အခန်း (၇၈၉-၇၉၀)
Vol. 67 Ch. 789-790
အခန်း (၇၈၉) အမှောင်နတ်ဘုရားဂိုဏ်း
ကုအန် ၏ ကိုယ်ပွားသည် ဟုန်ယာကျီ နှင့်အတူ မြေအောက်ကမ္ဘာ သို့ ခရီးသွားနေချိန်တွင် ကုအန် ၏ အစစ်အမှန် ကိုယ်ခန္ဓာ သည် သူ၏ ပုံမှန် နေထိုင်မှု ဘဝကို ထိန်းသိမ်းထားပြီး ကောင်းကင်တာအို ၏ အပြင်ဘက်ရှိ နက်ရှိုင်းသော အနီရောင် မြူခိုးများကို တစ်ခါတစ်ရံ လှမ်းကြည့်နေခဲ့၏။
နက်ရှိုင်းသော အနီရောင် မြူခိုးများ၏ တိုက်ခတ်လာသော အမြန်နှုန်းမှာ မြန်ဆန်သော်လည်း မဟာတာအို ၏ ကျယ်ပြန့်မှုနှင့် နှိုင်းယှဉ်ပါက နှေးကွေးနေပြီး ကောင်းကင်တာအို ကံကြမ္မာ ၏ နယ်နိမိတ်ကို အချိန်တိုအတွင်း ထိတွေ့နိုင်မည် မဟုတ်ချေ။
မှတ်သားစရာကောင်းသည်မှာ ကောင်းကင်ရုံးတော် သည် နက်ရှိုင်းသော အနီရောင် မြူခိုးများနှင့် ပတ်သက်၍ မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ခြင်းပင်။
ကုအန် သည် မရေမတွက်နိုင်သော အမတနတ်ဘုရား များ ဓူဝံကြယ် နန်းတော် ထဲသို့ ပျံသန်းဝင်ရောက်သွားပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ အတူတကွ ပြန်လည် လူစုကွဲသွားကြသည်ကို မြင်တွေ့ခဲ့ရသည်။
နက်ရှိုင်းသော အနီရောင် မြူခိုးများသည် ကောင်းကင်ရုံးတော် ကို သတိထားစေလောက်သည့် မဟာ အကြောင်းအကျိုး တစ်ခုခုနှင့် ပတ်သက်နေခြင်းများ ဖြစ်နိုင်သလား။
ကုအန် သည် ထိုက်ဟောင် အကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ချေ။
လျှို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဧကရာဇ် သည် တံခါးပိတ် ကျင့်ကြံခြင်းမှ မည်သည့်အချိန်တွင် ထွက်ပေါ်လာမည်ကို မသိရသေးပေ။ အမတနတ်ဘုရား များသည် ကောင်းကင်ဧကရာဇ် ကို စောင့်ဆိုင်းနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။
မဟာကမ္ဘာ တစ်ခုသည် အခြားတစ်ခု၏ လုံးလုံးလျားလျား အောင်နိုင်ခြင်းကို ခံလိုက်ရသဖြင့် ကောင်းကင်သားတော် ပြိုင်ပွဲသည် အလွန် ပြင်းထန်လာခဲ့သည်။ စခန်း နှစ်ခုလုံးသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်ကြပြီး ဤ မဟာကမ္ဘာ သုံးထောင် ကို အမှောင် ဖရိုဖရဲ ခေတ်တစ်ခုဆီသို့ ပို့ဆောင်လိုက်ကြသည်။
အသက်ရှင်ကျန်ရစ်ရန် ဖိအား ပိုများလာလေလေ၊ ထူးခြားသော ပါရမီရှင်များ၏ မွေးဖွားခြင်းကို ပိုမို လှုံ့ဆော်ပေးလေလေ ဖြစ်ပေ၏။
ကျန်းရူလိုင် ၏ ဟောပြောပို့ချမှု ပြီးဆုံးသွားပြီးနောက် နှစ်ပေါင်း နှစ်သောင်းခုနစ်ထောင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယနေ့ မွန်းလွဲပိုင်း အချိန်တွင် ကုအန် သည် ခြံဝင်းထဲ၌ အနားယူနေပြီး ကုလားထိုင်ရှည် တစ်ခုပေါ်တွင် လှဲလျောင်းကာ ညင်သာစွာ လွှဲနေခဲ့သည်။
"ငါက ချီထျန် စစ်မှန်အရှင်သခင် ပဲ... ဒီနေ့ မိစ္ဆာဧကရာဇ် ကို ငါ ကယ်တင်မယ်... ငါ့ကို တားရဲတဲ့သူ ရှိရင် ထွက်ခဲ့စမ်း..."
လွှမ်းမိုးနိုင်စွမ်းရှိသော ဟိန်းဟောက်သံကြီး တစ်ခုသည် လောကတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး ရတနာသန့်စင် မီးဖို ရှေ့ရှိ ရှန်းကျန် ကို လန့်ဖြန့်သွားကာ မျက်လုံးများ ဖွင့်လာစေခဲ့၏။
သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ တာအိုနယ်မြေ ရှိ တပည့်များ အားလုံး ကြားလိုက်ရသဖြင့် သူတို့၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးခဲ့ပေသည်။
"ချီထျန် လား... စစ်မှန်ရှင်သခင် လား... အနောက်ဘက်သို့ ခရီးသွားခြင်း စာအုပ်ကို ရှင် ထပ်ဖတ်နေပြန်ပြီလား..."
