အခန်း (၁၀၈၃)
Vol. 105 Ch. 1083
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင် မြင့်မြတ်နယ်မြေမှ နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ ထွက်ခွာလာလိုက်၏။ မရေမတွက်နိုင်သည့် နဂါးသွေးနွယ်ဖွားများအား နှုတ်ဆက်ရန်ပင် ဂရုမစိုက်တော့ပေ။
မြင့်မြတ်နယ်မြေနှင့် သူ၏ဆက်ဆံရေးကမူ အလွန်တရာ တင်းမာသွားလေပြီ။ ကျယ်ပြောလှသည့် လောကကြီးထဲ၌ သဘာဝအတိုင်း ဝေးကွာသွားကာ အချင်းချင်း မေ့ပစ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ဤကမ္ဘာနှင့် သူ၏ ဆက်နွှယ်မှုမှာ အမြဲတမ်း အလွန်တရာ ထူးဆန်းနေ၏။ မိခင်ဖြစ်သူမှာ သူတို့၏ ပထမဆုံးသော ကယ်တင်ရှင် ဖြစ်ခဲ့သော်လည်း နောက်ဆုံး၌ မြင့်မြတ်နယ်မြေ ဘုရင်မ၏ ဦးဆောင်မှုအောက်၌ အသတ်ခံရသည်။
ထိုအဖြစ်ဆိုးအပြီး၌ နဂါးသွေးနွယ်ဖွားများသည် နဂါးဆန့်ကျင်ရေး ဝါဒဖြန့်မှုများကို အပြည့်အဝ လက်ခံယုံကြည်သွားကြသည်။ ဤအမုန်းတရားများကို ဘုရင်မနှင့် မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားတို့က ကြိုးကိုင်ဖန်တီးခြင်း ဖြစ်သော်ငြား နဂါးသွေးနွယ်ဖွား မျိုးနွယ်စု၏ မွေးရာပါ မာန ၊ မောက်မာမှုတို့နှင့်လည်း ကွက်တိကျစွာ ကိုက်ညီနေ၏။
ဆိုရိုးစကား ရှိသည့်အတိုင်းပင်။ နှင်းတောင်ပြိုကျသည့်အခါ မည်သည့်နှင်းပွင့်ကမျှ သူတို့၌ တာဝန်ရှိသည်ဟု မခံစားကြရချေ။
မြင့်မြတ်နယ်မြေကမ္ဘာသည် မျိုးတုံးပျောက်ကွယ်မည့် အန္တရာယ်နှင့် နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရ၏။ အဓိက တရားခံများမှာ အိမ်ရှေ့စံမင်းသားနှင့် ဘုရင်မတို့ ဖြစ်ကြသော်လည်း သာမန် နဂါးသွေးနွယ်ဖွားများသည်ကော တကယ်ပဲ အပြစ်ကင်းကြသည်လား။ လုံးဝ မကင်းချေ။
ယခင်တုန်းက ကံကြမ္မာ မိစ္ဆာဘုရင် အလွန် တိကျမှန်ကန်သည့် မှတ်ချက်တစ်ခု ပေးခဲ့ဖူးသည်။ ကယ်တင်ရှင်တစ်ယောက်အနေဖြင့် အမည်ခံ ဂုဏ်ကျက်သရေကို ဘယ်သောအခါမှ သာယာယစ်မူးမနေသင့်သလို ကယ်တင်ခံရသူများ၏ အကြွင်းမဲ့ ကိုးကွယ်မှုကိုလည်း လက်ခံမနေသင့်ပေ။
သို့မဟုတ်ပါက သင်ကိုယ်တိုင် ကယ်တင်ခဲ့သည့် လူများကပင် တစ်နေ့၌ သင့်မျက်နှာအား မြေကြီးနှင့်ပွတ်ကာ နင်းခြေသွားကြပေလိမ့်မည်။
နန်းတော်၏ ရင်ပြင်ကျယ်ကြီးထဲ၌ တုပိုင်၏ ဧရာမ ရုပ်တုကြီးတစ်ခု ချန်ရစ်ခြင်းကပင် လုံလောက်သည်ထက် ပိုနေလေပြီ။ အကယ်၍ မရေမတွက်နိုင်သည့် နဂါးသွေးနွယ်ဖွားများသည် ကျေးဇူးတင်မှုကို အမှန်တကယ် ဖော်ပြလိုပါက ထိုရုပ်တုကြီးအား ဦးညွှတ်ရုံဖြင့် ရနိုင်၏။ သူတို့အတွက် ဘာတစ်ခုမှ ပေးဆပ်စရာမလိုဘဲ တုပိုင်၏ အမွေအနှစ်ကိုလည်း အချိန်ကြာမြင့်စွာ အမှတ်ရနေစေမည် ဖြစ်၏။
သာဓကအနေဖြင့် တုပိုင် ထွက်ခွာသွားပြီဟူသည့် သတင်းကို နဂါးသွေးနွယ်ဖွားများ ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုဧရာမရုပ်တုကြီးထံသို့ အုံနှင့်ကျင်းနှင့် သွားရောက်ကြကာ ရူးသွပ်မတတ် ဦးညွှတ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးကြတော့သည်။
ရန်ယဲ့ရှောင်သည်လည်း မြင့်မြတ်နယ်မြေမှ ထွက်ခွာလာပြီး ထိုက်ခန်အင်ပါယာ၏ မြို့တော်ဆီသို့ ခရီးဆက်လိုက်၏။
**--**--**--**--**--**--**--**
တုရှောင် မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီးနောက် ရန်ယဲ့ရှောင်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားကာ လွမ်းဆွတ်တမ်းတစွာ ခေါ်လိုက်သည်။ "မေမေ..."
