အခန်း (၇၈၃-၇၈၄)
Vol. 67 Ch. 783-784
အခန်း (၇၈၃) ရူးသွပ်နေသော အမတ
"ကောင်းကင်နန်းတော် က အမတနတ်ဘုရားတွေက တကယ်ကို မိုက်မဲပြီး မာနကြီးတာပဲ..."
အနက်ရောင် ဝတ်စုံနှင့် လူက တိုးတိုးလေး ရေရွတ်လိုက်၏။ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး နဂါးလက်သည်း ကဲ့သို့ လေထဲသို့ ဆန့်တန်းလိုက်သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျယ်ပြောလှသော အနက်ရောင် စွမ်းအင်များသည် ရှေ့သို့ တိုးထွက်လာပြီး အဆက်မပြတ် တိုက်ခတ်သွားတော့၏။
လှိမ့်ဝင်လာသော အနက်ရောင်စွမ်းအင်များ အတွင်းတွင် ကောင်းကင်စစ်သည် များနှင့် အလွန် ဆင်တူသော်လည်း တစ်ကိုယ်လုံး အမည်းရောင်ဖြစ်နေသည့် အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသော ပုံရိပ်ပေါင်း မြောက်မြားစွာ ထွက်ပေါ်လာခဲ့သည်။
ဤအမှောင်ကောင်းကင် စစ်တပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်က စစ်နယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး မရေမတွက်နိုင်သော သတ္တဝါများကို လှည့်ကြည့်လာစေရန် ဆွဲဆောင်နိုင်ခဲ့ပေ၏။
ဤဟင်းလင်းပြင် စစ်နယ်မြေတွင် ကောင်းကင်စစ်သည် များနှင့် မိစ္ဆာဆိုး များ အပြင် မဟာကမ္ဘာ နှစ်ခုမှ မျိုးနွယ်စု အသီးသီးမှ တာအိုဆရာ များစွာ ရှိနေသဖြင့် အလွန်အမင်း ဖရိုဖရဲ ဖြစ်နေခဲ့သည်။ စစ်နယ်မြေများမှာ ကျယ်ပြောလှပြီး သာမန်မျက်စိဖြင့် အကဲဖြတ်ရန် မဖြစ်နိုင်သော်လည်း ဤအမှောင်ကောင်းကင် စစ်တပ်က သက်ရှိအားလုံးကို ကြောက်ရွံ့မှု ခံစားရစေခဲ့သည်။
"ကောင်းကင်စစ်သည် အားလုံး... ငါ့နောက်ကိုလိုက်ပြီး သတ်ကြစမ်း..."
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာ၏။ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် သောင်းနှင့်ချီသော ကောင်းကင်စစ်သည် များသည် တစ်သံတည်း အော်ဟစ်လိုက်ကြသည်။ သူတို့အတွင်းရှိ ကောင်းကင်တာအို ကံကြမ္မာ သည် အပြည့်အဝ ပေါက်ကွဲထွက်လာပြီး စစ်မှန်သော နေမီးလျှံ များကဲ့သို့ သူတို့ကို ရစ်ပတ်ကာ သူတို့၏ အဟုန်ကို သိသိသာသာ တိုးမြှင့်ပေးလိုက်သည်။
ဤအချိန်တွင် ဟင်းလင်းပြင်၏ အစွန်း၌ သွေးကျဉ်းထောင် သူတော်စင် နှင့် သွေးသောက်ညီအစ်ကို ဖွဲ့ထားသော ဖန်းရွှမ်တို့ညီကိုခြောက်ဦးတို့သည်လည်း ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး အဝေးမှ ကြည့်ကာ အားလုံးက ထိတ်လန့် အံ့အားသင့်နေကြ၏။
"အစ်ကိုကြီး... ဒီလို စစ်နယ်မြေမျိုးက ငါတို့ ဝင်ပါလို့ ရတဲ့ နေရာမျိုး မဟုတ်ဘူး..."
"ဒီလူတွေနဲ့ ဟို ကောင်းကင်စစ်သည် တွေက တကယ် ရူးနေကြတာပဲ..."
"ကောင်းကင်စစ်သည် တွေက မသေနိုင်ဘူး... ပြီးတော့ သဘာဝအရ ကြောက်ရွံ့မှု မရှိဘူး... အဲဒီလူတွေက အမတကံကြမ္မာ အတွက် အသေအကြေ တိုက်ခိုက်နေကြတာ..."
"ဒုတိယ အစ်ကိုသာ ဒီမှာ ရှိနေရင် သူလည်း သေချာပေါက် အသေအကြေ တိုက်ခိုက်မှာပဲ..."
ဖန်းရွှမ် သည် သူ၏ ညီအစ်ကိုများ၏ စကားများကို အသံမထွက်ဘဲ နားထောင်နေခဲ့၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အကွာအဝေး တစ်ခုတွင် နေထိုင်ကာ တစ်ယောက်တည်း တိုက်ခိုက်နေပုံ ရသော်လည်း အမှန်တကယ်တော့ အချင်းချင်း နားလည်မှု အပြည့်ဖြင့် ပူးပေါင်း ဆောင်ရွက်နေကြခြင်း ဖြစ်ကြသည်။
ဖန်းရွှမ် ၏ နှလုံးသားသည်လည်း ဂနာမငြိမ်ဖြစ်နေပြီး ဆုတ်ခွာသင့်၊ မသင့် တွန့်ဆုတ်နေခဲ့၏။
ယခင်က သူတို့ကို ဖမ်းဆီးခဲ့သော ထိုကောင်းကင်စစ်တပ် ကို သူ မှတ်မိနေသည်။ အကယ်၍ ဆရာသခင်ဓားအရှင် ၏ ဝင်ရောက်စွက်ဖက်မှုသာ မရှိခဲ့ပါက အကျိုးဆက်များကို စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။
ဤကောင်းကင်စစ်သည် များသည် ဆရာသခင်ဓားအရှင် ၏ ယှဉ်ပြိုင်ဘက် မဟုတ်သော်လည်း သူတို့၏ ကိုယ်ပိုင် စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သို့သော် ဤကဲ့သို့သော အစွမ်းထက်သည့် ကောင်းကင်စစ်တပ် သည် ဤဟင်းလင်းပြင် စစ်နယ်မြေ တွင် စိန်ခေါ်သူများကဲ့သို့ ဖြစ်နေ၏။ ဖန်းရွှမ် သည် မိစ္ဆာချီလင် ၏ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကို ကြည့်ကာ ကြောက်ရွံ့မှုနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့သည်။
"အစွန်းမှာပဲ တိုက်... အနားမကပ်နဲ့..."
