အမတဧကရာဇ်မင်းပင် ဦးညွှတ်ရလေခြင်း
Vol. 69 Ch. 887
"ချန်ကဲ..... ချန်ကဲထျန်းတိ့ပါလား"
ထိုစဉ် လူအုပ်ကြီးထဲမှ အံ့အားသင့်သံများ ပေါ်ထွက်လာသည်။
အမှန်မှာ သူတို့သည် တိုက်မြေသုံးထောင်မှ တက်လှမ်းလာသော ပါရမီရှင်များ ဖြစ်ကြပြီး စူးချန်ကဲကို မြင်လိုက်ရချိန်တွင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ဟစ်အော်လိုက်ခြင်း ဖြစ်သည်။
"အရင်က ငါသံသယဝင်ခဲ့တာ အမှန်ပဲ၊ အဲဒါ ချန်ကဲထျန်းတိ့ပဲ ..သူဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ကျွန်တော်မျိုးတို့ ချန်ကဲထျန်းတိ့ကို အရိုအသေပေးပါတယ်"
အချို့သော ပုဂ္ဂိုလ်များမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြတော့ပေ။
သူတို့သည် မိမိတို့၏ အမတစွမ်းအင်များကို အသက်သွင်းကာ စူးချန်ကဲ၏ ရှေ့မှောက်သို့ ဆင်းသက်လာကြပြီး လေးစားသမှုအပြည့်ဖြင့် နှုတ်ဆက်ခဲ့ကြသည်။
သူတို့သည် အမတနယ်မြေ၌ နေထိုင်လာခဲ့သည့် ကာလအတွင်း စူးချန်ကဲ၏ ဂုဏ်သတင်းကျော်ကြားသော လုပ်ရပ်များကို ကြားသိခဲ့ရသည်။ တိုက်မြေသုံးထောင်မှ တတ်လှမ်းလာသူများဖြစ်သည့်အားလျော်စွာ သူတို့သည် စူးချန်ကဲအတွက် ဂုဏ်ယူနေမိသည်။
အဝေးရောက်နေချိန်တွင် မိမိတို့၏ မွေးရပ်မြေမှ ဒဏ္ဍာရီလာပုဂ္ဂိုလ်၏ နာမည်ကို ကြားရခြင်းသည် အလွန်ပင် ဂုဏ်ယူစရာ ကောင်းလှပေသည်။
တိုက်မြေသုံးထောင်မှ ပါရမီရှင်များက အတည်ပြုလိုက်သည်နှင့် ၊ လူအုပ်ထဲတွင် ရှိနေသော သံသယများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဤအချက်များအားလုံးက ရှေ့တွင်ရှိနေသော ဝတ်ရုံဖြူလူငယ်သည် အမတနယ်မြေ၏ လက်ရှိ ဒဏ္ဍာရီလာပုဂ္ဂိုလ် စူးချန်ကဲပင် ဖြစ်ကြောင်း သက်သေပြနေသည်။
ယင်းက အမှန်တရားကို မသိဘဲ စော်ကားခဲ့မိသည့် အမတနယ်မြေမှ ဒေသခံ ပါရမီရှင်များ၏ မျက်နှာကို ဖြူဖျော့သွားစေခဲ့သည်။
စူးချန်ကဲကို မည်သူကများ မသိရှိမည်နည်း။
သူ့၏ ပါရမီနှင့် နောက်ခံအကြောင်းအရာကို ပြောရလျှင် အမတနယ်မြေတစ်ခုလုံးတွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။ သို့သော် သူတို့သည် စောနက စူးချန်ကဲကို သွားပြီး လှောင်ပြောင်လိုက်မိသည်။
ဤသည်မှာ သူတို့လမ်းသူတို့ ပိတ်လိုက်ခြင်းပင် ဖြစ်သည်။
..........
"စူး... စူးချန်ကဲ...."
