← Chapters

အခန်း (၁၀၈၄)

Vol. 105 Ch. 1084

အခန်း (၁၀၈၄)

Vol. 105 Ch. 1084

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

စကားဝိုင်းသည် အလှအပအကြောင်းများအပေါ်၌သာ လည်ပတ်နေ၏။ လီတောက်ယွဲ့က ရန်ယဲ့ရှောင်၏ အလွန်လှပသော ကိုယ်လုံးကိုယ်ပေါက်အား စိတ်အားထက်သန်စွာ ချီးမွမ်းနေသည်။

ရန်ယဲ့ရှောင်ကလည်း လီတောက်ယွဲ့၏ နုပျိုသောရုပ်ရည်ကို ပြန်လည်ချီးမွမ်း၏။ နတ်မိမယ် နီရှန်၏ အပြစ်အနာအဆာကင်းသော အသားအရေနှင့် မွှေးပျံ့သောရနံ့ကိုလည်း ချီးကျူးလိုက်ပြီး ကျီယင်ယင်၏ အေးချမ်းတည်ငြိမ်ကာ နတ်သမီးဆန်သော အသွင်အပြင်နှင့် ကျော့ရှင်းသော ကိုယ်လုံးကိုလည်း ချီးမွမ်းသေးသည်။

သို့သော် လီဝမ်ဝမ်နှင့် အန်ဂျလာတို့ကိုမူ ယခုတိုင် ရှာမတွေ့သေးပေ။

ပြီးခဲ့သည့်အကြိမ်က တုပိုင်သည် ကံကြမ္မာ မိစ္ဆာဘုရင် ကျောက်ယန်ဖိန်ကို အနိုင်ယူခဲ့စဉ်က အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ လက်ဝါးရိုက်ချက်တစ်ခုဖြင့် ကျောက်ယန်ဖိန်မှာ ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။ သို့သော် တုပိုင်က အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို သတ်ပစ်ပြီးနောက်၌ပင် လီဝမ်ဝမ်နှင့် အန်ဂျလာတို့၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။

အမျိုးသမီးများ ဆက်လက်၍ တက်ကြွစွာ စကားပြောနေကြရာ ဖန်ရှောင်၏ အသံကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။ အမျိုးသမီးများက ဖန်ရှောင် ပြောသည့် အကြောင်းအရာများကို လုံးဝ စိတ်မဝင်စားကြချေ။ ဖန်ရှောင်အတွက်မူ အလှအပနှင့် အသားအရေထိန်းသိမ်းမှု အကြောင်းများ ပြောဆိုနေခြင်းက အလွန်တရာ ပျင်းစရာကောင်းနေ၏။

တုမိုက ထိုမြင်ကွင်းအား အားကျသည့် အကြည့်ဖြင့် ကြည့်နေသည်ကို သတိထားမိသွားသဖြင့် ဖန်ရှောင်က ရုတ်တရက် လှမ်းပြောလိုက်သည်။ "တုမို... နင့်အမေတွေ ဘယ်လောက် သင့်သင့်မြတ်မြတ် ရှိနေလဲဆိုတာကို ကြည့်ပြီး နင် အားကျနေတာလား။"

တုမိုက ချက်ချင်း ခေါင်းငုံ့လိုက်ပြီး အစားအသောက်ပေါ်၌သာ အာရုံစိုက်ထားလိုက်၏။ ဒုတိယအစ်မဖြစ်သူက ရန်စတိုင်း သူက ဘာမှမကြားသလိုသာ ဟန်ဆောင်နေတတ်သည်။

ဖန်ရှောင်က စနောက်လိုက်သည်။ "စိတ်မပူပါနဲ့ တုမိုရယ်။ နင့်မှာ မိန်းမတွေနဲ့ ပတ်သက်ပြီး အဲဒီလို ကံမျိုး လုံးဝ မရှိပါဘူး။ ဒါကြောင့် နင့်မိန်းမတွေ အချင်းချင်း ရန်ဖြစ်မှာကို ဘယ်တော့မှ စိုးရိမ်နေစရာ မလိုဘူး။ နင့်ဘဝမှာ လူတစ်ယောက်ကိုပဲ လက်ထပ်နိုင်လိမ့်မယ် ၊ အဲဒါက လီရှောင်ထန်ပဲ။"

