← Chapters

ချင်းဟုန်မြို့သခင်၏ အကြံအစည်

Vol. 69 Ch. 892

ချင်းဟုန်မြို့သခင်၏ အကြံအစည်

Vol. 69 Ch. 892

တစ်ချိန်တည်းမှာပင်၊

ရှေးဦးလျို့ဝှက်နယ်မြေ ပွင့်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များစွာသည် တောက်ရွှီမြို့ သို့ စုဝေးရောက်ရှိလာကြသည်။

ချင်းဟုန်မြို့သခင်သည် ဤထူးချွန်သော ကျင့်ကြံသူများကို စည်းရုံးနိုင်ရန်အတွက် တောက်ရွှီမြို့တွင် အကြီးမားဆုံးနှင့် အခမ်းနားဆုံး စားသောက်ဆိုင်တွင် ပွဲတော်တစ်ခု ကျင်းပကာ ပါရမီရှင်များကို ဖိတ်ကြားခဲ့သည်။

ဤပွဲတွင် လိုအပ်သော သတင်းအချက်အလက်များကို လဲလှယ်နိုင်သလို၊ အချင်းချင်း မိတ်ဖွဲ့ခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းများကိုလည်း ပြုလုပ်နိုင်သည်။

ချင်းဟုန်မြို့သခင်၏ ဖိတ်ကြားချက်ကို စူးချန်ကဲသည် ယခုတစ်ကြိမ်တွင် ငြင်းပယ်ခြင်း မပြုခဲ့ပေ။

ဤကာလအတွင်း သူ၏ တားမြစ်စူးမိသားစု၊ ကွေးယွမ်အမတဂိုဏ်း ၊ သံသရာစက်ဝန်းအမတမင်းဆက် နှင့် ယောင်ကွမ်းအမတဂိုဏ်းတို့မှ ကျင့်ကြံသူများလည်း တောက်ရွှီမြို့သို့ ရောက်ရှိလာကြသည်။

နောက်ထပ် နှစ်ရက်သာလိုတော့သည့် ရှေးဦးလျို့ဝှက်နယ်မြေ ခရီးစဉ်အတွက် အခြားသော အင်အားစုများမှ တပည့်များနှင့် တွေ့ဆုံရန် ဤပွဲသို့ တက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

...........

တောက်ရွှီမြို့၏ ပထဝီအနေအထားမှာ ထူးခြားလှသည်။ တစ်နှစ်ပတ်လုံး ညသန်းခေါင်ယံအဖြစ်သာ ရှိနေသဖြင့် ထာဝရညမြို့တော်အဖြစ် လူသိများသည်။

ညကောင်းကင်ယံသည် နက်ရှိုင်းပြီး ကြယ်ပွင့်များမှာ တလက်လက် တောက်ပနေသည်။ တောက်ရွှီမြို့ တစ်ခုလုံးကလည်း အလင်းရောင်များဖြင့် ထိန်လင်းနေ၏။

အလွန်ခမ်းနားလှသော တောက်ရွှီအမတစားသောက်ဆိုင်သည် မြို့၏ အထင်ကရနေရာဖြစ်ပြီး ၊ မြို့သခင်မှ ဧည့်သည်တော်များကို ဖိတ်ကြားထားသည့်နေရာဖြစ်သည်။

ယခုအခါ စားသောက်ဆိုင်အောက်တွင် လူအများ စုဝေးနေကြပြီး ၊ အမတနယ်မြေ၏ ထူးချွန်သူများစွာ စုဝေးရောက်ရှိနေကြသည်။

မလှမ်းမကမ်းတွင် ၊ ဖိတ်စာမရရှိသူအချို့က အချင်းချင်း ဆွေးနွေးပြောဆိုနေကြသည်။

"ဒီတစ်ခါ ချင်းဟုန်မြို့သခင်က အကုန်အကျခံပြီး ဒီစားသောက်ဆိုင်ကို တစ်ခုလုံး ကြိုတင်မှာယူထားတာပဲ”

“ဖိတ်ကြားချက်ရတဲ့သူတွေက ငါတို့ အမတနယ်မြေရဲ့ ထိပ်တန်းပါရမီရှင် ဒါမှမဟုတ် ထိပ်တန်းအင်အားစု တစ်ခုခုရဲ့ အမွေဆက်ခံသူတွေလို့ ငါကြားတယ်”

“အိုင်း ၊ ဒီမှာ ပါရမီရှင်တွေ အများကြီးစုဝေးနေကြတာ ၊ ငါတို့တောက်ရွှီမြို့မှာ ဒီလိုမြင်ကွင်းမျိုး အတော် ရှားတယ်”