ကောင်မလေး ဖန်ရှောင်ကလည်း ရှေ့သို့ ပြေးဝင်လာကာ ရန်ယဲ့ရှောင်၏ လည်ပင်းကို ချစ်ခင်စွာ ဖက်တွယ်လိုက်သည်။ "မေမေ"
အနီး၌ ရပ်နေသည့် နတ်မိမယ် နီရှန်၏ မျက်နှာမှာမူ မကျေနပ်မှုနှင့် စိတ်ပျက်မှုတို့ကြောင့် ဖြူရော်သွားသည်။
ဖန်ရှောင်သည် သူမ၏ သမီးအရင်းခေါက်ခေါက် ဖြစ်သော်လည်း ထိုကောင်မလေးက တခြားသူများအပေါ်၌သာ ချစ်ခင်ယုယမှု ပြသနေ၏။
နင်းရွှဲ့ ၊ ဖန်းချင်းယီတို့နှင့် ပျော်ရွှင်စွာ တွယ်ကပ်နေတတ်ပြီး ယခုလည်း ရန်ယဲ့ရှောင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှာပင် ချက်ချင်းဆိုသလို နွေးထွေးမှု ပြသနေပြန်သည်။
ကောင်မလေးက မအေးမပူနှင့် ဂရုမစိုက်ဘဲ ဆက်ဆံသည့် တစ်ဦးတည်းသောသူမှာ မိခင်အရင်းဖြစ်သူ နီရှန်ပင်။
ရန်ယဲ့ရှောင်သည်လည်း သူမ၏ အဖိုးတန် သမီးလေးကို ကြင်နာယုယစွာ ငေးကြည့်နေ၏။ ဆယ်စုနှစ်တစ်ခုကျော်ပင် ကြာမြင့်သွားလေပြီ။ နောက်ဆုံးအကြိမ် အတူရှိစဉ်က ကလေးမလေးမှာ အသက်ငါးနှစ် အရွယ်သာ ရှိသေးသည်။
ယခုမူ အသက်နှစ်ဆယ့်တစ်နှစ်အရွယ် လှပသည့် အမျိုးသမီးငယ်တစ်ဦးအဖြစ် သူမ၏ ရှေ့မှောက်၌ ရှိနေလေပြီ။
ကလေးမသည် ရန်ယဲ့ရှောင် စိတ်ကူးထားသည့်အတိုင်း အတိအကျပင် လှပလွန်းနေ၏။ ခင်ပွန်းဖြစ်သူ တုပိုင် ပြောသလိုပင် တကယ်ကို ပြီးပြည့်စုံသည့် သမီးလေး ဖြစ်သည်။
ထို့နောက် ရန်ယဲ့ရှောင်၏ အကြည့်များက ဖန်ရှောင်ထံသို့ ရွှေ့လျားသွားသည်။ ကောင်မလေးမှာ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ပြီး အရပ် ၅ ပေကျော်ရုံမျှသာ ရှိ၏။ ရန်ယဲ့ရှောင်၌ သွေးနတ်သူငယ်တစ်ဦးကဲ့သို့ အရပ်ရှည်ပြီး သွယ်လျကျော့ရှင်းသည့် အလှတရား ရှိနေသောကြောင့် လည်ပင်းအား တွယ်ဖက်ထားသည့် ဖန်ရှောင်မှာ ချစ်စရာကောင်းသော ကိုအာလားလေးတစ်ကောင်နှင့် တူနေသည်။