တုမို၏ မျက်နှာ ရှုံ့မဲ့သွားပြီး ပြောလိုက်သည်။ "အဖေ... သား ဗိုက်ဝပြီ။"

တုပိုင်က ပြုံးကာ ပြန်ပြောသည်။ "ဗိုက်ဝရင်လည်း သောက်စရာတစ်ခုခု သောက်လိုက်လေ။"

ဖန်ရှောင်က ဝင်ပြောလိုက်သည်။ "ဟုတ်တယ် တုမိုရဲ့။ လီရှောင်ထန် နင့်ကို ရေးပေးထားတဲ့ ရည်းစားစာကို အားလုံး ကြားအောင် ဘာလို့ မဖတ်ပြတာလဲ။"

တုမို အံကြိတ်လိုက်၏။ အကယ်၍ ဖန်ရှောင်သာ သူ၏ ဒုတိယအစ်မ မဟုတ်ခဲ့လျှင် ၊ ထို့အပြင် မိန်းကလေးတစ်ယောက်သာ မဟုတ်ခဲ့လျှင် သူမကို ရိုက်နှက်ပစ်ခဲ့သည်မှာ ကြာလှပြီဟု စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

ထိုစကားနှင့်အတူ ထမင်းစားပွဲပေါ်ရှိ စကားပြောဆိုမှု ခေါင်းစဉ်မှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ လူတိုင်းက တုမိုအား စနောက်ကြကာ ထိုရည်းစားစာကို ပြရန် အတင်းအကြပ် တောင်းဆိုကြတော့၏။

**--**--**--**--**--**--**--**

ထိုည နောက်ပိုင်း၌ ရန်ယဲ့ရှောင်၏ အခန်းထဲသို့ တုပိုင် တိတ်တဆိတ် ဝင်လာ၏။

ရန်ယဲ့ရှောင်က အိပ်မောကျနေရင်း ပင်ပန်းနွမ်းနယ်စွာ ပြောသည်။ "ယောက်ျား... ကျွန်မ ကလေးလေးကို ပြုစုနေတယ်။ တခြား ညီမတွေဆီ သွားလိုက်ပါ။"

'က​လေးလေး ဟုတ်လား။' တုပိုင် တွေးလိုက်သည်။ 'မင်းက ကိုယ်ဝန်တောင် မရှိသေးတာကို။ အဲဒီထဲမှာ သေးငယ်တဲ့ မျိုးစေ့လေးတောင် မရှိသေးဘူးလေ။'

ထို့အစား တုပိုင်က အကြံပြုလိုက်သည်။ "ကိုယ်တို့ အမိုးပေါ်တက်အိပ်ပြီး ကြယ်တွေကို ကြည့်ကြမလား။"

ရန်ယဲ့ရှောင်က ပြန်ဖြေလိုက်သည်။ "ကောင်းပြီလေ..."

**--**--**--**--**--**--**--**

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် တုပိုင်နှင့် သူ၏ အမျိုးသမီး ခြောက်ဦးတို့သည် ထိုက်ခန်အင်ပါယာ နန်းတော်၏ အမိုးပေါ်၌ လှဲလျောင်းကာ ကောင်းကင်ကြီးကို မော့ကြည့်နေကြ၏။

သေချာပေါက်ပင် ကမ္ဘာပျက်ကပ် ကောင်းကင်ပြင်ကြီး၌ မည်သည့်ကြယ်ကိုမျှ မမြင်နိုင်ချေ။ ထိုသို့တိုင်အောင် အားလုံးက စိတ်အားထက်သန်စွာဖြင့် အထက်သို့ စိုက်ကြည့်နေကြဆဲ ဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးနောက် အမျိုးသမီးများအားလုံး ချိုမြိန်စွာ အိပ်မောကျသွားကြ၏။ တုပိုင်က တစ်ဦးချင်းစီကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီးနောက် ညအမှောင်ထုထဲသို့ ဖြည်းညင်းစွာ လွင့်မျောထွက်ခွာသွားတော့သည်။