ဖန်းရွှမ် က ပြောလိုက်ရာ အခြား ငါးဦးကလည်း သဘာဝကျကျ ကန့်ကွက်ခြင်း မရှိကြချေ။
တိုက်ပွဲဝင်နေသော အင်အားစုများနှင့် မတူဘဲ သူတို့သည် မည်သည့် ကောင်းကင်သားတော် ၏ အင်အားစုတွင်မျှ ပါဝင်ရန် မဆုံးဖြတ်ရသေးချေ။ သူတို့သည် အခြေအနေကို စောင့်ကြည့်ရန် ဦးစွာ လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း ရောက်ရောက်ချင်းမှာပင် ရူးတစ်စုနှင့် ရှုပ်ထွေးသွားခဲ့သည်။ ဤသတ္တဝါများသည် သူတို့ကို မသိသကဲ့သို့ တူညီသော ကံကြမ္မာကိုလည်း မခံစားရသဖြင့် တိုက်ရိုက်ပင် ရန်သူများအဖြစ် သတ်မှတ်ခဲ့ကြ၏။
ယခုအခါ ဖန်းရွှမ်တို့ညီကိုခြောက်ဦးသည် တတိယ အင်အားစု တစ်ခုကဲ့သို့ ဖြစ်နေပြီး မဟာကမ္ဘာ နှစ်ခုလုံးမှ သက်ရှိများက သူတို့ကို ပစ်မှတ်ထားကြမည် ဖြစ်သည်။
သူတို့သည် အမတကံကြမ္မာ အတွက် လာရောက်ခဲ့ခြင်း ဖြစ်သောကြောင့် အစွမ်းကုန် မတိုက်ခိုက်ရဲဘဲ သူတို့၏ လုပ်ရပ်များကို ကန့်သတ်ထားရပေသည်။
ဤစစ်နယ်မြေမှာ မဟာကမ္ဘာ သုံးထောင် ၏ အသေးစား ပုံရိပ်လေးတစ်ခုမျှသာ ဖြစ်ပြီး ဟင်းလင်းပြင် စစ်နယ်မြေရာပေါင်းများစွာသည် တစ်ပြိုင်နက်တည်း တိုက်ပွဲဝင်နေကြကာ စစ်နယ်မြေတိုင်းတွင် မိစ္ဆာချီလင် များနှင့် ကောင်းကင်စစ်သည် များ ရှိနေကြ၏။
ဤအရာအားလုံးသည် ကုအန် ၏ မျက်လုံးထဲတွင် ရှိနေသည်။
ကောင်းကင်သားတော် ပြိုင်ပွဲ တစ်ခုတည်းကပင် ကောင်းကင်စစ်သည် သန်းဆယ်ချီကို စေလွှတ်နိုင်ခဲ့သည်။ ကောင်းကင်နန်းတော် ၏ အခြေခံအုတ်မြစ်မှာ အမှန်တကယ်ပင် နက်ရှိုင်းလှပေ၏။
ကုရွှမ် ၏ မှတ်ဉာဏ်များထဲတွင် ကုအန် သည် တကယ့်ကို အစွမ်းထက်သော ကောင်းကင်စစ်တပ် များကို မြင်တွေ့ခဲ့ရပြီး ဤကောင်းကင်စစ်သည် များနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။ ကောင်းကင်နန်းတော် သို့ ဝင်ရောက်ရန် အနည်းဆုံး ထိုက်ချင်း ရွှေအမတအဆင့် တွင် ရှိရမည် ဖြစ်သည်။ ကောင်းကင်ရုံးတော် အတွင်း၌ အနိမ့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ ထိုက်ချင်း ရွှေအမတ ဖြစ်သည့် ကောင်းကင်စစ်တပ် တစ်ခု ရှိပြီး ထိုဖရိုဖရဲ မိစ္ဆာဆိုး များကို ဝိုင်းရံတိုက်ခိုက်ရန် တစ်ချိန်က စစ်သည် တစ်သန်း စေလွှတ်ခဲ့ဖူးပေ၏။
ထိုက်ချင်း ရွှေအမတ တစ်သန်း... မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း... ပြီးတော့ သူတို့က မသေနိုင်ကြဘူး... ပျက်စီးသွားရင်တောင် ကောင်းကင်ရုံးတော် ရဲ့ ကံကြမ္မာနဲ့ ပြန်လည် အသက်ရှင်နိုင်တယ်...
