နတ်ဆိုးအစစ်
Vol. 81-85 Ch. 1209
ဒုန်းခနဲ အသံကျယ် ထွက်ပေါ်လာပြီးနောက် လူတိုင်း တိတ်ဆိတ်သွားပြီး စကား မပြောနိုင်တော့ချေ။ လက်ရှိတွင် သူတို့ ခေါင်းစခြေဆုံး အေးစက်နေပြီး တုန်ယင်နေကြသည်။
*လောကအပြင်ဘက် ဟင်းလင်းပြင်ကနေ ကြယ်တစ်လုံးကို ဆွဲယူပြီး လူပေါ် ပစ်ချ လိုက်တာလား*
*ဒါ ဘယ်လိုနည်းလမ်းကြီးလဲ*
အားလုံး နေရာမှာတင် ကြက်သေ သေနေမိသည်။ သူတို့၏ အမူအရာများက တောင့်တင်းနေပြီး မျက်နှာ၌ သွေးပျက်၍ မယုံနိုင်ဟန်များ ထင်ဟပ်နေသည်။
ထိုနေရာတစ်ခုလုံး၏ မြေအနေအထားက ယိုယွင်းပျက်စီးနေပြီး ဥက္ကာခဲ ပြုတ်ကျလာ သကဲ့သို့သော တွင်းချိုင့်ကြီး တစ်ခု ဖြစ်ပေါ်နေ၏။ ထို့အတူ ဒုတိယဦးလေး၏ ပုံရိပ်ကို အစအန လေးတောင်မှ မတွေ့ရချေ။
*သေသွားပြီ*
*ပြိုင်ဘက်ကင်းတဲ့ ချွန်းယန်အဆင့် မိစ္ဆာအိုကြီးက ကြယ်တာရာနဲ့ ဝင်တိုက်မိလို့ သေသွားပြီတဲ့လား*
*ဒီနည်းလမ်းက တစ်ခါမှ မကြားဖူးတဲ့ နည်းလမ်းပဲ၊ ပြီးတော့ လောကကို ထိတ်လန့်စေမယ့် နည်းလမ်း*
အစ၌ ဒုတိယဦးလေးသည် သူတို့၏ မျှော်လင့်ချက်၊ သူတို့၏ အားကိုးရာဖြစ်ပြီး သူတို့၏ မျက်လုံးထဲတွင် တုနှိုင်းမဲ့ ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ၌ သူက ချက်ချင်း ရှုံးနိမ့်သွားရသည်။
လောကအပြင်ဘက်မှ ကြယ်တာရာတစ်လုံးကို ဆွဲခေါ်နိုင်ခြင်းက နတ်ဘုရားတို့၏ နည်းလမ်းသာ ဖြစ်ရမည်ဟု လူတိုင်း ယုံကြည်လာကြသည်။
*ချွန်းယန်အဆင့်ကလူတောင် ယဲ့ဖန်ဆီမှာ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား*
လူသစ်များဖြစ်သော နလန်ရှောင်၊ စွန်းကျန်းရှဲနှင့် အခြားသူများ ကြက်သေ သေသွားပြီး အနက်ရှိုင်းဆုံးသော စိတ်ဝိညာဉ်အထိပါ တုန်လှုပ်နေကြလေသည်။ ထိုအခါ ကင်းမြီးကောက် လူသတ်သမားက သူ့ပခုံးကိုပုတ်၍ အပြုံးဖြင့် ပြောလာသည်။
“မင်း ဒါကို ကျင့်သားရအောင် လုပ်ဖို့ သင်ယူထားရမယ်၊ အရှင့်နောက် လိုက်မယ်ဆိုရင် နောက်ဆို ဒီ့ထက် ထိတ်လန့်စရာ ကောင်းတာတွေကို မြင်ရဦးမှာ”
နလန်ရှောင် လက်သီးကို တင်းနေအောင်ဆုပ်၍ ခေါင်းညိတ်ပြလိုက်မိသည်။
*သူက နတ်ဆိုးပဲ*
*သူကမှ တကယ့် နတ်ဆိုး*
သူတို့အားလုံး လိပ်ပြာလွင့်မတတ် ထိတ်လန့်တုန်လှုပ်နေကြသည်။
“မြတ်စွာဘုရား၊ ဒီလိုနတ်ဆိုးနဲ့ တွေ့ရအောင် ငါတို့ လုံမိသားစု ဘာအမှားများ လုပ်ထားမိလို့လဲ”
