ဘယ်လိုအမှိုက်မျိုးကများ ငါ့ကို ရှင်းပြခိုင်းရဲတာလဲ
Vol. 69 Ch. 898
ခဏမျှ စဉ်းစားပြီးနောက်တွင်မူ ကျူရွှမ်နတ်မိမယ်သည် အခြေအနေကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဟူး...
ကျူရွှမ်နတ်မိမယ်သည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူမကို ကွယ်ထားသည့် ကုလားကာသည် ဘေးနှစ်ဖက်သို့ တဖြည်းဖြည်းချင်း ဆုတ်သွားသည်။
ကုလားကာ နောက်ကွယ်တွင် ပုန်းကွယ်နေသော သူမ၏ ရုပ်သွင်မှာ နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့ချေပြီ။
သူမသည် အခြားသော ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီး လူတိုင်း၏ အကြည့်များက ထိုနေရာသို့ စုပြုံရောက်ရှိသွားကြသည်။
ပြောရလျှင် ကျူရွှမ်နတ်မိမယ်၏ အလှတရားမှာ အမှန်ပင် ထူးခြားလှသည်။
သူမ၏မျက်ခုံးတို့မှာ ပန်းချီကားတစ်ချပ်နှယ် လှပပြီး မျက်နှာသွင်ပြင်မှာလည်း နူးညံ့သိမ်မွေ့သည်။ တုနှိုင်းမရသော အလှပိုင်ရှင်ဟု မဆိုနိုင်သော်လည်း တိုင်းပြည်ကို ဖျက်ဆီးနိုင်သည့် အလှမျိုးကို ပိုင်ဆိုင်ထားသည်။
သူမ၏ ကိုယ်ခန္ဓာပတ်လည်တွင် ဂီတသင်္ကေတများ သက်ဝင်လှုပ်ရှားနေသည်မှာ အနုပညာဆန်သော အမျိုးသမီးတစ်ဦးအဖြစ် ခံစားရစေသည်။
“ တာအိုမိတ်ဆွေအားလုံးကို ဂါရဝပြုပါတယ်”
ကျူရွှမ်နတ်မိမယ်သည် မတ်တပ်ထရပ်ကာ ကျင့်ကြံသူများကို ဦးညွှတ်လိုက်သည်။
သူမ၏ အကြည့်များက စူးချန်ကဲထံသို့ ရောက်ရှိသွားချိန်တွင် သူမ၏ စိတ်ဝိညာဉ်မှာ တုန်လှုပ်သွားသည်။
သူမ တုန်လှုပ်သွားသည်မှာ စူးချန်ကဲ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါ သို့မဟုတ် ကြယ်တာရာတို့ပင် အရှုံးပေးရလောက်သော ရုပ်ရည်ကြောင့် မဟုတ်ပေ။
အကြောင်းမှာ သူမသည် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဉ်စောင်းဝိညာဉ်၏ အငွေ့အသက်ကို ခံစားမိလိုက်သောကြောင့် ဖြစ်သည်။
မဟာလမ်းစဉ် စောင်းဝိညာဉ်ဆိုသည်မှာ အဘယ်နည်း။
စောင်းတူရိယာပညာတွင် အလွန်မြင့်မားသော အောင်မြင်မှုရရှိပြီး ဂီတလမ်းစဉ်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ကာ အသံဖြင့် စည်းချက်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိမှသာလျှင် ထိုစောင်းဝိညာဉ်၏ အရိပ်အယောင်ကို ပုံဖော်နိုင်သည်။