ကုရွှမ် သည် ကောင်းကင်နန်းတော် မှ အမတနတ်ဘုရား များ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရချိန်တွင် မကြာခဏ စွမ်းအားမဲ့သလို ခံစားခဲ့ရသည်။
ရန်သူများသည် သူ၏ အမြင်တွင် ၄င်းတို့သည် အင်းဆက်များကဲ့သို့ ဖြစ်နေသော်လည်း သူတို့ကို သတ်၍ မရနိုင်ချေ။ အချိန်ကြာလာသည်နှင့်အမျှ ဤအင်းဆက်များသည် သူ့အတွက် ကြီးမားသော အနှောင့်အယှက် တစ်ခု ဖြစ်လာခဲ့ပြီး ထို့အပြင် ကောင်းကင်နန်းတော် သည် သူ့ကို ဝိုင်းရံတိုက်ခိုက်ရန် ကောင်းကင်စစ်သည် များကိုသာ စေလွှတ်ခဲ့ခြင်း မဟုတ်ပေ။
ကောင်းကင်သားတော် ပြိုင်ပွဲရှိ စစ်ပွဲတိုင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်ပြီး တစ်ဖက်ဖက်က တိုက်ခိုက်လိုစိတ် လုံးလုံးလျားလျား ပျောက်ဆုံးသွားသည်အထိ တိုက်ခိုက်ကြမည် ဖြစ်သည်။
ရှုံးနိမ့်ပါက ထွက်ပြေးရမည်ဖြစ်ပြီး ရှုံးနိမ့်သွားသော သက်ရှိ အများအပြားသည် သူတို့၏ သခင်ကို ရင်ဆိုင်ရန် ရှက်ရွံ့သဖြင့် ကောင်းကင်သားတော် ပြိုင်ပွဲမှ ထွက်ပြေးကာ စစ်ပွဲမရောက်သေးသော မဟာကမ္ဘာများသို့ ထွက်ပြေးကြပေလိမ့်မည်။
နှစ်တစ်ထောင် အကြာတွင် ဖိတ်ခေါ်မထားသော ဧည့်သည် အနည်းငယ်သည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သို့ ထွက်ပြေးလာခဲ့ကြသည်။
သူတို့သည် ကမ္ဘာ့ဂိတ်တံခါး မှတစ်ဆင့် ဝင်ရောက်လာခြင်း မဟုတ်သဖြင့် ကောင်းကင်ဝိညာဉ် နတ်ဘုရား ကို ဒေါသထွက်စေကာ တိုက်ရိုက်ပင် သတ်ဖြတ်ပစ်ခဲ့၏။
ဤသည်မှာ အစသာ ရှိသေးသည်။ သူ၏ ကောင်းကင်အာဏာကို ထိန်းသိမ်းရန်အတွက် ကောင်းကင်ဝိညာဉ် နတ်ဘုရား သည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ အစောင့်အရှောက် ဖြစ်လာခဲ့သည်။ သို့သော် ကျူးကျော်လာသော သက်ရှိများ ပိုမို အစွမ်းထက်လာသည်နှင့်အမျှ ဟန်ထျန်းရွှေအမတအဆင့် ရှိ ကောင်းကင်ဝိညာဉ် နတ်ဘုရား သည် ဖိအားများကို စတင် ခံစားလာရတော့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုက်ရီ အမတအရှင် သည် အချိန်မီ ကူညီပေးခဲ့ပြီး ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ ကျူးကျော်သူများကို ဖမ်းဆီးရန် ရွှေဂူ အမတ ၇၂ ပါး ကို စေလွှတ်ပေးခဲ့သည်။
ထိုက်ရီ အမတအရှင် ၏ သဘောထားကို ကုအန် အလွန် ကျေနပ်နေခဲ့သည်။ သူသည် ညွှန်ကြားချက် မရှိဘဲနှင့်ပင် လှုပ်ရှားခဲ့၏။
အတိတ်က မကျေနပ်မှုများ ရှိခဲ့သော်လည်း မဟာမိတ်များ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ကုအန် သည် ထိုက်ရီ အမတအရှင် အပေါ် ပို၍ပို၍ ကျေနပ်လာခဲ့ပြီး ကောင်းကင်ဝိညာဉ် နတ်ဘုရား ထက်ပင် ပိုမို သဘောကျလာခဲ့သည်။
ဤနှစ်သန်းပေါင်းများစွာ အတွင်း ထိုက်ရီ အမတအရှင် နှင့် ရွှေဂူ အမတ ၇၂ ပါး တို့သည် လူသားကမ္ဘာ အတွက် အရာများစွာကို လုပ်ဆောင်ပေးခဲ့ပြီး အမတနတ်ဘုရား များ၏ ဒဏ္ဍာရီများနှင့် အမွေအနှစ် များစွာကို ချန်ရစ်ထားခဲ့သည်။ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ ဖွံ့ဖြိုးတိုးတက်မှုသည် သူတို့၏ အကူအညီကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ပေ၏။
ထိုက်ရီ အမတအရှင် သည် ကုအန် ဘာလိုချင်သနည်း ဟူသည်ကို မခန့်မှန်းနိုင်သော်လည်း ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ကို အကျိုးပြုခြင်းက ကုအန် ကို ကျေနပ်စေမည်ဟု သူ သေချာနေခဲ့သည်။ ကုအန် က သူ့ကို မတားဆီးချိန်တွင် သူသည် မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့ပြီဟု ခံစားလိုက်ရသည်။
ပြင်ပကောင်းကင် မှ ကျူးကျော်သူများ ပိုမို ရောက်ရှိလာသည်နှင့်အမျှ သူတို့သည် လူသားကမ္ဘာ တွင် မငြိမ်မသက်မှုများကို ပိုမို ဖြစ်ပေါ်စေခဲ့သည်။ အချို့က တပည့်များကို လက်ခံခဲ့ကြပြီး ထိုဆရာများသည် သူတို့၏ ရည်ရွယ်ချက်ကို ထုတ်ဖော်မည် မဟုတ်ချေ။ ဆရာ သေဆုံးသွားချိန်တွင် တပည့်များက သဘာဝကျကျပင် လက်စားချေရန် ကြိုးပမ်းကြပြီး အမုန်းတရားများ ပိုမို ကြီးထွားလာခဲ့သည်။ ဤအမုန်းတရားသည် ကောင်းကင်ဝိညာဉ် နတ်ဘုရား၊ ထိုက်ရီ အမတအရှင် နှင့် အခြား အမတနတ်ဘုရား များဆီသို့ပင် ပြန့်နှံ့သွားခဲ့၏။ အမတနတ်ဘုရား များသည် လျစ်လျူရှုထားခဲ့သော်လည်း လူသားများ၏ သဘာဝကို အထင်သေးခဲ့ကြသည်။