*ကြောက်စရာကောင်းလိုက်တဲ့နတ်ဆိုး*
“မင်း ခေါ်လိုက်တဲ့ အားကိုးရတဲ့လူက တော်တဲ့ပုံလည်း မပေါ်ပါလား”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က စုန့်ကျဲရင်ကို မချိုမချဉ် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။ စုန့်ကျဲရင်၏ မျက်နှာ ပြာနှမ်းသွားပြီး မချိပြုံး ပြုံးလိုက်မိသည်။
“ငါ့ကို ကောင်းကောင်းပေးသေခွင့်ပေးဖို့ပဲ ငါ တောင်းဆိုချင်တယ်”
သူမ၏ ကံတရားကို သူမ လက်ခံလိုက်လေပြီ။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင် သူမကို မနှိပ်စက်ပါစေနဲ့ဟုသာ သူမ မျှော်လင့်နေမိသည်။
“ကောင်းပြီလေ ငါ မင်းကို မနှိပ်စက်ဘူး”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ခေါင်းညိတ်သော်လည်း ရုတ်တရက် စုန့်ကျဲရင်၏ မိဘများကို လက်ညှိုးထိုး၍ ဆက်ပြောလာ၏။
“ငါ သူတို့ကို နှိပ်စက်မယ်”
*ဘာ*
စုန့်ကျဲရင် ချက်ချင်း မှင်တက်သွားလေသည်။
“သားသမီးကို မိဘက မသွန်သင်ခဲ့လို့ ဒီလို ဖြစ်တာ၊ ဒီနေ့ မင်းလုပ်ရပ်အတွက် မင်းမိဘတွေက ပြန်ပေးဆပ်ရမယ်”
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ရက်စက်စွာ ပြုံး၍ သူမမိဘများထံ လျှောက်သွားလေသည်။ နှိပ်စက်ခြင်းက ယခုမှ စတင်လာ၏။
အစောပိုင်းက စုန့်ကျဲရင်၏ ခန္ဓာကိုယ် နှိပ်စက်ခံခဲ့ရပြီး ယခုအခါ၌ သူမ၏ စိတ်ဝိညာဉ် နှိပ်စက်ခံနေရသည်။ ငါးမိနစ် ကြာပြီးနောက် စုန့်ကျဲရင် ခါးသီးစွာ တောင်းပန်မိသည်။
“လုံရှာ ငါ့မိဘတွေကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်၊ ဒါတွေအားလုံးက ငါ့အမှားပါ၊ နင် ဘာလုပ်ချင်ချင် ငါ့ကိုပဲ လုပ်ပါ”
ဆယ်မိနစ် ကြာပြီးနောက်
“လုံရှာ ငါ့မိဘတွေကို ချမ်းသာပေးပါ၊ မျိုးမစစ်ကောင် နင်သေလိုက်ပါတော့”
မိနစ်သုံးဆယ်အကြာ၌ ပျက်စီးနေသော အလောင်းနှစ်လောင်းကို ကြည့်ပြီး စုန့်ကျဲရင် စကားပင် မပြောနိုင်တော့ဘဲ အမူအရာက လေးလံထိုင်းမှိုင်းနေ၏။ သူမ၏ စိတ်ဝိညာဉ် မရှိတော့သလိုပင်။
သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က သူမအား တင်စီးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အရင်တုန်းက ငါလည်း အခု မင်းလို သေတာထက်ဆိုးတဲ့ ဘဝမျိုး ဖြစ်ခဲ့တာပဲ”
