သူ့နည်းလမ်းအတိုင်း ပြန်လုပ်ပေးလိုက်
Vol. 81-85 Ch. 1208
“ယဲ့ဖန် မင်းက ဘယ်လိုကောင်မျိုးလဲ၊ မင်းကများ ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့”
“မင်းကိုယ်မင်း ချွန်းယန်အဆင့်လို့ ထင်နေတာလား”
“ဒုတိယဦးလေးရဲ့ တိုက်ကွက်ကို ကြက်ကန်းဆန်အိုးတိုးသွားရုံပဲ၊ ဒါကို မင်းကိုယ်မင်း နိုင်ပြီ ထင်နေတာလား”
လုံမိသားစုဝင်များအားလုံး မျက်နှာထား အေးစက်သွားပြီး ဂရုမစိုက်၍ စက်ဆုပ်သော အကြည့်များဖြင့် ကြည့်လာကြသည်။
ဒုတိယဦးလေးသည်လည်း ယဲ့ဖန်အား အေးစက်စက် အကြည့်များဖြင့် ကြည့်လိုက်မိသည်။
“ဟေ့ကောင် မင်းရဲ့အစွမ်းက ငါ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ၊ တကယ်လို့ မင်းသာ နောက်ထပ် ဆယ်စုနှစ် တစ်ချို့စာလောက် အချိန်ရခဲ့မယ်ဆိုရင် မင်းအစွမ်းက ငါ့ထက် သာရင်သာသွားနိုင်တယ်၊ အခုချိန်မှ မင်း ငါနဲ့ လာတိုးတာ ဆိုးတာပဲ”
“ဒီတော့ မင်းရဲ့လမ်းက ဒီမှာတင် လုံးဝ ဆုံးသွားပြီ”
သူ့လေသံက အလွန် ထည်ဝါ၍ တစ်ဖက်လူအား အလွန် ဖိနှိပ်သော အရိပ်အယောင်များ ပါဝင်နေ၏။ လက်ရှိတွင် မည်သူမှ ဒုတိယဦးလေးကို မေးခွန်းမထုတ်ကြပေ။ သူတို့အားလုံး၏ အမြင်တွင် သူသည် တုနှိုင်းမဲ့ စစ်နတ်ဘုရား ဖြစ်သည် မဟုတ်ပါလော။
“မင်း ပြောလို့ပြီးပြီလား၊ ပြီးရင် သေလို့ရပြီ”
ယဲ့ဖန်က ခပ်အေးအေး ပြောလိုက်ပြီး ဒုတိယဦးလေးထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
“ဒေါက် ဒေါက်”
သူ့ခြေလှမ်းတိုင်းက ငြိမ်လှသည်။ မည်သည့် တာအိုသဘောတရားမှ မပါသလို တုန်ခါခြင်းလည်း မရှိသဖြင့် သာမန်လူတစ်ယောက် လမ်းလျှောက်နေသလိုပင်။
“တော်တော် မောက်မာတဲ့ မျိုးမစစ်ကောင်ပဲ၊ မင်းကများ ငါတို့ ဒုတိယဦးလေးကို ထပ်ခါထပ်ခါ ရန်စရဲ တယ်ပေါ့လေ”
“ဟဲဟဲ … ဘာလို့ သေခါနီးလူကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံနေမှာလဲ၊ သူက အခုပဲ အဲ့လိုပြောနိုင်တာလေ၊ ဒုတိယဦးလေး စတိုက်တာနဲ့ သူ့ဘာသာသူ နောင်တရသွားလိမ့်မယ်”
“ဒုတိယ ဦးလေး၊ သူ့ကို သတ်လိုက်ပါတော့၊ သူ့ကို ကျွန်တော်တို့ လုံမိသားစုကို လာရှုပ်ရင် ဘာဖြစ်သွားမလဲ သိအောင် ပြလိုက်ပါ”
လုံမိသားစုဝင်များအားလုံးက ခက်ထန်သော အကြည့်များဖြင့် ကြည့်နေပြီး ယဲ့ဖန် မြန်မြန်သေပါစေဟု ဆုတောင်း နေကြသည်။
တစ်ဖက်တွင်မူ နလန်ရှောင်၊ စွန်းကျန်းရှဲနှင့် အခြားသူများ၏ မျက်နှာတွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာ၏။
