အခန်း ၂၂၁
Vol. 23 Ch. 221
အခန်း (၂၂၁)
ဖုန်းပုကြွယ် ထိုမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ သူ့ဦးနှောက်က ပေါက်ကွဲမတတ် ဖြစ်သွားရပြီး သူ့ခေါင်းထဲသို့ အတွေးပေါင်းမြောက်မြားစွာ တိုးဝင်လာတော့သည်။
သို့သော်လည်း ထိုအတွေးများသည် သူ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဝေဝါးသွားစေခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အလွန်အမင်းတည်ငြိမ်နေခဲ့ကာ ပုံမှန်ထက်ပင် ပိုမိုမြန်ဆန် ထိရောက်စွာ တွေးတောလိုက်သည်။
နှစ်စက္ကန့်အကြာတွင် သူသည် ပြတ်ပြတ်သားသား စတင်လှုပ်ရှားတော့သည်။
သူ၏ ကြောက်ရွံ့မှုအမှတ် သုညရာခိုင်နှုန်းတွင်သာ ရှိနေဆဲဖြစ်သည်။ သူ့ခြေလှမ်းများနှင့် လှုပ်ရှားမှုများမှာ အေးဆေးတည်ငြိမ်နေလေသည်။ သို့သော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ပုံမှန်ထက် ပိုမိုတည်ကြည်လို့နေ၏။
ဖုန်းပုကြွယ်သည် အရင်ဆုံး ပင့်ကူမျှင်လက်အိတ် ကောက်ယူ၍ ချက်ချင်း ဝတ်ဆင်လိုက်သည်။ ထို့နောက် လက်နှိပ်ဓာတ်မီးကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ရီရူလီ၏ လက်ဆွဲမီးအိမ်ကို သွားကောက်ယူလိုက်သည်။
မီးအိမ်ကို သူ့မျက်လုံးနားအထိ မြှောက်ကိုင်လိုက်ပြီး မြေပြင်ပေါ်ရှိ ခြေရာများကို သေချာစွာ စစ်ဆေးကြည့်ရှုသည်။ အကြိမ်ကြိမ်စစ်ဆေးပြီးနောက် ရီရူလီ ဆွဲခေါ်ခံလိုက်ရသည့် လမ်းကြောင်းကို အတည်ပြုနိုင်သွားသဖြင့် ထိုဘက်သို့ ဦးတည်၍ လျှောက်လှမ်းသွားတော့သည်။
တစ်ကိုယ်တည်းရှိနေစဉ်တွင် ဖုန်းပုကြွယ်သည် အလွန်လျင်မြန်စွာ လျှောက်နေခဲ့သည်။ အစောပိုင်းက သူသည် နောက်၌ ရီရူလီရှိနေသည်ကို ထည့်သွင်းစဉ်းစားခြင်းကြောင့်လည်းကောင်း၊ တောအုပ်အတွင်း ရှာဖွေတွေ့ရှိနိုင်မည့် ပစ္စည်းကိရိယာများကို ရှာဖွေရန်အတွက်လည်းကောင်း ခြေလှမ်းများကို ရည်ရွယ်ချက်ရှိရှိ နှေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတွင် ဖုန်းပုကြွယ်သည် လူသွားကယ်ရန်အတွက် တစ်ကိုယ်တော် ခရီးနှင်နေခြင်း ဖြစ်သည်။ ကြောက်ရွံ့စိတ်မရှိသော လူတစ်ယောက်အဖို့ ငါးမီတာခန့်သာ မြင်တွေ့နိုင်သော ပတ်ဝန်းကျင်မျိုးတွင် ငရဲပြည်၌ပင် ဖြစ်ပါစေ... မယုံနိုင်စရာ အမြန်နှုန်းဖြင့် ရှေ့သို့ တက်လှမ်းနိုင်စွမ်း ရှိပေသည်။
သူ ရှေ့တိုးသွားလေလေ ပတ်ဝန်းကျင်ရှိ အမှောင်ထုက ပိုမိုထူထပ်လာလေလေဖြစ်ပြီး လေထုပင်လျှင် အေးခဲမတတ် အေးစက်လာကာ ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော ဝေဝါးလှသည့် ထိတ်လန့်ဖွယ် အသံများပင် ပျောက်ကွယ်သွားခဲ့သည်။ မကြာမီမှာပင် ဖုန်းပုကြွယ်သည် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ခြင်းအောက် ကျရောက်သွားတော့သည်။
ရုတ်တရက် သူ့ရှေ့တွင် ကွင်းပြင်ကျယ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ယင်း၏ အလယ်ဗဟိုတွင် သစ်သားတိုင်တစ်တိုင် ရှိနေခဲ့သည်။ ရီရူလီသည် လေးလံလှသော သံကြိုးများဖြင့် ထိုသစ်သားတိုင်တွင် ချည်နှောင်ခြင်း ခံထားရသည်။ သူမသည် သစ်သားတိုင်၏ အလယ်ဗဟိုတွင် ချည်နှောင်ခံထားရခြင်းဖြစ်ပြီး ခြေထောက်များက မြေပြင်အထက် မီတာဝက်ခန့် လွင့်မျောနေကာ တစ်ကိုယ်လုံးလည်း ဖက်ထုပ်တစ်ခုကဲ့သို့ သံကြိုးများဖြင့် ပတ်ချာလည် အချည်ခံထားရသည်။ သူမ၏ ပုခုံးနှင့် ဒူးခေါင်းတို့သာ အချည်မခံရဘဲ လွတ်နေခြင်းဖြစ်သည်။
သူ့အသင်းဖော်ကို မြင်တွေ့လိုက်ရသည့်အခါမှ ဖုန်းပုကြွယ်သည် တစ်ဝက်ခန့် စိတ်သက်သာရာ ရသွားတော့သည်။ သူက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် ရယ်မောလိုက်လေသည်။
"ဒါကဘာလဲ... လူသားကင်ကြီးလား"
ရီရူလီတွင်မူ ဟာသပြောရန် အချိန်မရှိချေ။ သူမက လေးနက်စွာ သတိပေးလိုက်သည်။
"သူ ဒီအနီးအနားမှာ ရှိနေတယ်နော်"
"ငါ သိတယ်"
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့... ငါ နားမလည်တာတစ်ခုရှိတယ်၊ သူက မင်းကို အလွယ်တကူ ဖမ်းဆီးနိုင်မှတော့ ဘာလို့ ငါ့ကိုပါ တစ်ခါတည်း မဖမ်းတာလဲ၊ ပြီးတော့... သူက ဒီလောက်အထိ သန်မာလာတာလား၊ ဒါဆို ငါတို့ကစားနေတဲ့ ဂိမ်းရဲ့ အဓိပ္ပါယ်က ဘာလဲ၊ တစ်ခုခုတော့ မှားနေပြီ..."
သူသည် မီးအိမ်ကို မြှောက်ကိုင်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း စကားပြောနေခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် သူ့ဦးနှောက်ထဲသို့ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်းဆိုသလို သူ့အင်္ကျီ၏ အတွင်းအိတ်ကပ်ထဲသို့ လက်လှမ်းလိုက်မိသည်...။
"ဘာလို့လဲဆိုတာ မှန်းကြည့်လေ"
တတိယမြောက်အသံ ထွက်ပေါ်လာခဲ့သည်။ ယင်းက မိန်းကလေးငယ်တစ်ဦး၏ ချိုသာလှသောအသံ ဖြစ်ပေသည်။
ဖုန်းပုကြွယ် ထိုအသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ လင်အာကို မြင်တွေ့လိုက်ရသည်။ သူမသည် ပိတ်ကြမ်းစဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်ထားလေသည်။ သူမ၏ ဆံပင်များကို ကျစ်ဆံမြီးကျစ်ထားပြီး မျက်နှာက အတော်လေးချစ်စရာကောင်းသော်လည်း အသားအရောင်မှာမူ အလွန်ဖြူဖျော့လို့နေသည်။ အလိုက်ဖက်ဆုံးမဟုတ်သည့် အချက်မှာ သူမ၏ မျက်နှာအမူအရာသည် ကလေးတစ်ယောက်နှင့် လုံးဝမတူညီခြင်းပင် ဖြစ်သည်။
"မင်း ခန့်မှန်းမိသားပဲ..."
ဖုန်းပုကြွယ်သည် အငြိုးကြီးသရဲတစ်ကောင်ကို ရင်ဆိုင်နေရသော်ငြား ရယ်မောနိုင်ဆဲဖြစ်သည်။
"ဟဲ... မင်း ငါ့သူငယ်ချင်းကို ပြန်ပေးဆွဲသွားတာက ငါ့ကို ကြောက်သွားစေဖို့၊ ပြာပြာသလဲ ဖြစ်သွားစေဖို့နဲ့ သူ့ကို အသည်းအသန်လိုက်ရှာနေစေဖို့ မျှော်လင့်ထားတာ မဟုတ်လား၊ ဒါပေမဲ့ ငါက မင်းလိုချင်အမူအရာမျိုး လုံးဝထုတ်မပြတာကို မင်းမမျှော်လင့်ထားခဲ့ဘူး၊ ဒါကြောင့်မို့လို့ပဲ မင်းက နောက်အဆင့်တစ်ခုကို တက်လိုက်တာပေါ့၊ အင်း... ဖြစ်နိုင်တာက... ငါတို့ကို မင်းစိတ်ပျော်အောင် နှိပ်စက်ဖို့ ကြံစည်နေတာလား"
"အရမ်းတော်တာပဲ"
လင်အာ၏အသံ သူ့နားထဲသို့ တိုးဝင်လာသည့်ထိုခဏ၌ ဖုန်းပုကြွယ်သည် သူ့မျက်စိရှေ့တွင် ရုတ်တရက် အမှောင်ကျသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် လက်ကလေးတစ်ဖက်က သူ့လည်ပင်းကို ဖမ်းညှစ်လိုက်ကြောင်း ခံစားလိုက်ရပြီး လုံးဝ ပြန်လည်ခုခံနိုင်စွမ်း မရှိခဲ့ချေ။ သူ့ခန္ဓာကိုယ်သည် ဆွဲငင်ရွှေ့ပြောင်း ခံလိုက်ရပြီး ရီရူလီက တစ်ခုခု လှမ်းအော်လိုက်သံကို ဝေဝေဝါးဝါး ကြားလိုက်ရသော်လည်း ရှင်းရှင်းလင်းလင်း မကြားလိုက်ရချေ။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသတိပြန်ဝင်လာသောအခါ သူသည် သစ်သားတိုင်တွင် သံကြိုးများဖြင့် ချည်နှောင်ထားရသော သူ့ကိုယ်သူကို တွေ့ရှိလိုက်ရသည်။ သူ့မီးအိမ်လည်း မရှိတော့ချေ။ သို့သော်လည်း ထိုထူးခြားလှသော အလင်းတန်းမှာ ယခုအခါ သူ့ကျောဘက်မှ လင်းထိန်နေလေသည်။
"အရမ်း အစွမ်းထက်တယ်..."