ဤရွှေအမတ အဆင့်ရှိသူများ အနေဖြင့် မည်မျှပင် အသိဉာဏ်မဲ့နေပါစေ၊ စူးချန်ကဲဆိုသည့် နာမည်ကို အနည်းနှင့်အများ ကြားဖူးကြသည်။
တောက်ရွှီမြို့သည် ဟွမ်ကျီအမတနယ်မြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အတွက် ဟွမ်ကျီအမတနယ်မြေတွင် နေထိုင်သူများအနေဖြင့် တားမြစ် စူးမိသားစု၏ ကျော်ကြားမှုကို မည်သူကများ မသိရှိမည်နည်း။
၎င်းတို့သည် ဟွမ်ကျီအမတနယ်မြေ၏ အာဏာအရှိဆုံးသူများ ဖြစ်ကြပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဟွမ်ကျီအမတနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သူများ ဖြစ်သည်။
သို့သော် သူတို့သည် စူးချန်ကဲကို သွေးမျိုးဆက်အောက်တန်းကျသူဟု လှောင်ပြောင်ခဲ့ရုံသာမက နောက်ခံမရှိ၊ ပါရမီမရှိသော ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်ဟု ပြောဆိုမိခဲ့သည်။
သူတို့ ပြောလိုက်သမျှ စကားလုံးတိုင်းသည် ကိုယ့်ပါးကို တစ်ချက်ချင်း ရိုက်နှက်နေသကဲ့သို့ ခံစားလိုက်ရပြီး ပူစပ်ပူလောင် ဖြစ်သွားရသည်။
"ချန်ကဲ သခင်လေးကို အရိုအသေပေးပါတယ်"
"ရန်ယွီ နတ်ဘုရားမကို အရိုအသေပေးပါတယ်"
သတိပြန်ဝင်လာသော အစောင့်တပ်မှူး ရှောင်သည် တွန့်ဆုတ်မနေတော့ဘဲ ဒူးတစ်ဖက် ထောက်လိုက်သည်။ သူသည် ဒူးတစ်ဖက် ထောက်၍ နှစ်ဦးစလုံးကို အလွန်ရိုသေစွာဖြင့် ဂါရပြုကာ နှုတ်ဆက်လိုက်သည်။
"ဒီကိစ္စက ကျွန်တော်တို့ရဲ့ စဉ်းစားဉာဏ် နည်းပါးမှုကြောင့် ဖြစ်ရတာပါ အရှင်နှစ်ပါးအနေနဲ့ အပြစ်မတင်ပါနဲ့"
ဤမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ စိတ်နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားစေသည်။
လောကသားတို့၏ အမြင်တွင် အမတဘုရင်ဟူသည် တကယ့် စွမ်းအားရှင်ပုဂ္ဂိုလ်ကြီးများ ဖြစ်သော်လည်း ယခုအခါ စူးချန်ကဲ၏ ရှေ့တွင် သူသည် အလွန်ပင် နှိမ့်ချစွာဖြင့် ဒူးတစ်ဖက် ထောက်နေရသည်။ ခေါင်းကိုပင် ငုံ့ထားပြီး စူးချန်ကဲအား စော်ကားမိမည်ကို ကြောက်ရွံ့သဖြင့် မော့ကြည့်ရန်ပင် မဝံ့ရဲပေ။
စေ့စေ့စပ်စပ် ကြည့်ရှုမည်ဆိုပါက၊ တပ်မှူးရှောင်၏ ခေါင်းတစ်ခုလုံး ချွေးပြန်နေပြီး မျက်နှာမှာလည်း ဖြူဖျော့နေကာ နှုတ်ခမ်းများပင် တုန်ရီနေသည်ကို မြင်တွေ့ရပေလိမ့်မည်။
ဤကိစ္စတွင် တပ်မှူးရှောင်နှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း သူ၏ အပြုအမူများကြောင့် စူးချန်ကဲ စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို ကြောက်ရွံ့နေဟန်ရသည်။
အမတဘုရင်ရဲ့ ဂုဏ်သိက္ခာတွေက ဘယ်ရောက်ကုန်ပြီလဲ.. အဲ့ဒါတွေကို ခွေးသာ စားခိုင်းလိုက်တော့..
စူးချန်ကဲ၏ နောက်ခံအရှိန်အဝါရှေ့တွင် အမတဘုရင်များသာမက အမတဧကရာဇ်မင်းများပင် ဦးညွှတ်ရမည် ဖြစ်သည်။
သို့သော် စူးချန်ကဲ၏ အမူအရာမှာမူ အေးစက်နေမြဲဖြစ်ပြီး မျက်ဝန်းတို့မှာ တည်ငြိမ်နေခဲ့သည်။
အမတဘုရင်တစ်ပါး က သူ၏ရှေ့တွင် ဒူးထောက်နေသည်ကိုပင် ဂရုမစိုက်ဟန်ဖြင့် ရှိနေခဲ့သည်။ ယင်းအစား သူသည် တောက်ရွှီမြို့၏ အတွင်းပိုင်းသို့ တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားခဲ့သည်။
"လာပြီလား"
ဝုန်း!
