← Chapters

ကံအကျိုးဆက် ပြန်လည်နိုးထလာခြင်းလား

Vol. 69 Ch. 888

ကံအကျိုးဆက် ပြန်လည်နိုးထလာခြင်းလား

Vol. 69 Ch. 888

ချင်းဟုန်မြို့သခင်၏ စကားသံအဆုံးတွင် ၊

ထိုရွှေအမတ အစောင့်များမှာ ခုခံနိုင်စွမ်းမရှိတော့ဘဲ ခွေးသေတစ်ကောင်ကဲ့သို့ ဆွဲခေါ်ခံလိုက်ရသည်။ သူတို့၏နောက်ကွယ်တွင် အမတဧကရာဇ်မင်းတစ်ပါး ရှိနေသော်လည်း၊ ရွေးချယ်စရာမရှိ သေလမ်းသာ ရှိသည်။

အမတနယ်မြေ၏ အစွမ်းထက်ဆုံး ကျောထောက်နောက်ခံရှိသူ စူးချန်ကဲကို စော်ကားမိပါက ၊ ကောင်းကင်ဘုံတွင်လည်း ခိုလှုံရာမရှိ၊ မြေကြီးပေါ်တွင်လည်း လွတ်မြောက်ရာ မရှိတော့ပေ။

“ဟူး”

ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားသင့်စွာဖြင့် လေကို ပြင်းပြင်းရှူသွင်းလိုက်ကြသည်။

ကြောက်ရွံ့ခြင်းနှင့်အတူ သူတို့၏ အကြည့်များသည် စူးချန်ကဲဆီသို့ အလိုလို ရောက်ရှိသွားသည်။ သို့သော် သူတို့၏ အမြင်တွင် ၊ စူးချန်ကဲသည် ဤကိစ္စကို လုံးဝ ဂရုမစိုက်ဟန်ရှိပြီး မျက်ဝန်းများက တည်ငြိမ်နေကာ မည်သည့်ခံစားချက်မျှ မပေါ်လွင်ပေ။

ဤသို့ စိတ်ခံစားချက်မရှိသည့် အမူအရာမျိုးကပင် လူကို ပို၍ ကြောက်လန့်စေမိသည်။ အကြောင်းမှာ ချင်းဟုန်မြို့သခင်၏ လုပ်ဆောင်ချက်အပေါ် စူးချန်ကဲ စိတ်ကျေနပ်မှု ရှိ၊ မရှိကို မည်သူမှ မသိနိုင်သောကြောင့်ပင် ဖြစ်သည်။

ချင်းဟုန်မြို့သခင်မှာလည်း ဤအချက်ကို သဘောပေါက်ဟန်ရှိသည်။ သူသည် အစောင့်များ၏ စိတ်ဝိညာဉ်များကို ဆွဲထုတ်ပြီးနောက် စူးချန်ကဲထံသို့ အရိုအသေပေး၍ တစ်ဖန် နှုတ်ဆက်လိုက်သည်။

"ချန်ကဲ သခင်လေး အခုထိ စိတ်မကျေနပ်သေးဘူးဆိုရင် တောက်ရွှီမြို့အနေနဲ့ အပြစ်ခံယူဖို့ အဆင်သင့်ပါပဲ”

တစ်ချိန်တည်းမှာပင် သူသည် စူးချန်ကဲ၏ မျက်နှာရိပ်မျက်နှာကဲကို ခိုးကြည့်လိုက်သည်။

ဤအပြုအမူကို လူတိုင်း မြင်တွေ့လိုက်ရချိန်တွင် ၊ သူတို့၏ နှလုံးသားထဲတွင် တစ်ဖန် လှိုင်းထန်သွားရပြန်သည်။

အမတနယ်မြေ၏ ထိပ်တန်းနေရာတွင် ရပ်တည်နေသော အမတဧကရာဇ်မင်းတစ်ပါးသည် ကောင်းကင်အမတအဆင့်သာ ရှိသေးသော လူငယ်တစ်ဦး၏ ရှေ့တွင် ဤမျှ သတိထားလုပ်ဆောင်နေသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

သို့သော်လည်း ကျင့်ကြံသူများမှာ အံ့အားသင့်ခြင်းထက် စူးချန်ကဲအပေါ် ကြောက်ရွံ့ရိုသေမှုသာ ပိုမိုတိုးပွားလာသည်။

ဤသည်မှာ စူးချန်ကဲပင် ဖြစ်သည်။ ဤသည်မှာ တားမြစ် စူးမိသားစု၏ သခင်လေးပင် ဖြစ်သည်။

"အင်း၊ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်မယ်"

