အခန်း ၂၃၂
Vol. 24 Ch. 232
အခန်း ၂၃၂ - စီနီယာကြီး... ကျေးဇူးပြုပြီး ကူညီပေးပါ။ စီနီယာကြီးအတွက် နွားလိုမြင်းလို အလုပ်အကျွေးပြုဖို့ အသင့်ပါပဲ။
စိတ်လှုပ်ရှားလွန်း၍ ဖြစ်စေသို့မဟုတ် အမောလွန်သွား၍ဖြစ်စေ သူသည် ရုတ်တရက် အော်ဟစ်လိုက်မိခြင်း ဖြစ်သည်။
သူ၏ အသံပင် မကွယ်ပျောက်သေးမီမှာတင် ဂေါ်ဖုန်းထျန်း၏ မျက်စိရှေ့မှောက်မှာ မှောင်အတိကျသွားခဲ့ပြီး သူသည် ရှေ့သို့ ယိမ်းထိုးလျက် လဲပြိုသွားခဲ့တော့သည်။
သတိ လုံးဝမလစ်ခင် အခိုက်အတန့်တွင်ပင် ဂေါ်ဖုန်းထျန်းသည်စကားများကို ဆက်၍ ညည်းတွားနေခဲ့သေးသည်။
“မိတ်ဆွေ.. ပြေးတော့... ပြေး... ငါ့ကြောင့် မင်းကို ကြားညှပ်မခံစေနဲ့..."
မလှမ်းမကမ်း နေရာတွင် လက်ဝှေ့ယမ်းပြနေခဲ့သော လင်းချန် သည် ဤမြင်ကွင်းကို မြင်လိုက်ရစဉ် သူ၏ အပြုံးမှာ ခေတ္တမျှ တန့်သွားခဲ့ရသည်။
"ငါက လက်ပဲ ဝှေ့ယမ်းပြလိုက်တာလေ... မင်းက ဘာဖြစ်လို့ ငါ့ရှေ့မှာတင် လာပြီး လဲကျပြရတာလဲ။"
သို့သော်လည်း ထိုကလေးက ရန်သူအစွမ်းထက်သူတစ်ယောက် မိမိနောက်ကို လိုက်နေသည်ဟု ပြောခဲ့သည်။
ထို့ပြင် မိမိကို ကြားညှပ်မခံရစေရန်အတွက် အမြန်ပြေးရန်လည်း သတိပေးခဲ့သေးသည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ... တကယ့်ကို စိတ်ဓာတ်ကောင်းမွန်တဲ့ လူငယ်လေးတစ်ယောက်ပဲ။"
ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လင်းချန်သည် စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းသွားခဲ့သော်လည်း ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သတိလစ်နေသော လူငယ်လေး၏ ဘေးနားသို့ ရောက်ရှိသွားခဲ့တော့သည်။
သူ့ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ရာထိုလူငယ်လေးသည် ခန္ဓာကိုယ် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားခြင်းနှင့် ဝိညာဉ်စွမ်းအင်များကို အလွန်အကျွံ သုံးစွဲလိုက်ခြင်းကြောင့်သာ သတိလစ်သွားခြင်း ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်
ယင်းကို သိရှိလိုက်ရသဖြင့် လင်းချန်သည် စိတ်အနည်းငယ် လျော့သွားခဲ့သည်။
ခွန်အားအချို့ ပြန်လည်ရရှိလာပြီး ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဖြိုးသွားမည်ဆိုပါကထိုလူငယ်လေးသည် သေချာပေါက် ပြန်လည်နိုးထလာနိုင်ပေလိမ့်မည်။
ဤကိစ္စအတွက်မူ... လင်းချန်သည် ပြုံးလိုက်ပြီး သူ၏ လက်ဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်ကာ သူ၏ ခန္ဓာကိုယ်ထံမှ နူးညံ့လှသော ဝိညာဉ်စွမ်းအင် အမျှင်တန်းတစ်ခုကို လူငယ်လေး၏ ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်လိုက်တော့သည်။