ဖုန်းပုကြွယ်က တိုးတိုးရေရွတ်လိုက်သည်။
"ဟေး... ရှင်အဆင်ပြေရဲ့လား"
ရီရူလီ၏ အသံက သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာခဲ့သည်။
"ဟင်"
ဖုန်းပုကြွယ် သူ့လည်ပင်းကို ကိုးဆယ်ဒီဂရီခန့်အထိ မနည်းလှည့်ကြည့်လိုက်ပြီးမှသာ သူနှင့် ရီရူလီသည် ထိုသစ်သားတိုင်တစ်ခုတည်း၏ ဆန့်ကျင်ဘက်တစ်ခြမ်းစီတွင် အချည်ခံထားရခြင်း ဖြစ်ကြောင်း သတိပြုမိသွားတော့သည်။ သူ ချက်ချင်းပင် ခါးသက်စွာ ပြုံးလိုက်မိသည်။
"ညီမလေး လင်အာ၊ မင်းက တော်တော် ကစားတတ်တာပဲ"
ထိုအချိန်တွင် လင်အာသည် မီးအိမ်ကို ကိုင်ဆောင်လျက် ဖုန်းပုကြွယ်ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေသည်။ ဖုန်းပုကြွယ်သည် ထိုဘော့စ်က ကစားသမား၏ ပစ္စည်းကိရိယာကို လုယူသွားလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့သဖြင့် အတော်လေး အံ့အားသင့်သွားရသည်။
"ငါ ဒီကမ္ဘာထဲမှာ ရှိနေခဲ့တာ နှစ်ပေါင်းဘယ်လောက်တောင် ကြာပြီလဲဆိုတာ နင်သိရဲ့လား၊ 'ညီမလေး' ဆိုတဲ့နာမည်က နင်ငါ့ကို လာခေါ်ရမယ့် အသုံးအနှုန်းမျိုးလား"
လင်အာက ဆိုသည်။ သူမ၏ လေသံနှင့် မျက်နှာအမူအရာသည် လူကြီးတစ်ယောက်နှင့် လုံးဝကွာခြားမှုမရှိဘဲ သာမန်လူအများစုထက်ပင် ပိုမိုရင့်ကျက်နေလေသည်။
"ငါကတော့ အမျိုးသမီးတွေက သူတို့ရဲ့ အသက်အရွယ် ဘယ်လောက်ပဲရှိရှိ အခုလို အခေါ်ခံရတာကို ပိုသဘောကျကြတယ်လို့ ထင်နေတာ"
ဖုန်းပုကြွယ်က မတုန်မလှုပ် ပြန်ပြောလိုက်သည်။
"ဒါဆိုရင်လည်း... အစ်မလင်အာ၊ မင်း ငါတို့ကို ဘယ်လိုနည်းလမ်းနဲ့ နှိပ်စက်ဖို့ စီစဉ်ထားလဲဆိုတာ မေးလို့ရမလား"
"အင်း... ဘယ်လိုနှိပ်စက်ရမလဲ... နင်တို့က သေရမှာကိုလည်း မကြောက်ကြတဲ့ပုံပဲ..."
လင်အာက သူမ၏ လက်ကလေးကို ပါးစပ်နားကပ်လိုက်ပြီး လက်ညှိုးတစ်ချောင်းဖြင့် သူမ၏ နှုတ်ခမ်းကို လှမ်း၍ ဆွဲဟလိုက်လေသည်။
"ဒါနဲ့... နင်က သူ့အပေါ် အတော်လေး ဂရုစိုက်ပုံရတယ်နော်၊ ဟုတ်တယ်မလား"
ယင်းကို ကြားလိုက်ရသောအခါ ဖုန်းပုကြွယ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ကျောရိုးထဲမှ စိမ့်ခနဲ ခံစားလိုက်ရသည်။ သို့သော်လည်း သူ ချက်ချင်းပင် အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်သည်။
"ဟီးဟီး... တကယ်တော့ မင်းထင်သလိုမျိုး မဟုတ်ပါဘူး..."
လင်အာသည် သူ့စကားကို ဆုံးအောင် နားမထောင်တော့ဘဲ သစ်သားတိုင်ဘေးသို့ လျှောက်သွားလိုက်ပြီး ဖုန်းပုကြွယ် မျက်ကွယ်နေရာဖြစ်သော ဘေးဘက်နှင့် နောက်ဘက်သို့ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်စက္ကန့်တွင် ရီရူလီထံမှ နာကျင်လှသော ညည်းတွားသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ဖုန်းပုကြွယ်သည် သူ့ခန္ဓာကိုယ်ကိုချည်နှောင်ထားသော သံကြိုးများ ပြင်းပြင်းထန်ထန် တင်းကျပ်သွားသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် လေထုထဲ၌ ခပ်ဖျော့ဖျော့သွေးညှီနံ့တစ်ခု လွှမ်းမိုးသွားခဲ့သည်။
လင်အာ ဖုန်းပုကြွယ်မြင်ကွင်းထဲသို့ ပြန်လည်ရောက်ရှိလာသောအခါ သူမ၏ ညာလက်က မီးအိမ်ကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး သူမ၏ ဘယ်လက်တွင်မူ ရီရူလီ၏ ခြေထောက်တစ်ဖက်ကို ကိုင်ဆောင်ထားခဲ့သည်။
ထိုခြေထောက်သည် ခြေသလုံးအလယ်မှ ဖြတ်တောက်ခံထားရခြင်းဖြစ်ပြီး အရိုးနှင့် အသားများ အပြင်သို့ ထွက်နေကာ သွေးများ တစက်စက် စီးကျလို့နေသည်။
လင်အာ၏ ချောမွေ့လှသော မျက်နှာပေါ်တွင် သွေးစများ စွန်းထင်းနေခဲ့သော်လည်း သူမက သွေးအလိမ်းလိမ်းဖြင့် ပြုံးပြလိုက်ပြီး ဆိုလာသည်။
"နောက်တစ်ကြိမ်ကျရင် ငါဘာထပ်ယူလာပေးရမလဲ"
"ကျွန်မ အဆင်ပြေတယ်..."
ရီရူလီ၏ အသံမှာ တုန်ရီနေခဲ့ပြီး ဖုန်းပုကြွယ်ကို စိတ်တည်ငြိမ်စေရန်အတွက် အတင်းအကျပ် ပြောဆိုနေသည့်ပုံစံ ရှိသည်။
"ထင်တဲ့အတိုင်းပဲ... ချန်လင်မြို့က ရွာသားတွေ လူသတ်တာ မမှားခဲ့ဘူးပဲ"
ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်၏ မျက်နှာသည် အလွန်အမင်း အေးစက်နေပြီး မည်သည့် စိတ်ခံစားချက်မျှ မရှိတော့ချေ။ သူ့မျက်ဝန်းများသည် အခြားလူများ၏ စိတ်ဝိညာဉ်ကို ထိုးဖောက်မြင်နိုင်စွမ်း ရှိသကဲ့သို့ ထက်မြက်နေလေသည်။
"တကယ်လို့ မင်းသာ ချောချောမွေ့မွေ့နဲ့ ကြီးပြင်းလာခဲ့မယ်ဆိုရင် ဒီကမ္ဘာကြီးပေါ်မှာ အေးချမ်းတဲ့ နေ့ရက်ဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး"
လင်အာက သူမလက်ထဲရှိ ခြေထောက်ပြတ်ကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"နင်က ဘာဖြစ်လို့ ဒီလိုပြောနိုင်ရတာလဲ"
"မင်းကို ချန်လင်ဘုံကျောင်းရှေ့မှာ မီးရှို့မသတ်ခင်က မြင်ကွင်းကို ငါ မြင်ခဲ့ရတယ်၊ အဲဒီမှာ ငါ့ကို ပဟေဌိဖြစ်စေတဲ့ အသေးစိတ်အချက်တစ်ချက် ရှိနေတယ်"
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
"မင်းက မင်းရဲ့ အမေကို ဘာဖြစ်လို့ 'မာမား' လို့ ခေါ်ရတာလဲ၊ ယေဘုယျအားဖြင့် ပြောရရင် သူ့ကို 'ညာ(အမေ)' လို့ ခေါ်ရမှာ မဟုတ်လား"
သူ ခေတ္တမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
"ပြီးတော့ မင်းရဲ့ ငိုကြွေးသံတွေနဲ့ မင်းပြောတဲ့ စကားတွေထဲမှာ သရုပ်ဆောင်ထားတဲ့ အစိတ်အပိုင်းတွေ ပါဝင်နေသလိုမျိုး ငါအမြဲတမ်း ခံစားနေရတယ်၊ ဒါက မင်း သူတစ်ပါးဂရုဏာသက်တာကို တမင်ရချင်နေတဲ့ ပုံစံမျိုးပဲ"
လင်အာ၏ အကြည့်များ ပြောင်းလဲသွားပြီး သူမမျက်နှာပေါ်ရှိ အပြုံးများလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွား၏။
"မင်း အရှင်လတ်လတ်မီးရှို့ခံရတာပဲဖြစ်ဖြစ်၊ မင်းသေပြီးနောက်မှာပဲဖြစ်ဖြစ် အဲ့ဒီရွာသားတွေက မင်းကို မကောင်းဆိုးဝါးတစ်ကောင်လို့ပဲ အမြဲတမ်း အခိုင်အမာ ပြောနေကြတယ်"
ဖုန်းပုကြွယ်က ဆက်ပြောသည်။
"အစကနေအဆုံးအထိ သူတို့ ပြနေခဲ့တာက ဒေါသနဲ့ ကြောက်ရွံ့မှုပဲရှိပြီး ငါ သူတို့ဆီကနေ အပြစ်ရှိနည်းနည်းလေးတောင် မခံစားခဲ့ရဘူး၊ ဒါက ဘာကြောင့်များလဲ"
သူက ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။
"လူတစ်ယောက်မှာ အမှားတစ်ခုလုပ်မိပြီးတဲ့နောက် စိတ်ရင်းစေတနာ ရှိနေသရွေ့... ဘယ်လောက်ပဲ မိုက်မဲပါစေဦးတော့၊ သူတို့ရဲ့ စိတ်ရင်းက သေချာပေါက် စိတ်မသက်မသာဖြစ်ရလိမ့်မယ်၊ ဒီစိတ်မသက်မသာဖြစ်မှုက ကြောက်ရွံ့မှုကြောင့် ပေါ်လာတာမဟုတ်ဘဲ အတွင်းစိတ်က ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်မိရာကနေ ထွက်ပေါ်လာတာပဲ"
သူက လင်အာကို ငုံ့ကြည့်လိုက်သည်။
"ချန်လင်မြို့က ရွာသားတွေဆီမှာ အဲ့ဒီလိုစိတ်ခံစားချက်မျိုး မရှိခဲ့ဘူး၊ သူတို့ရဲ့ တုံ့ပြန်မှုက ပြသနေတာက သူတို့ပြုလုပ်ခဲ့သမျှ အရာအားလုံးဟာ အရမ်းအခြေခံကျတဲ့ ကောက်ချက်တစ်ခုအပေါ်မှာ အခြေခံထားတာပဲ၊ ပြီးတော့ သူတို့က အဲ့ဒီကောက်ချက်ကို အခိုင်အမာ ယုံကြည်ထားကြတယ်၊ မင်းက မကောင်းဆိုးဝါးတစ်ကောင်ပဲ ဆိုတာကိုပေါ့"
"ဟား..."
ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
"ငါတို့ တောင်ပေါ်ကို စတက်လာကတည်းက မင်းက ငါတို့ကို လမ်းကြောင်းလွဲအောင် အမြဲတမ်း လုပ်ဆောင်ခဲ့တယ်၊ ငါတို့ မြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးက မင်းဟာ မတရားခံရတဲ့ သရဲတစ်ကောင် ဖြစ်ပြီး မင်းအသက်ရှင်စဉ်က ဖြူစင်လှတဲ့ ကောင်မလေးတစ်ယောက်သာ ဖြစ်တယ်ဆိုတဲ့ အစွဲကို ဖြစ်ပေါ်စေခဲ့တယ်"
သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆက်လက်ပြောဆိုသည်။
"ရွာသားတွေက မင်းအပေါ် 'မိုးမရွာတာ၊ လယ်ကွင်းထဲက ကောက်ပဲသီးနှံတွေ သေကုန်တာ၊ ကလေးတွေ မသန်မစွမ်း မွေးဖွားလာတာ' စတဲ့ အပြစ်တွေကို ပုံချပြောဆိုနေတာကို ကြားရတော့ ငါသူတို့အပေါ် ထားတဲ့ယုံကြည်မှုက ချက်ချင်းကျဆင်းသွားရတယ်။
ဖြစ်နိုင်တာက ဒါက ငါ့ရဲ့ ပုဂ္ဂိုလ်ရေးအစွဲကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ သူတို့ ပြောဆိုခဲ့တာတွေက ဥရောပအလယ်ခေတ်တုန်းက အပြစ်မဲ့မိန်းမငယ်လေးတွေကို စုန်းမလို့ စွပ်စွဲပြီး သစ်သားတိုင်မှာ မီးရှို့သတ်ခဲ့တဲ့ အကြောင်းပြချက်တွေနဲ့ အတူတူ ဖြစ်နေလို့ပဲ၊ ရူးမိုက်တဲ့ လူပြိန်းတစ်စုက ပျော်ရွှင်မှုမှန်သမျှကို ဘုရားသခင်ရဲ့ ကောင်းချီးလို့ သတ်မှတ်ကြပြီး ကံဆိုးမှုမှန်သမျှကိုတော့ လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တစ်ခုအပေါ် ပုံချကြတယ်၊ ဓားစာခံတစ်ယောက်ကို အခြေအမြစ်မရှိတဲ့အပြစ်တွေ ခံယူစေပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြတယ်၊ ဒါက အဲ့ဒီအရူးတွေ နောက်ပိုင်းမှာ စိတ်သက်သက်သာသာနဲ့ နေထိုင်နိုင်ဖို့အတွက်ပဲ။
ဒီလိုအရာမျိုးက ရှေးခေတ်ကတည်းက ကမ္ဘာအနှံ့အပြားမှာ အမြဲတမ်း ရှိခဲ့ဖူးပါတယ်၊ ငါထင်တာတော့ ဒီအချက်ကို မင်းလည်း ငါနဲ့ သဘောထားချင်း တူလိမ့်မယ်မလား"
"နင်ဘာတွေ ပြောနေလဲဆိုတာ ငါနားမလည်ဘူး..."
လင်အာက အသံနက်နက်ဖြင့် ပြန်ဖြေလိုက်သည်။
"တကယ်ကြီးလား"
ဖုန်းပုကြွယ်က ဆိုသည်။
"ဒါဆိုရင် မင်းသိရဲ့လား၊ စုန့်မင်းဆက်ခေတ်တုန်းက 'မာမား' ဆိုတဲ့ စကားလုံးဟာ ပြည့်တန်ဆာအိမ်က အိမ်ပိုင်ရှင်မကို ရည်ညွှန်းတာဖြစ်ပြီး ချင်မင်းဆက်ခေတ်ကျမှသာ သက်ကြီးရွယ်အို အမျိုးသမီးတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်း ဖြစ်လာခဲ့တာ၊ ပြီးတော့ ယဉ်ကျေးမှုအသစ်လှုပ်ရှားမှုနောက်မှသာ ကိုယ့်အမေကို ခေါ်ဝေါ်တဲ့အသုံးအနှုန်းအဖြစ် အများပြည်သူတွေ သုံးစွဲလာခဲ့ကြတာ။
ဒါကြောင့်မို့လို့ မင်းအသတ်ခံခဲ့ရတဲ့ ခေတ်ကာလတုန်းက မင်း သူ့ကို 'ညာ'၊ 'ညာချင်း' ဒါမှမဟုတ် 'မား' ဆိုတဲ့ စကားလုံးသုံးပြီး ခေါ်လို့ရပေမယ့် 'မာမား' လို့တော့ လုံးဝ ခေါ်လို့မရနိုင်ဘူး"
"ဒီအသေးစိတ် အချက်တစ်ချက်တည်းနဲ့တင်... နင်က ငါ့ကို ..."
လင်အာ ဖုန်းပုကြွယ်ကို စိုက်ကြည့်လိုက်သည်။
"မင်းက ဘာလဲဆိုတာကို ငါအခုထိ အတည်မပြုနိုင်သေးပါဘူး၊ ဒါပေမဲ့ ငါ ရဲရဲဝံ့ဝံ့နဲ့ အချို့တွေးဆချက်တွေကိုတော့ လုပ်နိုင်ပါတယ်"
ဖုန်းပုကြွယ်က စကားဖြတ်ပြောလိုက်သည်။
"ဥပမာအားဖြင့်... မင်းက မွေးရာပါ အနာဂတ်ကို မြင်နိုင်စွမ်းရှိတဲ့ ထူးခြားတဲ့စွမ်းအားရှင်တစ်ယောက်လား ဒါမှမဟုတ် အနာဂတ်ကနေ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းလာတဲ့ ဝိညာဉ်တစ်ခုလား၊ ဒါမှမဟုတ် ဒီဒိုင်မန်းရှင်းထက် ပိုမြင့်မားတဲ့ စွမ်းအားကြီး သိစိတ်တစ်ခုခုလား"
လင်အာ၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့ပြီး စက္ကန့်အနည်းငယ်အကြာတွင် အလွန်အမင်း မှောင်မိုက်သွားတော့သည်။
"ဟမ့်... နင့်ရဲ့ ဆင်ခြင်သုံးသပ်မှုက မှန်တယ်လို့ပဲ ထားလိုက်ပါတော့..."
ထိုခဏ၌ သူမသည် 'ဆင်ခြင်သုံးသပ်မှု' ဟူသော စကားလုံးမျိုးကို အသုံးမပြုတော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်လေသည်။
"မှန်တယ်၊ ငါက ပိုမြင့်မားနေရာက စိတ်ဆန္ဒတစ်ခုဆိုတာ တကယ်ပဲ ၊ငါ ဒီကမ္ဘာထဲကို နှင်ထုတ်ခံခဲ့ရပြီး လင်အာလို့ခေါ်တဲ့ ဒီမိန်းကလေး ဖြစ်လာခဲ့ရတာ၊ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပုရွက်ဆိတ်တစ်ကောင်လို အားနည်းပေမယ့် ငါ့မှာ ထူးခြားတဲ့စွမ်းအားတချို့ကိုတော့ သုံးစွဲနိုင်စွမ်း ရှိသေးတယ်။
ငါ ဒါတွေကို သေသေချာချာ ဖုံးကွယ်ထားခဲ့ဖူးတယ်၊ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ..."
“ငါ့ 'မိဘတွေ' ကို မတော်တဆ သတ်မိသွားပြီးတဲ့နောက် ငါ့စွမ်းရည်တွေကို သူတို့သိသွားခဲ့ကြပြီး ငါအရင်က လုပ်ခဲ့ဖူးတဲ့ လုပ်ရပ်အချို့လည်း... ပေါက်ကြားသွားခဲ့ရတယ်၊ ရွာသားတွေက အမှန်တရားကို သိသွားကြပြီး ငါ့ကို ဖမ်းဆီးပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြတယ်။
ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားပြီးတဲ့နောက် ငါဟာ ဒီနေရာမှာပဲ ပိတ်မိနေတဲ့ ဝိညာဉ်တစ်ခု ဖြစ်လာရတယ်၊ ကန့်သတ်ချက်တွေ အမြောက်အများနဲ့ပေါ့၊ ဒါကြောင့်မို့လို့ ငါဟာ ဝိညာဉ်တွေကို ဒီတောင်ပေါ်မှာပဲ ရိတ်သိမ်းနိုင်စွမ်းရှိပြီး ချန်လင်မြို့ရဲ့ အပြင်ဘက်ကမ္ဘာကိုတော့ မစွက်ဖက်နိုင်ခဲ့တာပေါ့"
ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။
"အဲ့ဒီရွာသားတွေ ပြောတာက အမှန်ဖြစ်နေမှတော့ သစ်ပင်နဲ့ ဘုန်းကြီးပြောခဲ့တာတွေက သေချာပေါက် အလိမ်အညာတွေ ဖြစ်မှာပဲ၊ တစ်ခါနားလည်သွားတာနဲ့ ပြဿနာတွေကို ရှင်းလင်းပြီးသား ဖြစ်လိမ့်မယ်"
သူက နှာခေါင်းရှုံ့လိုက်သည်။
"အဲ့ဒီမကောင်းဆိုးဝါးနှစ်ကောင်လုံးက ငါတို့ကို လင်အာဟာ မတရားခံရတဲ့ သရဲတစ်ကောင်ပါလို့ သွယ်ဝိုက်ပြောခဲ့ကြတယ်၊ ပြီးတော့ သူတို့က ငါတို့ကို ဒီထင်မြင်ချက်အမှားနဲ့အတူ ခေါင်းလောင်းကမ္ဘာထဲကို လမ်းပြပေးခဲ့ကြတယ်၊ ပြီးတော့ ဒီကျွန်းပေါ်ကို သွားစေပြီး မင်းလက်ထဲကို အပ်ခဲ့ကြတာပေါ့..."
"နင်မှားသွားပြီ"
လင်အာက ပြန်ပြော၏။
"သူတို့လို ရိုးရှင်းတဲ့ ဝိညာဉ်တွေက ငါ့ရဲ့ လျှို့ဝှက်ချက်ကို ဘယ်လိုသိနိုင်မှာလဲ"
"ငါ နားလည်ပြီ..."
ဖုန်းပုကြွယ်က စဉ်းစားဆင်ခြင်ဉာဏ်ရှိစွာဖြင့် ဆိုသည်။
"သူတို့လည်း မင်းလှည့်စားတာကို ခံလိုက်ရတာကိုး..."