“မင်းမှာသာ ငါ့အပေါ် သနားစိတ်လေး နည်းနည်းလောက်ပဲ ရှိခဲ့ရင် မင်းမိဘတွေ သေမှာမဟုတ်ဘူး”
သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပင်။ စုန့်ကျဲရင်းအား သူခံစားခဲ့ရသလို ပြန်ခံစားရအောင် လုပ်မှ ကျေနပ်နိုင်ပေမည်။ သို့မှသာ သူ့နှလုံးသား အေးချမ်းရပေလိမ့်မည်။
သို့သော် စုန့်ကျဲရင်သည် အသက်ရှင်နေသော်လည်း အလောင်းကောင်သဖွယ် ဖြစ်နေပြီး သူ့အမူအရာက နှေးကွေးလေးလန်ကာ ကျောက်ရုပ်ကဲ့သို့ ခံစားချက် မရှိတော့ချေ။
ထို့နောက် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က လက်ကိုဆန့်၍ သူမလည်ပင်းကို ဖမ်းချုပ်ကာ လေထဲသို့ မြှောက်ကာ လက်ချောင်းများကို တဖြည်းဖြည်း ညှစ်လိုက်သည်။
စုန့်ကျဲရင်သည် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ လူသတ်ချင်စိတ်များ ထုံမွှန်းနေသည့် မျက်လုံးများနှင့် ဆုံသောအခါ ဘာကြောင့်မှန်း မသိဘဲ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်၏ ရက်စက်၍ သွေးဆာသော အပြုအမူက အနည်းငယ် ဆွဲဆောင်မှု ရှိသည်ဟု ခံစားမိသွားသည်။
“ဂျွတ်”
စုန့်ကျဲရင်၏ လည်ပင်း လိမ်ဖည်သွားပြီး အသက်မဲ့သွားလေတော့သည်။ ထို့နောက် သတ်ဖြတ်ခြင်း နတ်ဆိုး သခင်က ယဲ့ဖန်ကို ပြန်လှည့်ကြည့်လာသည်။ ယဲ့ဖန်က တည်ငြိမ်စွာ ပြုံး၍ လက်ခါပြလိုက်သည်။
“သတ်လိုက်”
သူ၏ စကားက တစ်ခွန်းတည်း ဖြစ်သော်လည်း လူအများပေါ်သို့ ပြင်းထန်လှသည့် လူသတ်ချင်သော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
ထန်မင်လီနှင့် အခြားသူများသည် လုံမိသားစုနှင့် စုန့်မိသားစုထံသို့ အပြုံးကြီးပြုံးကာ ပြေးဝင်သွားလေသည်။ သူတို့ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များက တစ်ဟုန်ထိုး ထွက်ပေါ်နေ၏။
ဤမြင်ကွင်းက လူတိုင်းအား ခေါင်းမွေးထောင်သွားစေသည်။ ယနေ့တွင် စုန့်မိသားစု ပျက်သုဉ်းသွားပြီး လုံမိသားစု၏ အချက်အချာ အုတ်မြစ် အပြင်းအထန် ထိခိုက်ပျက်စီးသွားလေသည်။
….
ယဲ့မိသားစုအိမ်တော်၏ ထူးဆန်းသော ရှေးဟောင်းအခန်းတစ်ခုတွင်း၌ လူအိုကြီးတစ်ယောက်က လက်နောက် ပစ်၍ နံရံဘက် မျက်နှာမူထားသည်။ သူ့ရှေ့တွင် ထူးဆန်းရှုပ်ထွေးသော တာအိုသင်္ကေတများ ရှိနေပြီး ၎င်းတို့က ပုံရိပ်တစ်ခုကို ဖန်တီးထားသည်။ ထိုပုံရိပ်သည် လုံမိသားစု၏ ဒုတိယဦးလေးကို ယဲ့ဖန် သတ်လိုက်သော မြင်ကွင်း ဖြစ်လေသည်။