ရှန်းကျန် သည် သူမ၏ ခေါင်းကို လှည့်ကာ ကုအန် ကို နောက်ပြောင်လျက် မေးလိုက်သည်။
ကုအန် သည် မျက်လုံးများကို မဖွင့်ဘဲ သူ၏ မျက်နှာကို ယပ်တောင်ဝိုင်း တစ်ခုဖြင့် ဖုံးအုပ်ထားကာ တိုးတိုးလေး ပြောလိုက်၏။
"ဘယ်သူ သိမှာလဲ... လူတစ်ယောက်ကို ကယ်ဖို့အတွက် အော်ဟစ်နေတာက မာနကြီးလွန်းလို့ ဒါမှမဟုတ် မိုက်မဲလွန်းလို့ပဲ ဖြစ်ရမယ်..."
ရှန်းကျန် က ရယ်မောလိုက်ပြီး "အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အနည်းဆုံးတော့ သက်ရှိသတ္တဝါ အားလုံးက သူ့နာမည်ကို မှတ်မိသွားကြပြီး မိစ္ဆာဧကရာဇ် ကို ကယ်တင်ဖို့ သူ့လုပ်ရပ်ကို သိသွားကြမှာပဲလေ..."
ယပ်တောင်ဝိုင်း အောက်တွင် ကုအန် ၏ နှုတ်ခမ်းထောင့် အနည်းငယ် မြင့်တက်သွားသော်လည်း သူ ဘာမှ ပြန်မပြောခဲ့ချေ။
လောကတစ်ခွင်ရှိ ကျင့်ကြံသူများသည် အမှန်တကယ်ပင် ချီထျန် စစ်မှန်သောအရှင်သခင် ၏ အမည်ကို ဆွေးနွေးနေကြသည်။ ဤလူသည် မိစ္ဆာဧကရာဇ် ကို ကယ်တင်ရန် အမှန်တကယ် ရည်ရွယ်ထားပုံ ရပေ၏။ သူ၏ ကျယ်ပြန့်သော နတ်ဘုရားစွမ်းရည်များကို ယုံကြည်မှု အပြည့်ဖြင့် ၎င်းမှာ အောင်မြင်မည်ဟု သူ ယုံကြည်ထားခဲ့သည်။ သို့သော် မိစ္ဆာဧကရာဇ် ကို မမြင်ရမီမှာပင် ဂိုဏ်းကြီးကိုးဂိုဏ်းမှ ကျင့်ကြံသူများ၏ ပူးပေါင်း နှိမ်နင်းခြင်းကို သူ ခံလိုက်ရ၏။
ဂိုဏ်းကြီးကိုးဂိုဏ်း သည် အချင်းချင်း သတ်ဖြတ်နေကြပြီ ဖြစ်သော်လည်း မိစ္ဆာဧကရာဇ် ကို ဘယ်သောအခါမှ လျစ်လျူမရှုခဲ့ကြချေ။ အပြင်လောကကို ဂရုမစိုက်ဘဲ သူ့ကို စောင့်ကြပ်ရန် မဟာ ကျင့်ကြံသူ များကို စေလွှတ်ထားပြီး သူတို့၏ တစ်ခုတည်းသော တာဝန်မှာ မိစ္ဆာဧကရာဇ် ကို စောင့်ကြည့်ရန် ဖြစ်ပေသည်။
ရက်အနည်းငယ်ကြာ ကြီးမားသော တိုက်ပွဲကြီး ဖြစ်ပွားပြီးနောက် ချီထျန် စစ်မှန်သောအရှင်သခင် သည် မိစ္ဆာဧကရာဇ် ၏ ဂူကောင်းကင် ထဲသို့ ပစ်ချခံလိုက်ရပြီး အဆုံးမရှိသော အမှောင်ထု နေ့ရက်များကို အတူတကွ ဖြတ်သန်းကြရတော့၏။
စိတ်ဝင်စားစရာ ကောင်းသည်မှာ ဤ ချီထျန် စစ်မှန်သောအရှင်သခင် သည် ကုအန် နှင့် ဆက်နွှယ်မှု ရှိနေခြင်းပင်။ သူ၏ ဘိုးဘေးမှာ တစ်ချိန်က ကုအန် ပြုစုပျိုးထောင်ပေးခဲ့သော ဟောင်လုံ(ပင်လယ်နက်နဂါးငါးကြင်း) ပင် ဖြစ်သည်။
လူသားကမ္ဘာ တွင် လှည့်လည်သွားလာရင်း ဟောင်လုံ သည် နတ်ဘုရား အမည်တစ်ခုကို ပိုင်ဆိုင်နေပြီ ဖြစ်၏။ ဝူရှီ သက်တမ်းတာအိုနယ်မြေ သို့ တစ်ခါတစ်ရံ ပြန်လာလေ့ရှိသော်လည်း သူ၏ အချိန်အများစုကို လူသားကမ္ဘာ တွင် လှည့်လည်သွားလာကာ ပျော်ရွှင်စွာ ကုန်ဆုံးလေ့ရှိသည်။ သူ၏ မျိုးဆက်များမှာလည်း အလွန် များပြားလှပြီး နဂါးတစ်ကောင်၏ ဂုဏ်သိက္ခာကို အမှန်တကယ်ပင် ထိန်းသိမ်းထားပေသည်။
...
မှိုင်းညို့နေသော ဂူအခန်း အတွင်း၌ လေးလံသော အသက်ရှူသံများသည် အဆက်မပြတ် ပဲ့တင်ထပ်နေ၏။
အလယ်ဗဟိုတွင် အဖြူရောင် ဝတ်စုံနှင့် လူတစ်ယောက် ထိုင်နေသည်။ သူ၏ ဝတ်ရုံများမှာ စုတ်ပြဲနေသော်လည်း သူသည် ဖုန်မှုန့်များ ကင်းစင်နေပြီး ထူးခြားသော အရှိန်အဝါ တစ်ခုကို ပိုင်ဆိုင်ထားပေ၏။
သူကား မိစ္ဆာဧကရာဇ် ပင် ဖြစ်သည်။
ဂူ၏ ထောင့်တစ်နေရာတွင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ မြွေကြီး တစ်ကောင်ကဲ့သို့ ခွေလိပ်နေသည့် အရိပ်တစ်ခု ရှိနေပြီး ထိုနေရာမှ အသက်ရှူသံများ ထွက်ပေါ်နေခြင်း ဖြစ်၏
"တကယ်လို့ မင်း ကြောက်နေရင် သူတို့ကို ဒူးထောက်ပြီး မင်းရဲ့ အမှားတွေကို ဝန်ခံလိုက်ပါ... လွတ်လမ်း ရှိကောင်း ရှိနိုင်ပါတယ်..."