"သူတို့ကို အရင်ဆုံးလှည့်စားထားနိုင်မှပဲ သူတို့က ငါ့အတွက် ဒီတောင်ပေါ်ကို သရဲလာဖမ်းမယ့် ဘုန်းကြီးတွေနဲ့ တာအိုဆရာတွေကို ခေါင်းလောင်းကမ္ဘာထဲရောက်အောင် ကူခေါ်ပေးနိုင်မှာ မဟုတ်လား"
လင်အာက ပြုံးလျက် ပြန်ပြောလိုက်သည်။
"ဒါကြောင့်မို့လို့ ဘယ်သူမှ ငါ့ကို 'သရဲ' အဖြစ်ကနေ မချွတ်နိုင်တာပဲ"
"ငါအခုထိ နားမလည်သေးတာ တစ်ခုရှိသေးတယ်၊ နှစ်ပေါင်းများစွာအတွင်းမှာ အခုလို မြင့်မြတ်တဲ့ ဘုန်းကြီးတွေနဲ့ တာအိုဆရာတွေ အများကြီး ရှိခဲ့ဖူးတာကို မင်းကို တစ်ယောက်မှ အနိုင်မယူနိုင်ခဲ့ဘူးလား"
ဖုန်းပုကြွယ်က မေးမြန်းလိုက်သည်။
"တစ်ယောက် ရှိခဲ့ဖူးတယ်"
လင်အာက ပြန်ဖြေ၏။
"သူ့ရဲ့ မှော်စွမ်းရည်က ငါနဲ့ အဆင့်တူတိုက်ခိုက်နိုင်စွမ်းရှိပြီး ဒဏ်ရာမရဘဲ ပြန်ထွက်ပြေးသွားနိုင်ခဲ့တယ်"
သူမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"အဲ့ဒီလူကတော့ တော်တော်လေး အစွမ်းရှိပါတယ်၊ သူထွက်ပြေးသွားပြီးတဲ့နောက် ချန်လင်မြို့က ရွာသားအားလုံးကို မောင်းထုတ်ခဲ့ပြီး မြို့ရဲ့ နာမည်ကို ချန်လင်လို့ ပြောင်းလဲခဲ့တယ်၊ ပြီးတော့ ဒေသတွင်းမြေအနေအထားတွေကိုပါ ပြန်ပြင်ဆင်ခဲ့ပြီး ငါ့ရဲ့ 'ရန်ငြိုး' တွေကို ဒီနည်းလမ်းနဲ့ ဖြေဖျောက်ဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်၊ ဟွန့်... နှမြောစရာပဲ၊ ငါက အငြိုးကြီးဝိညာဉ်မဟုတ်ဘူး၊ နှစ်ပေါင်းတစ်ထောင် ကြာသွားရင်တောင် ဘယ်တော့မှ လူပြန်ဝင်စားမှာ မဟုတ်ဘူး"
"အင်း..."
ဖုန်းပုကြွယ် တွေးတောလိုက်သည်။
"အရမ်းကောင်းပါတယ်။ ငါ့မှာ မေးစရာ မေးခွန်း မရှိတော့ပါဘူး"
လင်အာ၏ မျက်နှာပေါ်တွင် ရက်စက်သော အမူအရာများ ထပ်မံထွက်ပေါ်လာပြန်သည်။
"ဒါဆို အခုက ငါမေးခွန်းမေးရမယ့် အလှည့်ပဲပေါ့... တခြားကမ္ဘာကလာတဲ့ ခရီးသည်ကြီး"
သူမက ခြိမ်းခြောက်လိုက်သည်။
"တကယ်လို့ နင်သေချာ မဖြေနိုင်ရင် ဘာဖြစ်မလဲဆိုတာ မင်းသေချာပေါက် သိထားမှာပေါ့ ဟုတ်တယ်မလား"
"တခြားကမ္ဘာကလာတဲ့ ခရီးသည်လား"
ဖုန်းပုကြွယ်က သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဒါဆိုရင် မင်း ဒီခန္ဓာကိုယ်ထဲကို မကူးပြောင်းခင်က နတ်ဘုရားမဏ္ဍိုင်လေးပါးရဲ့ လက်အောက်ခံတစ်ဦး ဖြစ်ခဲ့တာလား၊ ပြီးတော့ မင်းအဆင့်အတန်းကလည်း အတော်လေး မြင့်ပုံရတယ်"
"နင်သိတာတွေ အတော်လေး များနေပြီပဲ..."
လင်အာက သူမ၏ လက်ကလေးကို မြှောက်လိုက်သည်။
"ဒါပေမဲ့ အခုက ငါမေးခွန်းမေးရမယ့် အချိန်ပဲ ၊ နင့်ကို ဘယ်သူက အဓိပ္ပါယ်မရှိတာတွေ ပြောခွင့်ပြုလို့လဲ"
သူမသည် သူမ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ ဖုန်းပုကြွယ်၏ ခြေထောက်တစ်ဖက်ကို ရိုက်ချိုးရန် လက်ကို အသာအယာပင့်လိုက်လေသည်။
မမျှော်လင့်ထားသည်က... မည်သည့်အရာမျှ ဖြစ်ပျက်မလာခဲ့ချေ...။
"ဟမ်"
သူမ နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံစမ်းသပ်ကြည့်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ ရှိမလာခဲ့သေးချေ။
"ထူးဆန်းတယ်၊ ဒါက ဘာဖြစ်လို့ ထိန်းချုပ်မှုလွတ်နေတာလဲ၊ ဖြစ်နိုင်တာက..."
ဖုန်းပုကြွယ်သည် ကျောချမ်းဖွယ်အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။ သူ စကားပြောနေစဉ်အတွင်း သူ့လက်ဖက်က သံကြိုးများကြားရှိ အဟကြားမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုလက်တွင်မူ လက်အိတ်တစ်ဖက်ကို ဝတ်ဆင်ထား၏။ သူ့လက်ဖဝါးထဲတွင်မူ ငွေရောင်ခေါင်းလောင်းငယ်လေးတစ်ခု ရှိနေလေသည်။ အသေးစိတ် ပြောရမည်ဆိုပါက ယင်းက ဖိညှစ်ခံထားရသဖြင့် ပုံပျက်နေသော ခေါင်းလောင်းငယ်လေးတစ်ခု ဖြစ်သည်။
"...ဖြစ်နိုင်တာက တစ်ခုခုက အလုပ်မလုပ်တော့လို့လား"
အမှန်တကယ်တော့ လွန်ခဲ့သော မိနစ်အနည်းငယ်က သူ့လက်ကို အင်္ကျီအတွင်းအိတ်ကပ်ထဲသို့ ထည့်လိုက်သည့် အချိန်ကတည်းက ဤခေါင်းလောင်းငယ်လေးသည် သူ့လက်ဖဝါးထဲသို့ ဆွဲငင်ခံထားရပြီးသား ဖြစ်သည်။
"ငါ ဒီနေရာကို ရောက်ကတည်းက 'သူက ဒီလောက်အထိ သန်မာလာတာလား၊ ဒါဆိုရင် ငါတို့ ကစားနေတဲ့ဂိမ်းရဲ့ အဓိပ္ပါယ်က ဘာလဲ' ဆိုတဲ့ မေးခွန်းကို တိုးတိုးလေး ရေရွတ်နေခဲ့တာ၊ ငါထင်တာတော့ မင်းလည်း ဒါကို ကြားလိုက်ရမှာပါ"
ဖုန်းပုကြွယ်က ပြောရင်း သံကြိုးများထဲမှ အမှန်တကယ်ရုန်းထွက်လိုက်ပြီး မြေပြင်ပေါ်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ရုန်းကန်မှုကြောင့် ဆန့်ကျင်ဘက်အခြမ်းတွင် ချည်နှောင်ခံထားရသော ရီရူလီသည်လည်း လွတ်မြောက်သွားခဲ့ရသည်။ သူမသည် သံကြိုးများထဲမှ လုံးလုံးလျားလျား လွတ်မြောက်သွားခြင်း မဟုတ်လင့်ကစား ခြေတစ်ဖက်ဖြင့် မြေပြင်ပေါ်သို့ နင်းနိုင်ခဲ့ပြီး လက်များကိုလည်း အတိုင်းအတာတစ်ခုအထိ လှုပ်ရှားနိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။
"ခေါင်းလောင်းကို ဖျက်ဆီးလိုက်"
ဖုန်းပုကြွယ်က ခေါင်းမလှည့်ဘဲ အသံကျယ်ကျယ်ဖြင့် လှမ်းအော်ပြောလိုက်သည်။
ယင်းကို ကြားလိုက်ရသောအခါ ရီရူလီသည် သူမ၏ အိတ်ထဲမှ ခေါင်းလောင်းကို ချက်ချင်း ထုတ်ယူလိုက်ပြီး သူမခြေဖဝါးအောက်ရှိ မြေပြင်အမာပေါ်သို့ အားရပါးရ ရိုက်ချလိုက်လေသည်။ ငွေရောင်ခေါင်းလောင်းမှာ ချက်ချင်းပင် ပုံစံပျက်ယွင်းသွားပြီး ပျက်စီးသွားခဲ့သည်။
လင်အာ၏ မျက်နှာမှာ အလွန်အမင်း ကြည့်ရဆိုးသွား၏။ သို့သော်လည်း သူမ၏ ယခုကဲ့သို့သော လိုလီမျက်နှာဖြင့် ဒေါသထွက်နေသည်ပင် အလွန် ချစ်စရာကောင်းနေဆဲ ဖြစ်သည်။
"ငါက မေးခွန်းတစ်ခု မေးလိုက်တာနဲ့ အဖြေက ခေါင်းထဲမှာ ချက်ချင်းတန်းပေါ်လာတတ်တဲ့ လူစားမျိုးပဲ၊ ငါထင်တာတော့ ဒါက နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့တဲ့ ရလဒ်ကြောင့် ဖြစ်လိမ့်မယ်"
ဖုန်းပုကြွယ်သည် သူ အစောပိုင်းက ရပ်ထားခဲ့သောနေရာမှ ဆက်ပြောလိုက်သည်။
"အဲ့ဒီအချိန်မှာ ငါ့ဦးနှောက်ထဲမှာ ယူဆချက်တွေအများကြီး ဖြတ်ပြေးသွားခဲ့တယ်၊ အသေးစိတ်ကိုတော့ ငါ ထပ်မပြောတော့ပါဘူး၊ အဖြစ်နိုင်ဆုံး အချက်ကတော့... မင်းရဲ့ စွမ်းအားက ဒီခေါင်းလောင်းကမ္ဘာရဲ့ အပြင်ဘက်ထက် အထဲမှာ ပိုသန်မာလာတာ၊ ပြီးတော့ မင်းရဲ့ စွမ်းအားက ခေါင်းလောင်းကမ္ဘာရဲ့ အခြားနေရာတွေထက် ဒီကျွန်းပေါ်မှာ ပိုပြီး သန်မာလာတာပဲ၊ ဒါပေမဲ့ အရေးကြီးဆုံး အချက်ကတော့ ငါတို့ ဒီနေရာကိုလာတဲ့အချိန်မှာ မသိစိတ်အရ ယူဆောင်လာခဲ့မိတဲ့ တစ်ခုခု၊ အဲ့ဒီအရာက မင်း ငါတို့ကို စိတ်ကြိုက်လှည့်စားနိုင်စွမ်း ပေးထားတာ ဖြစ်တယ်"