နောက်ထပ်လူတစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

အခြားတစ်ယောက်က ထပ်ပြောပြန်၏။

"ချင်းဟုန်မြို့သခင်က မြို့တံခါးမှာဖြစ်ခဲ့တဲ့ကိစ္စအတွက် ချန်ကဲသခင်လေး စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်နေတယ်ဆိုတဲ့ သတင်းတွေကြားတယ် ၊ ဒါကြောင့် သူက ချန်ကဲသခင်လေးကို ဖိတ်ခေါ်ဖို့ ဒီနည်းလမ်းကို အသုံးပြုခဲ့တာဆိုပဲ”

ဘေးနားရှိလူက သူ့ပါးစပ်ကို ချက်ချင်းပိတ်လိုက်ပြီး တားမြစ်လိုက်သည်။

“ဟေး ၊ မင်း ဒီလိုစကားတွေ မပြောနဲ့လေ"

တောက်ရွှီမြို့ရှိ လူတိုင်းသည် ထိုဖြစ်ရပ်ကို ကြားသိထားပြီးဖြစ်သည်။ မြို့သခင်ကို အရင်ထည့်မဆိုခင်၊ ထိုအကြောင်းကို ကြားသိလိုက်ရသော တောက်ရွှီ မြို့သားတိုင်းသည် သေမင်း၏လက်မှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့၏ မြို့စောင့်သမားများသည် စူးချန်ကဲကို မိုက်မဲစွာ စော်ကားခဲ့သည်။ စူးချန်ကဲသာ ဒေါသထွက်သွားပါက၊ မြို့တစ်မြို့လုံး ဖျက်ဆီးခံရမည်ကို စိုးရိမ်နေမိသည်။

.........

စားသောက်ဆိုင်အနီးတွင် အမတသင်္ဘောများ ဆိုက်ကပ်လာတိုင်း ၊ လူအများ အံ့အားသင့်ကြရသည်။

ကျွီ!

ရုတ်တရက် ကောင်းကင်ယံမှ ငှက်နတ်ဘုရားတစ်ကောင်၏ အော်သံ ထွက်ပေါ်လာသည်။

ဧရာမ ရွှေကျီးကန်းငှက်ကြီးမှာ စားသောက်ဆိုင်ဆီသို့ ဦးတည်ပျံသန်းလာသည်။ ထိုအရှိန်အဝါကို ခံစားမိသူများက အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်ကြသည်။

" ရွှေကျီးကန်းအမတမင်းဆက်က လူတွေပဲ"

ရွှေကျီးကန်းပေါ်တွင် အရှိန်အဝါ အားကောင်းသော ပုဂ္ဂိုလ်အချို့ ရပ်နေကြသည်။ အထူးသဖြင့် ရှေ့ဆုံးမှ အနီရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသူမှာ ရွှေကျီးကန်းအမတမင်းဆက်မှ တိ့ကျွင်းအမတဧကရာဇ်မင်း၏ သားဖြစ်သူ ကျီးချောင်ကဲပင် ဖြစ်သည်။

ကျီချောင်ကဲ ဝင်ရောက်လာချိန်တွင် ၊ ကျင့်ကြံသူများစွာက အံ့အားသင့်မှု ၊ သံသယများနှင့် အံ့ဩထိတ်လန့်မှုတို့ကို ပြသခဲ့ကြသည်။

သို့သော် ပါရမီရှင်အများစုက ကျီချောင်ကဲကို စေတနာအပြည့်ဖြင့် ခေါင်းညိတ်ပြကြသည်။ ကျီချောင်ကဲမှာမူ ၊ ၎င်းတို့ကို လျစ်လျူရှုထားလေ၏။

သူသည် အခြားသူများကို ပုရွက်ဆိတ်ကဲ့သို့သာ သဘောထားသဖြင့် မည်သူ့ကိုမျှ အရေးမလုပ်ပေ။

ရွှေကျီးကန်း၏ ပုံရိပ်ပျောက်ကွယ်သွားနောက် ၊ ကျီချောင်ကဲ၏ အကြည့်သည် တောက်ရွှီအမတစားသောက်ဆိုင်၏ အတွင်းပိုင်းသို့ ကျရောက်သွားခဲ့သည်။

သူသည် စူးချန်ကဲကို ရှာဖွေနေပုံရပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"စူးချန်ကဲ ဒီကောင် မလာသေးဘူးလား..."

