အနာဂတ်ကို ပြောင်းလဲနိုင်သည့် မျိုးစေ့
Vol. 69 Ch. 891
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မြင်လိုက်ရချိန်တွင် စူးချန်ကဲနှင့် လော့ရန်ယွီတို့မှာ အံ့အားသင့်သွားကြသည်။
ဤတည်းခိုဆောင်ကို အထူးပြုလုပ်ထားသော မှော်အစီအရင်များဖြင့် စီခြယ်ထားသည့်အပြင် စူးချန်ကဲကိုယ်တိုင် ဖန်တီးထားသည့် ကာကွယ်ရေးအစီအရင်များပါ ရှိသဖြင့် ဖျက်ဆီးရန်မဖြစ်နိုင်ကြောင်း ယူဆထားကြသည်။
သို့သော် ယွီ့ကဲ၏ စွမ်းအားများ ပေါက်ကွဲထွက်လာချိန်တွင် ထိုကာကွယ်ရေးအစီအရင်များပါမကျန်၊ ခန်းမကြီး၏ အမိုးပါ တစ်စစီ ပျက်စီးသွားခဲ့ရသည်။
"ဒါ... ဒါ ဘာဖြစ်တာလဲ"
တောက်ရွှီမြို့တွင် ကျင့်ကြံသူများစွာ ရှိနေသည်ဖြစ်ရာ ၊ လူတိုင်း ဤမျှပြင်းထန်သော တုန်ခါမှုကို သတိထားမိကြသည်။
မြို့စောင့်များမှာလည်း အရေးပေါ်အခြေအနေအဖြစ် စူးချန်ကဲ၏ တည်းခိုဆောင်သို့ အပြေးအလွှား ရောက်ရှိလာကြသည်။ အမိုးမရှိတော့သည့် ခန်းမဆောင်ကြီးကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
.........
တစ်ချိန်တည်းမှာပင် တောက်ရွှီမြို့၏ လျှို့ဝှက်နေရာတစ်ခုတွင်။
ထူးဆန်းသောအရှိန်အဝါရှိပြီး ခမ်းနားစွာ ဝတ်ဆင်ထားသော ကျင့်ကြံသူနှစ်ဦးသည် အဝေးတစ်နေရာမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားများသည် ကောင်းကင်ယံသို့ ထိုးတက်သွားသည်ကို မြင်လိုက်ရသည်။
"ဘာလို့ ဒီစွမ်းအားက ငါတို့ရဲ့ မူလရင်းမြစ်နဲ့ တူနေရတာလဲ"
ခေါင်းဆောင်ဖြစ်သူ အနီရောင်ဝတ်စုံနှင့် အမျိုးသားက တိုးတိုးလေး ပြောလိုက်သည်။
"ရှစ်ထျန်းတိ့များလား"
"ဟားဟား... ရှစ်ထျန်းတိ့ အရင်တစ်ခေါက်က အမတနယ်မြေထဲကို ဝင်ခဲ့တုန်းက တားမြစ်စူးမိသားစုက စူးရွှမ်နဲ့တွေ့ခဲ့ရလို့ ကြောက်ချီးပါနေတာလေ”
ဘေးနားရှိ အင်္ကျီပါးလေးကို ဝတ်ဆင်ထားသော မိန်းမလှလေးက ရယ်မောကာ ပြောဆိုလိုက်သည်။
“ပြီးတော့ ဖြစ်နိုင်ရင် စူးချန်ကဲကို မထိချင်ဘူးတဲ့လေ”
သူတို့နှစ်ဦးသည် အမှောင်ထု မူလရင်းမြစ်ကမ္ဘာ၏ တားမြစ်အင်အားစု ကိုးခုအနက် နှစ်ခုဖြစ်သည့် မြေအောက်နန်းတော်နှင့် အမှောင်ထုချောက်နက် အင်အားစုတို့၏ အရှင်သခင် ထျန်းယွီ့ နှင့် ကျန့်ရုံတို့ပင် ဖြစ်သည်။