ဖုန်းပုကြွယ်က ပြောလိုက်ရင်း သူ့လက်ထဲရှိ ခေါင်းလောင်းလေးကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီး ခြေထောက်ဖြင့် အားရပါးရ နင်းခြေပစ်လိုက်သည်။
"တောင်ပေါ် တက်လာပြီးတဲ့နောက် ငါတို့ မင်းရဲ့ လက်အောက်ငယ်သားတွေဆီကနေ ဒီခေါင်းလောင်းနှစ်ခုကို ရခဲ့ကြတာ၊ ဟမ့်... ငါ့ရဲ့ တုံ့ပြန်မှုက တစ်ချက်လောက် နှေးသွားခဲ့လို့ပဲ၊ အဲ့ဒီအပေါ်မှာ [ဤခေါင်းလောင်းလေးသည် စွမ်းအားကြီးလှသော မိစ္ဆာဝိညာဉ်တစ်ခုနှင့် ဆက်စပ်မှုရှိပုံရသည်] လို့ ရှင်းရှင်းလင်းလင်း ရေးသားထားတာပဲ၊ ဒီလောက်ထင်ရှားတဲ့ အရိပ်အမြွက်... ကံကောင်းစွာနဲ့ပဲ မင်း ငါ့ကို မချည်မှာ ခေါင်းလောင်းကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့လို့ပေါ့"
သူ စကားပြောဆိုရင်း ရီရူလီဘေးသို့ လျင်မြန်စွာ လျှောက်သွားလိုက်ပြီး သူမအား SCP-500 ဆေးလုံးတစ်လုံးကို လှမ်းပေးလိုက်သည်။
ရီရူလီက တုံ့ဆိုင်းမနေဘဲ ဆေးလုံးကို ချက်ချင်းမျိုချလိုက်လေသည်။ နောက်တစ်စက္ကန့်တွင်မူ သူမ၏ ဆွဲဖြတ်ခံထားရသော ခြေထောက်သည် မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။
"အဲ့ဒီခေတ်တုန်းက မင်းနဲ့ သရေကျအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တာအိုဆရာက သေချာပေါက် ဉာဏ်ကောင်းတဲ့ လူတစ်ယောက် ဖြစ်ရမယ်၊ သူက မင်း သူ့ကို သေစေနိုင်မယ့်ဒဏ်ရာတစ်ခု မပေးရသေးခင် ပြဿနာကို ရိပ်မိသွားပြီး ခေါင်းလောင်းကို လွှင့်ပစ်ခဲ့တာ ဖြစ်မယ်"
ဖုန်းပုကြွယ်က ဆိုသည်။
"ငါတို့အတွက်တော့ ငါတို့က 'တခြားကမ္ဘာကလာတဲ့ ဧည့်သည်တွေ' ဖြစ်နေလို့ ကံကောင်းသွားတယ်လို့ပဲ ပြောရမှာပေါ့"
လင်အာ၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲနေခဲ့ပြီးနောက် နောက်ဆုံးတွင် တည်ငြိမ်လှသော ရက်စက်မှုအသွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"ဒါဆို အဲ့ဒီတာအိုဆရာက ဘာလို့ ငါနဲ့ သရေကျတဲ့အထိပဲ တိုက်ခိုက်နိုင်ခဲ့ရတာလဲဆိုတာ နင်တို့ကော စဉ်းစားဖူးကြရဲ့လား"
သူမ စကားမဆုံးခင် သူမသည် ချက်ချင်းပင် အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖုန်းပုကြွယ်နှင့် ရီရူလီတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။
အပိုင်း (၂၂၂)
ခေါင်းလောင်းကမ္ဘာအတွင်းရှိ အချိန်စီးဆင်းမှုသည် ပြင်ပကမ္ဘာနှင့် မတူညီပေ။ ဖုန်းပုကြွယ်နှင့် ရီရူလီတို့ ထိုကျွန်းပေါ်သို့ စတင်ခြေချမိချိန် ပြင်ပ၌ နောက်တစ်နေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုနေ့တွင် အစကတည်းကပင် လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့သော ချန်လင်မြို့သည် ထပ်မံ၍ လှုပ်ခတ်သွားခဲ့ရပြန်သည်။
မွန်းတည့်ချိန်၊ ချန်လင်တည်းခိုခန်း၏ ခန်းမဆောင်အတွင်း၌...
အလွန်နည်းပါးလှသော လူအချို့မှလွဲ၍ သိုင်းလောကသားအားလုံးနီးပါးသည် တူညီသော မေးခွန်းတစ်ခု၏ အဖြေကိုသာ ရှာဖွေနေကြလေသည်။ ယင်းမှာ ရှဲ့စန်း ဘယ်ရောက်သွားသလဲ ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
တစ်ရက်နှင့်တစ်ညလုံး ကုန်ဆုံးသွားပြီးနောက် သတင်းအချက်အလက် အလွန်နည်းပါးသော ဂိုဏ်းငယ်များပင် ကောလာဟလများကို ကြားသိနေခဲ့ကြပြီ ဖြစ်သည်...။ ယမန်နေ့က နေဝင်စအချိန်တွင် အမည်မဲ့ဓားသမား ရှဲ့စန်းသည် ကြေးနီတောင်ကုန်းမှ ပင်မလမ်းမကြီးအတိုင်း မြင်းကိုအရှိန်ပြင်းစွာ စီးနင်းလျက် ချန်လင်သို့ ဦးတည်လာခဲ့သည်။ နေဝင်ချိန်သို့ ရောက်ရှိလာသောအခါ ရှဲ့စန်းစီးနင်းလာသော မြင်းသည် ကြေးနီတောင်ကုန်းသို့ တစ်ကောင်တည်း ပြန်လည်ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း ချန်လင်မြို့တွင်မူ ရှဲ့စန်းကို မြင်တွေ့ခဲ့ရသူ တစ်ဦးမျှ မရှိပါချေ။
ဒါဆို... ရှဲ့စန်းက ဘယ်ကို သွားခဲ့တာလဲ။ လူတစ်ယောက်က လမ်းခရီးမှာ ဘာခြေရာလက်ရာမှ မကျန်ဘဲ ဘယ်လိုနည်းနဲ့ ပျောက်ကွယ်သွားနိုင်တာလဲ။
ယခုရက်ပိုင်းအတွင်း ပင်မလမ်းမကြီးပေါ်တွင် လူသူသွားလာမှု ရှိသော်လည်း အလွန်မများပြားလှချေ။ များသောအားဖြင့် သတင်းပေးပို့ရန်အတွက် ကြေးနီတောင်ကုန်းနှင့် ချန်လင်သို့ အသွားအပြန်လုပ်နေကြသော ဂိုဏ်းအသီးသီးမှ တပည့်များသာ ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ ထိုလူများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ လမ်းခရီးတွင် ရှဲ့စန်းကို မတွေ့ရှိခဲ့ကြချေ။
ယုတ္တိဗေဒအရ တွေးဆကြည့်မည်ဆိုပါက... ရှဲ့စန်းသည် ပင်မလမ်းမကြီးပေါ်သို့ ရောက်ရှိပြီးနောက် ချန်လင်သို့ မလာခဲ့ဘဲ လမ်းခုလတ်၌ တောင်ပေါ်သို့ ချိုးဝင်သွားခဲ့သည့် ပုံစံမျိုး ဖြစ်နေပေသည်။
သို့သော်လည်း ယင်းက အဓိပ္ပါယ်မရှိချေ။ ဖြစ်နိုင်သည်က ရှဲ့စန်းသည် ကြေးနီတောင်ကုန်းတွင် စုံစမ်းမေးမြန်းပြီးနောက် ချန်လင်တည်းခိုခန်း၌ လူပြည့်နေကြောင်း သိရှိသွားသဖြင့် အိမ်စုတ်များတွင် မနေလိုသောကြောင့် တောင်ပေါ်မှာ စခန်းချပြီး တောရိုင်းထဲ နေထိုင်ဖို့ ရွေးချယ်ခဲ့ပေခြင်းလော။
ဒါမှမဟုတ်... ရှဲ့စန်း ချုံခိုတိုက်ခံလိုက်ရတာလား။ ယင်းကလည်း မဖြစ်နိုင်ချေ။ သူ့ကို ဘယ်သူက အနိုင်ယူနိုင်ပါမည်နည်း။ ယဲ့ချန်ကိုယ်တိုင် ရှိမနေပါက ပန်းပွင့်ဓားခြောက်လက်ပူးပေါင်းလျှင်ပင် ရှဲ့စန်းကို ဘာမှ လုပ်နိုင်မည်မဟုတ်ချေ။ သိုင်းလောက၏ သဘောသဘာဝမှာ ယခုကဲ့သို့ပင် ဖြစ်သည်။ အရည်အသွေးပိုင်းဆိုင်ရာ ကွာခြားချက်ကို အရေအတွက်ဖြင့် မည်သို့မျှ မပိတ်ဆို့နိုင်ချေ။ ရှဲ့စန်းသည် တစ်ကိုယ်တော် ဓားသမားတစ်ဦး ဖြစ်လင့်ကစား သိုင်းလောကရှိ ယဲ့မိသားစုနှင့် အဆင့်အတန်းချင်း တူညီသူ ဖြစ်သည်။ သူ၏ သိုင်းအဆင့်သည် လူဆယ်ယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ရန် သေချာပေါက် လုံလောက်ပေသည်။
မှန်ပါတယ်၊ တကယ်လို့ သင်က လူတစ်ထောင်လောက်ရှာပြီး ရှဲ့စန်းကို ဝိုင်းရံပိတ်ဆို့ကာ သူ တိုက်ခိုက်ရုံသာ တိုက်ခိုက်နိုင်ပြီး မပြေးနိုင်တဲ့နေရာမျိုးမှာ ပိတ်မိအောင် လုပ်နိုင်မယ်ဆိုရင်တော့... သူ့အတွင်းအားနဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားတွေ ကုန်ခမ်းသွားတဲ့အခါကျရင် သင်အောင်မြင်နိုင်ပါလိမ့်မယ်။
ယင်းက ပို၍ပင် မဖြစ်နိုင်တာကတော့ အထင်အရှားပင်...။
ထို့ကြောင့် နောက်ဆုံးတွေးဆချက်တစ်ခုသာ ကျန်ရှိတော့သည်။ ဖြစ်နိုင်ခြေတစ်သောင်းမှာ တစ်ခုလောက်ရှိနိုင်တာကတော့... ရှဲ့စန်းက သရဲနဲ့ တွေ့သွားတာပဲ ဖြစ်ရမယ်။