**--**--**--**--**--**--**--**

တုပိုင်သည် ဧရာမ နေရာကြီးတစ်ခုသို့ ရောက်ရှိလာ၏။

"ကံကြမ္မာ မိစ္ဆာဘုရင်... ငါရောက်နေပြီ။ ထွက်လာပြီး ငါ့ကို လာဂါဝရပြုစမ်း။"

"ဝုန်းးးးး" နားကွဲမတတ် ဆူညံသံကြီး ပဲ့တင်ထပ်သွား၏။ မိုင်ထောင်ချီ ရှည်လျားသည့် ဧရာမ ရေဘဝဲလက်တံကြီးတစ်ခုက မြေကြီးထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကမ္ဘာမြေ၏ ဗဟိုချက်ဆီသို့ တိုက်ရိုက်ဦးတည်နေသည့် အဆုံးအစမဲ့ တွင်းနက်ကြီးတစ်ခုကို ပေါ်လွင်သွားစေသည်။

တုပိုင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် တွင်းနက်ကြီးထဲသို့ ခုန်ချလိုက်ကာ ကံကြမ္မာ မိစ္ဆာဘုရင်နှင့် ရင်ဆိုင်ရန်အတွက် ကမ္ဘာဂြိုဟ်၏ အမြုတေဆီသို့ ကီလိုမီတာ ၆၀၀၀ ကျော် တည့်မတ်စွာ ထိုးဆင်းသွားလိုက်၏။

လူသားများ၏ ကမ္ဘာ့အလယ်ဗဟိုနှင့် ပတ်သက်သည့် နားလည်မှုမှာ လကမ္ဘာနှင့် ပတ်သက်သည့် အသိပညာထက်ပင် နည်းပါးသည်ဟု ဆိုနိုင်သည်။ ထိုနေရာသည် ကမ္ဘာကြီး၏ အနက်နဲဆုံး ထောင့်တစ်နေရာ ဖြစ်၏။ ဂြိုဟ်၏ ဆွဲငင်အား ဗဟိုချက်အဖြစ် သာမက လျှပ်စစ်သံလိုက်နှင့် စွမ်းအင်ဗဟိုချက်အဖြစ်ပါ တည်ရှိနေသည်။

ယခုမူ ထိုဗဟိုချက်ဆီသို့ တိုက်ရိုက် ဦးတည်နေသည့် ဥမင်လှိုဏ်ခေါင်းတစ်ခု ရှိနေ၏။ တုပိုင် ပို၍ နက်ရှိုင်းစွာ ထိုးဆင်းသွားလိုက်သည်။

ကီလိုမီတာ တစ်ရာ ၊ ကီလိုမီတာ သုံးရာ ၊ ကီလိုမီတာ ငါးရာ ၊ ကီလိုမီတာ တစ်ထောင် အနက်အထိပင်။

ပိုမိုနက်ရှိုင်းလေလေ ၊ အပူချိန်က ပိုမို မြင့်တက်လာလေလေ ဖြစ်ပြီး ဆဲလ်စီးယပ်စ် ရာဂဏန်းမှနေ၍ ထောင်ဂဏန်းပေါင်းများစွာအထိ မြင့်တက်လာ၏။ တုပိုင် အောက်သို့ ဆက်လက် ဆင်းသက်နေဆဲပင်။

ကီလိုမီတာ ၃၀၀၀ အမှတ်ကို ကျော်ဖြတ်ပြီးနောက် ဥမင်လှိုဏ်ခေါင်းမှာ နောက်ဆုံး၌ အဆုံးသတ်သွားလေပြီ။

သူ၏ အရှေ့ဘက်တည့်တည့်၌ သံနှင့် နီကယ်တို့ဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့ဗဟိုချက် တည်ရှိနေ၏။ ဗဟိုချက်တစ်ခုလုံး၏ အချင်းမှာ ကီလိုမီတာ ၇၀၀၀ နီးပါး ရှိပြီး အပြင်ဘက်ဆုံးအလွှာမှာ တစ်ပိုင်းအခဲ ၊ တစ်ပိုင်းအရည် သတ္တုများဖြင့် ဖွဲ့စည်းထားလျက် ရှိသည်။