ယဲ့ဖန်က ဒုတိယဦးလေးကို ကြယ်တာရာတစ်လုံးဖြင့် တိုက်သတ်လိုက်သည်ကို မြင်ပြီးနောက် လူအိုကြီးသည် မျက်မှောင်ကြုတ်သွားပြီး ထိတ်လန့်သွားသည်။
“ယဲ့ရှန် မင်း ဘယ်လိုသဘောရလဲ”
လူအိုကြီးသည် ရုတ်တရက် တစ်ဖက်လှည့်၍ တည်ငြိမ်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို မေးလိုက်သည်။ ယဲ့ရှန်သည် ယဲ့မိသားစု၏ လက်ရှိ မိသားစုခေါင်းဆောင် ဖြစ်ပြီး ယဲ့ယွင်ထျန်း၏ ဖခင် အရင်းလည်း ဖြစ်ပေသည်။
ယဲ့ဖန်ကိုမြင်သည်နှင့် သူ့မျက်နှာတွင် မုန်းတီးစိတ်များ ပြည့်နှက်လာပြီးနောက် လက်နှစ်ဖက်ကို ဆုပ်၍ ပြန်ဖြေ လိုက်သည်။
“တတိယဘိုးဘေးကို ပြန်ဖြေပါတယ်၊ သူက တော်တော်လေး သန်မာပါတယ်၊ ဒါပေမဲ့ ကျွန်တော့် ယဲ့မိသားစုက ပိုသန်မာပါတယ်”
ယဲ့ဖန်၏ ခွန်အားကို မြင်ပြီးသော်ငြားလည်း ယဲ့မိသားစုက သူတို့ သတ်နိုင်မည်ဟု ယုံကြည်နေသေး၏။ ဤသည်မှာ သူတို့၏ နှစ်ပေါင်းများစွာ တည်ရှိနေသော မာနတရားပင်။
“ဟားဟားဟား … မင်း ပြောတာ ကောင်းတယ်”
တတိယဘိုးဘေးက အားပါးတရ ရယ်မောလိုက်သည်။ ယဲ့ဖန်က သူ၏ ကောင်းကင်တာအို မျက်လုံးကို ဖျက်ဆီးခဲ့သဖြင့် ယခု သူ၏ မျက်လုံးတစ်ဖက်သာ ရှိသော ပုံစံက ပို၍ ရက်စက်ကြမ်းကြုတ်ပုံ ပေါ်နေသည်။ သူသည် ပုံရိပ်ပေါ်မှ ယဲ့ဖန်အား သတ်ဖြတ်ချင်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။
“ဒီမျိုးမစစ်လေးက ငါ့မျက်လုံးတစ်ဖက်ကို ဖျက်ဆီးခဲ့တယ်၊ ငါ သူ့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူ ဒီလောကကို ရောက်လာလိမ့်မယ်လို့လည်း ငါ ထင်မထားမိခဲ့ဘူး၊ ဟန်ကျသွားတာပေါ့”
ယဲ့ဖန်အား သူ၏ ကောင်းကင်တာအို မျက်လုံးကို ဖျက်ဆီးပစ်ခဲ့သော မိစ္ဆာကောင်အဖြစ် သူ သတ်မှတ် ထားလေသည်။
ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူ၏ အကြံများ အောင်မြင်နိုင်ပေသည်။ ဘုံကိုးပါး ယန်စွမ်းအင် အမွေအနှစ်ကို သူ ရရှိနိုင်ပြီး လောကတစ်ခုလုံး၌ အသန်မာဆုံးသူအဖြစ်သို့ သူ ရောက်ရှိသွားနိုင်သည်။
သူ့စကားကြောင့် ယဲ့ရှန်က သွေးဆာသော အပြုံးမျိုးပြုံး၍ အသာပြောလိုက်သည်။