သိုင်းလောကသားများ၊ အထူးသဖြင့် ဝါရင့်ဝါနုသိုင်းသမားများသည် သရဲတစ္ဆေများနှင့် ဝိညာဉ်များကို မရိုသေကြသော်ငြား လုံးဝမယုံကြည်သည်တော့ မဟုတ်ကြချေ။အဖွဲ့အသီးသီးသည် ချန်လင်မြို့၌ သရဲခြောက်သည်ဟူသော ဒဏ္ဍာရီကို ကြေးနီတောင်ကုန်းတွင်ကတည်းက သိရှိထားခဲ့ကြပြီး ဖြစ်သည်။
ယင်းနှင့်အတူ မကြာသေးမီက ညစဉ်ညတိုင်း လူများ ဘာအစအနမှမကျန်ဘဲ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားမှုများနှင့် ပေါင်းစပ်လိုက်သောအခါတွင်မူ မြို့အတွင်း၌ ထိတ်လန့်မှုများကို သေချာပေါက် ဖြစ်ပေါ်စေတော့သည်။
သို့သော်လည်း ယင်းကို တောင်ပေါ်က သရဲကြောင့်ချည်းပဲဟု လုံးလုံးလျားလျား အပြစ်ပုံချ၍ မရနိုင်ချေ။ သူမသည် မြို့ထဲသို့ တက်တက်ကြွကြွလာရောက်၍ လူဖမ်းနေခြင်း မဟုတ်ပေ။ လူအမြောက်အများသည် လူသတ်မှုကျူးလွန်ပြီးနောက် အလောင်းဖျောက်ရန် တောင်ပေါ်သို့ သွားရောက်ကြရာမှ အလောင်းနှင့်အတူ သူတို့ပါ သေဆုံးသွားခဲ့ကြပြီး ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ကြခြင်း ဖြစ်သည်...။
ပွင့်ပွင့်လင်းလင်း ပြောရလျှင်တော့ ထိုလူများသည် ကိုယ့်သေတွင်းကိုယ် တူးခဲ့ကြခြင်းသာ ဖြစ်သည်။ အကယ်၍ သူတို့က မှောင်လာပြီးနောက် တောင်ပေါ်တက်လာခဲ့ကြပြီး အလွန်နက်ရှိုင်းသော နေရာအထိမသွားဘဲ တောအုပ်အစွန်းနားရှိ ချောင်ကြိုချောင်ကြားထောင့်တစ်နေရာတွင် အလောင်းကို မြှုပ်နှံခဲ့ကြမည်ဆိုပါက သူတို့ အဆင်ပြေပြေရှိနေဦးမည် ဖြစ်သည်။
သို့သော်လည်း လက်တွေ့တွင်မူ သူတို့သည် အမြဲတမ်းလိုလို သန်းခေါင်ယံအချိန်ကြီး၌ အလောင်းကို ထမ်းပိုးလျက် တောင်ပေါ်သို့ တက်လာခဲ့ကြသည်။ သူတို့သည် ဝေးဝေးလံလံလမ်းခရီးကို တမင်လျှောက်လှမ်းပြီး နက်ရှိုင်းလှသောနေရာသို့ သွားရောက်၍ အလောင်းကို စွန့်ပစ်ခဲ့ကြသည်။ ယင်းက လင်အာ၏ ဝိညာဉ်သည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေရုံသာမက သူတို့ကိုယ်တိုင် ယူဆောင်လာခဲ့သော အလောင်းသည်လည်း အန္တရာယ်တစ်ခု ဖြစ်နေသည်ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
မတရားသဖြင့် သေဆုံးသွားခဲ့ရသော လူတစ်ယောက်၏ စိတ်ထဲတွင် ရန်ငြိုးများ ကိန်းအောင်းနေဆဲဖြစ်ပြီး မပျောက်ကွယ်သေးချေ။ လူသတ်သမားတစ်ယောက်က အငြိုးကြီးတစ္ဆေများ လွှမ်းမိုးနေသော တောအုပ်တစ်ခုထဲသို့ အလောင်းကိုထမ်း၍ ဝင်ရောက်လာခြင်း ဖြစ်သဖြင့် သေဆုံးသူက သူတို့ကို ပြန်ခြောက်မည်ဆိုပါကလည်း အံ့ဩစရာမရှိချေ...။
အတိုချုပ်ပြောရလျှင်... ကျွန်ုပ်တို့က နတ်ဘုရားရှုထောင့်မှ ကြည့်ရှုနေခြင်းကြောင့် ရှဲ့စန်းမှာ အမှန်တကယ်ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံလိုက်ရသည်ကို သိရှိထားကြသော်လည်း ချန်လင်မြို့ရှိ သိုင်းလောကသားများကတော့ ယင်းကို မသိရှိကြချေ။ သူတို့သည် လင်းချန်၏ အခြေအနေကို မည်သို့မျှခန့်မှန်းနိုင်ခြင်း မရှိသဖြင့် တွေးတောသုံးသပ်နေကြရုံသာ တတ်နိုင်ကြတော့သည်...။
"ဓားနတ်ဘုရားရှဲ့က တကယ်ပဲ ဘာတွေလုပ်နေတာလဲ၊ အမည်မဲ့ဓားသမားက အမြဲတမ်းနှိမ့်နှိမ့်ချချ နေတတ်တယ်ဆိုပေမယ့် ဒီတစ်ကြိမ်တော့ အရမ်းထူးဆန်းလွန်းတယ်..."
"ဒီမြို့ထဲမှာ ထူးဆန်းတဲ့အရာတွေ ဖြစ်ပျက်နေတာ ဒါတင်ပဲလား၊ မနေ့ညက ဝေလငါးဂိုဏ်းနဲ့ ပင်လယ်သဲဂိုဏ်းက တပည့်တချို့လည်း ဘာခြေရာလက်ရာမကျန်ဘဲ ပျောက်သွားကြတယ်တဲ့၊ သေလားရှင်လားတောင် သိရဘူး"
"ဟေး... ခင်ဗျားတို့ ကြားပြီးပြီလား... ဆီးနှင်းပွင့်ဓား လုချင်းနင်က မနေ့ညကတည်းက ပျောက်နေတာတဲ့၊ မနေ့ကတစ်နေ့လုံးလည်း မတွေ့ရသလို ဒီနေ့အထိလည်း ပေါ်မလာသေးဘူး"
"ဟေး... ဒါကို ငါ ဒီမနက်ကတည်းက သိထားပြီးသား၊ မနေ့က ဓားကျိုးလက်ဖက်ရည်ခန်းမက ရောက်လာတဲ့ လူငါးယောက်ထဲမှာ သခင်လေးကျင်းတစ်ယောက်ပဲ တည်းခိုခန်းမှာ ရှိနေတော့တာ၊ ကျန်တဲ့လေးယောက်ကတော့ တစ်ညလုံး ပြန်မလာခဲ့ကြဘူး"
"ဒါနဲ့... ဒီအကြောင်းကို ပြောရရင် မင်းတို့သိကြလား၊ မနေ့ညက သခင်လေးထန်က သခင်လေးကျင်းရဲ့ လက်ထဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တယ်လို့ ငါကြားလိုက်တယ်"
"ဘာလဲ... ထန်ရှီကျဲလား၊ ဒီလက်သွက်တဲ့ ပန်းခူးသမားလေးလား၊ ဒီကလေးမှာ အစွမ်းတချို့ ရှိနေတာပဲဥစ္စာ"
"ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ၊ ငါကြားတာကတော့ သူက သခင်လေးကျင်းရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်တာခံရပြီး အရှုံးပေးခဲ့ရတယ်တဲ့"
"နေပါဦး၊ သခင်လေးထန်က ဘာဖြစ်လို့ အဲ့ဒီ... သခင်လေးကျင်းနဲ့ တိုက်ခိုက်ရတာလဲ"
"ဟဲဟဲ... မင်းတို့ ဒါကို မသိဘူးလား၊ ဒါက မိန်းကလေးတစ်ယောက်ကြောင့်ပေါ့ကွာ"
စကားပြောသူသည် ထို့နောက်တွင်မူ မုရုံယင်နှင့် ထန်ရှီကျဲတို့အကြောင်း အတင်းအဖျင်းများကို အသေးစိတ် ပြောပြတော့သည်။
"အိုး... ငါ နားလည်ပြီ"
သူက ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။
"ဒါပေမဲ့... ဒီအကြောင်းကို ပြောရရင် အဲ့ဒီဓားကျိုးလက်ဖက်ရည်ခန်းမ တကယ်ကို သာမန်နေရာတစ်ခု မဟုတ်ဘူးပဲ၊ သူ့နောက်ခံက ဘာလဲဆိုတာ ငါတကယ်သိချင်မိတယ်"
"လက်ဖက်ရည်ခန်းမရဲ့ ဂိုဏ်းချုပ်က သူကိုယ်တိုင် ကိုယ်ပိုင်ဂိုဏ်းထောင်ပြီး ကိုယ်ပိုင်သိုင်းပညာကို ဖန်တီးခဲ့တာလို့ ပြောထားပြီးသား မဟုတ်လား"
"ဟေး... မင်းသိုင်းလောကထဲမှာ နေလာတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာပြီလဲ၊ ဒါကို တကယ်ကြီး ယုံနေတာလား၊ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်က ကိုယ်ပိုင်သိုင်းပညာ ဖန်တီးနိုင်တယ် ဟုတ်လား၊ မင်းက သူ့ကို နတ်ဘုရားပြန်ဝင်စားလာတာလို့ ထင်နေတာလား၊ ငါ့အမြင်အရတော့ ဒီကလေးက လူမသိသူမသိဆရာသခင်တစ်ယောက်ဆီကနေ အတွင်းအား လွှဲပြောင်းပေးတာကို ခံထားရလို့ပဲ ဖြစ်ရမယ်၊ ဒါကြောင့်မို့လို့ သူ့မှာ ယခုလို မယုံနိုင်စရာကောင်းတဲ့ အတွင်းအားတွေ ရှိနေတာပေါ့"
"ကဲပါ... မင်းတို့စကားတွေက လမ်းချော်ကုန်ပြီ၊ ငါတို့က သူရဲကောင်းရှဲ့အကြောင်းကို ပြောနေတာလေ၊ ပြောစမ်းပါဦး၊ ဘာတွေ ဖြစ်နေတာလဲ"
"ဘာတွေ ဖြစ်နေတာလဲ ဟုတ်လား၊ ပွင့်ပွင့်လင်းလင်း ပြောရရင်..."
သူက အသံကို နှိမ့်လိုက်သည်။
"စိန်ခေါ်ပွဲက မနက်ဖြန်ပဲ၊ ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့က အခုထိ ပေါ်မလာသေးဘူး၊ ဖြစ်နိုင်တာက..."
ဒုန်းခနဲအသံနှင့်အတူ ဝိုင်အိုးကြီးတစ်အိုးကို စားပွဲပေါ်သို့ တင်လိုက်သည်။
လုစန်း၏ ရှည်လျားလှသော ခန္ဓာကိုယ်ကြီးသည် စကားပြောနေသူများ ထိုင်နေသည့် သစ်သားစားပွဲဘေးတွင် ထွက်ပေါ်လာလေသည်။
"စားပွဲထိုး... မင်းတို့ တည်းခိုခန်းရဲ့ ဧည့်ခန်းမထဲမှာ ယင်ကောင်တွေ ရှိနေသလိုပဲ"
လုစန်းက ဆိုသည်။
"ငါကြည့်ပါရစေ၊ တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်၊ လေးကောင်၊ ယင်ကောင်လေးကောင်က ဒီနေရာမှာ တဝီဝီနဲ့ လာအသံပေးနေတာ တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ"
ယင်းကို ကြားလိုက်ရသောအခါ ထိုလူလေးယောက်သည် ဒေါသထွက်သွားခဲ့ကြသော်လည်း ပြန်မပြောရဲကြချေ။ သူတို့က အလိုက်တသိဖြင့် လက်ဖက်ရည်ခွက်များကို ချလိုက်ပြီး စားပွဲပေါ်တွင် ငွေစအချို့ကို ထားရစ်ကာ တည်းခိုခန်းထဲမှ ခပ်သုတ်သုတ် ထွက်ခွာသွားကြတော့သည်။
အမှန်တကယ်တော့ ထိုလူလေးယောက်သည် သိုင်းလောကရှိ တတိယတန်းစားများသာ ဖြစ်ကြသည်။ ထိုလူမျိုးများသည် သိုင်းပညာ၌ ဖြစ်စေ၊ ကိုယ်ကျင့်တရားပိုင်း၌ ဖြစ်စေ ကြီးကျယ်သော အောင်မြင်မှုမျိုးကို ရရှိနိုင်စွမ်း မရှိကြချေ။ ဤလူစုသည် နေ့စဉ်ရက်ဆက် အတင်းအဖျင်းများပြောဆိုခြင်းနှင့် မိမိတို့ထက် ပိုအောင်မြင်သူများကို မနာလိုစိတ်ဖြင့် စွပ်စွဲပုတ်ခတ်ခြင်း၊ တစ်ခါတစ်ရံတွင် မဟုတ်မမှန် လုပ်ကြံဖန်တီး၍ ကောလာဟလများကို ဖြန့်ဝေခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေကြသည်။
အနီးအနားတွင် ရှိနေခဲ့သော လုစန်းသည် ၎င်းတို့၏စကားများကို ကြားခဲ့ပြီး ဆက်သည်းမခံနိုင်တော့ခြင်းကြောင့် တည်းခိုခန်းထဲမှ မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။
ထိုလူလေးယောက်က အရေးပါသော လူပုဂ္ဂိုလ်များကို အရှက်မရှိ ဝေဖန်ပုတ်ခတ်နေကြခြင်းက တစ်ကြောင်း၊ သူတို့ စကားပြောဆိုရင်း ယဲ့ချန်သည် စိန်ခေါ်ပွဲမတိုင်မီ ပြိုင်ဘက်ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်ဟူသော သွယ်ဝိုက်စွပ်စွဲချက်မျိုးကို ပြုလုပ်လာကြခြင်းက တစ်ကြောင်း ဖြစ်သည်။ ယခုကဲ့သို့စကားမျိုးကို ပြောဆိုခွင့်ရှိပါသလား။ ယဲ့ချန်က ဘယ်သူလဲ။ အကယ်၍ သိုင်းလောကက ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်တင်မြှောက်မယ်ဆိုပါက ယဲ့ချန်သည် ထိုရာထူးကို ချက်ချင်းရရှိမည့်သူ ဖြစ်သည်။ ဓားနတ်ဘုရား၏ သိုင်းပညာနှင့် ကိုယ်ကျင့်တရားကို ယခုကဲ့သို့သော တန်ဖိုးမရှိသည့် လူအနည်းငယ်က အလွယ်တကူ စွပ်စွဲပုတ်ခတ်၍ မရနိုင်ချေ။ အပြင်လူတစ်ဦးဖြစ်သော လုစန်းပင်လျှင် ယင်းကို ကြားလိုက်ရသည့်အခါ ဒေါသများ ထွက်ပေါ်လာခဲ့ရသည်။ တကယ်လို့ ယဲ့မူဟန်သာ ထိုစကားများကို ကြားလိုက်မည်ဆိုပါက သူမဓားကို ဆွဲထုတ်ပြီး သူတို့ကို ထိုနေရာမှာတင် သတ်ပစ်နိုင်လောက်သည်။
"ဘုန်းကြီး... ဒေါသမထွက်ပါနဲ့၊ လာပါ၊ ကျုပ်နဲ့အတူ လာပြီး ဝိုင်နည်းနည်းလောက် သောက်ပါဦး"
အနည်းငယ်မူးယစ်နေသော လူငယ်တစ်ဦးသည် စားပွဲနားသို့ ချဉ်းကပ်လာခဲ့ပြီး လုစန်းကို ထိုင်ရန် ဖိတ်ခေါ်လိုက်လေသည်။ ထိုလူမှာ အခြားသူမဟုတ်ဘဲ ထန်ရှီကျဲပင် ဖြစ်သည်။
လုစန်းက သခင်လေးထန်ကို လှမ်းကြည့်လိုက်သည်။ ထိုကလေးသည် နေ့ခင်းကြောင်တောင်ကြီး၌ မူးရူးနေပြီး အလွန်အမင်း စိတ်ဓာတ်ကျနေသည့်ပုံစံ ရှိနေလေသည်။
"ဟဲဟဲ... ကောင်းပါပြီ၊ သောက်ကြတာပေါ့၊ ငါကတော့ အမြဲတမ်းအဆင်သင့်ပါပဲ"
လုစန်းက ပေါ့ပေါ့ပါးပါးထိုင်ချလိုက်ပြီး သူ့မျက်နှာပေါ်တွင် ပုံမှန်အတိုင်း ရွှင်ပျသောအပြုံးတစ်ခုကို ဖန်တီးလိုက်သည်။
လုစန်း၏ အမည်ပြောင်မှာ အရက်မူးဘုန်းကြီးဖြစ်သော်လည်း သူသည် အမှန်တကယ် ပြင်းထန်စွာ မူးယစ်သွားခြင်းမျိုး ရှားပါးလှသည်။ ဤသိုင်းပညာရှင်များ သောက်စားကြသည့်အခါ မိမိတို့၏ ကန့်သတ်ချက်ကို အမြဲတမ်း သိရှိထားကြသည်။ သူတို့သည် မိမိတို့၏ စွမ်းဆောင်ရည်ကို သိရှိကြပြီး အကယ်၍မခံနိုင်တော့ဘူးဆိုပါက အတွင်းအားကို အသုံးပြု၍ အယ်ကိုဟောဓာတ်များကို အပြင်သို့ ထုတ်ပစ်နိုင်စွမ်း ရှိကြသည်။
သို့သော် ထန်ရှီကျဲမှာမူ အမှန်တကယ်ပင် မူးယစ်နေခြင်း ဖြစ်သည်။ စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။
"ဓားနဲ့ ရေကို ဖြတ်လို့မရသလို ဝိုင်နဲ့လည်း သောကတွေကို ဖြေဖျောက်လို့မရဘူး"
သခင်လေးထန်၏ သူ့ကိုယ်သူပျက်စီးစေမည့် ဝိုင်သောက်ဟန်သည် မည်သည့်အရာကိုမျှ ဖြေရှင်းနိုင်မည် မဟုတ်ချေ။ ယင်းကို မြင်တွေ့လိုက်ရသဖြင့် ဘုန်းကြီးသည် အကြံဉာဏ်အချို့ ပေးချင်လာခဲ့သည်။
"သူတို့ ပြောခဲ့တာတွေကို မင်းကြားလိုက်ရလား"
လုစန်းက မေးလိုက်သည်။
"ဟမ့်... ကျုပ်ကြားလိုက်ပါတယ်"
ထန်ရှီကျဲက အားနည်းစွာ ပြန်ဖြေလိုက်သည်။
သူတို့ စကားပြောဆိုနေစဉ်အတွင်း စားပွဲထိုးသည် စားပွဲကို လျင်မြန်စွာ ရှင်းလင်းလိုက်ပြီး အစောပိုင်းက ဝယ်ယူသူများ ထားရစ်ခဲ့သော ငွေစများကို သိမ်းဆည်းကာ ထွက်ခွာသွားတော့သည်။
"သူတို့ ပြောတာက အမှန်ပါပဲဗျာ၊ သခင်လေးကျင်းရဲ့ သိုင်းပညာက အရမ်းထက်မြက်လှပါတယ်၊ သူ့ရဲ့ ကိုယ်ကျင့်တရားကလည်း ကျုပ်ထက် ပိုမြင့်မားပါတယ်"
ထန်ရှီကျဲက ဆက်ပြော၏။ သူ့မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ရှိနေလေသည်။
"ကျုပ်မှာ ဒါကို လက်ခံရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ပါဘူး"
သူဘာတွေးသည်ကို လုစန်းက အဘယ်ကြောင့် မသိဘဲ နေရပါမည်နည်း။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး ဆိုသည်။
"အော်မီတော်ဖော်၊ ဒီသေမျိုးလောကကြီးရဲ့ သောကဗျာပါဒတွေဟာ ဝိုင်၊ မိန်းမ၊ စည်းစိမ်ဥစ္စာနဲ့ ဒေါသတရားတွေထက် မပိုပါဘူး၊ ငါဟာ သခင်လေးထန်ကို သူခံစားနေရတဲ့ သောကတွေကနေ လမ်းပြပေးနိုင်စွမ်း မရှိမှာကိုတော့ စိုးရိမ်မိပါတယ်”
"ဟား... ဘယ်သူက ခင်ဗျားလမ်းပြတာ လိုချင်လို့လဲ၊ ခင်ဗျားက ဝိုင်မရှိဘဲ မနေနိုင်တဲ့ ဘုန်းကြီးတစ်ပါး ဖြစ်နေပြီးတော့ အခုလိုစကားမျိုးကို ပြောရဲသေးတယ်ပေါ့"
ထန်ရှီကျဲက ဆိုသည်။
"ကျုပ်က တစ်ယောက်တည်း ဝိုင်သောက်ရတာ ပျင်းစရာကောင်းလို့ အတူတူသောက်မယ့်လူ ရှာနေရုံပဲ ရှိတာ၊ ကျုပ်ကို အဓိပ္ပါယ်မရှိတဲ့ စကားတွေ လာမပြောပါနဲ့"
"သခင်လေးထန်၊ ရှင် မှားသွားပြီ"
အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။
ထန်ရှီကျဲ ထိုအသံကို ချက်ချင်း မှတ်မိသွား၏။ သူ့ခန္ဓာကိုယ်သည် ချက်ချင်းတောင့်တင်းသွားပြီး သူ့ဦးခေါင်းကို နောက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လေသည်။
ဘယ်အချိန်ကရောက်နေမှန်း မသိသော မုရုံယင်သည် ထန်ရှီကျဲ၏ဘေးသို့ လျှောက်လှမ်းလာခဲ့ပြီး ဖြစ်သည်။
သခင်လေးထန်၏ မျက်လုံးထဲတွင်မူ ဤတိမ်တိုက်များအလွန်မှ နတ်မိမယ်လေးကို မည်သည့်အချိန်၌ ကြည့်ရှုသည်ဖြစ်စေ သူမသည် အမြဲတမ်းတည်ကြည်လို့နေပြီး လှပတင့်တယ်ကာ ဆွဲဆောင်မှု ရှိလှပေသည်။ သို့သော်လည်း ယခုခဏ၌ သူမဘေးတွင် အခြားအမျိုးသားတစ်ဦးလည်း ရှိနေလေသည်။ ယင်းက ကျင်းဖူကွေ့ပင်။
"ဒီကျင်းလို့ခေါ်တဲ့ကောင်က ငါ့ကို လာကြွားနေတာလား"
ထန်ရှီကျဲ သူ့ဘာသာ တွေးတောလိုက်မိပြီး ဝိုင်ကို ထပ်မံ၍ အားရပါးရ သောက်လိုက်ပြန်သည်။