နောက်ထပ် နှစ်ပေါင်း ငါးသောင်း ကုန်လွန်သွားခဲ့ပြန်သည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တွင် ပဋိပက္ခများ ပေါက်ကွဲထွက်လာပြီး ဂိုဏ်းကြီးကိုးဂိုဏ်း သည် တစ်ဦးချင်းစီ စတင် တိုက်ခိုက်လာကြကာ အခြား ဂိုဏ်းများသည်လည်း လျင်မြန်စွာ ဘက်ရွေးချယ်ပြီး တိုက်ပွဲဝင်ရန် စတင်ခဲ့ကြသည်။
တာအိုခုံရုံး ပျက်သုဉ်းသွားခဲ့သော်လည်း ၎င်း၏ ဒဏ္ဍာရီများက ကျန်ရစ်နေဆဲဖြစ်ပြီး အများအပြားက ကမ္ဘာကြီးကို ပေါင်းစည်းရန် မျှော်မှန်းနေကြသည်။ ပြင်ပကောင်းကင် ကျူးကျော်သူများ၏ လှုံ့ဆော်မှု သို့မဟုတ် အကူအညီဖြင့် သူတို့၏ ရည်မှန်းချက်များကို ဆက်လက် ဖိနှိပ်၍ မရနိုင်တော့ချေ။
ကျူးကျော်သူများ အတွက်မူ လောကကြီး ပို၍ ဖရိုဖရဲ ဖြစ်လေလေ၊ သူတို့ ပုန်းအောင်းရန် ပို၍ ကောင်းလေလေပင် ဖြစ်သည်။
တိမ်ပင်လယ်ပြင်၏ အထက်တွင် ခမ်းနားကြီးကျယ်သော အနီရောင် မဏ္ဍပ်ကြီး တစ်ခု ပေါလောပေါ်နေပြီး အောက်ဘက်တွင် တိမ်တိုက်များ လှိမ့်ဝင်နေ၏။ တစ်ခါတစ်ရံတွင် တောင်ကြောများနှင့် တူသော ဧရာမ ချီလင် ဦးချိုများ အနိမ့်အမြင့် ဖြစ်ပေါ်နေပြီး စိတ်ကူးယဉ်မှုများကို ဖြစ်ပေါ်စေသည်။
လီရွှမ်မြှောင် နှင့် ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား တို့သည် မဏ္ဍာပ်ဆောင်ပေါ်တွင် ပခုံးချင်းယှဉ် ရပ်ကာ အဝေးသို့ ငေးကြည့်နေကြသည်။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား သည် နတ်ဘုရားသံချပ်ကာကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ထက်မြက်ကာ လွှမ်းမိုးနိုင်စွမ်း ရှိနေသည်။ လီရွှမ်မြှောင် ကမူ ဉာဏ်လင်းအသိအမြင် ရရှိထားသော အမတတစ်ပါး၏ လောကီထက် ကျော်လွန်သော ဟန်ပန်ကို ပြသနေ၏။
"ဒီ ကောင်းကင်သားတော် ပြိုင်ပွဲက မဟာကမ္ဘာ သုံးထောင် ကို သက်ရောက်မှု ရှိနေတယ်... တကယ်ပဲ အဆင်ပြေပါ့မလား..."
လီရွှမ်မြှောင် က မေးလိုက်ပြီး သူ၏ မျက်လုံးများက မဟာကမ္ဘာ သုံးထောင် ရှိ ဖရိုဖရဲ အခြေအနေကို မြင်တွေ့နေရသည်။ ကောင်းကင်သားတော် ပြိုင်ပွဲသည် သူ ထင်ထားသည်ထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူ့ကို အရှုပ်ထွေးဆုံး ဖြစ်စေသည့် အရာမှာ ကောင်းကင်ရုံးတော် သည် မဟာကမ္ဘာ သုံးထောင် ၏ အခြေအနေကို စိတ်ဝင်စားမှု မရှိခြင်းပင် ဖြစ်သည်။
အမတနတ်ဘုရား များသည် သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကိုသာ ပို၍ ဂရုစိုက်ကြပြီး မဟာကမ္ဘာ သုံးထောင် ၏ အပြင်ဘက်ရှိ အစွမ်းထက်သော နယ်မြေများတွင် တိုက်ခိုက်လိုသော ရည်ရွယ်ချက်များ ရှိ၊ မရှိကိုသာ ပိုမို သတိထားနေကြသည်။
"ကောင်းကင်တာအို အရှင်မြတ် တွေမှာ မဟာကမ္ဘာ သုံးထောင် ကို ဖန်တီးနိုင်စွမ်းရှိတဲ့ နတ်ဘုရားစွမ်းရည်တွေ ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်... သူတို့ ပျက်စီးသွားရင်တောင် အရှင်မြတ် တွေက ပြန်လည် ဖန်တီးနိုင်တယ်... မဟာကမ္ဘာ သုံးထောင် ဆိုတာ ကောင်းကင်နန်းတော် အတွက် အရေးမပါတဲ့ အရာတွေပါပဲ..."
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား က ခံစားချက် ကင်းမဲ့စွာ ပြောဆိုလိုက်၏။
လီရွှမ်မြှောင် က သူ့ဘက်သို့ ခေါင်းလှည့်ကာ မေးလိုက်သည်။
"အဲဒီလို ဆိုရင် ဘာလို့ မဟာကမ္ဘာ သုံးထောင် ကို ဖန်တီးခဲ့တာလဲ..."
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား က ပြန်ဖြေလိုက်၏။
"ဘာလို့လဲဆိုတော့ မဟာကမ္ဘာ သုံးထောင် ကို မဟာတာအို က တည်ထောင်ထားတာလေ... တကယ်လို့ ပျောက်ဆုံးသွားရင် မဟာတာအို ရဲ့ စွမ်းအားက အဲဒီ ဟာကွက်ကို ဖြည့်ဆည်းပေးလိမ့်မယ်... ဒါက ကောင်းကင်တာအို ကံကြမ္မာ ကို သက်ရောက်မှု ရှိစေတယ်... ပြီးတော့ ကောင်းကင်နန်းတော် က ကံကြမ္မာကို မြှင့်တင်ဖို့ သက်ရှိသတ္တဝါ အားလုံးရဲ့ ကိုးကွယ်မှုကို လိုအပ်တယ်လေ..."