“သူ့ကို တတိယဘိုးဘေး သတ်ပြီးတော့ သူ့ကိုယ်ထဲက ဘုံကိုးပါး ယန်စွမ်းအင်ကို ယူနိုင်တာနဲ့ ဘိုးဘေးက ဒီလောကရဲ့ အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်လာမှာပါ”
“ကျုံးကျိုး အင်ပါယာမပြောနဲ့ ပြည်နယ်ကြီးကိုးခုလုံး ဘိုးဘေးရဲ့ ခြေထောက်အောက်မှာ ဝပ်တွားလာရမှာ”
ထိုစကားကိုကြားပြီးနောက် တတိယဘိုးဘေး၏ မျက်လုံးများက ပိုမို၍ စူးရှတောက်ပလာ၏။
“သုံးရက်နေရင် ငါ သူ့ဆီကနေ အားလုံးကို အရယူမယ်၊ သူ့အသက်ပါ အပါပေါ့”
ယဲ့ရှန် ထိတ်လန့်သွားပြီး တတိယဘိုးဘေးအား တအံ့တဩ ကြည့်လေသည်။
“တတိယဘိုးဘေး၊ အဲ့ကောင်က နာခံပါ့မလား”
“ငါတို့လက်ထဲမှာ သူ ရှိနေရင် အဲ့ကောင် သေချာပေါက် နာခံမှာပါ”
တတိယဘိုးဘေးက ထောင့်တစ်နေရာသို့ ကြောက်စရာကောင်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထိုထောင့်နေရာ၌ ဖရိုဖရဲ ဖြစ်နေသောဆံပင်၊ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာထားနှင့် ခန္ဓာကိုယ်ပေါ်၌ ပုံမှန်မဟုတ်သော ဒဏ်ရာများ ရှိနေသည့် လူတစ်ယောက်သည် ငြိမ်သက်စွာ လဲနေ၏။
သူသည် ရှိသမျှ နည်းလမ်းများနှင့် နှိပ်စက်ခံထားရကြောင်း သိသာလှပြီး နည်းလမ်းများကလည်း ထူးဆန်း လောက်သည်။ ယခုအခါတွင် နေရာ၌ အသက်မျှင်းမျှင်းမျှ ရှူနေရပြီး သေလုနီးပါး ဖြစ်ကာ သွေးများက ကြမ်းပြင်၌ အိုင်ထွန်းနေသည်။
သူ့အား တတိယဘိုးဘေးက ခက်ထန်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်မလား၊ နတ်ဆိုးနဂါး ဖုရှန်”
နတ်ဆိုးနဂါး ဖုရှန်သည်လည်း ဤလောက၌ ပြန်ဝင်စားလာခဲ့သည်။ သို့သော် သူသည် အလွန် တမူထူးခြား နေသဖြင့် သူ၏ ခန္ဓာကိုယ် အစစ်ကို တတိယဘိုးဘေးက ရှာတွေ့ခဲ့သည်။ ထို့ကြောင့်ပင် သူ ဤနေရာ၌ အကျဉ်းချခံရပြီး ရှိသမျှ နည်းလမ်းအားလုံးဖြင့် နှိပ်စက်ခံခဲ့ရသည်။
သူသည် ဤနေရာသို့ ရောက်နေသည်မှာ နှစ်ဝက်မျှ ရှိနေပြီး နေ့တိုင်း ငရဲကျသကဲ့သို့သော နှိပ်စက်မှုမျိုးနှင့် ကြုံတွေ့ရပြီး သေခြင်းထက်ဆိုးသော ဘဝ၌ နေနေရသည်။
တတိယဘိုးဘေး၏ စကားကြောင့် နတ်ဆိုးနဂါး ဖုရှန်က ခေါင်းထောင်လာသည်။ ဟိုတစ်စု သည်တစ်စု ကျနေသော ဆံပင်များကြားထဲမှ စူးရှသော အကြည့်များဖြင့် ပြန်ကြည့်၍ ပျက်ရယ်ပြုလိုက်သည်။
“မင်း ငါ့ကို နာမည်တပ်ခေါ်တာထက် ဖေဖေကြီးလို့ ခေါ်တာကို ငါ ပိုသဘောကျတယ်”