ဒုတိယဦးလေး၏ ကြောက်စရာကောင်းပုံများကို သူတို့ တစ်ချိန်လုံး ကြားခဲ့ဖူးပြီး သူ လှုပ်ရှားလိုက်သည်နှင့် တောတောင်နှင့် ပင်လယ်တို့ ပျက်စီးသွားနိုင်သည်ဟု ဆိုစမှတ် ပြောကြသည်။
တစ်ဖက်မှ ယဲ့ဖန်သည် ကြောက်စရာကောင်းပါသော်လည်း ထိုပုဂ္ဂိုလ် ရောက်နေသော သိုင်းအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ချေ။
သို့သော် ထန်မင်လီနှင့် အခြားသူများသည် အလွန် ယုံကြည်မှုရှိသော ဟန်ပန်များကို ပြသနေပြီး ယဲ့ဖန်၏ နောက်ကျောကို ကြည့်ကာ စိတ်လှုပ်ရှား၍ ယုံကြည်ချက်ရှိပုံများက ဖုံးဖိမရအောင် ဖြစ်နေသည်။ သူတို့၏ အမြင်တွင် ယဲ့ဖန်သည် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ် ဖြစ်သည်။
“ကောင်းပြီလေ ဒီလောက် နှစ်တွေ ကြာသွားတာတောင် ငါ့ကို ဒီလို ပြောရဲတဲ့သူက မင်း ပထမဆုံးပဲ၊ ဒီလိုဆိုတော့လည်း ငါ မင်းအရိုးတွေကို တစ်ချောင်းချင်းစီ ဆွဲထုတ်ပြီး မင်းကို ရှစ်ပိုင်းပိုင်းပစ်ရတာပေါ့”
ဒုတိယဦးလေးသည် ရုတ်တရက် ဒေါသူပုန် ထလာပြီး လက်ငါးချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထိုအခါ သူ့လက်ထဲမှ ထူးဆန်းသော တာအိုပုံရိပ်များ ထွက်ပေါ်လာပြီး ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ဦးတည်သွားသည်။
လေတိုးသံက တာအိုသဘောတရား၏ အသံဟု ထင်မှတ်ရသည်။ တာအိုပုံရိပ် ဆယ်နှစ်ခုသည် တာအို သိုင်းကွက်မှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်ပြီး အလွန် ထူးခြားပြီး အရာအားလုံးကို နင်းခြေဖိနှိပ်နိုင်၏။ ၎င်း၏ ပြင်းထန်ကြမ်းကြုတ်သော စွမ်းအင်က တစ်ချက်တည်းနှင့် အသေသတ်ရန် ကြံစည်ထားသည့်ပုံပင်။
ဤနောက်ဆုံးသိုင်းကွက်ကြောင့် ချွန်းယန်အဆင့်သို့ ရောက်နေသူပင်လျင် ရှောင်ရုံသာ ရှောင်နိုင်ပြီး အတိ တားဆီးနိုင်ခြင်း မလုပ်နိုင်လောက်ပေ။
“ယဲ့ဖန် ငါ မင်းကို စိစိညက်ညက် ကြေအောင် လုပ်ပစ်မယ်ကွ”
“ဒုတိယဦးလေးက အားပါးတရ ရယ်မောလိုက်သလို တာအိုပုံရိပ် ဆယ့်နှစ်ခုကလည်း ယဲ့ဖန်၏ ကိုယ်ကို အပြင်းအထန် တိုက်ခိုက်လာ၏။
“မနိုင်နိုင်ဘူး၊ ဒီယဲ့ဖန် သေချာပေါက် သေလိမ့်မယ်”
“ဒီတာအိုပုံရိပ်ဆယ့်နှစ်ခုထဲက တစ်ခုချင်းဆီက မိုးမြေရဲ့ စည်းမျဉ်းတွေ ပါနေတာ၊ ဒါတွေကို စုဆောင်းမိဖို့ ငါ့ဒုတိယ ဦးလေးက နှစ်တစ်ထောင်တောင် အချိန်ယူခဲ့ရတာ၊ ဒါရဲ့ စွမ်းအင်က ထျန်းယန်အဆင့် လက်နက်လိုပဲ ကြောက်ဖို့ကောင်းတယ်”