သူ၏ ဝိညာဉ်စွမ်းအင်သည် အလွန်တရာ အစွမ်းမြင့်မားလှရာ ဤအမျှင်တန်းလေး တစ်ခုတည်းကတင် ထိုလူငယ်လေးကို သူ၏ အထွတ်အထိပ် အခြေအနေသို့ အလျင်အမြန် ပြန်လည်ရောက်ရှိသွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
"ဒီလောက်အထိ ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ ကောင်းကင်သို့ တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံခြင်းအဆင့် ရှိနေတာဆိုတော့ သူ့မှာ တော်တော်လေး ကောင်းမွန်တဲ့ ပါရမီ ရှိတာပဲ။"
"သူ့မှာ ဘယ်လိုမျိုး ခန္ဓာကိုပိုင်ဆိုင်ထားမလဲ။"
လင်းချန်သည် အနည်းငယ် စပ်စုချင်စိတ် ဖြစ်ပေါ်လာသဖြင့် ဖြည်းညှင်းစွာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး လူငယ်လေး၏ လက်ကောက်ဝတ်ပေါ်သို့ သူ၏ လက်ဝါးကို တင်လိုက်သည်။
ထိတွေ့လိုက်ရုံမျှဖြင့်လင်းချန်၏ မျက်နှာထက်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့တော့သယ်။
“ဒါက တကယ့်ကို ယင်ယန် နတ်ဘုရားခန္ဓာကိုယ် ပဲ။”
သူသည် ထာဝရတိုက်ကြီး သို့ ရောက်ရှိလာပြီးနောက် ပထမဆုံး ဆုံတွေ့ရသည့် သက်ရှိသည် ဤကဲ့သို့သော ယင်ယန် နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိချေ။
ဤကဲ့သို့သော နတ်ဘုရားခန္ဓာကိုယ် ပါရမီသည် လူတစ်ယောက်ကို ယင်ယန် သဘောတရား ၏ စွမ်းအားကို သဘာဝအတိုင်း နားလည်သဘောပေါက်နိုင်စေရန် အထောက်အကူ ပြုပေသည်။
အကယ်၍ သူသာ ဆက်လက်ကျင့်ကြံသွားမည်ဆိုပါက သူသည် ယင်နှင့်ယန်၏ မဟာတာအို ဆီသို့ တိုက်ရိုက် ဦးတည်နိုင်ပေလိမ့်မည်။
သူ့အနေဖြင့် မဟာဧကရာဇ်နယ်ပယ် သို့ ရောက်ရှိရန် ရာနှုန်းပြည့် အာမခံချက် မရှိနိုင်သော်လည်း မဟာဧကရာဇ်အဆင့်နီးပါးနယ်ပယ် သို့ ဖောက်ထွက်အောင်မြင်နိုင်ရန်မှာမူ ရာနှုန်းပြည့် သေချာလှပေသည်။
ယင်းက တာအိုပြည်နယ် ၃၀၀၀ ၏ စည်းမျဉ်းများအောက်တွင်သာ ဖြစ်သည်။ အကယ်၍ သူသာ ထာဝရတိုက်ကြီးတွင် ရှိနေမည်ဆိုပါက မဟာဧကရာဇ်နယ်ပယ်သို့ ဖောက်ထွက်ရန်မှာ ဤမျှအထိ ခက်ခဲလိမ့်မည် မဟုတ်ချေ။
လင်းချန်သည် စိတ်ထဲကနေ မအောင့်နိုင်ဘဲ အနည်းငယ် အံ့သြသွားခဲ့ရသည်။
ထာဝရတိုက်ကြီးသည် တကယ့်ကို နာမည်နှင့်လိုက်ဖက်လှပေသည်။ ယင်းက တကယ့်ကို ထူးခြားဆန်းပြားလှသော ပါရမီရှင်များနှင့် မှော်ဆန်လှသော နယ်မြေများ တည်ရှိရာနေရာ ဖြစ်ပေသည်။
မိမိရှေ့မှောက်တွင် သတိလစ်သွားခဲ့သော ကလေးတစ်ယောက်ပင် ဤမျှအထိ အစွမ်းထက်လှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ရုတ်တရက်ဆိုသလိုသူသည် ထာဝရတိုက်ကြီးအပေါ် ပို၍ပင် မျှော်လင့်ချက် ကြီးမားသွားခဲ့ရသည်။
“အင်း...”