နတ်ဘုရားလက်နက် အမတမျှော်စင်တွင် စူးချန်ကဲနှင့်တွေ့ဆုံပြီးနောက် ၊ သူသည် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်တွင် မနားမနေ ကြိုးစားလေ့ကျင့်နေခဲ့သည်။

ဤတစ်ကြိမ် ရှေးဦးလျို့ဝှက်နယ်မြေ ခရီးစဉ်တွင် ၊ စူးချန်ကဲနှင့် စစ်မှန်သော ယှဉ်ပြိုင်မှုကို ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့သည်။

“အမ်...”

ကျီချောင်ကဲသည် တစ်စုံတစ်ခုကို ခံစားမိပုံရပြီး မသိစိတ်က တစ်နေရာရာကို လှမ်းကြည့်လိုက်မိသည်။

ဝီ!

ခဏအကြာတွင် ကောင်းကင်ယံ၌ အလင်းလှိုင်းတံပိုးများ ဖြစ်ပေါ်လာခဲ့သည်။

အမတအလင်းတန်းများ၏‌ ရောင်ပြန်သက်ရောက်မှုအောက်တွင် ၊‌ ရွှေဖြင့်သွန်းလုပ်ထားသကဲ့သို့ တောက်ပသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် အလယ်မှ မိန်းမပျိုလေးမှာ နတ်သမီးအလား ထင်မှတ်ရသည်။ မြူခိုးများ ဝန်းရံထားသဖြင့် သူမ၏ မျက်နှာသွင်ပြင်ကို ကောင်းစွာမမြင်ရပေ။။

သို့သော် မြင်သာသော သူမ၏မျက်ဝန်းတစ်စုံမှ ဤကမ္ဘာပေါ်ရှိ အလှတရားများကို မှေးမှိန်သွားစေနိုင်သော အလှတရားကို မြင်တွေ့နေရသည်။

သူမ၏ ခမ်းနားထည်ဝါသော အဝတ်အစားနှင့် သူမ၏ ဖြစ်တည်မှုမှ ထွက်ပေါ်လာသော မြင့်မြတ်သော အရှိန်အဝါဖြင့် ပေါင်းစပ်လိုက်ပါက သူမ၏ ထူးကဲသော အဆင့်အတန်းကို အလွတ်တကူ ခွဲခြားသိမြင်နိုင်သည်။

“ဒီအရှိန်အဝါက... အန္တိမတာအိုတရားစီရင်ရေးအဖွဲ့”

တစ်ဖက်လူထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိပြီးနောက် ၊ ကျီချောင်ကဲသည် သူတို့၏ အထောက်အထားကို ခန့်မှန်းမိလိုက်သည်။

တစ်ချိန်တည်းမှာပင် ၊ ကောင်းကင်ယံ၌ တောက်ပသော နတ်အလင်းတန်းများ တစ်ဖန် ထွက်ပေါ်လာပြန်၏။

အမတစွမ်းအင် မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော ကြယ်တာရာလမ်းသည် ကောင်းကင်အစွန်းမှ စတင်၍ ရှည်လျားစွာ ဆန့်တန်းထွက်ပေါ်လာသည်။

အားကောင်းသော အရှိန်အဝါနှင့်အတူ၊ ခမ်းနားထည်ဝါသော ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်အချို့သည် ကြယ်တာရာ လမ်းတစ်လျှောက် ဖြည်းညင်းစွာ လျှောက်လှမ်းလာကြသည်။

ထိုသူတို့သည် တောက်ရွှီအမတ စားသောက်ဆိုင်သို့ ဦးစွာ မဆင်းသက်ဘဲ ယင်းအစား အန္တိမတာအိုတရားစီရင်ရေးအဖွဲ့မှ လူများရှိရာနေရာသို့ ရောက်ရှိသွားပြီး ခေါင်းဆောင်ဖြစ်သူ အမျိုးသမီး၏ ရှေ့တည့်တည့်တွင် ရပ်လိုက်ကြသည်။

သူ၏ ကိုယ်ခန္ဓာမှ ဖြာထွက်လာသော အမတအလင်းများ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ထိုအနှီသူ၏ ရုပ်သွင်ကို မြင်လိုက်ရသည်။

ထိုသူသည် ရုပ်ရည်ချောမောပြီး ခန့်ညားသော အမျိုးသားတစ်ဦး ဖြစ်သည်။

ရွှေရောင်ဆံပင်ရှည်များကို ပိုင်ဆိုင်ထားပြီး လက်ကိုနောက်ပစ်ကာ ရပ်နေရုံမျှဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော သွေးစွမ်းအားများသည် အလွန်ကို ပြင်းထန်လွန်းလှသည်။

ထိုနေရာရှိ မိုးနှင့်မြေကြားရှိ အမတစွမ်းအားများ အားလုံးသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုစည်းရောက်ရှိနေသည့်အလား ထင်မှတ်ရသည်။