တုပိုင် တစ်ပိုင်းအရည် သတ္တုများထဲသို့ အလွယ်တကူ စိမ့်ဝင်သွားကာ အပြင်ဘက် ဗဟိုချက်အား ထိုးဖောက် ဝင်ရောက်သွား၏။

အပူချိန်မှာ ပို၍ ပြင်းထန်လာသည်။ ဆဲလ်စီးယပ်စ် တစ်ထောင် ဒီဂရီ ၊ နှစ်ထောင် ဒီဂရီ ၊ သုံးထောင် ဒီဂရီ... ရှေ့သို့ ပိုသွားလေလေ ၊ သတ္တုများသည် လုံးဝ အရည်အခြေအနေသို့ ရောက်လာကာ ပို၍ ပူလာလေလေ ဖြစ်သည်။

ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဖိအားပင် ဖြစ်၏။ စက္ကန့်တိုင်း ကုန်လွန်သွားသည်နှင့်အမျှ အဆမတန် မြင့်တက်လာသည်။ လေထုဖိအား သောင်းဂဏန်း ၊ သိန်းဂဏန်း ၊ သန်းဂဏန်းအထိပင်။ ထိုကိန်းဂဏန်းမှာ ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။

ထိုသို့တိုင်အောင် တုပိုင်က ပို၍ပို၍ နက်ရှိုင်းစွာ ထိုးဆင်းလိုက်သွား၏။ ကမ္ဘာမြေထဲသို့ ကီလိုမီတာ ငါးထောင် ၊ ကီလိုမီတာ ခြောက်ထောင်အထိ နက်ရှိုင်းစွာ ဝင်ရောက်သွားလိုက်သည်။

ဦးတည်ရာ နေရာသို့ ရောက်ချိန်တွင် ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသော ဖိအားမှာ အံ့ဩဖွယ်ကောင်းလောက်အောင် တန်ချိန် သန်း ၃၀ အထိ ရောက်ရှိနေလေပြီ။ ဤသည်မှာ ဧရာမ ကိန်းဂဏန်းကြီးတစ်ခု ဖြစ်၏။ အကယ်၍ အတိတ်က တုပိုင်သာ ဖြစ်ခဲ့လျှင် မှုန့်မှုန့်ညက်ညက် ကြေမွပျောက်ကွယ်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။

လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် ထိုသို့သော ထိတ်လန့်ဖွယ် ဖိအားကို တုပိုင် ခံနိုင်ရည်မရှိပေ။ တုပိုင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်ပြီး အလင်းရောင်အရိပ် စက်လုံးတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။

တုပိုင် ကီလိုမီတာ ၆၃၅၀ အနက်အထိ ဆက်လက် ဆင်းသက်သွားလိုက်၏။ ဤသည်မှာ ကမ္ဘာမြေ၏ အစစ်အမှန် ဗဟိုချက်ပင်။

ဤနေရာသည် ဂြိုဟ်တစ်ခု၏ အတွင်းပိုင်းနှင့် မတူဘဲ နေလုံးကြီးနှင့် တူနေ၏။ အမြင်အာရုံရှိ အရာအားလုံးသည် မျက်စိကျိန်းမတတ် ဖြူဖွေးနေပြီး ဆဲလ်စီးယပ်စ် ၆၀၀၀ ဒီဂရီရှိ ပြင်းထန်သော အပူချိန်သည်လည်း ဖြာထွက်လျက် ရှိနေသည်။

ဤနေရာရှိ ဖိအားမှာ စံလေထုဖိအားထက် အဆပေါင်း လေးသန်းနီးပါး ရောက်ရှိနေလေပြီ။ ဤမျှ ကြီးမားလှသော ဖိအားအောက်၌ စိန်များသည်ပင် ရွှံ့ကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။