အခန်း (၇၈၄) ရှောင်လွှဲ၍ မရနိုင်သော အဆုံးသတ်
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ တုံ့ပြန်မှုက ရွှမ်မြှောင် ကို ဖြစ်နိုင်ခြေများစွာ တွေးတောမိစေခဲ့ပြီး ကောင်းကင်တာအို ကိုယ်တိုင်ကိုပင် သူ စတင် သံသယ ဝင်လာခဲ့သည်။
သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြပြီး ကိုယ်ပိုင် အတွေးများထဲတွင် နစ်မြောနေကြ၏။
ဧရာမ အနီရောင် မဏ္ဍပ်ကြီးသည် ဆက်လက် ခရီးဆက်နေပြီး အောက်ဘက်ရှိ လျှို့ဝှက်ဆန်းကြယ်သော အကြေးခွံများပါသည့် သံချပ်ကာသည် တိမ်များမှတစ်ဆင့် မှုန်ဝါးဝါး မြင်နေရကာ မိုးခြိမ်းသံကဲ့သို့ အသက်ရှူသံ တိုးတိုးကိုလည်း ခပ်ရေးရေး ကြားနေရပေသည်။
"ကောင်းပြီ... အများကြီး တွေးမနေပါနဲ့... မင်းက အမတနတ်ဘုရား တစ်ပါး ဖြစ်နေပြီဆိုတော့ ပြဿနာတွေကို သေမျိုးတစ်ယောက်ရဲ့ ရှုထောင့်ကနေ မကြည့်သင့်တော့ဘူး... လွန်ကဲတဲ့ သနားကြင်နာမှုက မင်းကို ထိခိုက်စေလိမ့်မယ်... ကောင်းကင်နန်းတော် မှာ ကောင်းကင်စည်းမျဉ်းတွေ ရှိတယ်... တကယ်လို့ မင်း ကောင်းကင်နန်းတော် မှာ အချိန်အကြာကြီး နေမယ်ဆိုရင် အခု မင်းရဲ့ စိုးရိမ်ပူပန်မှုတွေ အားလုံးက အဓိပ္ပာယ်မဲ့တယ် ဆိုတာကို မင်း နားလည်လာလိမ့်မယ်..."
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား က ပြောလိုက်၏။ သူ၏ အမတရာထူး သည် ရွှမ်မြှောင် ထက် တစ်ဆင့် နိမ့်သော်လည်း သူတို့၏ ဆက်ဆံရေးမှာ အလွန် ရင်းနှီးပြီး ရွှမ်မြှောင် သည် သီးသန့် အချိန်များတွင် သူ့ကို တရားဝင် ဆက်ဆံရန် မလိုအပ်ခဲ့ချေ။
ရွှမ်မြှောင် က ခေါင်းညိတ်လိုက်ပြီး "ဖြစ်နိုင်တယ်... ငါ့ရဲ့ စိတ်နေသဘောထားကို တကယ် ပြောင်းလဲဖို့ လိုအပ်နေတာ ဖြစ်လိမ့်မယ်..."
ဤသို့ ပြောလိုက်သော်လည်း သူသည် အမတနတ်ဘုရားများ အပေါ်တွင် နက်ရှိုင်းသော မကျေနပ်မှုများကို ခံစားနေရဆဲပင်။
အစပိုင်းတွင် ကုအန် ၏ နောက်သို့ သူ လိုက်ခဲ့ရသည့် အကြောင်းရင်းမှာ ကုအန် သည် အမတနတ်ဘုရား တစ်ပါး ဖြစ်သည်ဟု ယုံကြည်ခဲ့သောကြောင့်ပင်။ နောက်ပိုင်းတွင် အစစ်အမှန် အမတနတ်ဘုရားများ ပေါ်လာခဲ့သော်လည်း သူတို့သည် သူ စိတ်ကူးထားသကဲ့သို့ မဟုတ်ခဲ့ချေ။
သက်ရှိသတ္တဝါ အားလုံး၏ အစစ်အမှန် အစောင့်အရှောက်မှာ ကုအန် ပင် ဖြစ်၏။ ကောင်းကင်နန်းတော် သို့ ရောက်ရှိလာချိန်တွင် ကောင်းကင်နန်းတော် ၏ အတွင်းပိုင်းသည် သတ္တဝါအားလုံး အပေါ် သနားကြင်နာမှု ရှိလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း ၎င်းမှာ ထိုသို့ မဟုတ်ခဲ့ချေ။
ကောင်းကင်နန်းတော် တွင် သေမျိုး သတ္တဝါများ အတွက် သနားကြင်နာမှုမှာမရှိသလောက်ပင်။ အကယ်၍ သူသာ စတင် မပြောဆိုပါက မဟာကမ္ဘာ သုံးထောင် အကြောင်းကို အမတနတ်ဘုရား တစ်ပါးကမျှ ပြောဆိုလိမ့်မည် မဟုတ်ချေ။
သူသည် မူလဧကရာဇ် နယ်မြေ၊ မြူခိုးအမတနန်းတော်၊ အဆုံးမဲ့ တာအိုတောင်၊ ချောက်နက်တာအိုပင်လယ် နှင့် အခြားသော မဟာတာအို နယ်မြေများ အကြောင်းကိုသာ ပို၍ ကြားခဲ့ရသည်။
မတူညီသော အဆင့်အတန်းများက ရွှမ်မြှောင် ကို အသားကျရန် ခက်ခဲစေခဲ့၏။ မဟာကမ္ဘာ သုံးထောင် ၏ တည်ရှိမှုက အလွန် အရေးမပါသဖြင့် သူ မည်သို့ စိတ်ပျက်အားငယ် မဖြစ်ဘဲ နေနိုင်မည်နည်း။
"ဒီ ကောင်းကင်သားတော် ပြိုင်ပွဲက နှစ်ပေါင်းများစွာ ကြာလိမ့်မယ်... ကောင်းကင်သားတော် နှစ်ပါးလုံးရဲ့ ကျင့်ကြံခြင်းအဆင့်က တူညီတယ်လို့ ကြားရတယ်... အခု သူတို့ နှစ်ယောက်လုံး တံခါးပိတ် ကျင့်ကြံနေကြတယ်တဲ့... ဘယ်ဘက်ကပဲ အသာစီး ရရ နောက်ဆုံးမှာ သူတို့ အချင်းချင်း ရင်ဆိုင်ရမှာပဲ... သူတို့ရဲ့ စခန်းတွေက ကံကြမ္မာတွေကို များများ စုဆောင်းလေလေ သူတို့ရဲ့ ပါရမီတွေကို ပြသနိုင်ရုံသာမက သူတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာကိုလည်း တိုးတက်စေလေလေပဲ... ကောင်းကင်သားတော် တွေ လှုပ်ရှားလိုက်တာနဲ့ မဟာကမ္ဘာ သုံးထောင် က ပြာဖြစ်သွားဖို့ သေချာနေပြီ..."