မိစ္ဆာဧကရာဇ် က မျက်လုံးများကို မှိတ်ထားရင်း အေးစက်သော လေသံဖြင့် ပြောဆိုလိုက်သည်။
ဤစကားများကြောင့် အမှောင်ထုထဲမှ မိစ္ဆာချီ များသည် အလျင်အမြန် ထွက်ပေါ်လာပြီး မိစ္ဆာဧကရာဇ် ထံသို့ ပြေးဝင်လာခဲ့၏။
"တိတ်စမ်း... ငါက ဘယ်လိုလုပ် ကြောက်ရမှာလဲ..."
ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရိပ်ကြီးသည် ဖရိုဖရဲ ဖြစ်နေသော လူတစ်ယောက်အဖြစ် ပြောင်းလဲကာ ရှေ့သို့ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဤလူသည် အခြားသူ မဟုတ်ဘဲ ချီထျန် စစ်မှန်သောအရှင်သခင် ပင် ဖြစ်ပြီး သူ၏ ခေါင်းပေါ်တွင် ထက်မြက်သော နဂါးဦးချို နှစ်ချောင်း ပေါက်နေ၏။
သူက မိစ္ဆာဧကရာဇ် ကို စူးစိုက်ကြည့်ကာ ဒေါသတကြီးဖြင့် "ကောင်းကင်မဟာပညာရှိ(စွန်းဝူခုန်း) ကြီးတောင် သနားညှာတာမှု မတောင်းခံဘဲ အနှစ်ငါးရာ ဖိနှိပ်ခံခဲ့ရသေးတာပဲ... ငါက ဘယ်လိုလုပ် ကြောက်ရမှာလဲ..." ဟု ပြောလိုက်သည်။
"မဟာပညာရှိ ကြီးဆိုတာ ဘယ်သူမှန်း ငါ မသိပေမဲ့... နှစ်ငါးရာ ဆိုတာ သန်းချီတဲ့ နှစ်တွေနဲ့ မယှဉ်နိုင်ဘူး... သူတို့ရဲ့ သည်းခံနိုင်စွမ်းက မင်း စိတ်ကူးထားတာထက် အများကြီး သာလွန်တယ်..."
မိစ္ဆာဧကရာဇ် က မျက်လုံးများကို မဖွင့်ဘဲ ပြောဆိုလိုက်၏။
ချီထျန် စစ်မှန်သောအရှင်သခင် ငြိမ်ကျသွားပြီး ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"သူတို့က မင်းကို ဒီလောက် အကြာကြီး အကျဉ်းချထားတာ ဘာအတွက်လဲ... မင်းကို မသတ်နိုင်လို့လား..."
"သေချာပေါက် မသတ်လို့ပေါ့... တကယ်လို့ သူတို့ ငါ့ကို သတ်နိုင်ခဲ့ရင် စောစောကတည်းက လုပ်ပြီးလောက်ပြီ... ဖြစ်နိုင်တာက ကံကြမ္မာရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ကောင်းကင်ကြီး က ငါ့ကို မသေစေချင်သေးလို့ နေမှာပေါ့..."
မိစ္ဆာဧကရာဇ် ၏ စကားများက ချီထျန် စစ်မှန်သောအရှင်သခင် ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးလိုက်၏။
"မင်းက ဘယ်လို နတ်ဘုရားကျင့်စဉ် ကို ကျင့်ကြံထားလို့ သတ်လို့မရတဲ့ အခြေအနေကို ရောက်နေတာလဲ..."
"အခုလက်ရှိမင်းကိုယ်မင်း အရင် ဂရုစိုက်သင့်တယ်... ရှေ့ဆက်ရမယ့် နှစ်ထောင်ပေါင်းများစွာကို ဘယ်လို ခံနိုင်ရည် ရှိမလဲ ဆိုတာကို စဉ်းစားသင့်တယ်..."
ဤသည်ကို ကြားချိန်၌ ချီထျန် စစ်မှန်သောအရှင်သခင် သည် မိစ္ဆာဧကရာဇ် ၏ရှေ့တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး
"ငါက နှစ်ထောင်ပေါင်းများစွာ အကျဉ်းမကျဖူးပေမဲ့ တံခါးပိတ် ကျင့်ကြံရင်း နှစ်တွေ အများကြီး ကုန်ဆုံးဖူးတယ်... အဆိုးဆုံးကတော့ ငါ ဒီမှာပဲ ကျင့်ကြံနေလိုက်မယ်..."
သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေပြီး ကျောက်ဆောင်တစ်ခုကဲ့သို့ တည်ငြိမ်နေသော မိစ္ဆာဧကရာဇ် ၏ ထူးခြားသည့် အရှိန်အဝါကို လေ့လာနေခဲ့၏။ ဤအရာက သူ၏ ကြီးမားသော အခွင့်အရေး ဖြစ်နိုင်သည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။
ဒဏ္ဍာရီတွေထဲကလိုပဲ... ကပ်ဘေးကနေ အသက်ရှင်ကျန်ရစ်ရင် ကံကောင်းမှုတွေ ရလာနိုင်တယ်...