“ဒီကောင်တော့ သေမတတ် လန့်နေလောက်တယ်”
သို့သော် ဆက်လက်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် လူတိုင်း ချောက်ချားသွားသည်။
“ဝုန်း ဝုန်း ဝုန်း”
လေဟာနယ် တုန်ခါလာပြီး မြေဆီလွှာမျာ အက်ကွဲလာသည်။ တာအိုပုံရိပ် ဆယ့်နှစ်ခုက ဥက္ကာခဲသဖွယ် ယဲ့ဖန်အား အရှိန်ဖြင့် ဝင်တိုက်လေသည်။ တာအိုပုံရိပ် ဆယ့်နှစ်ခု၏ စွမ်းအင်ကို တစ်ပြိုင်တည်း အသုံပြုထားသဖြင့် ထိုနေရာ တစ်ခုလုံး ယိုယွင်းပျက်စီးလာ၏။
ယဲ့ဖန်မှာမူ ဘာမှမဖြစ်သကဲ့သို့ တစ်စက်ကလေးမှ နာကျင်ခြင်း မရှိဘဲ ဒုတိယဦးလးထံသို့ လျှောက်လာသည်။ ခြေလှမ်းတိုင်းက ရိုးရှင်းတည်ငြိမ်သော်လည်း ဘုရင်တစ်ပါး၏ အရှိန်အဝါများ ပေါ်လွင်နေသည်။
“ဘာမှမဖြစ်ဘူးလား”
လူတိုင်း ထိတ်လန့်သွားပြီး ကြောက်လန့်တကြား ကြည့်နေကြသည်။ ယဲ့ဖန်၏ ခြေထောက်အောက်မှ မြေကြီးပင် ယိုယွင်းပျက်စီးနေပြီ ဖြစ်သည်။
“မဖြစ်နိုင်ဘူး”
ကောင်းကင်ထက်မှ ဒုတိယဦးလေးသည် ဤသည်ကို မြင်ပြီး ကျောပြင်၌ ချွေးများ ရွှဲနစ်လာပြီး ထအော် လိုက်မိသည်။ သူ့တစ်ကိုယ်လုံးမှ ယန်စွမ်းအင်များ ထွက်ပေါ်လာပြီး တာအိုပုံရိပ် ဆယ့်နှစ်ခုထံ ပစ်လွှတ် လိုက်သည်။
တောင်ကိုခွင်း၍ ပင်လယ်များအား မိုးစက်သကဲ့သို့ ဖြစ်သွားစေနိုင်သော ဖိအားမျိုးက ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ် ကျရောက်လာပြီးနောက် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာလေသည်။
*ထိပြီ*
*ဒီတစ်ခေါက်တော့ တစ်ရာရာခိုင်နှုန်း ထိတာ သေချာပြီ*
သို့သော်လည်း ကြက်သီးထဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ယဲ့ဖန်သည် ထိုတိုက်ခိုက်မှုကို မြင်သော်လည်း တစ်ချက်ကလေးမှ ရှောင်တိမ်းခြင်းမရှိဘဲ ယင်ကောင်များကို မောင်းထုတ်သကဲ့သို့ လက်ကို အသာယမ်းလိုက်သည်။
ထိုအခါ တာအိုပုံရိပ် ဆယ့်နှစ်ခုလုံး ပျောက်ကွယ်သွားလေသည်။ လူတိုင်း သည်းခြေပျက်မတတ် ကြောက်လန့် သွားကြသည်။
*တာအိုပုံရိပ် ဆယ့်နှစ်ခုလုံးကို ယဲ့ဖန်က အသာလေး ဖျက်ဆီးလိုက်တာလား၊ အဲ့ဒါကလည်း ဘာမှ အားမစိုက် လိုက်ရသလိုပဲ*
*သူ့လက်ကို အသာယမ်းလိုက်ရုံနဲ့ ဒုတိယဦးလေးရဲ့ နောက်ဆုံးတိုက်ကွက်ကို ဖျက်ဆီးနိုင်တာလား*
ထို့နောက် သူတို့အားလုံး ပြိုင်တူ အော်ဟစ်လိုက်မိသည်။
“မဖြစ်နိုင်တာ”