ဤအပူချိန်၌ သတ္တုများသည် အလုံးစံ အရည်ပျော်သွားကာ စီးဆင်းနေသင့်သော်လည်း မှန်းဆမရနိုင်သော ဖိအားကြောင့် ဤနေရာရှိ သံများသည် အခဲအဖြစ် ကျန်ရှိနေသေး၏။ အလွန်တရာ သိပ်သည်းပြီး မည်သည့်အရာဝတ္ထုထက်မဆို ပိုမို၍ မာကျောသည်။

တုပိုင်၏ အလင်းရောင်အရိပ် ခန္ဓာကိုယ်သာလျှင် ထိုအရာကို အောင်မြင်စွာ ထိုးဖောက်နိုင်၏။ မဖြစ်နိုင်လောက်အောင် မာကျောပြီး လောင်ကျွမ်းမတတ် ပူပြင်းကာ မျက်စိကျိန်းမတတ် တောက်ပနေသည့် ကမ္ဘာ့နှလုံးသားထဲ၌ တုပိုင် နောက်ဆုံးတွင် ကံကြမ္မာ မိစ္ဆာဘုရင်ကို တွေ့မြင်လိုက်ရလေပြီ။

မိစ္ဆာဘုရင်သည် ဧရာမ ရေဘဝဲကြီးတစ်ကောင်နှင့် တူနေပြီး ဗဟိုချက်၏ တည့်တည့်အလယ်ကို ရစ်ပတ်ထားကာ ဂြိုဟ်တစ်ခုလုံး၏ စွမ်းအားကို အသည်းအသန် အဆက်မပြတ် ဝါးမျိုနေ၏။

ယခင် မြင့်မြတ်နယ်မြေကမ္ဘာ၌ ရှိစဉ်က တုပိုင်သည် ကံကြမ္မာ မိစ္ဆာဘုရင်၏ ကိုယ်ပွားတစ်ခုကို မြင်ဖူးခဲ့ရာ သာမန်လူတစ်ယောက်ထက် မပိုခဲ့ပေ။ သို့သော် ယခု အစစ်အမှန်ပုံစံကို မြင်ရသောအခါ မခန့်မှန်းနိုင်လောက်အောင် ရုပ်ဆိုးအကျည်းတန်လွန်းနေသည်။

ကံကြမ္မာ မိစ္ဆာဘုရင်က လှောင်ပြောင်လိုက်သည်။ "ငါ့ရဲ့ ရုပ်ဆိုးမှုကြောင့် မင်း လန့်သွားတာလား။ ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ ကမ္ဘာမြေရဲ့ စွမ်းအင်တွေကို ဝါးမျိုဖို့အတွက် ဒီပုံစံအဖြစ်ကို ဆင့်ကဲပြောင်းလဲခဲ့ရတာပဲ။"

တကယ်ကို မယုံနိုင်လောက်အောင် ရုပ်ဆိုးလွန်းနေ၏။ ကံကြမ္မာ မိစ္ဆာဘုရင်သည် အချင်း မီတာ သောင်းဂဏန်းကျော် ကျယ်ဝန်းသော ဧရာမ ရေဘဝဲကြီးတစ်ကောင်နှင့် တူနေသည်။ ဧရာမ အရွယ်အစားမှာ ကြီးမားလှသော မြို့ကြီးတစ်မြို့နှင့် ညီမျှပြီး ပေကျင်း ၊ ရှန်ဟိုင်း ၊ ကွမ်ကျိုး သို့မဟုတ် ရှန်းကျန့် စသည့် မြို့များနှင့်ပင် နှိုင်းယှဉ်နိုင်၏။

ထို့အပြင် မျက်လုံးများလည်း မရှိပေ။

ကံကြမ္မာ မိစ္ဆာဘုရင်က ဆက်ပြောသည်။ "ငါ့မှာ မျက်လုံးတွေ မရှိဘူး။ ကမ္ဘာမြေရဲ့ စွမ်းအားတွေကို ဝါးမျိုဖို့အတွက် ငါ အလိုအပ်ဆုံး အစိတ်အပိုင်းတွေကိုပဲ ဆင့်ကဲပြောင်းလဲခဲ့တာ။ မျက်လုံးတွေက အပိုပဲလေ။ ငါ့အတွက် အသုံးမဝင်ဘူး"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters