အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း ၂၃၁ - မိတ်ဆွေ...ပြေးတော့။
"ဟူး... ဟူး... ဟူး..."
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို ခံစားမိရင်းဂေါ်ဖုန်းထျန်း သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်အာရုံပျက်စေမည့် အတွေးအားလုံးကို မောင်းထုတ်ကာ ရှေ့သို့သာ အပြင်းနှင်နေခဲ့သည်။
သူ၏ မျက်ဝန်းအစုံ၌မူ ရှေ့မှောက်ရှိ ယွမ်လျှိုမြောင်တစ်ခုတည်းသာ ရှိတော့သည်။
ယင်းက သူ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်ဖြစ်ပြီးသူ၏ အဖိုးနှင့် ဂေါ်မိသားစုမှ ကျွမ်းကျင်သူအများအပြား သူတို့၏ အသက်ကို စွန့်လွှတ်ပေးခဲ့သော မျှော်လင့်ချက်လည်း ဖြစ်ပေသည်။
ထို့ပြင် ယင်းက သူ၏ အဖိုးနှင့် ကျဆုံးသွားခဲ့ရသည့် ဂေါ်မိသားစုမှ ကျွမ်းကျင်သူများအတွက် ကလဲ့စားပြန်ချေနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။
သူ အသက်ရှင်ရမည်။ အသက်ရှင်သန်နိုင်မှသာလျှင် ကလဲ့စားချေခွင့် ရရှိပေလိမ့်မည်။
သူ၏ ဝိညာဉ်စွမ်းအင်များမှာ ခန်းခြောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သော်လည်း ဂေါ်ဖုန်းထျန်းသည် ယင်းကို ဂရုမစိုက်နိုင်တော့ချေ။
ဝိညာဉ်စွမ်းအင် မလုံလောက်ပါက သူ၏ အနှစ်သာရသွေးကို လောင်ကျွမ်းစေမည်။
အနှစ်သာရသွေးပင် မလောင်ကျွမ်းနိုင်တော့ပါက သူ၏ သက်တမ်းကို လောင်ကျွမ်းစေမည်။
သူ အသက်ရှင်ရမည်။ မဖြစ်မနေ အသက်ရှင်ရမည်။
သူသည် မိမိကိုယ်တိုင်အတွက်သာမက ဤကိစ္စအတွက် အသက်စွန့်သွားခဲ့ကြရသည့် မိသားစုမှ ကျွမ်းကျင်သူများအတွက်ပါ အသက်ရှင်နေရခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ တားဆီးခြင်း ခံထားရသော လိုက်လံဖမ်းဆီးသူ ကျွမ်းကျင်သူများစွာသည် ဤမြင်ကွင်းကို မြင်လိုက်ရစဉ် သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။
သူတို့၏ ယခုတစ်ကြိမ် အဓိက ပစ်မှတ်မှာ ဂေါ်ဖုန်းထျန်း ဖြစ်သည်။ အကယ်၍ သူသာ လွတ်မြောက်သွားမည်ဆိုပါက သူတို့၏ တာဝန်သည် လုံးဝ ကျရှုံးသွားရပေလိမ့်မည်။
သူတို့အနေဖြင့် နောက်ဆုံးတွင် ဂေါ်လော့ နှင့် အခြားသော ကျွမ်းကျင်သူများအားလုံးကို အပိုင်းပိုင်း ဖြတ်တောက်နိုင်ခဲ့လျှင်ပင် မည်သည့်အကျိုးမှ ရှိတော့မည် မဟုတ်ချေ။
လက်ရှိတွင် ဂေါ်လော့နှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည့် အလယ်အလတ်အရွယ် အမျိုးသားသည် သွားကို တင်းတင်းကြိတ်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
“နံပါတ်ခြောက် မင်း သွားပြီးတော့ အဲဒီကလေးကို သတ်ပစ်စမ်း။ ကျန်တဲ့လူတွေက နံပါတ်ခြောက်ကို ကူညီပေးကြ။”