သူတို့၏ ရည်ရွယ်ချက်မှာ သူတို့၏ ဘိုးဘေးနတ်ဘုရား၏ အမိန့်အရ ၊ ဗလာနိတ္တိစွမ်းအား ပိုင်ဆိုင်သူကို သတ်ဖြတ်ရန်ပင် ဖြစ်သည်။
သို့သော် သူတို့သည် ဗလာနိတ္တိနှင့် ပတ်သက်၍ ဘာမှမသိထားချေ။
ထို့ကြောင့် သူတို့၏ အမှောင်ထုဘုရားစွမ်းအားများကို အသုံးပြု၍ စုံစမ်းစစ်ဆေးရန် အမတနယ်မြေထဲသို့ သီးခြားဝင်ရောက်လာခဲ့သည်။
စူးချန်ကဲ၏ ပင်ကိုယ်ပါရမီနှင့် ရှစ်ထျန်းတိ့၏ အမှောင်ထုရုပ်သေးများကို အကြိမ်ကြိမ် အနိုင်ယူခဲ့သောကြောင့် လက်ရှိအခြေအနေအရ စူးချန်ကဲသည် အဓိကသံသယရှိသူ ဖြစ်လာခဲ့သည်။
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် ရှစ်ထျန်းတိ့ကိုပင် နောက်ပြန်ဆုတ်စေခဲ့သည့် စူးချန်ကဲကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့ရတော့သည်။
အင်အားစုကြီး ကိုးဖွဲ့မှ အရှင်သခင်များသည် ဤတစ်ခေါက် ခရီးစဉ်မှတစ်ဆင့် ဒဏ္ဍာရီလာ ဗလာနိတ္တိစွမ်းအား ပိုင်ရှင်ကို ရှာတွေ့နိုင်လိမ့်မည်ဟု သိပ်ပြီး ယုံကြည်ချက်မရှိပေ။
သူတို့သည် အမတနယ်မြေသို့ ထိုးဖောက်ဝင်ရောက်လာရခြင်းမှာ အသုံးဝင်သောအချက်အလက်များကို စုဆောင်းပြီး ခန့်မှန်းချေတစ်ခုခု ရရှိနိုင်ရန်သာဖြစ်သည်။
အမှောင်ထု ပြန်လည်နိုးထလာသည်နှင့် ဗလာနိတ္တိစွမ်းအား ပိုင်ရှင်ကို မိမိတို့၏ အမှောင်ထုစွမ်းအားများဖြင့် ရှာဖွေနိုင်ပေလိမ့်မည်။
"ကျန့်ရုံ၊ ငါ မင်းကို သတိပေးမယ် ၊ စူးချန်ကဲကို စိတ်ဝင်စားနေတာ ငါသိပေမဲ့ တားမြစ် စူးမိသားစုကိုတော့ သွားမစမ်းနဲ့”
“စူးချန်ကဲကိုတော့ ငါတို့တိတ်တိတ်လေး စောင့်ကြည့်လို့ ရတယ် ဒါပေမဲ့ သူ့ကိုတော့ ဘယ်တော့မှ မဆွလိုက်နဲ့”
ထျန်းယွီ့က ပြောလိုက်သည်။
ကျန့်ရုံသည် ငြိမ်သက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
မိုးမြေတစ်ခုလုံးကို ကမောက်ကမ ဖြစ်အောင်လုပ်နိုင်သော ဤလူငယ်လေးအကြောင်းကို သူမ စပ်စုချင်မိသည်။
သို့သော်လည်း ဘိုးဘေးနတ်ဘုရား ထုတ်ပြန်ထားသောအမိန့်သည် မည်မျှအရေးကြီးသည်ကို သူမ သိထားသဖြင့် ၊ စူးချန်ကဲနှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းသည် မိုက်မဲသည့် လုပ်ရပ်တစ်ခုသာ ဖြစ်ပေသည်။
..............