ယခင်အတိုင်း ပြန်ခနဲ့သော စကားများ ပြောလိုက်သည်။ ဤသည်ကိုကြည့်ပြီး ယဲ့ရှန် ကြက်သီးမွေးညင်း ထသွား လေသည်။
*နှစ်ဝက်၊ နှစ်ဝက်တောင် ရှိသွားပြီ*
*ဒီလူ ရောက်နေတာ နှစ်ဝက်တောင် ရှိနေပြီ၊ ဒီနှစ်ဝက်လုံး သူ နှိပ်စက်ခံနေရတာတောင် စိတ်ဓာတ် မပျက်ပြား သွားပါလား*
*ဒီကောင် ဘယ်လိုများ လုပ်နိုင်တာလဲ*
ဤမျှ စိတ်ဓာတ် ခိုင်မာသန်စွမ်း၍ ကြောက်စရာကောင်းသော လူတစ်ယောက်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ။
*နှစ်ဝက်လောက် နှိပ်စက်ခံရတဲ့ ဘယ်သူမဆို ရူးသွားကြတာပဲ*
*ဒီလူကတော့ ဘာမှမဖြစ်တဲ့ပုံပဲ၊ မယုံနိုင်စရာပါလား*
*အရူး*
*ဒါ သွက်သွက်ခါအောင် ရူးနေတဲ့အရူးပဲ*
“ဟမ့်”
တတိယဘိုးဘေးက အေးစက်စွာ ပျက်ရယ်ပြုလိုက်သည်။ ဘယ်နှစ်ကြိမ်ပဲ ဖြစ်ဖြစ် နတ်ဆိုးနဂါး ဖုရှန်၏ စကားများကြောင့် သူ ဒေါသထွက်ရစမြဲပင်။ သူ့အား တကယ် စိတ်တိုအောင် လုပ်သည့်အရာမှာ နတ်ဆိုးနဂါး ဖုရှန်၏ စကားလုံးများ မဟုတ်ဘဲ အပြုအမူသာ ဖြစ်သည်။
သူ၏ နှိပ်စက်မှုအောက်၌ တစ်ပတ်ကျော်လျင် စိတ်ဓာတ်မပျက်ပြားဘဲ ရှိသူဟူ၍ ဘယ်သူမှ မရှိခဲ့ဖူးချေ။ နတ်ဆိုးနဂါး ဖုရှန်က နှစ်ဝက်လုံး တောင့်ခံနိုင်သည့် ပထမဆုံးသောသူ ဖြစ်လေသည်။ ဤသည်က အမြဲ ဂုဏ်ယူခဲ့သော တတိယဘိုးဘေးက ဒေါသထွက်ကာ အရှက်ရစေသည်။ သူ၏ နှိပ်စက်မှုနည်းလမ်းက မထိရောက်သည်မှာ ပထမဆုံးအကြိမ်ပင်။
နတ်ဆိုးနဂါး ဖုရှန်၏ ရင်ဘတ်၌ ဓားဖြင့် ဟက်တက်ခွဲထားသကဲ့သို့သော နှစ်ဆယ် စင်တီမီတာမျှ ရှည်လျားသည့် ဒဏ်ရာတစ်ခု ရှိသည်။ သို့သော် ထိုဒဏ်ရာမှ သွေးများ စီးကျမလာတော့ချေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးနဂါး ဖုရှန်သည် သွေးဆုံးရှုံးမှု များနေသဖြင့် သူ့ကိုယ်ထဲ၌ သွေးခမ်းလုနီးပါး ဖြစ်ကာ မည်သည့်သွေးမှ ထပ်ထွက်မလာတော့ချေ။
“ဘာလဲ ငါ မသေဘူးလေ၊ မင်းက ငါ့ညီလေးကို ယားယံအောင် လုပ်နေတာလား”
နတ်ဆိုးနဂါးက လှောင်ပြောင်ပြောဆိုပြီး ဆက်လက်၍ ရယ်မောနေ၏။ လက်ရှိတွင် သူ အလွန် ပျော်ရွှင်နေ လေသည်။ သူ၏ ညီအစ်ကို ယခုထိ အသက်ရှင်နေသေးသည်။
“လျှာစောင်းထက်တဲ့ ပါးစပ်ကို အခုပဲ သုံးနိုင်မှာ၊ သုံးရက်နေရင် ငါ ယဲ့ဖန်ကို ဒီခေါ်လာပြီး မင်းတို့ ညီအစ်ကို ပြန်ဆုံအောင် လုပ်ပေးမှာ”