ကောင်မလေး၏ မျက်လုံးများက အလွန်တရာ ကြီးမားကာ တောက်ပနေပြီး ကျောက်မျက်ရတနာများကဲ့သို့ စင်ကြယ်ကာ အဆုံးအစမဲ့ ဆွဲဆောင်မှုများ ဖြာထွက်နေ၏။
သူမသည် အလွန်တရာ လှပကျော့ရှင်းပြီး သေးငယ်သည့် မျက်နှာလေးထက်၌ ချစ်စဖွယ် ကလေးသဘာဝ ပါးဖောင်းဖောင်းလေးများ ရှိနေဆဲ ဖြစ်သည်။ တကယ်ကို အသည်းယားစရာ ကောင်းလွန်းလှ၏။
သည်းမခံနိုင်တော့ဘဲ ရန်ယဲ့ရှောင်က ကောင်မလေး၏ ပါးပြင်များကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ အုပ်ကိုင်လိုက်ပြီး ခပ်ဖွဖွ ပွတ်သပ်ကာ နှာခေါင်းလေးအား ချစ်ခင်စွာ နမ်းရှိုက်လိုက်သည်။
**--**--**--**--**--**--**--**
တုရှောင်က မိခင်ဖြစ်သူ၏ ရင်ခွင်ထဲ၌ သက်သောင့်သက်သာ ခွေဝင်နေပြီး ရန်ယဲ့ရှောင်က တုပိုင်၏ ရင်ခွင်ထဲသို့ အပြည့်အဝ မှီချထား၏။
ပြန်လည်ဆုံစည်းသွားသည့် မိသားစုဝင် သုံးဦးမှာ ငြိမ်းချမ်းစွာ တိတ်ဆိတ်လျက် ထိုင်နေကြပြီး အချိန်၏ အဆုံးအစမဲ့ ပျော်ရွှင်မှုကြီးထဲ၌ နစ်မျောနေကြ၏။
စကားများသည့် ညီမဖြစ်သူနှင့် မတူဘဲ တုရှောင်က စကားနည်းသော မိန်းကလေး ဖြစ်သည်။ သို့သော် အထီးကျန်ဆန်သူ တစ်ယောက် လုံးဝ မဟုတ်ပေ။
သူမ၏ ခံစားချက်များက နက်ရှိုင်းစွာ စူးစိုက်လွန်းပြီး အလွန်တရာ ပြင်းပြနေခြင်းသာ ဖြစ်၏။ အချိန်အကြာကြီး ခွဲခွာနေရပြီးနောက် မိခင်ဖြစ်သူအား တင်းကြပ်စွာ ဖက်တွယ်ထားရုံဖြင့် စကားပြောရန် မလိုအပ်တော့ဟု သူမ ခံစားနေရသည်။
တုပိုင်က ပြုံးရွှင်စွာ အကြံပြုလိုက်သည်။ "အဖေတို့ ဆယ်လ်ဖီ အတူတူ ရိုက်ကြမလား။"
"ရတာပေါ့။"
"ဟုတ်ကဲ့။"
အမျိုးသမီး နှစ်ဦးစလုံးက ပျော်ရွှင်စွာ သဘောတူလိုက်ကြ၏။
တုပိုင်သည်လည်း ဖုန်းကို ထုတ်ယူလိုက်သည်။ ရင်းနှီးကျွမ်းဝင်နေသည့် နေရာများယူလျက် ရန်ယဲ့ရှောင်နှင့် တုရှောင်တို့က တုပိုင်၏ ရင်ဘတ်ကို မှီချလိုက်ပြီး ပြုံးရွှင်နေသည့် သူတို့ သုံးဦး၏ မျက်နှာများကို နီးကပ်စွာ ကပ်ထားလိုက်ကြ၏။
"ချလပ်..."