“အဲဒီကလေးသာ လွတ်သွားရင် ငါတို့ထဲက ဘယ်သူမှ ကောင်းကောင်းနေရမှာ မဟုတ်ဘူး။”
သူ၏စကား ထွက်ပေါ်လာသည်နှင့်အမျှအနည်းငယ် ရူးသွပ်နေပြီဖြစ်သော ဂေါ်လော့သည် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“မင်းတို့က ငါ့မြေးကို လုပ်ချင်တယ်ဟုတ်လား။ ငါ့ကို အရင် မေးရဦးမယ်လေ။”
“ဒီနေ့တော့ မင်းတို့ထဲက ဘယ်ကောင်မှ ငါ့မြေးနောက်ကို လိုက်ဖို့မတွေးဝံ့စေနဲ့။”
သူ စကားပြောလိုက်သည်နှင့်အမျှထူထပ်လှသော သွေးညှီနံ့များ သယ်ဆောင်လာသည့် သွေးရောင်အလင်းတန်းတစ်ခုသည် ဂေါ်လော့၏ ခန္ဓာကိုယ်ထံမှနေ၍ ကောင်းကင်ယံဆီသို့ ပျံတက်သွားခဲ့တော့သည်။
အစွမ်းထက်လှသော အရှိန်အဝါတစ်ခုသည်လည်း ယင်းနှင့်အတူ တဟုန်ထိုး ထွက်ပေါ်လာခဲ့ရာပတ်ဝန်းကျင်တစ်ခုလုံးရှိ ဟင်းလင်းပြင်ကြီးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။
ဤအခိုက်အတန့်တွင် ဂေါ်လော့၏ ကျင့်ကြံခြင်း အရှိန်အဝါသည် မူလကထက် ဆပေါင်းများစွာ တိုးမြင့်လာခဲ့ပြီ ဖြစ်သည်
အားနည်းဖျော့တော့သည့် အရိပ်အယောင်များ လုံးဝ မရှိတော့ရုံတင်မကဘဲအလွန်တရာ ကြီးမားလှသော စွမ်းအား အငွေ့အသက်တစ်ခု ရုတ်တရက် ပုံပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သေချာ စစ်ဆေးကြည့်မည်ဆိုပါကဂေါ်လော့၏ ခန္ဓာကိုယ်အတွင်း၌ မူလအငွေ့အသက်တစ်ခုသည် အချိန်နှင့်အမျှ တဖြည်းဖြည်းချင်း လျော့ပါးလာနေသည်ကို မြင်တွေ့နိုင်ပေသည်။
ယင်းက သက်တမ်း ဖြစ်သည်။ ယင်းက သူ၏အသက် စွမ်းအင်ပင် ဖြစ်သည်။
ဂေါ်လော့၏ အရှိန်အဝါ ရုတ်တရက် မြင့်တက်လာခြင်းကို ခံစားမိစဉ်အလယ်အလတ်အရွယ် အမျိုးသားသည် အဝေးတစ်နေရာသို့ အလျင်အမြန် ဆုတ်ခွာလိုက်ရပြီး ကျယ်လောင်စွာ ဆဲရေးတိုင်းထွာလိုက်မိတော့သည်။
“မင်းတကယ့်အရူးပဲ မင်းက မင်းရဲ့ အနှစ်သာရသွေးနဲ့ သက်တမ်းကို တစ်ပြိုင်နက်တည်း တကယ် လောင်ကျွမ်းစေတာပဲလား။”
“မင်းရဲ့ အခု အခြေအနေနဲ့ဆိုရင်
အရမ်းအားနည်းသွားတာကြောင့် ဆယ့်ငါးမိနစ်အတွင်းမှာတင် ကျဆုံးသွားလိမ့်မယ်။”
“ဒီလိုလုပ်တာက တကယ်ပဲ တန်လို့လား။”
ဂေါ်လော့သည် ဒါကို ကြားလိုက်ရစဉ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဂေါ်ဖုန်းထျန်း ထွက်ခွာသွားခဲ့သည့် လမ်းကြောင်းဆီသို့ လှမ်း၍ ကြည့်လိုက်သည်။
“ဖုန်းထျန်းသာ ဘေးကင်းကင်းနဲ့ အသက်ရှင်ပြီး ထွက်သွားနိုင်မယ်ဆိုရင်... မတန်စရာ ဘာရှိဦးမှာလဲ။”
“ဖုန်းထျန်း အသက်ရှင်နိုင်သရွေ့တော့ငါ့ရဲ့ ဒီအရိုးအိုတွေ ဆယ့်ငါးမိနစ်အတွင်း ဒီနေရာမှာပဲ ကျဆုံးသွားရမယ်ဆိုရင်လည်း ဘာအရေးလဲ။”
ဖုန်းထျန်းက သူတို့ ဂေါ်မိသားစုရဲ့ မျှော်လင့်ချက်ပဲ။