တတိယဘိုးဘေး အံကြိတ်လိုက်သည်။ သူ့အရှုံးကို သူ ဝန်ခံမိသည်။ သူ၏ နှိပ်စက်သမျှ နည်းလမ်းတိုင်းက နတ်ဆိုးနဂါး ဖုရှန်အပေါ် သက်ရောက်မှုမရှိပေ။
“ငါ သူ့ကို မင်းလိုပဲ ဒီအခန်းထဲမှာ အကျဉ်းချမယ်၊ သူ့ဆီကနေ ဘုံကိုးပါး ယန်စွမ်းအင်ကို ငါ ထုတ်ယူလို့ မပြီးမချင်းပေါ့”
နတ်ဆိုးနဂါး ဖုရှန်က သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လေသည်။
“မင်း ဘယ်လိုကြောက်စရာကောင်းတဲ့ လူမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာကို အခုထိ နားမလည်သေးဘူးနဲ့တူတယ်”
“ဒါမှမဟုတ် မင်းမျက်လုံး ဘယ်လိုကန်းသွားလဲဆိုတာကို မေ့နေတာလား”
“သောက်ကောင်”
တတိယဘိုးဘေးက ဒေါသတကြီးဖြင့် ချက်ချင်း ရှေ့သို့ ပြေးတက်လာပြီး အနက်ရောင် ဓားမြှောင်ကို ကိုင်ကာ နတ်ဆိုးနဂါး ဖုရှန်၏ ဗိုက်ကို ဒေါကြီးမောကြီးဖြင့် ထိုးလေသည်။
သွေးစက်များနှင့် အသားစများ လွင့်စဉ်လာ၏။ ဤဓားမြှောင်က တမူထူးခြားလွန်းလှသည်။ ၎င်း၏ ဓားချက် အောက်၌ နတ်ဆိုးနဂါး ဖုရှန်၏ ခန္ဓာကိုယ်က တို့ဟူးသဖွယ် ပျော့ဖတ်နေသည်။ အထူးဆန်းဆုံးမှာ သူ့ကိုယ်သူ ပြန်မကုနိုင်ခြင်းပင်။
တတိယဘိုးဘေးသည် သူ့ဘဝ၌ အရှက်အရဆုံးကိစ္စမှာ မျက်လုံးတစ်ဖက် ကန်းသွားသည့် ကိစ္စပင်။ ထိုအကြောင်း ပြန်ထုတ်ပြောလာသောအခါ သူ ချက်ချင်း စိတ်ပျက်ကာ ဒေါသထွက်လာရသည်။ ယဲ့ရှန် အလျင်အမြန် ဝင်တားလိုက်သည်။
“တတိယဘိုးဘေး သူ အရူးလုပ်တာ မခံပါနဲ့၊ သူက တမင်ပြောနေတာ၊ ဘိုးဘေးကို ဒေါသထွက်အောင် လုပ်ပြီး သူ့ကို သတ်အောင် လုပ်နေတာ၊ ဒါမှ ကျုပ်တို့အကြံ မအောင်မြင်မှာလေ”
ထိုစကားကြောင့် တတိယဘိုးဘေး ချက်ချင်း ရပ်လိုက်သည်။ လက်ရှိတွင် နတ်ဆိုးနဂါး ဖုရှန်သည် သွေးများဖြင့် ရွှဲနစ်နေ၏။ သို့သော် သူက ဖွီခနဲ တံတွေးထွေး၍ ပြန်ခနဲ့လိုက်သည်။
“ငါ မင်းကို ဒေါသထွက်အောင် လုပ်နေတာ မဟုတ်ဘူး၊ မင်းက သူ့ဖိနပ်လောက်တောင် တန်ဖိုးမရှိဘူးလို့ ငါ တကယ် ထင်တာ”
သူက ဤအခန်းကို တစ်ချက်ကြည့်၍ ဆက်ပြောလိုက်သည်။
“မင်း သူ့ကို ဖမ်းချင်တယ်ဆိုရင် အနည်းဆုံးတော့ ကောင်းကင်ထက် မြင့်မားပြီး ပင်လယ်ထက် ကျယ်ပြန့်တဲ့ လှောင်အိမ်ကို ပြင်ထားသင့်တယ်၊ အဲ့ဒါမှ မင်း တကယ့် နတ်ဆိုးအစစ်ကို အကျဉ်းချနိုင်မှာလေ၊ ဟားဟားဟား …”