ခဏအကြာတွင် စူးချန်ကဲက အေးဆေးစွာ ပြောလိုက်သည်။

ထိုစကားကို ကြားမှသာလျှင် ချင်းဟုန်မြို့သခင်နှင့် အခြားသော အမတဘုရင် တပ်မှူးများမှာ စိတ်သက်သာရာ ရသွားကြသည်။

စူးချန်ကဲသာ စိတ်ကျေနပ်ခြင်း မရှိဘဲ ဤကိစ္စကို တားမြစ် စူးမိသားစုထံ တိုင်ကြားလိုက်မည်ဆိုပါက ၊ တောက်ရွှီမြို့မှာ အမှန်တကယ်ပင် ပျက်စီးသွားပေလိမ့်မည်။

"ချန်ကဲ သခင်လေးကို ကျေးဇူးတင်ပါတယ်"

ချင်းဟုန်မြို့သခင်က တစ်ဖန် လက်နှစ်ဖက်ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

" အရင်က မရိုမသေပြုမှုမိပါတယ်၊ ကျွန်တော်တို့ ညစာစားပွဲနဲ့ တည်းခိုဆောင်တွေကို ပြင်ဆင်ထားပြီးပါပြီ..ချန်ကဲ သခင်လေးနဲ့ ရန်ယွီ နတ်ဘုရားမတို့ မြို့ထဲကို ကြွပါ"

ကိစ္စပြီးဆုံးပြီဖြစ်ရာ စူးချန်ကဲလည်း ခက်ထန်နေစရာ မလိုတော့ပေ။ ထို့အပြင် ကနဦး လျို့ဝှက်နယ်မြေ မပွင့်မီ ရက်အနည်းငယ် လိုသေးသည်ဖြစ်ရာ တောက်ရွှီမြို့တွင် စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

"မြို့သခင် အလုပ်ရှုပ်စေမိပါပြီ”

စူးချန်ကဲသည် လော့ရန်ယွီနှင့်အတူ ချင်းဟုန်မြို့သခင်နောက်သို့ လိုက်၍ တောက်ရွှီမြို့ထဲသို့ ဝင်ရောက်သွားလေတော့သည်။

...........

စူးချန်ကဲတို့၏ အရှိန်အဝါများ ပျောက်ကွယ်သွားပြီးနောက် တိတ်ဆိတ်နေသော လူအုပ်ကြီးမှာ ရုတ်တရက် ဆူညံသွားသည်။

"ဒီနေ့ကိစ္စကတော့ တကယ်ကို အမြင်ကျယ်စေတာပဲ”

"အမတဧကရာဇ်မင်းတစ်ပါးက ကိုယ်တိုင်လာပြီး တောင်းပန်ရုံတင်မကဘဲ တောက်ရွှီမြို့ရဲ့ ယခင်ကစည်းကမ်းကိုပါ ပြင်ပေးလိုက်တာ... အရင်ကဆိုရင်တော့ စဉ်းစားတောင် စဉ်းစားရဲမှာ မဟုတ်ဘူး"

"ဟုတ်တယ်.. ချင်းဟုန်မြို့သခင်ရဲ့ အပြုအမူကလည်း အလွန်ကို နှိမ့်ချလွန်းပါတယ်"

"ဒါက သဘာဝပဲလေ၊ နောက်ခံအရှိန်အဝါကို ကြည့်ရင် လက်ရှိခေတ် အမတနယ်မြေမှာ စူးချန်ကဲနဲ့ ယှဉ်နိုင်သူ ဘယ်သူရှိလို့လဲ ၊ ဟွမ်ကျီ အမတနယ်မြေဆိုတာကလည်း တားမြစ် စူးမိသားစုရဲ့ ပိုင်နက်ပဲလေ"

"တိုက်မြေသုံးထောင်က စူးချန်ကဲကို မွေးထုတ်ပေးလိုက်နိုင်တာ တကယ်ကို ကံကောင်းလွန်းပါတယ်"

ဤလေပြေမုန်တိုင်း ပြီးဆုံးသွားပြီးနောက် ၊ မြို့ထဲသို့ လမ်းပြပေးသော ရွှေအမတ အစောင့်များ၏ သဘောထားမှာ အလွန်ပင် ယဉ်ကျေးနေတော့သည်။

......