သူ၏ စကားသံအဆုံးတွင် ၊ တောက်ရွှီမြို့၏ အတွင်းပိုင်းမှ မဟာလမ်းစဉ်လှိုင်းတံပိုးများ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
အလွန်အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး ၊ တောက်ရွှီမြို့ရှိ ကျင့်ကြံသူများနှင့် မြို့သူမြို့သားများပင် မျက်နှာများ ဖြူဖျော့သွားကြသည်။
"ချင်းဟုန်မြို့သခင်ပဲ”
တောက်ရွှီမြို့ထဲမှ ဤအရှိန်အဝါကို မှတ်မိသော ပုဂ္ဂိုလ်တစ်ဦးက အော်ဟစ်လိုက်သည်။
"ချင်းဟုန်မြို့သခင်က မကြာသေးခင်ကမှ တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား ၊ ဘာလို့ ဒီလောက်မြန်မြန် သတိပြန်ဝင်လာတာလဲ"
သူတို့၏ မြို့သခင်သည် အမတဧကရာဇ်မင်း တစ်ဦးဖြစ်ပြီး ၊ ရှားရှားပါးပါးတွေ့ရတတ်သူအဖြစ် လူသိများသည်။
သူသည် တောက်ရွှီမြို့၏ ကိစ္စများတွင် ပါဝင်လေ့မရှိသော်လည်း ၊ ယခုအခါ မည်သည့်အရေးကြီးကိစ္စကြောင့် သူကိုယ်တိုင် ထွက်လာပြီး မြို့ပြင်သို့ အလျင်အမြန် ရောက်ရှိလာရသနည်း။
..........
တစ်ချိန်တည်းမှာပင် တောက်ရွှီမြို့တံခါးရှေ့၌ ၊
မဟာလမ်းစဉ် အက်ကြောင်းတစ်ခု ပွင့်လာသည်။
"ဇီ... ဇီ..." ဟူသော အသံနှင့်အတူ ၊ နေနှင့်လ အဝတ်အစားကို ဝတ်ဆင်ထားပြီး မျက်ခုံးထူပြီး တောက်ပသော မျက်လုံးများရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။
သူ၏ ထွက်ပေါ်လာမှုနှင့်အတူ ၊ မဟာလမ်းစဉ်၏ ဖိအားတစ်ရပ် ပျံ့နှံ့လာခဲ့သည်။
သူ၏ အပြုအမူတိုင်းတွင် ဧကရာဇ်မင်းတို့၏ အရှိန်အဝါများ ပါဝင်နေသဖြင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ နှလုံးသားပင် ရပ်တန့်သွားမတတ် ဖြစ်သွားရသည်။ စိတ်ဝိညာဉ် အားနည်းသူများမှာမူ ခြေကုန်လက်ပန်းကျကာ ဒူးထောက်မိသွားကြသည်။
အမှန်တကယ်ကို အမတဧကရာဇ်မင်းတစ်ပါး ဖြစ်နေခဲ့သည်။
အနီးအနားရှိ ကျင့်ကြံသူအများစုမှာ သာမန်ဘဝမှ လာသူများဖြစ်ကြပြီး အမတဧကရာဇ်မင်းအကြောင်း ကြားဖူးရုံသာ ရှိသေးပြီး မည်သည့်အခါကမှ မမြင်ဖူးကြပေ။
အမတဧကရာဇ်မင်းတို့သည် အမတနယ်မြေ၏ ထိပ်တန်းစွမ်းအားရှင်များဖြစ်ကြပြီး လူတိုင်း၏ စိတ်နှလုံးသားထဲတွင် မြင့်မြတ်လှသော တည်ရှိမှုများ ဖြစ်ကြသည်။
အမတနယ်မြေ၌ လှည့်လည်သွားလာလျှင်ပင် ကိုယ်ပွားများကိုသာ အသုံးပြုလေ့ရှိသော်လည်း ၊ ယခုအခါ စစ်မှန်သော အမတဧကရာဇ်မင်းကိုယ်တိုင် ရောက်ရှ်ိလာခြင်း ဖြစ်ကာ ယခုလို အမတဧကရာဇ်မင်းတစ်ပါးကို ဤမျှနီးကပ်စွာ မြင်တွေ့လိုက်ရခြင်းသည် သူတို့၏ ဘဝတွင် နောင်တမရှိသေနိုင်ပြီဟု လူတော်တော်များများ ခံစားလိုက်ရသည်။