ဝိညာဉ်စွမ်းအင်သည် အလျင်အမြန်ပင် အာနိသင်ပြလာခဲ့ပြီး သတိလစ်နေသော ဂေါ်ဖုန်းထျန်း၏ မျက်ဝန်းအစုံမှာ ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့ရာ ဇဝေဇဝါဖြစ်ခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
သူ ဘာဖြစ်သွားတာလဲ။
သူ ဘယ်နေရာကို ရောက်နေတာလဲ။
ဤဇဝေဇဝါဖြစ်မှုမှာ ခေတ္တမျှသာ ကြာမြင့်ခဲ့ပြီး ဂေါ်ဖုန်းထျန်းသည် ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။
သူသည် အလျင်အမြန် မတ်တတ်ထရပ်လိုက်ပြီး လင်းချန်ကို စိုးရိမ်ပူပန်လှသော မျက်နှာအမူအရာဖြင့် လှမ်း၍ ပြောလိုက်တော့သည်။
“မိတ်ဆွေ... ဘာဖြစ်လို့ စကားကို နားမထောင်တာလဲ။ ငါ့နောက်ကနေ အစွမ်းထက်တဲ့ ရန်သူတစ်ယောက် လိုက်နေတာ။”
“မင်း အခုချက်ချင်း မထွက်သွားရင်ငါ့ကြောင့်မို့လို့ မင်းပါ ကြားညှပ်သွားရလိမ့်မယ်။”
အစောပိုင်းက သူ ယွမ်လျှိုမြောင်ထဲသို့ ထွက်ပြေးတော့မည့် အချိန်တွင် မိမိနောက်ကွယ်မှ အစွမ်းထက်လှသော ကျွမ်းကျင်သူတစ်ယောက်၏ တည်ရှိမှုကို သူ ခံစားမိခဲ့သည်။ ထိုသူသည် မိမိကို ပြတ်ပြတ်သားသား ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်သည်။
သူ၏ အဖိုးနှင့် အခြားလူများသည် ထိုကျွမ်းကျင်သူကို မတားဆီးနိုင်ခဲ့ဘဲ တစ်ယောက် လွတ်မြောက်သွားကာ မိမိနောက်သို့ လိုက်လံဖမ်းဆီးခိုင်းလိုက်ခြင်း ဖြစ်ကြောင်း သူ သိရှိလိုက်ရသည်။
အကယ်၍ သူသာ ကျဆုံးသွားရမည်ဆိုပါက သူ လုပ်ဆောင်နိုင်သည့်အရာ မရှိတော့ချေ။ ယင်းက ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။
သူသည် ဤကိစ္စအတွက် သူ၏ ရှိသမျှအရာအားလုံးကို ပေးဆပ်ခဲ့ပြီးပြီ ဖြစ်သော်လည်းနောက်ဆုံးတွင် ရလဒ်ကို မပြောင်းလဲနိုင်ခဲ့ဘဲ ကံကြမ္မာအတိုင်းသာ ပစ်ထားလိုက်ရုံ ရှိတော့သည်။
သို့သော်လည်း အပြစ်မဲ့လှသော ကျင့်ကြံသူတစ်ယောက်သာ မိမိကြောင့် ဤကိစ္စအတွင်း ကြားညှပ်သွားရမည်ဆိုပါကယင်းက အလွန်တရာ မတရားရာ ရောက်ပေလိမ့်မည်။