စူးချန်ကဲ၏ တည်းခိုဆောင်အတွင်းတွင်။
ယွီ့ကဲ၏ စွမ်းအားများသည် ဖြည်းဖြည်းချင်း ငြိမ်သက်ကာ ပျောက်ကွယ်သွားသည်။ သူမသည် ပျက်စီးသွားသော အမိုးကို တစ်ချက်ကြည့်လိုက်ပြီး စူးချန်ကဲနှင့် လော့ရန်ယွီတို့အား အပြစ်ကင်းစင်သော မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်သည်။
ယွီ့ကဲမှ ထုတ်ဖော်လိုက်သော အရှိန်အဝါအရ၊ သူမ၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အမတ အဆင့် (၉) ဖြစ်ပြီး ၊ ရွှေအမတ အဆင့် တစ်ဝက်နီးပါး ရှိသည်။
စူးချန်ကဲကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ သူမ၏ စွမ်းအားအစစ်အမှန်မှာ အမတဧကရာဇ်မင်းအဆင့် သို့မဟုတ် ထိုထက်ပင် မြင့်မားနိုင်သေးသည်ဟု သူ ခံစားမိသည်။
"ချန်ကဲ သခင်လေး”
မြို့စောင့်များသည် ထူးခြားသော လှုပ်ရှားမှုကို သတိပြုမိပြီး ထိတ်လန့်တကြားဖြင့် အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
ခေါင်းမိုးတစ်ခုလုံး ပြိုကျနေသော ခန်းမဆောင်ကြီးကို မြင်လိုက်ရသဖြင့် အံ့အားသင့်စွာဖြင့် ကြောင်ကြည့်နေမိကြသည်။
“အားလုံးကို အနှောင့်အယှက်ပေးမိပါပြီ”
အစောင့်များ အဘယ့်ကြောင့်ရောက်ရှိလာသည်ကို သူ သိပေသည်။
ထို့ကြောင့် စူးချန်ကဲသည် လေ့ကျင့်နေရင်း အရှိန်လွန်သွားခြင်းဖြစ်ကြောင်း ရှင်းပြလိုက်ရာ မြို့စောင့်များလည်း စိတ်အေးသွားပြီး နောက်ထပ်နေရာသစ်တစ်ခုကို စီစဉ်ပေးခဲ့သည်။
"ဖေဖေ... သမီးရဲ့ စွမ်းအားက ကြောက်စရာ အရမ်းကောင်းနေလား..."
ယွီ့ကဲက တိုးတိုးလေး ပြောလိုက်သည်။
"သမီး မမွေးခင်ကတည်းက စကားသံတစ်ခုက အမြဲပြောနေတယ်... သမီးရဲ့ စွမ်းအားက ဖျက်ဆီးဖို့ပဲတဲ့၊ ဘယ်သူ့ကိုမှ မကာကွယ်နိုင်ဘူး... သမီးနဲ့ နီးကပ်တဲ့သူတိုင်း ကံဆိုးလိမ့်မယ်' တဲ့..."
ယွီ့ကဲ၏ မျက်ဝန်းများမှာ မှေးမှိန်သွားသည်။
စူးချန်ကဲသည် သူမ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း။
"စွမ်းအားဆိုတာ ဖျက်ဆီးဖို့ပဲ မဟုတ်ဘူး၊ ဖေဖေ့ အမြင်မှာတော့ စွမ်းအားဆိုတာ သမီးရဲ့ လမ်းကြောင်းကို ပိတ်ပင်ထားသူတွေကို ဖျက်ဆီးဖို့၊ သမီးနဲ့ သမီးရဲ့ ချစ်ရသူတွေကို ထိခိုက်အောင်လုပ်မယ့်သူတွေကို ဖျက်ဆီးဖို့ပဲ”
“ ဒါကြောင့် သမီးရဲ့ စွမ်းအားကို မကြောက်နဲ့ ၊ ကိုယ့်စွမ်းအားကို ကိုယ်တိုင် ထိန်းချုပ်ပြီး ကိုယ့်အတွက်ကို အသုံးပြုနိုင်ရမယ်"
စူးချန်ကဲ၏ စကားကြောင့် ယွီ့ကဲ၏ မျက်ဝန်းများမှာ တစ်ဖန် ပြန်လည် တောက်ပလာပြီး အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
စူးချန်ကဲ မသိလိုက်သည်မှာ သူ၏စကားလုံးများက ယွီ့ကဲ၏ စိတ်နှလုံးထဲတွင် အထူးသီးသန့် 'မျိုးစေ့' တစ်ခုကို စိုက်ပျိုးလိုက်ခြင်းပင် ဖြစ်သည်။
ယွီ့ကဲသည် ကံအကျိုးဆက် ဖြင့် ပေါက်ဖွားလာသူ ဖြစ်သည့်အတွက် သူမ၏ စွမ်းအားကို သူမကိုယ်တိုင် ပိုင်ဆိုင်ထားခြင်းသည် ကံအကျိုးဆက်ကို သူမကိုယ်တိုင် ပိုင်ဆိုင်သွားခြင်းပင် ဖြစ်သည်။
ဤဖြစ်စဉ်သည် စူးချန်ကဲအတွက်သာမက စကြဝဠာတစ်ခုလုံးအတွက်ပါ တွက်ဆ၍မရနိုင်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေတော့မည် ဖြစ်သည်။