးကို ခေါ်ယူစုစည်းလိုက်သည်။
"ဒီနေ့ခေတ်မှာ သိုင်းပညာလမ်းကြောင်းက ပြတ်တောက်သွားပြီ။ မသေမျိုးလမ်းကြောင်းနဲ့ ယှဉ်ဖို့ ခက်ခဲတယ်။ ဒါပေမဲ့ လမ်းကြောင်း ပြတ်တောက်နေရင်တောင် ဆက်လျှောက်ဖို့ ကြိုးစားကြည့်လို့ ရပါတယ်။ ဒီနှစ်တွေအတွင်းမှာ ငါ နားလည်သဘောပေါက်ခဲ့တဲ့ အတွေ့အကြုံတွေကို မင်းတို့အားလုံးနဲ့ ဝေမျှချင်တယ်"
လုံယီက ကြေညာလိုက်သောအခါ လူတိုင်း၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုဖြင့် တောက်ပသွားကြသည်။