ဒါကို ကြားလိုက်ရစဉ် လင်းချန်၏ မျက်နှာထက်တွင် ရယ်ချင်ပတ်ချင်ဖြစ်သွားသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
“အို... မင်းပြောတဲ့ အဲဒီအစွမ်းထက်တဲ့ ကျွမ်းကျင်သူက ဘယ်လို ကျင့်ကြံခြင်းနယ်ပယ်မျိုးမို့လို့လဲ။”
ဂေါ်ဖုန်းထျန်းသည် လင်းချန်၏ မေးခွန်းကို ဖြေကြားရန်အတွက် မိမိကိုယ်ကို အတင်းအကျပ် တည်ငြိမ်အောင် ပြုလုပ်လိုက်ရသည်။
သို့သော် သူ တည်ငြိမ်သွားသည်နှင့်တစ်ပြိုင်နက်သူ၏ ခန္ဓာကိုယ် ခွန်အားများမှာ လုံးဝ ပြန်လည်ပြည့်ဖြိုးသွားခဲ့ပြီဖြစ်ကြောင်း သူ အံ့အားသင့်စွာဖြင့် တွေ့ရှိလိုက်ရသည်။
သူ၏ လုံးဝ ခန်းခြောက်သွားခဲ့သော ဝိညာဉ်စွမ်းအင်များသည်လည်း သူ၏ ဒန်တျန် အတွင်းသို့ ပြန်လည်ပြည့်လျှံနေခဲ့ပြီ ဖြစ်သည်။
ဤအခြေအနေသည် ဂေါ်ဖုန်းထျန်း၏ စိတ်ထဲတွင် မယုံကြည်နိုင်လောက်စရာ ခံစားချက်တစ်ခုကို ပေါ်ထွက်လာစေခဲ့သည်။
လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်ကတင် မိမိအနေဖြင့် အမောလွန်နေခဲ့ပြီး မည်သည့်ဝိညာဉ်စွမ်းအင်မျှ ကျန်ရှိမနေခဲ့ကြောင်း သူ သေသေချာချာ မှတ်မိနေခဲ့သည်။
သို့သော် ယခုအခါတွင်မူ... ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် ဂေါ်ဖုန်းထျန်းသည် လင်းချန်ကို စိုက်ကြည့်လိုက်ရာ၊သူ၏ ရင်ထဲ၌ နက်ရှိုင်းစွာ ဖုံးကွယ်ထားသော စိတ်လှုပ်ရှားမှုများမှာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။
“မိတ်...မဟုတ်ပါဘူး၊ စီနီယာကြီး။ အစောနက ရိုင်းပျမိသွားပြီး စီနီယာကြီးကို နှောင့်ယှက်မိသွားပါတယ်။”
“ဒါပေမဲ့ စီနီယာကြီး... ကျွန်တော့မှာ တောင်းဆိုချင်တဲ့ အချက်တစ်ခု ရှိပါတယ်။ ကျွန်တော့ရဲ့ အဖိုးနဲ့ အခြားလူတွေကို ကျေးဇူးပြုပြီး ကယ်တင်ပေးလို့ ရမလား။"
“သူတို့တွေကကျွန်တော် လွတ်မြောက်ဖို့အတွက် အသက်စွန့် တိုက်ခိုက်နေကြတာ... သူတို့တွေ သေတော့မယ်...”