သူ၏စကား ဆုံးသွားသည်နှင့်အမျှအခြားသော ကျွမ်းကျင်သူများနှင့် အသက်စွန့် တိုက်ခိုက်နေကြသည့် ဂေါ်မိသားစု အစောင့်များသည်လည်း ရဲရင့်လှသော စိတ်ခံစားချက်များ ပေါက်ကွဲထွက်လာခဲ့ကြပြီး သူ၏စကားကို တညီတညွတ်တည်း ထောက်ခံလိုက်ကြသည်။
“မှန်တာပေါ့။ သခင်လေးသာ ဘေးကင်းကင်းနဲ့ အသက်ရှင်ပြီး ထွက်သွားနိုင်မယ်ဆိုရင် ကျွန်တော်တို့ ကျဆုံးသွားရလည်း ဘာအရေးလဲ။”
“သခင်လေးက ကျွန်တော်တို့အတွက် သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်။ မင်းတို့လို အမှိုက်ကောင်တွေ အကုန်လုံး သေရမယ်။”
သူတို့၏ သခင်လေးသည် ယွန်းထျန်းနတ်ဘုရားဂိုဏ်းမှ အကြီးအကဲတစ်ပါးကိုယ်တိုင် လူကိုယ်တိုင် ရွေးချယ်ထားသော တပည့် တစ်ယောက်ဖြစ်ပြီး လောကတွင် အနှိုင်းမဲ့သည့် ပါရမီနှင့် အနှိုင်းမဲ့ နတ်ဘုရားခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သခင်လေးသာ ဘေးကင်းကင်းနဲ့ အသက်ရှင်ပြီး ထွက်သွားနိုင်သရွေ့တော့သူက ယွန်းထျန်းနတ်ဘုရားဂိုဏ်း အကြီးအကဲကို အကူအညီမတောင်းရင်တောင်မှမိသားစုခေါင်းဆောင်ကို ရှာတွေ့ရုံနဲ့တင် သူတို့အတွက် သေချာပေါက် ကလဲ့စားချေပေးနိုင်လိမ့်မည် ဖြစ်သည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့်အမျှအစောင့်ကျွမ်းကျင်သူများ အားလုံးသည် သေခြင်းတရားကို ရင်ဆိုင်ရန် ပြတ်သားလှသော အပြုံးများဖြင့် ပြုံးလိုက်ကြသည်။
နောက်ထပ် အခိုက်အတန့်တွင် သူတို့သညလည်း ဂေါ်လော့ကဲ့သို့ပင် သူတို့၏ အသက်စွမ်းအင်များနှင့် အနှစ်သာရသွေးများကို စတင်လောင်ကျွမ်းစေခဲ့ကြတော့သည်။
ခေတ္တမျှအတွင်းထူထပ်လှသော သွေးညှီနံ့များသည် ဟင်းလင်းပြင်တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီး အစွမ်းထက်လှသော အရှိန်အဝါများနှင့် ရောယှက်သွားခဲ့သည်။
ယင်းက လူအင်အား သာလွန်လှသော လိုက်လံဖမ်းဆီးသူများ၏ မျက်နှာအမူအရာများကို ပြောင်းလဲသွားစေခဲ့ပြီးသူတို့၏ မျက်နှာထက်တွင် သတိထားရမည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
"ဒီကောင်တွေ အကုန်လုံးက သောက်ရူးတွေပဲ။"
အလယ်အလတ်အရွယ် အမျိုးသားသည် ယွမ်လျှိုမြောင်ထဲသို့ ဝင်ရောက်တော့မည့် ဂေါ်ဖုန်းထျန်းကို မော့ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ အလွန်တရာ ကြည့်ရဆိုးသွားခဲ့သည်။
သူတို့ ဤနေရာအထိ လိုက်လံဖမ်းဆီးလာခဲ့သည့်တိုင်အောင် ဤကဲ့သို့သော အလှည့်အပြောင်းမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
သို့သော် သူတို့ ဤလူများကို လွတ်မြောက်ခွင့် ပေး၍မရတော့ချေ။
မဟုတ်ပါကသူတို့ကို ဤကိစ္စလုပ်ရန် စေခိုင်းခဲ့သော ထိုလူများသည် သူတို့ကို လုံးဝ လွှတ်ထားမည် မဟုတ်ပေ