သူသည် အမတသခင် တရားစီရင်ရေးရုံးတော်မှ သခင်ငယ် ၊ ထျန်းယွီ့အမတဧကရာဇ်မင်း၏ သားဖြစ်သူ ထျန်းဟောက်ရှန်းပင် ဖြစ်သည်။

“လျန်ရှန်း၊ မတွေ့တာကြာပြီနော်”

သူ့ရှေ့ရှိ အမျိုးသမီးကို မြင်လိုက်ရသဖြင့် ထျန်းဟောက်ရှန်းသည် နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။ သူ၏ မျက်ဝန်းများမှာလည်း အနည်းငယ်သော ချစ်ခင်မြတ်နိုးမှုများ ထင်ဟပ်နေခဲ့သည်။

သူတို့၏ အမတသခင် တရားစီရင်ရေးရုံးတော် နှင့် အန္တိမတာအိုတရားစီရင်ရေးအဖွဲ့တို့၏ ဆက်ဆံရေးမှာ အလွန်နက်ရှိုင်းပြီး တစ်သားတည်းကျသော အဖွဲ့အစည်းဟုပင် ဆိုနိုင်သည်။

ထျန်းဟောက်ရှန်းနှင့် တောက်လျန်ရှန်းတို့မှာ စေ့စပ်ကြောင်းလမ်း ထားရုံသာမက ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့သည့် ငယ်သူငယ်ချင်းများလည်း ဖြစ်ကြသည်။

“အင်း”

တောက်လျန်ရှန်းသည် ခေါင်းကို အနည်းငယ်ညိတ်ကာ တုံ့ပြန်လိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။

မည်သို့ဆိုစေကာမူ၊ သူမသည် အချစ်ရေးထက် ကျင့်ကြံခြင်းကို ပို၍ အလေးထားသူ ဖြစ်ပေသည်။

..........

အမတနယ်မြေ၏ ထိပ်သီးအင်အားစု သုံးခုမှ ပုဂ္ဂိုလ်များ ရောက်ရှိလာသဖြင့် ပွဲမှာ ပို၍ စည်ကားလာသည်။

သို့သော် လူအများစုမှာ စူးချန်ကဲကိုသာ စောင့်မျှော်နေကြသည်။

ဝီ!

ထိုစဉ် ကောင်းကင်ယံ၌ အလင်းတန်းများ လှိုင်းထသွားသည်။

မိုးကုတ်စက်ဝိုင်း၌ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသော ပုဂ္ဂိုလ်နှစ်ဦး ရောက်ရှိလာသည်။ သူတို့သည် စူးချန်ကဲနှင့် လော့ရန်ယွီတို့ပင် ဖြစ်သည်။

"သူက စူးချန်ကဲလား"

စူးချန်ကဲ အကြောင်း ကြားဖူးသော်လည်း မမြင်‌ဖူးသော ပါရမီရှင်များက လှည့်ကြည်လာကြပြီး မေးမြန်းလိုက်ကြသည်။

စူးချန်ကဲ ရောက်လာသည်နှင့် ချင်းဟုန်မြို့သခင်သည် ဘယ်ကနေမှန်း မသိ ထွက်လာကာ အလွန်အမင်း ယဉ်ကျေးပျူဌာစွာဖြင့် ကြိုဆိုလေတော့၏။

"သခင်လေးချန်ကဲ ဒီဘက်ကို ကြွခဲ့ပါ"

ဤမြင်ကွင်းကို မြင်လိုက်ရသော ကျီချောင်ကဲ၊ ထျန်းဟောက်ရှန်းနှင့် တောက်လျန်ရှန်းတို့မှာ အံ့အားသင့်သွားကြသည်။

သူတို့လည်း အဆင့်အတန်းမြင့်မားသူများ ဖြစ်ကြသော်လည်း မြို့သခင်သည် သူတို့ကို ဤကဲ့သို့ ကြိုဆိုခြင်းမရှိပေ။။ အဘယ်ကြောင့် စူးချန်ကဲတစ်ယောက်တည်းကိုသာ ဤမျှ အထူးအခွင့်အရေးပေးရသနည်း။

အမှန်အားဖြင့် မြို့သခင်သည် ထိုဖြစ်ရပ်နောက်ပိုင်းတွင် စူးချန်ကဲနှင့် ရန်ငြိုးမဖွဲ့မိစေရန် အတော်လေး ပူပန်နေခဲ့ရသည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူသည် စူးချန်ကဲကို ယခုကဲ့သို့ ဖိတ်ကြား၍ ချော့မော့နေရခြင်းသာ ဖြစ်လေ၏။

All Chapters