“အကယ်၍ စီနီယာကြီးသာ သူတို့ကို ကယ်တင်ပေးနိုင်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဘာမဆို လုပ်ပါ့မယ်။ စီနီယာကြီးအတွက် နွားလိုမြင်းလို အလုပ်အကျွေးပြုပြီး ကျွန်တော့ရဲ့ တစ်ဘဝလုံး စီနီယာကြီးကို ပြုစုစောင့်ရှောက်သွားပါ့မယ်။ ကျေးဇူးပြုပြီး အမိန့်ပေးပါ စီနီယာကြီး။”
ပြောပြီးသည်နှင့် ဂေါ်ဖုန်းထျန်းသည် တောင်းပန်တိုးလျှိုးလှသော မျက်ဝန်းများဖြင့် ဒူးတစ်ဖက် ထောက်လိုက်တော့သည်။
သူ မထိန်းနိုင်တော့သည့် မျက်ရည်များသည်လည်း စီးကျလာခဲ့ကြပြီးခဏချင်းတွင်ပင် သူ၏ မျက်နှာတစ်ခုလုံး ရွှဲနစ်သွားခဲ့ရသည်။
မိမိ၏ ပြန်လည်ကောင်းမွန်လာမှုမှာ မိမိထက် အသက်အနည်းငယ်သာ ကြီးပုံရသော ဤကျင့်ကြံသူကြောင့် ဖြစ်ကြောင်း သူ ရိပ်မိလိုက်ခြင်း ဖြစ်သည်။
ဤကဲ့သို့ ပြုလုပ်နိုင်သောသူသည် ဧကန်မုချ လောကကို တုန်လှုပ်စေနိုင်သည့် ကျင့်ကြံခြင်းအဆင့်ရှိသော စီနီယာကြီးတစ်ဦး ဖြစ်ရပေမည်။
အကယ်၍ သူ ဤစီနီယာကြီး၏ အကူအညီကို ရရှိနိုင်မည်ဆိုပါကသူ၏ အဖိုးနှင့် အခြားလူများသည် ယခုအချိန်အထိ ကယ်တင်နိုင်မည့် မျှော်လင့်ချက် ရှိနေသေးသည်။
ဒါကို ကြားလိုက်ရစဉ် လင်းချန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့ရသည်။
'မင်းရဲ့ တစ်ဘဝလုံး ငါ့ကို ပြုစုစောင့်ရှောက်သွားမယ် ဟုတ်လား။ ဒါက နားထောင်ရတာ နည်းနည်း ထူးဆန်းနေသလိုပဲ။'
သူ ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင်လင်းချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး မလှမ်းမကမ်းရှိ နေရာတစ်ခုဆီသို့ လှမ်း၍ ကြည့်လိုက်သည်။
ဤလမ်းကြောင်းဆီသို့ လာနေသော ကောင်သည် ထိုကလေးပြောသည့် အစွမ်းထက်လှသော ရန်သူ ဖြစ်ရပေမည် မဟုတ်ပါလား။
သို့သော်လည်း...
"အစွမ်းထက်လှတဲ့ရန်သူဆိုတာက... ဒါလေးတင်လား။"
"ဘယ်တုန်းကတည်းက သာမန် သူတော်စင် က အစွမ်းထက်လှသော ရန်သူ ဖြစ်သွားရတာလဲ။"
လင်းချန်တင် ရှေ့မှောက်ရှိ လှုပ်ရှားမှုများကို သတိပြုမိသည်မဟုတ်ဘဲ သူ၏ အခြေအနေ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားခဲ့သော ဂေါ်ဖုန်းထျန်းသည်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိသွားခဲ့သဖြင့် သူ၏ မျက်နှာအမူအရာမှာ စိုးရိမ်ပူပန်သွားခဲ့ရသည်။
သို့သော် သူ ထပ်မံ၍ စကားမပြောတော့ဘဲ ဒူးတစ်ဖက် ထောက်လျက် အနေအထားအတိုင်းသာ ရှိနေခဲ့ပြီး လင်းချန်ကို တောင်းပန်တိုးလျှိုးလှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။
သူ၏ လက်ရှိ တစ်ခုတည်းသော မျှော်လင့်ချက်မှာ မိမိရှေ့မှောက်ရှိ ဤစီနီယာကြီးသာ ဖြစ်သည်။