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား က တိုးတိုးလေး ပြောလိုက်ပြီးနောက် ခဏရပ်ကာ ဆက်ပြော၏။ "အရှင်မြတ် တွေ ရှိနေတော့ ကောင်းကင်သားတော် ပြိုင်ပွဲက ငါတို့ကို ပါဝင်ပတ်သက်စေမှာ မဟုတ်ပါဘူး... မင်း စိတ်အေးအေးထားလို့ ရပါတယ်..."
ရွှမ်မြှောင် က ခေါင်းယမ်းလိုက်ပြီး "ငါက ပြဿနာတွေကို ကြောက်တာ မဟုတ်ပါဘူး... ထားလိုက်ပါတော့... ဒီအကြောင်း ဆက်မပြောကြရအောင်... ကြယ်တာယာတစ်သိန်း အတွက် ခွဲတမ်း ပွင့်ပြီလို့ ကြားတယ်... မင်း တကယ် ကြိုးစားကြည့်မလို့လား..."
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား က ခေါင်းညိတ်လိုက်ပြီး "ဖျက်ဆီးခြင်း နတ်ဘုရား ရဲ့ လက်အောက်ကနေ အရှင်မြတ် ရဲ့ အောက်ကို ငါ ပြောင်းရွှေ့နိုင်ခဲ့ပြီးပြီ... အခု ငါရဲ့ နတ်ဘုရား အာဏာကို အပြည့်အဝ အသွင်ပြောင်းဖို့ လိုအပ်တယ်... ကြယ်တာရာ တွေက ကောင်းပါတယ်... အေးချမ်းစွာ ကျင့်ကြံနိုင်ပြီး မဟာတာအို ကို အလွယ်တကူ လက်လှမ်းမီနိုင်တယ်လေ..."
ရွှမ်မြှောင် သည် အမတအရှင် တစ်ပါး ဖြစ်သော်လည်း သတ်သမှတ်ထားသော အမတအာဏာ တစ်ခုကို မရရှိသေးချေ။ သို့သော် သူ၏ ဆရာ ဖြစ်သည့် ကွမ်ဖာ ထိုက်ကွမ် မူလနတ်ဘုရား က သူ့အတွက် ကြိုတင် စီစဉ်ပေးထားပြီး ဖြစ်သဖြင့် သူ စိတ်ပူမနေခဲ့ပေ။ ယခုအခါ သူသည် ကျင့်ကြံခြင်း အပြင် သူ၏ ဆရာကို ကိုယ်စားပြုကာ ကောင်းကင်ဘုံ တွင် လှည့်လည်သွားလာနေပြီး သူ၏ ဆရာအမည်ကို အသုံးပြု၍ အမတနတ်ဘုရား အသီးသီးနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်နေခဲ့၏။
သူတို့နှစ်ဦးသည် သူတို့၏ လာမည့် ခရီးစဉ်များ အကြောင်းကို စတင် ဆွေးနွေးကြသည်။ သူတို့ လည်ပတ်မည့် အမတနန်းတော် တွင်လည်း ကြီးမားသော ကျောထောက်နောက်ခံ ရှိပြီး ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ပင်လျှင် ဤခရီးစဉ်ကို မျှော်လင့်နေခဲ့သည်။
သူသည် ရွှမ်မြှောင် ၏ ဩဇာလွှမ်းမိုးမှုမှ အကျိုးအမြတ် ရရှိခဲ့၏။ ဤကဲ့သို့သော လည်ပတ်မှုမျိုးမှာ စကားပြောဆိုရုံ သက်သက် မဟုတ်ဘဲ တာအိုကို နားထောင်ခွင့် ရရှိမည် သို့မဟုတ် အခြားသူ၏ လက်ဆောင်များကို ရရှိမည် ဖြစ်ပေသည်။
အမတနတ်ဘုရား အသီးသီးသည် ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား ကို လေးစားကြရုံသာမက ရွှမ်မြှောင် ၏ အနာဂတ်အတွက်လည်း ကြီးမားသော မျှော်လင့်ချက်များ ထားရှိကြပေ၏။ ကောင်းကင်တာအို ၏ စမ်းသပ်မှုကို အောင်မြင်ပြီး တက်လှမ်းလာနိုင်သူတိုင်းတွင် အဆုံးမရှိသော အလားအလာများ ရှိကြပေသည်။
ကောင်းကင်တာအို ၏ စမ်းသပ်မှုမှာ သေမျိုး သတ္တဝါများနှင့် အမတနတ်ဘုရားများ အကြား တိုက်ပွဲတစ်ခု ဖြစ်ပြီး ၎င်း၏ အခက်အခဲမှာ ကျော်လွှားရန် နီးပါး မဖြစ်နိုင်ချေ။ ကောင်းကင်နန်းတော် တွင် မရေမတွက်နိုင်သော စကြဝဠာများကို ပိုင်ဆိုင်ထားသော်လည်း ရွှမ်မြှောင် ကဲ့သို့ တက်လှမ်းလာနိုင်သူများမှာ အလွန် ရှားပါးလှသည်။ လူအများစုမှာ အမတအဖြစ် ရွေးချယ်ခံရရန် အမတနတ်ဘုရားများ နှင့် ဆက်သွယ်မှုများကိုသာ အားကိုးကြရပေသည်။
ကောင်းကင်ဘုံ တွင် တစ်ရက်သည် မြေကြီးပေါ်တွင် တစ်နှစ်နှင့် ညီမျှပြီး မဟာကမ္ဘာ သုံးထောင် တွင် ပဋိပက္ခများသည် လျင်မြန်စွာ ပြောင်းလဲနေခဲ့၏။
နောက်ထပ် နှစ်တစ်သောင်း ကုန်လွန်သွားခဲ့ပြီး မဟာကမ္ဘာ သုံးထောင် တွင် သန့်ရှင်းသော မြေနေရာဟူ၍ မကျန်ရစ်တော့ဘဲ နေရာတိုင်းတွင် သတ်ဖြတ်ခြင်းနှင့် စစ်ပွဲများဖြင့် ပြည့်နှက်နေခဲ့သည်။