ပြီးပြည့်စုံလှသည့် မိသားစု ပုံရိပ်လေးတစ်ခုကို ရိုက်ကူးလိုက်လေပြီ။
ရန်ယဲ့ရှောင်က ဂရုတစိုက် မေးလိုက်သည်။ "ရှောင်ရှောင်... မေမေတို့ ပြန်ဆုံပြီးကတည်းက သမီး သိပ်စကားမပြောပါလား။ သမီး ဘာတွေ စဉ်းစားနေတာလဲ။"
တုရှောင်က ခဏတာ စဉ်းစားလိုက်ပြီး ဘာပြောရမှန်း မသေချာဖြစ်သွား၏။
'သမီးတို့ မိသားစုလေး ထာဝရ ပျော်ပျော်ရွှင်ရွှင် အတူတူ ရှိနေဖို့...' ထိုဆန္ဒက အသံထွက်ပြောရန်ပင် စျေးကြီးလွန်းနေသည်ဟု သူမ ခံစားရသည်။ ဤသည်မှာ သူမ၏ ရင်ထဲ၌ အမြဲတစေ ဆုတောင်းနေသည့် အရာဖြစ်သော်လည်း နှုတ်မှ ထုတ်ဖော်ပြောဆိုရန် အလွန် ခက်ခဲလွန်းနေ၏။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တုရှောင်က ပြုံးစစဖြင့် စနောက်လိုက်သည်။ "မေမေ ၊ ဖေဖေ... နှစ်ယောက်စလုံးက ငယ်တုန်းပဲလေ ၊ သမီးအတွက် မောင်လေး ဒါမှမဟုတ် ညီမလေး တစ်ယောက်လောက် မွေးပေးသင့်တယ်။"
ထိုစကားနှင့်အတူ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲမှ ညင်သာစွာ ရုန်းထွက်လိုက်သည်။ သူမက အကြောင်းပြချက်ပေးကာ တိုးတိုးလေး ပြောလိုက်သည်။ "သမီး ဟင်းသွားချက်လိုက်ဦးမယ်။ မဟုတ်ရင် ဖန်ရှောင်က ဗိုက်ဆာပြီဆိုပြီး ဂျီကျနေလိမ့်မယ်။" ထို့နောက် အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်သွားတော့သည်။
ရင်ထဲ၌ ပျော်ရွှင်မှုများ အပြည့်အဝ လွှမ်းမိုးနေသဖြင့် သူမ၏ ခြေလှမ်းတိုင်း၌ တက်ကြွမှုများ ရှိနေကာ လေပေါ်၌ လမ်းလျှောက်နေရသကဲ့သို့ တံခါးဝမှ လွင့်မျောထွက်သွားတော့၏။
တုရှောင် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရန်ယဲ့ရှောင်၏ မျက်နှာပေါ်မှ မျက်ရည်များ ကျဆင်းလာသည်။ သူမက တိတ်တဆိတ် ရှိုက်ငိုလိုက်သည်။ "ယောက်ျား... ကျွန်မတို့ရဲ့ သမီးလေးအတွက် ကျွန်မ ရင်နာလွန်းတယ်။ သူ အရမ်း ကြောက်နေတယ်။"
ရန်ယဲ့ရှောင် ဆိုလိုသည်ကို တုပိုင် ချက်ချင်း နားလည်လိုက်၏။ ဘဝတစ်လျှောက်လုံး မိဘများနှင့် အချိန်အကြာကြီး ခွဲခွာနေရသောကြောင့် တုရှောင်၏ ရင်ထဲ၌ မလုံခြုံမှုများ ပြည့်နှက်နေသည်။ နောက်ဆုံး၌ မိသားစု ပြန်လည်ဆုံစည်းခွင့် ရသည့် ဤနက်ရှိုင်းသော ပျော်ရွှင်မှုကြီးက သူမအတွက် အလွန်တရာ ကြီးကျယ်လွန်းနေသည်ဟု ခံစားရစေသည်။ ထိုပျော်ရွှင်မှုများ ပျောက်ကွယ်သွားမည်ကို အလွန်အမင်း ထိတ်လန့်နေပြီး ဤအခိုက်အတန့်ကို အလွန် သတိထားကာ ဖြတ်သန်းရန်သာ ရွေးချယ်လိုက်၏။
သကြားလုံး အရသာကို တစ်ခါမျှ မမြည်းစမ်းဖူးသည့် ကလေးငယ်တစ်ယောက်နှင့် တူနေ၏။ နောက်ဆုံး၌ သကြားလုံးတစ်လုံး ရလာသည့်အခါ တစ်လလုံး အသုံးခံစေရန် အလွန်အမင်း ကြိုးစားကာ တစ်နေ့လျှင် အနည်းငယ်မျှသာ လျက်ရန် လုပ်နေသကဲ့သို့ပင်။
တုပိုင်က ဇနီးဖြစ်သူ၏ မျက်ရည်များကို ကြင်နာယုယစွာ နမ်းရှိုက် သုတ်သင်ပေးရင်း တိုးညင်းစွာ နှစ်သိမ့်လိုက်သည်။ "ကိုယ်တို့တွေ ငယ်ပါသေးတယ် ၊ ဒီမှာတော့ မိသားစု ကန့်သတ်ချက်တွေ မရှိဘူးလို့ ထင်တာပဲ။ ကိုယ်တို့ ကလေးတစ်ယောက် ၊ နှစ်ယောက် ၊ သုံးယောက် ၊ လေးယောက်... နောက်ထပ် ငါးယောက်လောက်အထိ ထပ်ယူလို့ရသေးတယ်။"
ရန်ယဲ့ရှောင်က သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မ ဂရုမစိုက်ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ကျွန်မရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေကို အကုန်လုံး စုပ်ယူသွားပြီ။ လူဆယ်သက်စာလောက်ရှိတဲ့ ရည်မှန်းချက်တွေကို ကျွန်မ အသုံးပြုပြီးသွားပြီလေ။ အခုချိန်မှာတော့ အိမ်မှာပဲနေပြီး ဟင်းချက် ၊ ကလေးတွေကိုပဲ ပြုစုစောင့်ရှောက်ချင်တော့တယ်။"
ရန်ယဲ့ရှောင် အတိတ်ကို လွမ်းဆွတ်တမ်းတမိသည့် အတွေးများထဲ၌ နစ်မျောသွား၏။ ယခင်တုန်းက သူမသည် တုရှောင်ကို တစ်ဦးတည်း ပြုစုပျိုးထောင်ရသည့် မိခင်တစ်ဦး ဖြစ်သည်။ ကလေးလေး၏ ကျန်းမာရေးမှာ အလွန်တရာ အားနည်းလွန်းနေပြီး မွေးပြီးပြီးချင်း တစ်လတိတိ ဖန်ပေါင်းချောင်ထဲ၌ နေခဲ့ရသည်။
အားနည်းသော ကလေးငယ်လေးမှ သွက်လက်တက်ကြွသည့် ကောင်မလေးအဖြစ် ဖြည်းဖြည်းချင်း ကြီးပြင်းလာသည်ကို သူမ စောင့်ကြည့်ခဲ့ရ၏။ သို့သော် ထို့နောက်၌ ခွဲခွာရပြီး ရုတ်တရက်ပင် သမီးလေးမှာ အသက်နှစ်ဆယ်ကျော်အရွယ် လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦး ဖြစ်နေလေပြီ။ သူမသည် သမီးဖြစ်သူ၏ ဘဝမှ ဆယ်စုနှစ်တစ်ခုကျော်စာ အချိန်များကို လွဲချော်ခဲ့လေပြီ။
'မဖြစ်ဘူး။' ရန်ယဲ့ရှောင် ရင်ထဲမှ ကျိန်ဆိုလိုက်သည်။ 'ပြန်ပေးဆပ်ရမယ် ၊ ငါ သေချာပေါက် လုပ်မှဖြစ်မယ်။'
ခိုင်မာသည့် ဆုံးဖြတ်ချက်ဖြင့် ရန်ယဲ့ရှောင် တုပိုင်၏ ခါးပေါ်သို့ ခွထိုင်လိုက်ပြီး ရှပ်အင်္ကျီကို ရဲတင်းစွာ ဆွဲဆုတ်လိုက်သည်။ နောက်ထပ် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းချင်တော့ပေ။ ချက်ချင်း ကိုယ်ဝန်ဆောင်ချင်ပြီး ရင်ခွင်ထဲ၌ အသစ်စက်စက် ကလေးငယ်လေး တစ်ယောက်အား ပွေ့ချီထားချင်နေလေပြီ။
**--**--**--**--**--**--**--**
ထိုညနေခင်း၌ ကြီးမားလှသည့် မိသားစုကြီးသည် ညစာစားရန်အတွက် စားပွဲအရှည်ကြီးတစ်ခု၏ ဘေး၌ စုဝေးကြသည်။
အစားအသောက်များမှာ အထူးကောင်းမွန်လှပြီး ဟင်းလျာတိုင်းက စားချင်စရာကောင်းလှ၏။ တာ့နင်အင်ပါယာမှ သယ်ဆောင်လာသည့် အစားအစာကောင်းများကို စားသောက်ပြီးသွားကြပြီ ဖြစ်သော်လည်း အစားထိုးရန်အတွက် မြင့်မြတ်နယ်မြေမှ ရိက္ခာများကို အများအပြား ယူဆောင်လာကြသည်။