သို့သော် စူးချန်ကဲ၏ မဟာလမ်းစဉ်စောင်းဝိညာဉ်မှာမူ ထူးခြားစွာပင် ပိုမိုစွမ်းအားကြီးမားပြီး လက်တွေ့ဖြစ်တည်နေသည်။
ကျူရွှမ်နတ်မိမယ်သည်လည်း စောင်းပညာကို အဓိကထား ကျင့်ကြံသူဖြစ်သဖြင့် တေးဂီတဆိုင်ရာ အငွေ့အသက်များကို အလွန်ထိရှလွယ်သည်။ စူးချန်ကဲ၏ စောင်းဝိညာဉ်မှာ အထွတ်အထိပ်အဆင့် ဖြစ်သည်မှာ အသေအချာပင်။
သူမထက်ပင် စောင်းပညာ၌ ပိုမိုကျွမ်းကျင်နေနိုင်ချေရှိသည်။
“ဒါဆို... စူးချန်ကဲက ဂီတမှာလည်း အလွန်ထူးချွန်နေတာလား၊ ခုနက ငါတီးခတ်လိုက်တဲ့ သီချင်းကို နားထောင်ပြီး... ငါတီးတာက ဖူရှစ်အမတတေးသွားရဲ့ အပြည့်အစုံ မဟုတ်ဘူးဆိုတာကို သူ ခန့်မှန်းမိသွားတာလား”
“ဒါပေမဲ့... သူက အဲဒါကို ခန့်မှန်းမိတယ်ထားဦး၊ ဖူရှစ်အမတတေးသွားက ငါ့ဆရာသခင် ဖန်တီးခဲ့တာ မဟုတ်ဘူးဆိုတာကို သူ ဘယ်လိုလုပ်ပြီး အသေအချာ ပြောနိုင်ရတာလဲ”
ကျူရွှမ်နတ်မိမယ် စိတ်ရှုပ်ထွေးနေချိန်တွင် ၊ စူးချန်ကဲသည် သူမ၏ ထူးဆန်းသော အကြည့်ကို သတိပြုမိသွားပြီး ပြောလိုက်သည်။
“ ကျွန်တော်ပြောတာ မမှားဘူးဆိုရင်...”
“ကျူရွှမ်နတ်မိမယ် ခုနက တီးခတ်သွားတာက ဖူရှစ်အမတတေးသွားရဲ့ ပထမအခန်း ချန်ရှစ်အခန်း ဖြစ်မယ်ထင်တယ်”
ထိုစကားသံဆုံးသည်နှင့် အမှန်တရားကို မသိကြသည့် ကျင့်ကြံသူများမှာ ဝေဝါးသွားကြသည်။
ဘာပထမအခန်းလဲ..ဘာချန်ရှစ်အခန်းလဲ..
ထျန်းဟောက်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ ယခင်က အမတသခင် တရားစီရင်ရေးရုံးတော်တွင် သူသည်လည်း ဖူရှစ်အမတတေးသွားကို ကြားဖူးသည်။ ထိုသီချင်းတွင် ပထမအခန်းဟူ၍ ရှိသည်ကို သူ တစ်ခါမျှ မကြားဖူးပေ။
သံသယဖြစ်မိသဖြင့် သူသည် ကျူရွှမ်နတ်မိမယ်ထံသို့ အကြည့်ရောက်သွားသည်။
ကျူရွှမ်နတ်မိမယ်၏ အလွန်တုန်လှုပ်သွားသည့် မျက်နှာကို မြင်လိုက်ရချိန်တွင် သူသည် မျက်မှောင်ကြုတ်လိုက်မိသည်။
စူးချန်ကဲ ပြောလိုက်တာ တကယ်ပဲ မှန်သွားတာလား..
အခြားကျင့်ကြံသူများလည်း ထိုအချက်ကို သတိထားမိလိုက်ကြပြီး သူတို့၏ အမူအရာများမှာ အံ့အားသင့်စွာဖြင့် ပြောင်းလဲသွားကြသည်။
“ရှင်... ရှင် ဘယ်လိုလုပ်ပြီး...”