ယခုနှစ်တွင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၌ ဂိုဏ်းများသည် ပြင်ပတွင် အာဏာစက်အတွက် ယှဉ်ပြိုင်နေကြပြီး မိစ္ဆာဆိုး များကလည်း အပြင်ဘက်မှ ကျူးကျော်ဝင်ရောက်နေခဲ့ကြ၏။ ကမ္ဘာ့ဂိတ်တံခါး ကို စောင့်ကြပ်နေသည့် ကောင်းကင်ဝိညာဉ် နတ်ဘုရား ပင်လျှင် ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ ဝူရှီ မှ တပည့်များသည် စတင် ထွက်ပေါ်လာခဲ့ကြပြီး ဒုက္ခရောက်နေသော သတ္တဝါများကို ကယ်တင်ခဲ့ကြပေသည်။
ထိုက်ချန်းတိုက်ကြီး ပေါ်ရှိ ထိုက်ချန်းနန်းတော် အတွင်း၌။
ကုအန်သည် လီရွှမ်တောက် နှင့်အတူ စစ်တုရင် ကစားနေခဲ့၏။ ရာသီဥတုမှာ အေးမြနေပြီး လေပြင်းလေး တစ်ချက်က သူတို့၏ ဆံပင်များကို ညင်သာစွာ တိုက်ခတ်သွားသည်။ ဤအချိန်တွင် လီရွှမ်တောက် သည် သူ၏ မျက်မှောင်များကို နက်နက်ရှိုင်းရှိုင်း ကွေးညွတ်ကာ တွေးတောနေခဲ့သည်။
ကုအန်သည် လက်တစ်ဖက်ဖြင့် ခေါက်ယပ်တောင်ကို ပေါ့ပေါ့ပါးပါး ယပ်ခတ်နေပြီး အခြားလက်တစ်ဖက်ဖြင့် လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားကာ လုံးဝ အေးဆေးတည်ငြိမ်နေခဲ့၏။
ကောင်းကင်ယံကို ဖြတ်သန်းသွားသော ကြယ်တံခွန် ဆယ်ခုခန့်ပင်လျှင် သူ၏ အာရုံကို မဖမ်းစားနိုင်ခဲ့ချေ။
လီရွှမ်တောက် သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောဆိုလိုက်၏။ "ငါ ရှုံးပြီ..."
သူသည် ကုအန် ကို မော့ကြည့်လိုက်ပြီး စကားပြောချင်သော်လည်း တွန့်ဆုတ်နေခဲ့သည်။
"မင်း စိတ်ထဲမှာ တစ်ခုခု ရှိနေတယ်... ဖွင့်ပြောလိုက်ပါ၊ မျိုမသိပ်ထားပါနဲ့..." ကုအန်က ပြုံးလျက် ပြောလိုက်သည်။ သူ တမင်တကာ ရှောင်လွှဲမထားသရွေ့ မည်သူ၏ အတွင်းစိတ် တွေးတောမှုမဆို သူ၏ နားထဲသို့ တိုက်ရိုက် ရောက်ရှိလာမည် ဖြစ်၏။ သို့သော်လည်း အချို့သော စကားများကို တစ်ဖက်လူက ဖွင့်ပြောရန် လိုအပ်ဆဲပင် ဖြစ်သည်။
လီရွှမ်တောက် သည် ကုအန် ကို စူးစိုက်ကြည့်ကာ ပြောဆိုလိုက်၏။ "ဒီလောကမှာ ပေါင်းစည်းထားတဲ့ ဂိုဏ်းတွေ ရှိပေမဲ့ ပေါင်းစည်းထားတဲ့ အင်ပါယာ မရှိဘူး... အတိတ်က တာအိုခုံရုံး တောင်မှ အမတ ကျင့်ကြံရေး နယ်ပယ်ကိုပဲ အဓိက အာရုံစိုက်ပြီး သာမန် ပြည်သူတွေရဲ့ ဘေးကင်းမှုနဲ့ ကောင်းကျိုးကို ဂရုမစိုက်ခဲ့ဘူး... ထိုက်ချန်း အင်ပါယာ ကို ဒီလောကရဲ့ အုပ်စိုးသူ ဖြစ်စေချင်တယ်..."
ငါက သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ဧကရာဇ် တစ်ပါး ဖြစ်ချင်တယ်...
နှစ်များတစ်လျှောက် လီရွှမ်တောက် သည် အမြဲတမ်း သတိထားခဲ့ပြီး မနှစ်သက်မှုကို ရှောင်ရှားရန် ဆုံးဖြတ်ချက်တိုင်းတွင် ကုအန် ကို ထည့်သွင်း စဉ်းစားခဲ့၏။ ထို့ကြောင့် ထိုက်ချန်း အင်ပါယာ သည် ပြဿနာကင်းကင်းဖြင့် ရှိနေခဲ့ခြင်း ဖြစ်သည်။ ကုအန် ရှိနေသဖြင့် လီရွှမ်တောက် သည် မဆင်မခြင် ဘယ်သောအခါမှ မလုပ်ဆောင်ခဲ့ချေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူသည်လည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားလာရပြီး သူ့ကိုယ်သူ အားသစ်လောင်းရန် ပိုမို ကြီးမားသော ပန်းတိုင်တစ်ခု လိုအပ်လာခဲ့သည်။
"မင်း ယှဉ်ပြိုင်ချင်ရင် ယှဉ်ပြိုင်လေ... ငါက မင်းကို ဘယ်တုန်းကမှ မကန့်သတ်ခဲ့သလို တားလဲမတားဆီးခဲ့ပါဘူး..." ကုအန်က ခေါင်းယမ်းကာ ရယ်မောလျက် ပြောဆိုလိုက်၏။
လီရွှမ်တောက် သည် သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ကုအန် က စိတ်မဆိုးခြင်းက ကောင်းလှပေသည်။
"ဒါဆိုရင် ငါ ကြိုးစားပါ့မယ်... ဒီနှစ်တွေတစ်လျှောက် ထိုက်ချန်း အင်ပါယာ က အင်အားတွေ စုဆောင်းနေခဲ့တယ်... ယန်ကျန်း ထွက်သွားကတည်းက လုံထန် က တာဝန်တွေကို အကုန် ယူခဲ့တယ်... သူက ယန်ကျန်း ထက်တောင် ပိုအစွမ်းထက်နေသေးတယ်..."