သို့သော်လည်း လူအများ၏ အံ့အားသင့်နေသော အကြည့်များကြားတွင် ချင်းဟုန်မြို့သခင်သည် စူးချန်ကဲ၏ ရှေ့သို့ ရောက်ရှိလာပြီး လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။
"ဧည့်သည်တော် ကြွလာတာကို ကြိုဆိုဖို့ နှောင့်နှေးခဲ့မိပါတယ်၊ ချန်ကဲ သခင်လေး အပြစ်မတင်ပါနဲ့”
သူသည် လာနေစဉ်အတွင်း တပ်မှူးရှောင်၏ သတင်းစကားကို လက်ခံရရှိထားပြီး ဖြစ်သောကြောင့် အဖြစ်အပျက်ကို သိရှိထားပြီး ဖြစ်သည်။
အခြားသူဖြစ်လျှင် လျော်ကြေးပေးလိုက်ရုံဖြင့် ပြီးသွားနိုင်သော်လည်း စူးချန်ကဲ၏ အဆင့်အတန်းမှာ ထူးခြားပြီး ဟွမ်ကျီအမတနယ်မြေတွင် ရှိနေခြင်းဖြစ်သည်။
အရူးမဟုတ်သူတိုင်း မည်သို့လုပ်ရမည်ကို သိကြသည်။ ထို့ကြောင့် သူသည် မိမိ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့ခြင်းဖြစ်သည်။
"ချင်းဟုန်မြို့သခင်ကလည်း အားနာတတ်လိုက်တာ"
စူးချန်ကဲက ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်သည်။
တစ်ဖက်လူမှာ အမတဧကရာဇ်မင်းဖြစ်ပြီး ဤမျှ နှိမ့်ချစွာဖြင့် လာရောက်တွေ့ဆုံနေသည်ဖြစ်ရာ မျက်နှာသာပေးသင့်သည်ဟု သူ ယူဆသည်။
သို့သော် ဤကိစ္စကို ဤမျှနှင့် အဆုံးသတ်၍ မရနိုင်သေးပေ။ ရွှေအမတ အစောင့်များသည် ဤမျှ ရိုင်းစိုင်းရဲသည်မှာ တောက်ရွှီမြို့၏ လျစ်လျူရှုမှုကြောင့်ပင် ဖြစ်သည်။
"ချင်းဟုန်မြို့သခင်၊ ကျွန်တော် ချန်ကဲ ကြားတာတော့ တောက်ရွှီမြို့မှာ စည်းကမ်းတစ်ခု ရှိတယ်ဆို...”
“အမတနယ်မြေက ဒေသခံ ပါရမီရှင်တွေက ရှေ့တံခါးကဝင်ပြီး၊ အောက်ဘက်ကမ္ဘာက တက်လာတဲ့ ပါရမီရှင်တွေက ဘေးတံခါးကနေ ဝင်ရမယ်ဆိုတဲ့အချက်ပေါ့ “
“တောက်ရွှီမြို့က ဝူယင်ရွှမ်နယ်မြေနဲ့ နီးကပ်နေပြီး ပထဝီအနေအထားအရ အောက်ဘက်ကမ္ဘာက တက်လာတဲ့ ပါရမီရှင် အမြောက်အမြားကို လက်ခံထားရတာဖြစ်လို့ ဒီလိုစည်းကမ်းသတ်မှတ်ထားတာကတော့ အဆင်မပြေဘူး ထင်တယ်နော်”
စူးချန်ကဲက ပြုံးလျက် ဆက်ပြောသည် ။
"ပြီးတော့ အစောင့်သမား အဆင့်လောက်နဲ့ အောက်ဘက်ကမ္ဘာက သွေးမျိုးဆက်တွေကို အောက်တန်းကျတယ်လို့ ပြောရဲတာ”
“အောက်ဘက်ကမ္ဘာက တက်လာတဲ့ ကျွန်တော် စူးချန်ကဲရဲ့ သွေးသားကလည်း အောက်တန်းကျနေတာလား “
“ကျွန်တော်က တားမြစ် စူးမိသားစုရဲ့ သခင်လေးဆိုတာ မြို့သခင်လည်း သိမှာပါ ...တောက်ရွှီမြို့ရဲ့ သာမန်အစောင့်လေး တစ်ယောက်က ဒီလိုမျိုး ပြောရဲတယ်ဆိုတော့..."