ကျူရွှမ်နတ်မိမယ်၏ နှလုံးသားထဲတွင် မုန်တိုင်းထန်သွားပြီး အသံပင် တုန်ယင်နေသည်။
သူမ တီးခတ်လိုက်သည်မှာ ဖူရှစ်အမတတေးသွား၏ ပထမအခန်းဖြစ်ကြောင်း သူ မည်သို့ သိနေသနည်း။ ဒါတင်မက ၊ နာမည်ကိုပါ တိကျစွာ ခေါ်နိုင်သေးသည်။
စူးချန်ကဲသည် ကောင်းကင်စောင်းတောင်မှ တပည့်တစ်ယောက် မဟုတ်ပါဘဲနဲ့၊ ဤသည်မှာ ယုတ္တိမရှ်ိပေ။
သို့သော် စူးချန်ကဲသည် သူမ၏ တုန်လှုပ်မှုကို လျစ်လျူရှုထားပြီး ပြုံးကာ ဆက်ပြောသည်။
“ဖူရှစ်အမတတေးသွားမှာ အခန်းသုံးခန်း ရှိတယ်၊ ပထမအခန်း ‘ချန်ရှစ်ခန်း’၊ ဒုတိယအခန်း ‘ကျွေ့ရှစ်ခန်း’၊ တတိယအခန်း ‘ရှင်းရှစ်ခန်း’တို့ပဲ”
“ ကျွန်တော်ပြောတာ မှန်သလား”
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။ စူးချန်ကဲ၏ အသံသာလျှင် ခန်းမကြီးအတွင်း ပျံ့လွင့်နေသည်။
လူတိုင်းသည် စဉ်းစားမနေတော့ဘဲ ကျူရွှမ်နတ်မိမယ်ထံသို့သာ အကြည့်များ ပို့လိုက်ကြသည်။
စူးချန်ကဲ၏ စကားကို ကြားပြီးနောက် ကျူရွှမ်နတ်မိမယ်မှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး၊ အလွန်အမင်း တုန်လှုပ်သွားသဖြင့် သူမ၏ မျက်နှာအမူအရာမှာ ပုံပျက်သွားသယောင် ရှိသည်။
စူးချန်ကဲ ပြောသမျှ အရာအားလုံးက မှန်ကန်နေသည်။ ကြောက်စရာကောင်းလောက်အောင် မှန်ကန်နေသည်။
သူမတို့ ကောင်းကင်စောင်းတောင်၏ အဓိက လျှို့ဝှက်ချက်ဖြစ်သော တေးသီချင်းတွင် ပါဝင်သည့် အခန်းသုံးခန်းလုံးကို သူသည် တိကျစွာ ပြောပြနိုင်ခဲ့သည်။
စူးချန်ကဲကဲ့သို့ ပြင်ပလူတစ်ယောက်က အဘယ့်ကြောင့် သိနေရသနည်း။
......
ကျူရွှမ်နတ်မိမယ် တုန်လှုပ်နေချိန်တွင် အောက်ရှိ ကျင့်ကြံသူများ၏ အမူအရာများမှာလည်း ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူမ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် စူးချန်ကဲ ပြောသည်မှာ အမှန်ပင်ဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသည်။
ဒါပေမဲ့ စူးချန်ကဲ ဘာကြောင့် ဒါတွေကို သိနေရတာလဲ...
မဟုတ်မှလွဲရော သူက ကောင်းကင်စောင်းတောင်ရဲ့ တပည့်ဖြစ်နေတာလား..
လူတိုင်း ထိတ်လန့်သွားရုံမကဘဲ စိတ်ရှုပ်ထွေးသွားကြသည်။
တားမြစ်အင်အားစုကြီး သုံးခု၏ အမွေဆက်ခံသူ ဖြစ်ရုံတင်မကဘဲ ထိပ်တန်း ဂီတကျောင်းတော်၏ အမွေဆက်ခံသူပါ ဖြစ်နေလေသလော။
ဒီကောင် တကယ်ရော လူသားဟုတ်ရဲ့လား...