သူသည် မိစ္ဆာဧကရာဇ် ထံမှ မသေနိုင်သော နတ်ဘုရားကျင့်စဉ် ကို သင်ယူနိုင်ကောင်း သင်ယူနိုင်ပေလိမ့်မည်။
အနောက်ဘက်သို့ ခရီးသွားခြင်း စာအုပ်ထဲက စွန်းဝူခုန်း မှာ မသေနိုင်တဲ့ ခန္ဓာကိုယ် ရှိတယ်လေ... ကောင်းကင်နန်းတော် တောင်မှ သူ့ကို မနှိမ်နင်းနိုင်ခဲ့ဘူး...
မိစ္ဆာဧကရာဇ် သည် တိတ်ဆိတ်နေပြီး ချီထျန် စစ်မှန်သောအရှင်သခင် က သူ့ကို ကြည့်ကာ ခေါင်းကုတ်လျက် တွေးတောနေခဲ့၏။
ဖိနှိပ်ခံရသော နေ့ရက်များသည် ချီထျန် စစ်မှန်သောအရှင်သခင် မျှော်လင့်ထားသည်ထက် များစွာ ပိုမို ကြမ်းတမ်းပြီး မျှော်လင့်ချက် ကင်းမဲ့လှပေသည်။
အဆုံးအစမဲ့သော မျှော်လင့်ချက် ကင်းမဲ့ခြင်းသည် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှု တစ်မျိုး ဖြစ်လာပေလိမ့်မည်။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ချီထျန် စစ်မှန်သောအရှင်သခင် ၏ စိတ်လှုပ်ရှားမှုနှင့် စူးစမ်းလိုစိတ်များသည် တဖြည်းဖြည်း မှေးမှိန်သွားကာ တုန်လှုပ်ချောက်ချားမှုနှင့် ဒေါသအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ခံစားချက် အားလုံး ပျောက်ကွယ်သွားကာ ထုံထိုင်းမှုသာ ကျန်ရစ်တော့၏။
နောက်ထပ် နှစ်တစ်သန်း ကုန်လွန်သွားခဲ့ပြန်သည်။
ကုအန် သည် ပုန်းကွယ်ဝိညာဉ်နန်းတော် မှ ယခုလေးတင် ပြန်ရောက်လာပြီး ခြံဝင်းထဲသို့ ဝင်ရောက်လာချိန်တွင် အန်ရှင်း က အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။
"ဆရာ... မကြာသေးမီက လူသားကမ္ဘာ မှာ အမှောင်နတ်ဘုရားဂိုဏ်း လို့ ခေါ်တဲ့ ဂိုဏ်းတစ်ခု ပေါ်လာတယ်... သူတို့က သေမျိုး သတ္တဝါတွေကို အမှောင်နတ်ဘုရား ကို ယုံကြည်ဖို့ တိုက်တွန်းတဲ့ ကျမ်းစာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြတယ်... အမှောင်နဲ့ အလင်းက အတူယှဉ်တွဲ တည်ရှိနေပြီး လောကကြီးက လင်းထိန်နေပေမဲ့ အရိုးတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲနေပြီး လူတွေရဲ့ နှလုံးသားက ကယ်တင်ခြင်းကို မရှာတွေ့နိုင်ဘူးလို့ သူတို့က ဆိုကြတယ်... အမှောင်နတ်ဘုရား က လောကရဲ့ အန္တရာယ်တွေထဲကို အမှောင်ထု ယူဆောင်လာပေးပြီး အမှောင်ထုထဲမှာ ကယ်တင်ခြင်းကို ပေးစွမ်းမယ်လို့ ပြောနေကြတယ်..."
အန်ရှင်း သည် အမှောင်နတ်ဘုရားဂိုဏ်း အပေါ် အလွန် သတိထားကာ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုဖြင့် ပြောဆိုလိုက်၏။
ကုအန်က မေးလိုက်သည်။
"အမှောင်နတ်ဘုရားဂိုဏ်း က လူသားကမ္ဘာ ကို စတင် နှောင့်ယှက်နေပြီလား..."
"မဟုတ်ဘူး... သူတို့ရဲ့ ဂိုဏ်းနေရာကို ရှာမတွေ့သေးဘူး... ကျမ်းစာ အများအပြားကိုပဲ ဖြန့်ဝေပြီး လူတွေရဲ့ စိတ်နှလုံးကို လမ်းလွဲအောင် လုပ်နေတာ... အမတ ကျင့်ကြံရေး ဂိုဏ်းတွေက အာဏာအတွက် တိုက်ခိုက် ယှဉ်ပြိုင်နေရလို့ အမှောင်နတ်ဘုရားဂိုဏ်း ကို လျစ်လျူရှုထားကြတယ်... ဒါပေမဲ့ ကျွန်မ တွက်ချက်ကြည့်တော့ သူတို့ကို ထိုးဖောက် မမြင်နိုင်ဘူး... အမှောင်နတ်ဘုရားဂိုဏ်း ရဲ့ နောက်ကွယ်မှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခု ရှိနေတာသေချာတယ်..."
အန်ရှင်း သည် လေးနက်စွာ ပြောဆိုလိုက်ပြီး သူမ၏ ဆရာက အဖြေများ ပေးစွမ်းနိုင်မည်ဟု မျှော်လင့်ကာ ကုအန် ကို စိုက်ကြည့်နေခဲ့၏။
ကုအန် သည် ကောင်းကင်ယံသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။
"အမှောင်နတ်ဘုရား က တကယ် တည်ရှိတယ်... သူ ရောက်လာပြီ... သူ ဒီလူသားကမ္ဘာ ကို စောင့်ကြည့်နေတယ်..."
အန်ရှင်း ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမက မေးလိုက်၏။
"သူ ဘယ်မှာလဲ... သူ ဘယ်လို ပုံစံမျိုးလဲ..."