လုံမိသားစုနှင့် စုန့်မိသားစုတို့၏ အပြုံးများ ပျောက်ကွယ်သွားပြီး ငိုချင်စိတ် ပေါက်လာကြသည်။ နတ်ဘုရားက သူတို့ကို တမင်သက်သက် နောက်ပြောင်နေသည်ဟုပင် ထိမှတ်မိသည်။ သူတို့ကို အကြိမ်ကြိမ် မျှော်လင့်ချက် ပေးပြီး ထပ်မံ၍ မျှော်လင့်ချက်မဲ့အောင် လုပ်နေသည်။
ယဲ့ဖန်သည် တဖြည်းဖြည်း လျှောက်လာနေရင်း ကောင်းကင်ထက်မှ ရှိနေသော ဒုတိယဦးလေး၏ အောက်ဘက်တည့်တည့်သို့ ရောက်သောအခါ ခေါင်းမော့ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် ဒုတိယဦးလေး ခေါင်းပေါက်ကွဲတော့မည်ဟု ခံစားမိကာ မျက်နှာတွင် ကြောက်စိတ်များ ထင်ဟပ် လာ၏။ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအင်က သူ့အား လွှမ်းခြုံလာသည်ကို ရှင်းလင်းစွာ ခံစားမိနေသည်။
*မကောင်းတော့ဘူး*
ချက်ချင်းဆိုသလိုပင် ဒုတိယဦးလေး အကြီးအကျယ် မျက်နှာပျက်သွားပြီး စိတ်ထဲမှ ကျိန်ဆဲ၍ ရုတ်ချည်းဆိုသလို နောက်ဆုတ်၍ ထွက်ပြေးလေသည်။ အရှိန်တင်၍ ထွက်ပြေးနေသောကြောင့် အသက်တစ်ကြိမ် ရှူစာအတွင်း ဆယ်မိုင်အကွာသို့ ရောက်သွား၏။
“ထွက်ပြေးတာလား၊ ဒုတိယဦးလေး တကယ် ထွက်ပြေးတာလား”
လူတိုင်း ကြက်သေ သေသွားကြသည်။ သို့သော် ယဲ့ဖန်က လှောင်ပြုံးပြုံး၍ တစ်ခွန်းသာ ပြောလိုက်သည်။
“မင်းနည်းလမ်းအတိုင်း ငါ မင်းကို ပြန်လုပ်ပေးမယ်”
ကောင်းကင်ထက်၌ ဟင်းလင်းပြင်နယ်မြေတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုဟင်းလင်းပြင်၏ တစ်ဖက်၌ နယ်မြေတစ်ခု ရှိနေပြီး ကြယ်တာရာများစွာကို မြင်နေရသည်။ ထိုကြယ်တာရာများသည် တဖျတ်ဖျတ် လင်းလက် တောက်ပ နေ၏။
ထိုအခိုက်တွင် ကြီးမားသော ကြယ်တာရာတစ်လုံးက ဟင်းလင်းပြင်ကိုဖျက်၍ လေဟာနယ် ဥပဒေသကို ချိုးဖောက်ကာ ဤလောကထဲသို့ ဝင်ရောက်လာပြီး ဒုတိယဦးလေးအား အရှိန်ဖြင့် ဝင်တိုက်လေသည်။
ထိုအခါ ဒုတိယဦးလေးသည် ရေခဲတိုက်ထဲသို့ ရောက်သွားသလို ခံစားမိကာ ထအော်လိုက်မိသည်။
“ဒါ … သောက်ကျိုးနည်း ဒါ ဘာကြီးလဲ”
*ယဲ့ဖန်က ငါ့ကို တကယ်ကြီး ကြယ်တာရာနဲ့ တိုက်ထုတ်တာလား*
သို့သော် ယခုတစ်ခေါက်တွင် သူ ရုန်းကန်ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ ကြယ်တာရာသည် သူ့ပေါ်သို့ တောင်အလုံးတစ်ထောင် ကျလာသကဲ့သို့ ကြီးမားလေးလံသော ဖိအားနှင့်အတူ လေဟာနယ်ကို ထိုးခွင်း၍ ကျရောက်လာ၏။ ထို့ကြောင့် ဒုတိယဦးလေးတစ်ယောက် မြေကြီးပေါ် ပြုတ်ကျသွားလေသည်။
“ဒုန်း”
ထို့နောက် သူ ပြုတ်ကျလာသည့် ဆယ်မိုင်ပတ်လည်အတွင်း မြေဆီလွှာများ ပျက်စီးသွား လေတော့သည်။