ဤအကြောင်းကို ပြောချိန်၌ လီရွှမ်တောက် ၏ မျက်နှာတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေခဲ့သည်။
လုံထန် သည် လုံချင်း ၏ သားဖြစ်ပြီး ကုအန် ၏ မြေးတပည့် နှင့် ညီမျှပေသည်။ ဤဆက်ဆံရေးကြောင့် လီရွှမ်တောက် သည် လုံထန် အား အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး လုံမိသားစု ကိုပင် ကြီးထွားခွင့် ပေးခဲ့၏။
လုံထန် သည် သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ဘဲ နယ်ပယ်များကို ဘယ်သောအခါမှ မကျူးလွန်ခဲ့ချေ။ နန်းတွင်းတွင်ရော ပြည်သူများ ကြားတွင်ပါ လုံထန် သည် အိမ်ရှေ့မင်းသား နှင့် ပိုတူသည်ဟု နောက်ပြောင်ပြောဆိုမှုများပင် ရှိခဲ့သည်။
လုံထန် သည် အမှန်တကယ်ပင် ကြီးထွားလာခဲ့ပြီး သူ၏ ငယ်ရွယ်စဉ်တွင် မူလဘူတ တာအိုဧကရာဇ် ဘွဲ့ကို ရရှိခဲ့၏။ ယခုအခါ သူသည် အာကာပြင်တာအိုအမတအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ထိုက်ချန်း အင်ပါယာ ၏ မျက်နှာစာ ဖြစ်ပြီး သူ မလှုပ်ရှားလျှင်တောင် မည်သည့် အင်အားစုကမျှ ပတ်ဝန်းကျင်တွင်ပင် ထိုက်ချန်း အင်ပါယာ ကို မစော်ကားရဲကြချေ။
သူ ဤအဆင့်အထိ ရောက်လာခြင်းမှာ ကုအန် ထံမှ ကြီးမားသော အကူအညီများ ရရှိခဲ့သောကြောင့်ပင်။ လုံထန် ၏ သဘောထားကြီးပြီး ဖြောင့်မတ်သော စရိုက်လက္ခဏာက ကုအန် ၏ အကြိုက်များနှင့် များစွာ ကိုက်ညီနေခဲ့သည်။ ယခုအခါ ကုအန် သည် လုံချင်း ထက် လုံထန် ကို ပို၍ မကြာခဏ သွားရောက် လည်ပတ်လေ့ ရှိ၏။
လီရွှမ်တောက် သည်လည်း အာကာပြင်တာအိုအမတ တစ်ပါး ဖြစ်သော်လည်း သူက ကောင်းစွာ ဖုံးကွယ်ထားခဲ့သည်။ လောကကြီးက သူ့ကို လွတ်ငြိမ်းရာအမတ တစ်ဦး အဖြစ်သာ သိရှိထားကြပေသည်။
သူ၏ ကျင့်ကြံခြင်း စွမ်းအားကြောင့် လီရွှမ်တောက် သည် မင်းမျိုးမင်းနွယ် မိသားစုများ သို့မဟုတ် ဂိုဏ်းများ၏ ချုပ်ချယ်မှုကို မခံရတော့ချေ။ ထိုက်ချန်း အင်ပါယာ သည် ယခုအခါ သူနှင့်သာ အမှန်တကယ် သက်ဆိုင်သွားပြီဖြစ်ပြီး ၎င်းမှာ တစ်ချိန်က သူ အိပ်မက်မက်ခဲ့သော အရာပင် ဖြစ်၏။
ကုအန်က ပြုံးလျက် ပြောဆိုလိုက်သည်။ "ဒါဆို မင်း ဘယ်လောက်အထိ သွားနိုင်မလဲ ဆိုတာ ငါ ကြည့်ရသေးတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းကို ကူညီမှာ မဟုတ်ဘူး... ငါ့အမြင်မှာတော့ ထိုက်ချန်း အင်ပါယာ က လောကကြီးထဲက တခြား အင်ပါယာတွေနဲ့ မကွာခြားပါဘူး... မင်း ဒါကို နားလည်မယ်လို့ ငါ မျှော်လင့်တယ်..."
လီရွှမ်တောက် က တည်ကြည်လေးနက်သော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။
"သေချာတာပေါ့... လောကကို အောင်နိုင်ဖို့ မင်းကို ဘယ်လိုလုပ် ဝင်ပါခိုင်းနိုင်မှာလဲ... မင်းသာ ဝင်ပါရင် လောကကြီးက ဘယ်လိုလုပ် အခန်းကဏ္ဍကနေ ပါဝင်နိုင်တော့မှာလဲ... ရိုးရိုးသားသား ပြောရရင် ငါက လောကကြီးကို ပေါင်းစည်းချင်တဲ့ အကြောင်းရင်းက သက်ရှိသတ္တဝါ အားလုံးအတွက်တင် မဟုတ်ဘဲ ငါရဲ့ ကိုယ်ပိုင် စံနမူနာတွေကို အကောင်အထည်ဖော်ချင်လို့ပါ... ကျွန်တော်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ရဲ့ သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်မခံရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ချင်တယ်…”