လင်းချန်၏ အမူအရာကို ကြည့်ခြင်းအားဖြင့်လင်းချန်အနေဖြင့် မိမိနောက်သို့ လိုက်လံဖမ်းဆီးနေသော အစွမ်းထက်လှသည့် ရန်သူကို လုံးဝ ဂရုမစိုက်ကြောင်း သူ သိနိုင်သည်။
ဆန့်ကျင်ဘက်အနေဖြင့်သူ၏ မျက်နှာထက်တွင် အထင်သေးသည့် အရိပ်အယောင်များပင် ပေါ်ထွက်နေခဲ့သည်။
ဤအချက်များ အားလုံးက မိမိရှေ့မှောက်ရှိ ဤစီနီယာကြီးသည် အခြေအနေကို ပြောင်းလဲပစ်နိုင်သည့် စွမ်းအား ရှိကြောင်း သက်သေပြနေခဲ့သည်။
လင်းချန်သာ လှုပ်ရှားပေးမည်ဆိုပါကယခုအချိန်အထိ အချိန်မှီနေသေးသည်။
ထိုအခိုက်အတန့်တွင် သရော်လှောင်ပြောင်လှသော ရယ်မောသံတစ်ခုသည် လူအိုယွမ်လျှိုမြောင်အတွင်း၌ ပဲ့တင်ထပ်လာခဲ့တော့သည်။
“ဟက်... ကလေးလေး ဘာဖြစ်လို့ ဆက်မပြေးတော့တာလဲ။ ငါ့ကို ဒူးထောက်ပြီး လွှတ်ပေးဖို့ တောင်းပန်နေတာလား။”
“အို... ဒီနေရာမှာ နောက်ထပ် ပုရွက်ဆိတ်တစ်ကောင် ရှိနေသေးတာပဲ။ ပုရွက်ဆိတ်တစ်ကောင်က နောက်ထပ် ပုရွက်ဆိတ်တစ်ကောင်ကို ဒူးထောက်နေတာလား တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။”
ထိုအသံ ထွက်ပေါ်လာခဲ့ပြီး လင်းချန်၏ နားထဲသို့ ရောက်ရှိလာခဲ့ရာ သူ၏ မျက်နှာထက်ရှိ ရယ်ချင်ပတ်ချင်ဖြစ်နေသော အပြုံးမှာ ပို၍ပင် နက်ရှိုင်းသွားခဲ့ရသည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ငါ ရောက်ရောက်ချင်းမှာတင် ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စမျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။”
“ပုရွက်ဆိတ် ဟုတ်လား။ ငါ့ကို အဲဒီလိုမျိုး ပုံဖော်ပြောဆိုခဲ့ကြတာ တော်တော်လေးကို ကြာသွားခဲ့ပြီပဲ။”
ပြောပြီးသည်နှင့် လင်းချန်သည် သူ၏ ခေါင်းကို အသာအယာ ငုံ့လိုက်ပြီး တောင်းပန်တိုးလျှိုးနေသော ဂေါ်ဖုန်းထျန်းကို လှမ်း၍ ကြည့်လိုက်သည်။
“ငါ မင်းကို ကူညီပေးမယ်။”
ဤလူငယ်လေးသည် စိတ်ဓာတ်ကောင်းမွန်ပြီး အလွန်တရာ ထက်မြက်လှသလို သူ ထာဝရတိုက်ကြီးသို့ ရောက်ရှိလာပြီးနောက် ပထမဆုံး ဆုံတွေ့ရသည့် သက်ရှိလည်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်အတွက် လှုပ်ရှားပေးလိုက်မည် ဖြစ်သည်။
ထို့ပြင် သူသည် ဤလူငယ်လေးကို ထာဝရတိုက်ကြီးရှိ သူ၏ ပထမဆုံး လမ်းပြအဖြစ်လည်း အသုံးပြုနိုင်ပေလိမ့်မည်။
သူ၏ အသံပင် မကွယ်ပျောက်သေးမီမှာတင်လင်းချန်သည် လက်တစ်ဖက်ကို ကျောနောက်သို့ ပို့လိုက်ပြီးမလှမ်းမကမ်းသို့ ရောက်ရှိလာခဲ့သော ရှည်လျားပိန်ပါးသည့် လူငယ်ကို ခပ်ဖျော့ဖျော့ ပြုံးလျက် လှမ်း၍ ကြည့်လိုက်တော့သည်။
“မင်း... ဘယ်လိုမျိုး သေချင်လဲ။”