ကုအန် ပြန်မဖြေဘဲ ကောင်းကင်ယံကိုသာ အေးဆေးစွာ ကြည့်နေခဲ့သည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ အပြင်ဘက်၊ အဆုံးမဲ့ အမှောင်ထုထဲတွင် အရိုးစု ပုံရိပ်တစ်ခု ထိုင်နေ၏။ ခြေထောက်အရိုးများက လက်အရိုးများကို ထောက်ကန်ထားပြီး လက်ဝါးများ အတွင်းတွင် အစိမ်းရောင် မီးတောက်များ လောင်ကျွမ်းနေကာ မရေမတွက်နိုင်သော မြင်ကွင်းများကို ထုတ်ဖော်ပြသလျက် လျင်မြန်စွာ ပြောင်းလဲနေတော့သည်။
အခန်း (၇၉၀) ကောင်းကင်တာအို ပြင်ပမှ ကပ်ဘေး
အမှောင်ထုထဲရှိ အရိုးဖြူသည် မလှုပ်မယှက် ထိုင်နေပြီး ၎င်း၏ လက်ဖဝါးထဲရှိ အစိမ်းရောင် မီးတောက်များကသာ အဆက်မပြတ် တောက်ပနေကာ တိုက်စားနိုင်စွမ်းရှိပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။
အချိန်မည်မျှ ကြာသွားသည် မသိ၊ ၎င်း၏ ဦးခေါင်းခွံသည် ဖြည်းညင်းစွာ တုန်ခါသွားပြီး မဟာတာအို ၏ အဆုံးစွန်သော ဆိုးယုတ်မှုကို ကိုယ်စားပြုသည့် မှောင်မိုက်သော မျက်လုံးများသည် မျက်ခုံးရိုးအောက်တွင် ပွင့်လာကာ နက်နဲပြီး ကြောက်မက်ဖွယ် ကောင်းလှပေ၏။
၎င်းသည် ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ ၎င်း၏ အရိုးများ ကွဲထွက်သွားပြီး အနက်ရောင် မြူခိုးများဖြင့် ရစ်ပတ်ထားသော အရိုးငယ် ခုနစ်ခုသည် ပျံသန်းထွက်သွားကာ မျက်တောင်တစ်ခတ်အတွင်း အမှောင်ထုထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ၎င်းသည် မျက်လုံးများကို ပြန်လည်မှိတ်ကာ အိပ်မောကျသွားတော့၏။
အလွန် ဝေးကွာသော ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တွင် ကုအန် သည် အမှောင်နတ်ဘုရားဂိုဏ်း ၏ ဇာစ်မြစ်ကို အန်ရှင်း အား မပြောပြခဲ့ဘဲ အမှောင်နတ်ဘုရား သည် ပြင်ပကောင်းကင် တွင် နေထိုင်ကြောင်းသာ ပြောပြခဲ့သသည်။ အန်ရှင်း သည် ကောင်းကင်ယံသို့ မကြာခဏ မော့ကြည့်ခဲ့သော်လည်း မည်သည့်အရာကိုမျှ မမြင်နိုင်ခဲ့သဖြင့် သူမ၏ ပိုမိုမြင့်မားသော နယ်ပယ်ကို လိုလားတောင့်တမှုသာ တိုးပွားလာစေခဲ့သည်။
ကမ္ဘာကြီး၏ ပဋိပက္ခများ နောက်ခံအောက်တွင် အမှောင်နတ်ဘုရားဂိုဏ်း သည် အာရုံစိုက်မှု အချို့ကို ဆွဲဆောင်နိုင်ခဲ့သော်လည်း အာဏာလုပွဲတွင် ပါဝင်ရန် လုံလောက်အောင် အစွမ်းမထက်သေးသဖြင့် အမတ ကျင့်ကြံရေး ဂိုဏ်းကြီးများသည် များစွာ ဂရုမစိုက်ခဲ့ကြချေ။
မည်သူမျှ မသိလိုက်ဘဲ အမှောင်နတ်ဘုရားဂိုဏ်း သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နောက်ဆုံးတွင် ဂိုဏ်းကြီး အသီးသီးသို့ စိမ့်ဝင်သွားခဲ့သည်။
စိတ်ပျက်အားငယ်ကာ အမုန်းတရားများဖြင့် ပြည့်နှက်နေသူများသည် အမှောင်နတ်ဘုရားဂိုဏ်း ၏ စံနမူနာများကို ဆွဲဆောင်ခံခဲ့ရပြီး သူတို့၏ အိပ်မက်များထဲတွင် အမှောင်နတ်ဘုရား ၏ နတ်ဘုရား ဟန်ပန်ကိုပင် မြင်တွေ့ခဲ့ရသဖြင့် သူတို့ကို စွဲလမ်းစေကာ ရူးသွပ်မှုဆီသို့ ဦးတည်သွားစေခဲ့၏။
နှစ်ပေါင်း ငါးသောင်း ကြာပြီးနောက် အမှောင်နတ်ဘုရားဂိုဏ်း သည် လူသားကမ္ဘာ တွင် လျစ်လျူရှု၍ မရနိုင်သော အင်အားစု တစ်ခု ဖြစ်လာခဲ့ပြီး ဂိုဏ်းတိုင်းတွင် နောက်လိုက်များ ရှိလာခဲ့သည်။
သို့သော်လည်း အမှောင်နတ်ဘုရားဂိုဏ်း သည် လူသားကမ္ဘာ ၏ စစ်ပွဲများကို မတားဆီးခဲ့ချေ။ နှစ်ပေါင်းများစွာ တိုက်ခိုက်မှုများက ဂိုဏ်းများအကြား ဖြေရှင်း၍မရနိုင်သော အမုန်းတရားများကို တည်ဆောက်ခဲ့ပြီး အမှောင်နတ်ဘုရားဂိုဏ်း က သူတို့အတွင်း ပြဿနာများ ဖန်တီးခဲ့လျှင်တောင် သူတို့၏ ရန်ငြိုးများနှင့် အကျိုးစီးပွားများကို ဘေးဖယ်ထား၍ မရနိုင်ခဲ့ပေ။
စကြဝဠာ ၏ နက်ရှိုင်းသော နေရာ၊ ကမ္ဘာ့ဂိတ်တံခါး ရှေ့တွင်။
ကောင်းကင်ဝိညာဉ် နတ်ဘုရား၊ ထိုက်ရီ အမတအရှင်၊ ရွှေဂူ အမတ ၇၂ ပါး နှင့် ထျန်းဟုန် ဧကရာဇ် တို့ ဤနေရာတွင် စုဝေးခဲ့ကြ၏။