ဂေါ်လော့နှင့် အခြားသော ဂေါ်မိသားစု ကျွမ်းကျင်သူများသည် သူတို့ကို တားဆီးရန်အတွက် သူတို့၏ အသက်ကို စွန့်စားနေကြပြီ ဖြစ်သော်လည်း ထိုလူများနှင့် ရင်ဆိုင်ရမည့်အစားသူတို့သည် ဂေါ်လော့တို့နှင့်သာ အသက်စွန့် တိုက်ခိုက်လိုကြသည်။
ထိုလူများသည် လူသားများ လုံးဝ မဟုတ်ကြချေ။ အကယ်၍ ဂေါ်ဖုန်းထျန်းသာ လွတ်မြောက်သွားမည်ဆိုပါကသူတို့အနေဖြင့် သေခွင့်ရဖို့ မျှော်လင့်ခြင်းသည်ပင် လွန်ကဲလှသော မျှော်လင့်ချက် ဖြစ်သွားရပေလိမ့်မည်။
ဂေါ်လော့တို့နှင့် အသက်စွန့် တိုက်ခိုက်ခြင်းကတော့ အလွန်ဆုံးရှိလှ သေရုံသာ ရှိသည်။
အလယ်အလတ်အရွယ် အမျိုးသား၏ မျက်နှာအမူအရာမှာ ခက်ထန်သွားခဲ့သည်။ သူသည် သွားကို တင်းတင်းကြိတ်လိုက်ပြီး တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။
“အားလုံးပဲ... မင်းတို့ရဲ့ အနှစ်သာရသွေးတွေကို လောင်ကျွမ်းစေပြီး အချိန်ဆွဲထားကြစမ်း။ ဆဲ့ငါးမိနစ် ကုန်သွားတာနဲ့ အကုန်လုံး ပြီးဆုံးသွားလိမ့်မယ်။”
“ငါတို့ အရင်က အစီအစဉ်အတိုင်းပဲ သွားမယ်။ နံပါတ်ခြောက်... ငါတို့ မင်းအတွက် အချိန်ပေးမယ်။ အမြန်သွားပြီး အမြန်ပြန်လာခဲ့ထွက်ပြေးနေတဲ့ အဲဒီကလေးကို သတ်ပစ်စမ်း။”
သူ စကားပြောလိုက်သည်နှင့်အမျှထူထပ်လှသော သွေးရောင်အငွေ့အသက်များသည် အလယ်အလတ်အရွယ် အမျိုးသား၏ ခန္ဓာကိုယ်ထံတွင်လည်း တောက်လောင်လာခဲ့ပြီး သွေးရောင်အလင်းတန်းတစ်ခု ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
သို့သော်လည်းဂေါ်လော့နှင့် အခြားသော ဂေါ်မိသားစု ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ပါက သူ၏မူလစွမ်းအင်ကို လောင်ကျွမ်းစေသည့် အငွေ့အသက်မျိုးတော့ ရှိမနေခဲ့ချေ။
အခြားသော လိုက်လံဖမ်းဆီးသူများသည် ဒါကို ကြားလိုက်ရစဉ် တွန့်ဆုတ်သွားခဲ့ကြသည်။
သို့သော် ခဏချင်းတွင်ပင် သူတို့ တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား ထိုတွန့်ဆုတ်မှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာများ ခက်ထန်သွားခဲ့ကြပြီး တစ်ယောက်ချင်းစီက သွေးရောင်အလင်းတန်းများကို ပေါက်ကွဲထုတ်လိုက်ကြတော့သည်။
သူတို့ကို ဤကိစ္စလုပ်ရန် စေခိုင်းခဲ့သော ထိုလူများသည် မိစ္ဆာကောင်များဖြစ်ပြီး အကျိုးအကြောင်း မရှိသော တည်ရှိမှုများ ဖြစ်ကြသည်။
သူတို့ ဤတာဝန်ကို မဖြစ်မနေ ပြီးမြောက်အောင် လုပ်ရမည်။ မဟုတ်ပါက သေဖို့တောင် ခက်ခဲလိမ့်မည်။
ကျွမ်းကျင်သူတစ်ဦးသည် တိုက်ခိုက်မှုတစ်ခုအတွင်း နောက်သို့ ဆုတ်ခွာလိုက်ပြီး ထိုတွန်းအားကို အသုံးပြု၍ ဂေါ်ဖုန်းထျန်း ထွက်ပြေးသွားခဲ့သည့် လမ်းကြောင်းဆီသို့ အလျင်အမြန် လိုက်လံဖမ်းဆီးသွားခဲ့တော့သည်။