တောက်ရွှီမြို့သည် ကြယ်တာရာပေါင်း ၃၃ ခုဖြင့် ဖွဲ့စည်းထားသော ကြယ်တာရာမြို့ဖြစ်ပြီး အလွန်ပင် ကျယ်ပြောသည်။ ၎င်း၏ ကျယ်ပြောမှုသည် အမတနယ်မြေနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

မြို့ထဲတွင် လူသားမျိုးနွယ်၊မိစ္ဆာမျိုးနွယ်၊ ရှေးဟောင်းမျိုးနွယ်များနှင့် ဝိညာဉ်မျိုးနွယ်များ အပါအဝင် မျိုးနွယ်ပေါင်းစုံ နေထိုင်ကြသည်။ တည်ဆောက်ထားသော နန်းတော်များမှာလည်း ကြယ်တာရာများကဲ့သို့ တောက်ပနေသည်။

စူးချန်ကဲသည် မြို့သခင်၏ ညစာစားပွဲဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့ပြီး လော့ရန်ယွီနှင့်အတူ သူတို့အတွက် ပြင်ဆင်ပေးထားသော တည်းခိုဆောင်သို့သာ သွားရောက်ခဲ့သည်။ ထို့နောက် ကြယ်တာရာသားရဲပင်လယ်ထဲမှ ကောက်ယူလာခဲ့သော မိန်းကလေးငယ်လေးကို ရွှေချည်မျှင်‌ ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော ကုတင်ပေါ်တွင် တင်ထားလိုက်သည်။

"ချန်ကဲ၊ ကျွန်မတို့ ကနဦး လျို့ဝှက်နယ်မြေထဲ ဝင်တဲ့အခါ ဒီကလေးမလေးကို ခေါ်သွားမှာလား"

လော့ရန်ယွီက မေးမြန်းလိုက်သည်။

ထိုစကားကို ကြားပြီးနောက် ၊ စူးချန်ကဲသည် စဉ်းစားလိုက်သည်။

စနစ်၏ အဆိုအရ ဤမိန်းကလေးကို မိမိဘေးတွင် ထား၍ ပြုစုပျိုးထောင်ရန် လိုအပ်သည်။ သူမသည် မိဘမဲ့တစ်ယောက် ဖြစ်ပြီး မည်သည့်ဂိုဏ်းဝင်မှ မဟုတ်သဖြင့် သတိပြန်ရလာပါက သူမအတွက် သွားစရာ နေရာမရှိပေ။

စူးချန်ကဲ စကားမပြောမီမှာပင်၊

ဝီ!

မိန်းကလေး၏ လက်ထဲတွင် ကိုင်ထားသော အနီရောင် ကျောက်သလင်းမှာ ရုတ်တရက် အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ထို့နောက် ထူးဆန်းသော ကြက်သွေးရောင်မြူခိုးများ ထွက်ပေါ်လာပြီး ၊ မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင် မဟာလမ်းစဉ် အမှတ်အသားများနှင့် ပဲ့တင်ထပ်သွားဟန်ရပြီး ထူးဆန်းသော အရိပ်အယောင်များကို ထုတ်လွှတ်လိုက်သည်။

ထိုမြူခိုးများနှင့် အရိပ်အယောင်များ ပေါင်းစပ်သွားပြီးနောက် ဝါးတားတား အရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ဤသည်မှာ မိန်းကလေးတစ်ဦး၏ ပုံစံပင်။

မြူခိုးများဖြင့် ဖွဲ့စည်းထားသော ထိုမိန်းကလေးငယ်၏ အရိပ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၊

ဝုန်း!

ကြက်သွေးရောင်မြူခိုးများမှာ လှိုင်းလုံးကြီးများပမာ သူတို့နှစ်ဦးထံသို့ ပြင်းထန်စွာ ရိုက်ခတ်လာသည်။

"မကောင်းတော့ဘူး"

စူးချန်ကဲနှင့် လော့ရန်ယွီတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့သည် အမတစွမ်းအင်များကို အသက်သွင်းကာ ဤထူးဆန်းသော မြူခိုးများကို သန့်စင်ရန် ကြိုးစားလိုက်သည်။

သို့သော် အံ့သြစရာကောင်းသည်မှာ လော့ရန်ယွီ၏ စွမ်းအင်များသည် ထိုမြူခိုးများအတွင်းသို့ စုပ်ယူခံလိုက်ရခြင်းပင်။ စူးချန်ကဲ၏ စွမ်းအင်ကသာ ၎င်းတို့ကို ဖိနှိပ်ထားနိုင်ပြီး ခဏအကြာတွင် ကြက်သွေးရောင် မြူခိုးများမှာ ပြန့်ကျဲသွားခဲ့သည်။

သို့သော် ထိုမြူခိုးများ ပျောက်ကွယ်သွားခါနီးအလိုတွင် ၊ စူးချန်ကဲ၏ ဦးနှောက်ထဲတွင် အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။။

"အမတဧကရာဇ်မင်းတောင် မဟုတ်တဲ့ ပုရွက်ဆိတ်တစ်ကောင်က...."

"ကံအကျိုးဆက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား..."

"တကယ်ကို ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

All Chapters