သူ၏ အမတ ရာထူး ကို ပြန်လည် ရရှိပြီးနောက် ထျန်းဟုန် ဧကရာဇ် သည် အဝေးမှ ကြယ်များထက်ပင် ပိုမို တောက်ပသော အမတအလင်းရောင်များ ထုတ်လွှတ်နေခဲ့သည်။
ဤအချိန်တွင် ကောင်းကင်ဝိညာဉ်နတ်ဘုရား၊ ထိုက်ရီ အမတအရှင် နှင့် ရွှေဂူ အမတ ၇၂ ပါး တို့၏ မျက်နှာများမှာ အလွန် တည်ကြည်နေခဲ့သည်။ သူတို့သည် ထျန်းဟုန် ဧကရာဇ် ကို ဝန်းရံထားပြီး အားလုံး တိတ်ဆိတ်နေကြ၏။
ကောင်းကင်ဝိညာဉ် နတ်ဘုရား သည် တိတ်ဆိတ်မှုကို ဦးစွာ ချိုးဖျက်ကာ မေးလိုက်သည်။ "ဒါက ကောင်းကင်တာအို ရဲ့ အပြင်ဘက်က ဖရိုဖရဲ မိစ္ဆာဆိုး နဲ့ သက်ဆိုင်တယ် ဆိုတာ သေချာရဲ့လား..."
ထျန်းဟုန် ဧကရာဇ် က ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကောင်းကင်တာအို ရဲ့ အပြင်ဘက်က ဖရိုဖရဲနယ်မြေ က အဆုံးအစမရှိ ကျယ်ပြောလှတယ်... ဒါက တကယ့် ဖရိုဖရဲ မိစ္ဆာဆိုး ဟုတ်မဟုတ် ဆိုတာ မသေချာသေးဘူး... သေချာတာ တစ်ခုကတော့ ကောင်းကင်တာအို ရဲ့ အပြင်ဘက်ကနေ စိမ့်ဝင်မှု တစ်ခု ရှိနေတယ်... သူတို့ရဲ့ နည်းလမ်းတွေက မယုံနိုင်စရာကောင်းပြီး ဖမ်းဆီးရခက်တယ်... ကောင်းကင်နန်းတော် ကလည်း အပြောင်းအလဲတွေကို စောင့်ကြည့်နေတယ်... ငါ အတည်ပြုနိုင်တာ တစ်ခုကတော့ အမှောင်နတ်ဘုရားဂိုဏ်း ဟာ ကောင်းကင်တာအို ရဲ့ အပြင်ဘက်ကလာတဲ့ အပြောင်းအလဲ တစ်ခုပဲ..."
ထိုက်ရီ အမတအရှင် က ဆက်ပြောလိုက်သည်။ "အမှောင်နတ်ဘုရားဂိုဏ်း ရဲ့ ထွက်ပေါ်လာမှုက တကယ်ကို လျင်မြန်လွန်းတယ်... သူ့ရဲ့ ဇာစ်မြစ်ကို တွက်ချက်လို့ မရဘဲ ကောင်းကင်တာအို ရဲ့ အပြင်ဘက်က အကြောင်းအကျိုး တွေကနေပဲ ခန့်မှန်းလို့ ရတယ်..."
ရွှေဂူ အမတ ၇၂ ပါး သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့သည် တိတ်ဆိတ်နေခဲ့သော်လည်း သူတို့၏ မျက်နှာများပေါ်ရှိ စိုးရိမ်ပူပန်မှုများမှာ ပိုမို လေးလံလာခဲ့သည်။
ကောင်းကင်နန်းတော် မှ အမတနတ်ဘုရားများ အနေဖြင့် သူတို့သည် ကောင်းကင်တာအို ရှိ သတ္တဝါများအပေါ် ဂရုမစိုက်သော်လည်း ကြားဖူးခဲ့သော ဒဏ္ဍာရီ များစွာကြောင့် ကောင်းကင်တာအို ၏ ပြင်ပရှိ အရာအားလုံးအပေါ် ကြီးမားသော ကြောက်ရွံ့မှုကို ထားရှိကြပေသည်။
တစ်နည်းအားဖြင့် ကောင်းကင်တာအို ရှိ သတ္တဝါများအပေါ် သူတို့၏ ဂရုမစိုက်မှုမှာ သူတို့၏ အာရုံစိုက်မှုသည် ကောင်းကင်တာအို ၏ အပြင်ဘက်တွင် ရှိနေသောကြောင့် ဖြစ်ပေ၏။
"အခု ငါတို့ ဘာလုပ်သင့်လဲ... ဒီအတိုင်း ဆက်သွားခွင့်ပြုလိုက်ရင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ က အမှောင်နတ်ဘုရားဂိုဏ်း ရဲ့ လက်အောက်ကို ရောက်သွားနိုင်တယ်..." ရွှေဂူ အမတ တစ်ပါးက မေးလိုက်သည်။
သူတို့သည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ သက်ရှိသတ္တဝါများ၏ ကောင်းကျိုးကို စဉ်းစားနေခြင်း မဟုတ်ဘဲ ကုအန် ကို စဉ်းစားနေခြင်း ဖြစ်သည်။ ယခုအခါ သူတို့သည် ကုအန် ကို အလုပ်အကျွေး ပြုနေကြပြီး အကယ်၍ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သာ အမှောင်နတ်ဘုရားဂိုဏ်း ၏ သိမ်းပိုက်ခြင်းကို ခံရပါက ၎င်းသည် ကုအန် ကို သေချာပေါက် သက်ရောက်မှု ရှိမည်ဖြစ်ပြီး ၎င်းမှာ သူတို့၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို ညွှန်ပြနေပေလိမ့်မည်။
ထိုက်ရီ အမတအရှင် က တွေးတောလိုက်၏။ "အဲဒီလောက်လည်း မခက်ခဲလောက်ပါဘူး... အဲဒီ ပုဂ္ဂိုလ် က ငါတို့ကို ညွှန်ကြားချက် မပေးသေးတာက အကျပ်အတည်းက သူ့ကို အနှောင့်အယှက် ပေးလောက်တဲ့အထိ မကြီးမားသေးဘူး ဆိုတာကို ပြသနေတာပဲ... သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် နဲ့ဆိုရင် သူက ကောင်းကင်တာအို ရဲ့ အပြင်ဘက်က ခြိမ်းခြောက်မှုတွေကို သိမြင်နိုင်စွမ်း ရှိပါလိမ့်မယ်.."