ထိုစကားများပြောရင်း စူးချန်ကဲ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများသည် ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။
"တောက်ရွှီမြို့အနေနဲ့ ကျွန်တော်နဲ့ ကျွန်တော့် တားမြစ် စူးမိသားစုကို စိတ်ကျေနပ်စရာ အဖြေတစ်ခု ပေးရလိမ့်မယ်"
ဤဖိအားသည် အမတဧကရာဇ်မင်းအတွက် အကျိုးသက်ရောက်မှု မရှိသော်လည်း ၊ စူးချန်ကဲ၏ စကားလုံးများက ချင်းဟုန်မြို့သခင်၏ နှလုံးသားကို အလွန်အမင်း ထိတ်လန့်သွားစေသည်။
အမှန်အားဖြင့် စူးချန်ကဲ၏ စကားသည် တားမြစ် စူးမိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်လိုက်ခြင်းပင် ဖြစ်သည်။ သူတို့ကို အောက်တန်းကျသည်ဟု ဆိုခြင်းသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။ ထို့ကြောင့် တစ်ဖက်လူသည် စိတ်ကျေနပ်စရာ အဖြေတစ်ခု ပေးရပေလိမ့်မည်။
အခြားတစ်ဖက်တွင်လည်း ဤကိစ္စသည် တောက်ရွှီမြို့နှင့် သိပ်မသက်ဆိုင်သော်လည်း မြို့သခင်ဖြစ်သူအနေဖြင့် သူ၏ သဘောထားကို ဖော်ပြရမည်သာ ဖြစ်သည်။ စူးချန်ကဲ၏ စကားသည် ဖိအားပေးရာရောက်သလို တစ်ဖန် တောက်ရွှီမြို့အတွက်လည်း လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့သည်။
ချင်းဟုန်မြို့သခင်သည် စူးချန်ကဲ၏ ဆိုလိုရင်းကို နားလည်လိုက်သည်။
သူသည် အသက်ပြင်းပြင်းရှုကာ လက်နှစ်ဖက် ယှက်လျက် ဦးညွှတ်လိုက်သည်။
"ဒီကိစ္စအတွက် အားလုံးက တောက်ရွှီမြို့ရဲ့ အမှားပါ ...ချန်ကဲ သခင်လေး အပြစ်မတင်ပါနဲ့ ၊ ဒီနေ့ကစပြီး ဘယ်သူပဲဖြစ်ဖြစ် အောက်ဘက်ကမ္ဘာက တက်လာလာ၊ အမတနယ်မြေကပဲ ဖြစ်ဖြစ်၊ တောက်ရွှီမြို့ရဲ့ ရှေ့တံခါးကနေ အေးဆေး ဝင်ရောက်နိုင်ပါတယ်"
ထိုသို့ပြောရင်း သူသည် တုန်ယင်နေသော ရွှေအမတ အစောင့်လေးယောက်ကို လှည့်ကြည့်လိုက်သည်။
"ဒီမျက်စိမရှိတဲ့ ပုရွက်ဆိတ်တွေကတော့... ချန်ကဲ သခင်လေးကို စော်ကားရဲတယ်..."
"လာကြစမ်း"
"မြို့သခင် အမိန့်ရှိပါ"
ချက်ချင်းဆိုသလို ၊ အရှိန်အဝါအားကောင်းသော အစောင့်များ ရောက်ရှိလာကြသည်။
"သူတို့ရဲ့ စိတ်ဝိညာဉ်တွေကို ဆွဲထုတ်ပြီး ရုပ်ခန္ဓာကို ထျန်းယွီချောက်နက်ထဲ ပစ်ချလိုက်...စိတ်ဝိညာဉ်တွေကိုတော့ ကောင်းကင်မီးအိမ်အဖြစ် လုပ်ပစ်မယ် ၊ သူတို့ရဲ့ ရိုင်းစိုင်းမှုတွေအတွက် ဘဝပေါင်းများစွာ နောင်တရနေစေရမယ်"
စူးချန်ကဲကို စော်ကားခဲ့သော ရွှေအမတ အစောင့်များမှာ ဝိညာဉ်အနုတ်ခံလိုက်ရသကဲ့သို့ ဖြူဖျော့စွာဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ ရုပ်ခန္ဓာကို ချောက်နက်ထဲ ပစ်ချပြီး စိတ်ဝိညာဉ်ကို ကောင်းကင်မီးအိမ်လုပ်လိုက်ခြင်းသည် သူတို့အတွက် ထာဝရလွတ်မြောက်ခွင့် မရှိတော့ခြင်းပင် ဖြစ်သည်။