ဂေါ်လော့၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူသည် ကြားဖြတ်တားဆီးချင်ခဲ့သော်လည်း အလယ်အလတ်အရွယ် အမျိုးသား၏ အတင်းအကျပ် ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
သူ၏ လက်ရှိ အခြေအနေမှာ အလွန်တရာ အားနည်းနေခဲ့ပြီ ဖြစ်သည်။ သူ၏အသက်စွမ်းအင်များနှင့် အနှစ်သာရသွေးများကို လောင်ကျွမ်းစေခဲ့သည့်
တိုင်အောင်သူ၏ အနှစ်သာရသွေးကိုသာ လောင်ကျွမ်းစေခဲ့သော အလယ်အလတ်အရွယ် အမျိုးသားကို မနည်း ရင်ဆိုင်နေရခြင်း ဖြစ်သည်။
သူသည် နံပါတ်ခြောက်ဟု ခေါ်သော ကျွမ်းကျင်သူက ဂေါ်ဖုန်းထျန်းနောက်သို့ လိုက်လံဖမ်းဆီးသွားသည်ကို မတတ်နိုင်ဘဲ ကြည့်နေရရုံသာ ရှိတော့သည်။
“ဖုန်းထျန်း... ပြေးတော့။ မြန်မြန် ပြေး။”
အခြားတစ်ဖက်တွင်မူ ဂေါ်ဖုန်းထျန်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ယွမ်လျှိုမြောင်၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လိုက်ပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ယွမ်လျှိုမြောင်အတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် ဂေါ်ဖုန်းထျန်း၏ နှလုံးသားအတွင်း တင်းကျပ်နေခဲ့သော စိတ်ကြိုးမျှင်လေးမှာ အနည်းငယ် လျော့ပါးသွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် သူသည် တစ်ကိုယ်လုံး အလွန်တရာ အားနည်းသွားသလို ခံစားလိုက်ရသည်။ သူ၏ မျက်ခွံများမှာ လေးလံလာခဲ့ပြီး အခုချက်ချင်းပင် အိပ်ပျော်သွားချင်မိတော့သည်။
သို့သော်လည်း ဂေါ်ဖုန်းထျန်းသည် မိမိအနေဖြင့် ယခုအချိန်တွင် သတိလစ်သွား၍ မရသေးကြောင်း သိသည်။ သူ ဆက်ပြီး ပြေးရမည်။ မိသားစုဆီသို့ ပြန်ပြေးနိုင်မှသာလျှင် မျှော်လင့်ချက် အလင်းတန်းလေး ရှိပေလိမ့်မည်။
“ဂေါ်ဖုန်းထျန်း... ဆက်သွားစမ်း။ မင်း လုပ်နိုင်ပါတယ်။ မင်း ဒီအကျပ်အတည်းကနေ သေချာပေါက် အသက်ရှင်လွတ်မြောက်ရမယ်။”
ဂေါ်ဖုန်းထျန်းသည် သူ၏ ရှိသမျှ ခွန်အားများဖြင့် ရှေ့သို့ အပြင်းနှင်နေရင်း ရှေ့ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။
မရေမရာဖြစ်နေသော မြင်ကွင်းအတွင်း သူသည် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည့်
အလား ဖြစ်သွားခဲ့သည်။ထိုပုံရိပ်မှာ မိမိထက် သိပ်ပြီး အသက်မကြီးလှဘဲမလှမ်းမကမ်း နေရာတစ်ခုမှနေ၍ သူ့ကို လှမ်း၍ လက်ဝှေ့ယမ်းပြနေခဲ့ခြင်း ဖြစ်သည်။
ဤပုံရိပ်ကို မြင်လိုက်ရစဉ် ဂေါ်ဖုန်းထျန်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူသည် ချက်ချင်းပင် သတိပြန်ဝင်လာခဲ့ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။
“အရှေ့က မိတ်ဆွေပြေးတော့။ အစွမ်းထက်တဲ့ ရန်သူတွေက ငါ့နောက်ကို လိုက်နေတာ။ မင်း အခု မထွက်သွားရင် ကြားညှပ်သွားလိမ့်မယ်။”
“... ပြေးတော့။”