ဤစကားများသည် စုဝေးနေသော အမတများ အတွက် ယုတ္တိရှိလှပေသည်။
ကုအန် သည် ထာဝရအသက် အရှင်မြတ် ကိုပင် ရင်ဆိုင်နိုင်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ခန့်မှန်း၍ မရနိုင်ချေ။
"ဘယ်လိုပဲဖြစ်ဖြစ် သူက ညွှန်ကြားချက် မပေးသေးရင်တောင် ငါတို့က ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မရဘူး... အတူတူ စုံစမ်းကြရအောင်..." ထိုက်ရီ အမတအရှင် က အမိန့်ပေးလိုက်သည်။
အမတများ သည် ကန့်ကွက်ခြင်း မရှိဘဲ မကြာမီ လူစုကွဲသွားကြ၏။
ကောင်းကင်ဝိညာဉ် နတ်ဘုရား သည် ကမ္ဘာ့ဂိတ်တံခါး တွင် ရပ်ကာ ထွက်ခွာသွားသော ထိုက်ရီ အမတအရှင် ၏ ပုံရိပ်ကို ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ "ဒီ တည်ငြိမ်မှု တစ်ခုတည်းကတင် ငါ့ထက် သာလွန်နေပြီပဲ..."
အမှောင်နတ်ဘုရားဂိုဏ်း နှင့် ပတ်သက်သော အကြောင်းအကျိုး သည် ကောင်းကင်တာအို ၏ အပြင်ဘက်တွင် ရှိနေကြောင်းကို သိထားသော်လည်း ထိုက်ရီ အမတအရှင် သည် ကုအန် ထံသို့ အလျင်စလို မသွားဘဲ သူ့ကိုယ်သူ သက်သေပြရန် ဆက်လက် လှုပ်ရှားနေခဲ့၏။
အကယ်၍ သူသာဆိုလျှင် ကုအန် တွင် ပိုမို ကြီးမားသော အသိအမြင်များ ရှိသည်ဟု ယုံကြည်ကာ ကုအန် ကို သေချာပေါက် သွားရောက် ရှာဖွေမည် ဖြစ်သည်။
သို့သော်လည်း ပြန်တွေးကြည့်လျှင် အကယ်၍ ကုအန် သာ ၎င်းကို သိမြင်နိုင်ပါက သူ မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ ဘာကွာခြားမည်နည်း။
အကယ်၍ ကုအန် သာ ၎င်းကို မသိမြင်နိုင်ပါက သူ့ကို ပြောပြခြင်းကလည်း တည်ရှိနေပြီဖြစ်သော အမှောင်နတ်ဘုရားဂိုဏ်း ၏ တည်ရှိမှုကို ပြောင်းလဲနိုင်မည် မဟုတ်ချေ။
ကုအန် ကို သူ နားလည်ထားသလောက် အကယ်၍ ကုအန် သာ အမှောင်နတ်ဘုရားဂိုဏ်း ၏ အကြောင်းအကျိုး ကို အပြည့်အဝ နားမလည်နိုင်လျှင်တောင် ၎င်း၏ တည်ရှိမှုကို လုံးလုံးလျားလျား သတိမထားမိဘဲ နေမည် မဟုတ်ပေ။
ကောင်းကင်ဝိညာဉ် နတ်ဘုရား သည် ၎င်းအကြောင်းကို ထပ်မတွေးတော့ဘဲ ကမ္ဘာ့ဂိတ်တံခါး ဆီသို့ အကြည့်လွှဲလိုက်၏။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အတွင်း၌ ဖရိုဖရဲ အင်အားစုများ အားကောင်းလာပြီး သူ ကြီးကြပ်နိုင်သည့် ကိစ္စရပ်များမှာ ပိုမို နည်းပါးလာခဲ့သည်။ ကမ္ဘာ့ဂိတ်တံခါး ကို စောင့်ကြပ်ခြင်းမှာ သူ၏ အမတ ရာထူး ဖြစ်ပြီး သူ သေချာစေရမည့် တာဝန် တစ်ခု ဖြစ်ပေသည်။
အနည်းဆုံးတော့ ကျူးကျော်သူများကို ကမ္ဘာ့ဂိတ်တံခါး မှတစ်ဆင့် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အတွင်းသို့ ဝင်ရောက်ခွင့် မပေးနိုင်ချေ။
...