တုပိုင်သည် မြင့်မြတ်နယ်မြေကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ဖူးသောကြောင့် ထိုသယံဇာတများကို သုံးစွဲရခြင်းနှင့် ပတ်သက်၍ သေချာပေါက် အပြစ်ရှိသည်ဟု မခံစားရပေ။
သို့သော် စားပွဲဝိုင်းမှ လေထုမှာမူ ငြင်းဆန်၍မရနိုင်လောက်အောင် အနေခက်စရာ ကောင်းနေ၏။ ဤသည်မှာ အရှက်မရှိသည့် လူယုတ်မာ တုပိုင်၌ ဇနီးတစ်ဦးထက် ပိုမို ရှိနေခြင်းကြောင့် အများဆုံး ဖြစ်ရခြင်းပင်။
လွန်ခဲ့သည့် နှစ်များစွာက သူ၏ သစ္စာဖောက်မှုကြောင့် ရန်ယဲ့ရှောင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အထိ ကြိုးစားခဲ့ဖူးသည်။ ယခုမူ အမျိုးသမီး ငါးဦးမှာ တူညီသော စားပွဲဝိုင်းတစ်ခုတည်း၌ အတူတကွ ညစာ ထိုင်စားနေကြလေပြီ။
ကံကောင်းထောက်မစွာဖြင့် တိတ်ဆိတ်မှုက အကြွင်းမဲ့တော့ မဟုတ်ပေ။ တက်ကြွလှသည့် ဖန်ရှောင်က အဆက်မပြတ် စကားပြောနေပြီး ကျေးဇူးတင်စရာကောင်းသည်မှာ ကောင်မလေး၏ ဇာတ်လမ်းများက အမှန်တကယ်ပင် ဖျော်ဖြေမှုပေးနိုင်စွမ်း ရှိနေခြင်းပင်။
ဖန်ရှောင်၏ ကြိုးစားမှုများ ရှိနေသော်လည်း နီရှန် ၊ ကျီပြောင်ပြောင် ၊ လီတောက်ယွဲ့နှင့် ကျီယင်ယင်တို့မှာ အတော်လေး တိတ်ဆိတ်နေဆဲ ဖြစ်၏။ အထူးသဖြင့် ဖန်းချင်းယီသည် စကားတစ်ခွန်းမျှ မပြောဘဲ ဗလာကျင်းနေသည့် မျက်နှာထားဖြင့် သူမ၏ အစားအသောက်ကိုသာ စားသောက်နေသည်။
ရုတ်တရက် ရန်ယဲ့ရှောင်က မတ်တတ်ရပ်လိုက်သည်။
ပျားရည်အရက် အိုးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အမျိုးသမီးတစ်ဦးချင်းစီအတွက် ခွက်တစ်ခွက်စီ ကိုယ်တိုင် ငှဲ့ပေးလိုက်၏။
နွေးထွေးသည့် အပြုံးတစ်ခုဖြင့် သူမက စကားစလိုက်သည်။ "ဒါက မြင့်မြတ်နယ်မြေက ပျားရည်အရက်လေ။ ပြောရရင် ကျွန်မ ဝိုင်နီကို ဘယ်တုန်းကမှ မသောက်တတ်ခဲ့ဘူး။ အမြဲတမ်း ချဉ်လွန်းနေလို့လေ။ ဒါပေမဲ့ ဒီပျားရည်အရက်ကတော့ ပြီးပြည့်စုံအောင် စိမ်ထားတာ။ ချိုပေမဲ့ အရမ်းကြီး မအီဘူး။ ပြီးတော့ တော်တော်လေးလည်း အရသာရှိတယ်။ နည်းနည်းလေး မူးယစ်သွားစေပြီး အသားအရေအတွက်လည်း အရမ်းကောင်းတယ်လို့ ပြောကြတယ်။"
ထိုအရာက စိမ်းသက်နေသည့် အခြေအနေကို ဖြိုခွင်းလိုက်၏။
အလှအပနှင့် ပတ်သက်သည့် အပိုင်းကို ကြားလိုက်ရသောအခါ အမျိုးသမီးများက ရုတ်တရက် အသံများ ထွက်ပေါ်လာကြပြီး မကြာမီမှာပင် ထမင်းစားပွဲဝိုင်းလေးသည် တက်ကြွသည့် စကားသံများဖြင့် ပြည့်နှက်သွားတော့သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။