ကျူရွှမ်နတ်မိမယ်ထက်ပိုပြီး တုန်လှုပ်နေသူမှာ ယခင်က စူးချန်ကဲကို လှောင်ပြောင်ခဲ့သည့် ထျန်းဟောက်ရှန်းပင် ဖြစ်သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
“စူးချန်ကဲ... သူက ကောင်းကင်စောင်းတောင်ရဲ့ အဓိက လျှို့ဝှက်ချက်ကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ”
ဤရလဒ်သည် ထျန်းဟောက်ရှန်း မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ဂီတလမ်းစဉ်နှင့် လုံးဝမပတ်သက်သော အင်အားစုကြီးများ၏ အမွေဆက်ခံသူသည် ဖူရှစ်အမတတေးသွား၏ လျှို့ဝှက်ချက်ကို သိနေလိမ့်မည်ဟု မည်သူကများ ထင်ထားလိမ့်မည်နည်း။
သူသည် စူးချန်ကဲကို သိက္ခာကျစေရန် ကြိုးစားခဲ့သော်လည်း စူးချန်ကဲ၏ ကျော်ကြားမှုကိုသာ ပိုမိုမြင့်တက်သွားစေခဲ့သည်။
ထျန်းဟောက်ရှန်းမှာ ဤအခြေအနေကို လက်မခံနိုင်ပေ။ သူသည် ကောင်းကင်စောင်းတောင်နှင့် အခြားသော အင်အားစုများက စူးချန်ကဲ၏ နာမည်ကို တမင် မြှင့်တင်ပေးနေသလားဟုပင် သံသယဝင်မိသည်။
စိတ်ကို ပြန်ထိန်းချုပ်ပြီးနောက် ထျန်းဟောက်ရှန်းက ထပ်ပြောသည်။
“ချန်ကဲသခင်ငယ်က ဖူရှစ်အမတတေးသွားအကြောင်း အပြည့်အစုံ သိနေသလို၊ အခန်းတိုင်းရဲ့ နာမည်ကိုပါ တိကျစွာ ပြောနိုင်တာဆိုတော့ ဒီသီချင်းအကြောင်း အတော် နားလည်မှာပဲ”
“ဒါပေမဲ့... ဒီသီချင်းက ထျန်းချင်အမတဧကရာဇ်မင်းက ဖန်တီးခဲ့တာ မဟုတ်ဘူးလို့ ဘာကြောင့် ပြောရတာလဲ”
“ချန်ကဲသခင်ငယ်က ထျန်းချင်အမတဧကရာဇ်ကိုပဲဖြစ်ဖြစ်၊ ကောင်းကင်စောင်းတောင်ကိုပဲဖြစ်ဖြစ် အမုန်းတရားများရှိနေလို့ တမင်သက်သက် ပြောလိုက်တာလား”
“ဒီကိစ္စကို ချန်ကဲသခင်ငယ် ရှင်းပြပေးဖို့ မလိုဘူးလား”
ထိုစကားများထွက်လာသည်နှင့် လူတိုင်း၏ အကြည့်များက စူးချန်ကဲထံသို့ ပြန်ရောက်သွားကြသည်။
ထျန်းဟောက်ရှန်း၏ စကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲသည် စိတ်ထဲမှ ရယ်မောလိုက်သည်။
ဒီကောင် ငါ ဘာမှ ပြန်မပြောနိုင်လောက်ဘူးလို့ ထင်ပြီး ငါ့ကို အမတဧကရာဇ်မင်း တစ်ပါးကို စော်ကားနေတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ဖို့ ကြိုးစားနေတာပဲ....
ငါ့ရဲ့ နောက်ခံအရှိန်အဝါအရ ကောင်းကင်စောင်းတောင်ကို ကြောက်စရာမလိုပေမဲ့၊ ဒီကောင်က ငါ့ရှေ့မှာ အခုလို အတင့်ရဲစွာနဲ့ ထောင်ချောက်ဆင်ရဲတယ်ပေါ့လေ...
“ထျန်းဟောက်ရှန်း၊ မင်း ငါ့ရှေ့မှာ ဒီလို ပရိယာယ်တွေ လာမသုံးနဲ့”
“မင်း စိတ်ထဲမှာ ဘာတွေ ကြံစည်နေလဲဆိုတာ ငါ မသိဘူးလို့ ထင်နေတာလား”
စူးချန်ကဲသည် မေးစေ့ကို အနည်းငယ်မြှောက်ကာ အထင်မြင်သေးစွာ ပြန်ပြောလိုက်သည်။
“ပြီးတော့... ဘယ်လိုအမှိုက်မျိုးကများ ငါ့ကို ရှင်းပြခိုင်းရဲတာလဲ”