ကောင်းကင်နန်းတော်၊ ကွမ်ဖာ အမတနန်းတော်။
ကျယ်ဝန်းလှသော ခန်းမဆောင် အတွင်း၌ လီရွှမ်မြှောင်၊ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား နှင့် အခြား အမတ ရာပေါင်းများစွာ ထိုင်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် အကွာအဝေး တစ်ခု ထားရှိကြ၏။
တစ်ဦးစီတိုင်းသည် သူတို့၏ ဓမ္မပုံရိပ် ကို ပြသနေပြီး တောက်ပကာ လှပလျက် အမတများ၏ ထူးခြားသော အရှိန်အဝါကို ထုတ်လွှတ်နေကြပေသည်။
ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား သည် ထိပ်ဆုံးတွင် ထိုင်ကာ ခန်းမဆောင် အတွင်းရှိ အမတများ အားလုံးကို အပေါ်စီးမှ ကြည့်ရှုနေခဲ့သည်။
"ဒီနေ့ အကြောင်းအရာကတော့ ဖရိုဖရဲနယ်မြေ က အမှောင်နတ်ဘုရား ကို ကောင်းကင်နန်းတော် က ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်လဲ ဆိုတာပဲ..."
ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား က ပြောဆိုလိုက်ပြီး သူ၏ တပည့်များ ဖြစ်သော အမတများသည် သူ စကားမပြောမီကတည်းက တွေးတောနေခဲ့ကြ၏။
ရှေ့တန်းမှ ဆံဖြူအကြီးအကဲ တစ်ဦးက ဦးစွာ ပြောဆိုလိုက်သည်။ "အမှောင်နတ်ဘုရား က ကျွန်တော်တို့ သိထားတဲ့ ဖရိုဖရဲ မိစ္ဆာဆိုး တွေနဲ့ မတူဘူး... သူက မဟာတာအို ကနေ လာပြီး တူညီတဲ့ အရင်းအမြစ်ကို မျှဝေခံစားထားတယ်... သူ့ရဲ့ ကိုယ်ပွားကို သုတ်သင်ရုံနဲ့ ပြဿနာကို အရင်းအမြစ်ကနေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး... ဖြစ်နိုင်တာက သူ ဘာလိုချင်လဲ ဆိုတာကနေ ကျွန်တော်တို့ စတင်သင့်တယ်..."
"အမှောင်နတ်ဘုရား က ယုံကြည်မှုကို ဖြန့်ဝေတယ်... ကောင်းကင်နန်းတော် နဲ့ ဆင်တူတဲ့ လမ်းစဉ်ကို လိုက်ပြီး ကိုးကွယ်မှုကို အားကိုးတယ်... တကယ်လို့ သက်ရှိသတ္တဝါ အားလုံးက အမှောင်ထုကို မတောင့်တဘူး ဆိုရင် သူ့အတွက် အခွင့်အရေး မရှိဘူး..."
ဤစကားကြောင့် အခြား အမတ တစ်ပါးက ချက်ချင်းပင် တုံ့ပြန်လိုက်၏။
"ပြောတာကတော့ လွယ်ပါတယ်... ကောင်းကင်သားတော် နေရာအတွက် တိုက်ပွဲက စတင်နေပြီလေ... ကိုယ်စားလှယ် နှစ်ယောက်စလုံးက လျှော့ပေးမှာ မဟုတ်သလို သူတို့ကို ထောက်ခံနေတဲ့ အမတ အင်အားစုတွေကလည်း လျှော့ပေးမှာ မဟုတ်ဘူး... မဟာကမ္ဘာ သုံးထောင် ရဲ့ ကပ်ဘေးကို ငါတို့ ဘယ်လို အဆုံးသတ်နိုင်မှာလဲ...တကယ်လို့ အဲဒါ မဆုံးသတ်ဘူးဆိုရင် သက်ရှိသတ္တဝါ အားလုံးရဲ့ နှလုံးသားက အမှောင်ထုကို ခိုလှုံနေမှာပဲ..."
ဤနေရာတွင် ပိုမိုများပြားသော အမတများသည် စတင် ပြောဆိုလာကြပြီး တစ်ဦးစီတိုင်းက သူတို့၏ အမြင်များကို တင်ပြကာ အချို့က ငြင်းခုံကြသဖြင့် ခန်းမဆောင် အတွင်းရှိ လေထုမှာ ပြင်းထန်လာခဲ့၏။
လီရွှမ်မြှောင် သည် ရှေ့နားတွင် ထိုင်နေသော်လည်း တိတ်ဆိတ်နေပြီး စိတ်ရှည်စွာ နားထောင်နေခဲ့သည်။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား သည် အနောက်ဘက်တွင် ထိုင်နေပြီး ဤသည်မှာ ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား ၏ စမ်းသပ်မှုတစ်ခု ဖြစ်ကြောင်း သိထားသဖြင့် သတိထား ကိုင်တွယ်ရန် လိုအပ်ကြောင်း သိရှိကာ ပေါ့ပေါ့ဆဆ မပြောဆိုဝံ့ခဲ့ချေ။
အချိန်အတော်ကြာပြီးနောက်။
ကွမ်ဖာထိုက်ကွမ်မူလနတ်ဘုရား က ကြားဖြတ်ပြောဆိုလိုက်သည်။
"မင်းတို့ရဲ့ မဟာဗျူဟာတွေ ဘယ်တစ်ခုကမှ ကောင်းကင်သားတော် နေရာအတွက် ပြိုင်ပွဲကို မရှောင်လွှဲနိုင်ဘူး... မင်းတို့ အမြင်မှာ အမှောင်နတ်ဘုရား ယူဆောင်လာမယ့် ကပ်ဘေး နဲ့ ကောင်းကင်သားတော် နေရာအတွက် ပြိုင်ပွဲ ဘယ်ဟာက ပိုကြီးမားတဲ့ ကပ်ဘေးလဲ..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ခန်းမဆောင် ကြီး တိတ်ဆိတ်သွားခဲ့၏။ မည်သည့် အမတ သို့မဟုတ် နတ်ဘုရားမှ မပြောဆိုဝံ့ကြချေ။