"ဆရာကြီးလုက စိတ်ကောင်းစေတနာရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်သူ ဖြစ်ပါတယ်၊ ကရုဏာတရားလည်း ကြီးမားလှပါတယ်၊ သူက ရှင်သောကရောက်နေတာကို မြင်လို့ အကြံဉာဏ်အချို့ ပေးချင်ရုံသက်သက်ပါပဲ"
မုရုံယင်က ဆိုသည်။ သူမသည် စားပွဲတွင် ဝင်ထိုင်ရင်း စကားပြောလိုက်ခြင်း ဖြစ်သည်။
အာတိုဘီသည်လည်း ထိုင်လိုက်သော်လည်း သူက မုရုံယင်ဘေးတွင် မထိုင်ဘဲ ဆန့်ကျင်ဘက် အခြမ်းသို့ ပတ်သွား၍ ထိုင်လိုက်သည်။
ထန်ရှီကျဲ အာတိုဘီကို လှမ်းကြည့်လိုက်သည်။ ထိုလူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပင် ရှိနေခဲ့သဖြင့် ထန်ရှီကျဲ၏ အမြင်တွင် ယင်းက လှောင်ပြုံးတစ်ခုကဲ့သို့ ဖြစ်နေလေသည်။
"ဟွန်း... ဘာက ဒီလောက်အထိ ရယ်စရာကောင်းနေလို့လဲ"
ထန်ရှီကျဲက အာတိုဘီကို အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"အိုး... ဘာဖြစ်လို့လဲဆိုတော့ ငါ့ရဲ့ နေရပ်မှာလည်း 'ဆရာကြီးလု' လို့ ခေါ်တဲ့ လူတစ်ယောက် ရှိနေလို့ပဲ၊ အခြားသူတွေ အခုခေါ်နေတာကို ကြားရတာ ငါ့အတွက်တော့ အတော်လေး ရယ်စရာကောင်းနေလို့ပါ"
အာတိုဘီက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
ထန်ရှီကျဲ ယင်းကို ကြားလိုက်ရသည့်အခါ မည်သို့ ပြန်ပြောရမှန်း မသိသဖြင့် တိတ်ဆိတ်စွာဖြင့် ဝိုင်နောက်တစ်ခွက်ကို ထပ်မံ သောက်လိုက်ပြန်သည်။
"သခင်လေးထန်၊ ရှင်က သူရဲကောင်းလေးကျင်းအပေါ်မှာ တစ်ခုခု အထင်လွဲနေပုံရတယ်"
မုရုံယင်က ထပ်ပြောလိုက်ပြန်သည်။
"ဒါကြောင့်မို့လို့ ကျွန်မက သူရဲကောင်းလေးကျင်းကို ဒီနေရာကိုဖိတ်ခေါ်ပြီး ရှင်နဲ့အတူ အခြေအနေတွေကို ရှင်းလင်းဖို့ လာခဲ့တာပါ"
"အထင်လွဲတာလား"
ထန်ရှီကျဲက ဆိုသည်။
"ဘာအထင်လွဲတာလဲ၊ ဟွန်း... ကျုပ် လုံးဝ နားမလည်ဘူး"
ထိုခဏ၌ အာတိုဘီက ကြားဖြတ်ပြောလိုက်သည်။
"မိန်းကလေးမုရုံက ခင်ဗျားတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ကျုပ်ကို ပြောပြပြီးပါပြီ"
သူက ပုခုံးတွန့်လိုက်ရင်း "မနေ့ညက ဘာတွေ ဖြစ်နေတာလဲလို့ ကျုပ်တွေးနေခဲ့တာ၊ တကယ်တော့ ဒါကြောင့် ဖြစ်နေတာကိုး"
သူက အတော်လေး ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။
"သခင်လေးထန်၊ မိန်းကလေးမုရုံနဲ့ ကျုပ်က အလွန်ဆုံးရှိမှ သာမန်မိတ်ဆွေတွေသာပါပဲ၊ မနေ့က ကျုပ် သူ့အခန်းကို သွားခဲ့တာက သိုင်းလောကရဲ့ စည်းမျဉ်းအချို့ကို သွားရောက်မေးမြန်းဖို့အတွက်ပါ၊ ဒါက ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ခဲ့တာပါ၊ ကျုပ်တို့ အရှက်မရှိတဲ့အရာမျိုး ဘာတစ်ခုမှ မလုပ်ခဲ့ကြပါဘူး၊ သခင်လေးထန်၊ ခင်ဗျားက အကြောင်းပြချက်မရှိဘဲ သဝန်တိုနေတာပါ"
ထိုစကားများကို နားထောင်နေစဉ်အတွင်း ထန်ရှီကျဲမျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲနေခဲ့ပြီး သူ့နှလုံးသားမှာလည်း အထက်အောက် လှုပ်ခတ်သွားရသည်။ သူ အပြည့်အဝ မတုံ့ပြန်နိုင်မီမှာပင် မုရုံယင်က ဦးစွာ စကားဆိုလိုက်သည်။
"သူရဲကောင်းလေးကျင်း၊ သခင်လေးထန်နဲ့ ကျွန်မကြားမှာလည်း ဘာမှ မရှိပါဘူး... ရှင်သုံးနှုန်းလိုက်တဲ့ 'မင်းတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ' ဆိုတဲ့ စကားစုက မသင့်တော်ပါဘူး..."
"ကောင်းပြီ၊ ကောင်းပါပြီ ခင်ဗျား ကျုပ်ကို ရှင်းပြနေဖို့ မလိုပါဘူး"
အာတိုဘီက စကားဖြတ်ပြောလိုက်သည်။
"ကျုပ်ဒီကို လာခဲ့တာက သခင်လေးထန် ကျုပ်အပေါ် အထင်လွဲနေတာတွေကို ရှင်းလင်းဖို့ပဲ ဖြစ်တယ်၊ ခင်ဗျားရဲ့ အရေးကိစ္စတွေကို ကျုပ်စိတ်မဝင်စားပါဘူး"
ထို့နောက် သူက ထန်ရှီကျဲဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကျုပ် ခင်ဗျားကို အကြံဉာဏ်အနည်းငယ် ပေးပါရစေ၊ ပထမအနေနဲ့ ခင်ဗျားမှာ ကျုပ်ကို လာတိုက်ခိုက်ဖို့ အချိန်ရှိနေမှတော့ သူ့ကို ဘာဖြစ်လို့လဲလို့ တန်းပြီး မမေးရတာလဲ၊ ခင်ဗျား သူ့ကို ဒီလောက်အထိတောင် မယုံကြည်တာလား။ ပြီးတော့ တကယ်လို့ သူက ခင်ဗျားကို တကယ် မုန်းတီးနေတယ်ဆိုရင် ခင်ဗျားကို ရှင်းပြဖို့အတွက် ကျုပ်ကို ဒီနေရာအထိ တမင်သက်သက် ဖိတ်ခေါ်ပြီး စကားပြောခိုင်းပါ့မလား"
ထိုစကားများကို ပြောကြားပြီးနောက် အာတိုဘီသည် ထိုင်ရာမှထ၍ ထွက်ခွာသွားတော့သည်။ ၁၉၃၀ ပြည့်လွန်နှစ်များတွင် မွေးဖွားခဲ့သော ၂၁ ရာစု လူငယ်တစ်ဦး၏ အမြင်အရမူ ဤကဲ့သို့သာမန်ကိစ္စများသည် အမှန်တကယ်ပင် အရေးကြီးလှသော အရာမျိုး မဟုတ်ချေ။ ရှေးခေတ်ကာလတုန်းက ပွင့်ပွင့်လင်းလင်း ပြောဆို၍ မရနိုင်သောအရာ အမြောက်အမြား ရှိနေသည်ကိုတော့ သူ လုံးဝမသိရှိချေ။ အထူးသဖြင့် ယခုကဲ့သို့သော လူသူထူထပ်လှသည့် လူထုပတ်ဝန်းကျင်မျိုးတွင် ဖြစ်သည်။
သူ့စကားများသည် စားပွဲတွင် ကျန်ရစ်ခဲ့သော လူသုံးယောက်ကို ဆွံ့အသွားစေခဲ့ရသည်။ လုစန်းသည် ချက်ချင်းပင် ထိုင်ရာမှ ထရပ်လိုက်ပြီး "အော်မီတောဖော်" ဟု ရေရွတ်လိုက်သည်။ သူသည် လမ်းကြုံလာခဲ့ခြင်းသာ ဖြစ်ပြီး စားပွဲရှိ ဘယ်သူ့ကိုမှ မသိရှိသကဲ့သို့ ဘေးဘက်သို့ လျင်မြန်စွာ ရွှေ့လျားသွားတော့သည်။ မုရုံယင်မှာမူ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ပြင်လုံး နီမြန်းသွားခဲ့ရပြီး နားရွက်များပါ ဒေါသတရားကြောင့် ပူလောင်သွားခဲ့ရသည်။ သူမသည် မည်သည့်စကားမျှ မဆိုတော့ဘဲ ခေါင်းငုံ့လျက် ချက်ချင်း ထွက်ခွာသွားတော့သည်။
ထန်ရှီကျဲအတွက်မူ သူသည် စက္ကန့်ပိုင်းအကြာတွင် အယ်ကိုဟောဓာတ်များ လုံးဝ ပျောက်ကွယ်သွားပြီး သူ့မျက်လုံးများမှာလည်း စုံထောက်ကြောင်နက်ကြီးကဲ့သို့ ပြူးကျယ်သွားရသည်။ သူ့ဦးနှောက်မှာ လုံးဝ ရှုပ်ထွေးသွားရပြီး နှလုံးသားလည်း တဒိန်းဒိန်းခုန်ပေါက်နေကာ ဝမ်းမြောက်မှုများ လျှံထွက်လို့နေတော့သည်။ သို့သော်လည်း မကြာမီမှာပင် သူ့ကျောရိုးတလျှောက် ပူလောင်သော ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့ရသည်။ ယင်းက တည်းခိုခန်း၏ ဧည့်ခန်းမအတွင်းရှိ လူအားလုံးက သူ့ကို စိုက်ကြည့်နေကြသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
အမှန်တကယ်တော့... အခြေအနေက အဆင်ပြေပါ၏။ တည်းခိုခန်း၏ ဧည့်ခန်းမအတွင်း၌ အသံဗလံများ ဆူညံနေခဲ့သဖြင့် အာတိုဘီ၏စကားကို ကြားလိုက်ရသူ သိပ်မများပြားလှချေ။ အနီးအနားရှိ စားပွဲအနည်းငယ်မှ လူများသာ ကြားသိခဲ့ရခြင်း ဖြစ်သည်။ ၎င်းအပြင် အခြားသူများ၏ အရေးကိစ္စကို ဝင်ရောက်ပြောဆိုရန် မသင့်တော်သဖြင့် သူတို့သည် များသောအားဖြင့် မကြားချင်ယောင် ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။ လူတိုင်းသည် အဆင့်အတန်းနှင့် ကိုယ်ကျင့်တရား ရှိကြသော လူများဖြစ်ကြသည်။ သို့မဟုတ် အနည်းဆုံးတော့ အဆင့်အတန်းတစ်ခု ရှိကြသူများ ဖြစ်ရာ... သူတို့သည် ချက်ချင်းထအော်ခြင်းနှင့် လှောင်ပြောင်ခြင်းမျိုးတို့ကို သေချာပေါက် ပြုလုပ်ကြမည် မဟုတ်ချေ။
နောက်ပိုင်းတွင် ထန်ရှီကျဲတစ်ယောက် တည်းခိုခန်းထဲမှ မည်သို့ မိန်းမောတွေဝေစွာ ထွက်ခွာသွားခဲ့သည်ကို ထားပါဦး။ အာတိုဘီသည်လည်း စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရသည်။ သူသည် တစ်ညလုံး စောင့်ဆိုင်းနေခဲ့သော်လည်း သူ၏ အသင်းဖော်များကိုမူ အစအနပင် မတွေ့ရသေးချေ။ သူ အပြင်ထွက်၍ လိုက်ရှာရမလားဟု တွေးတောနေစဉ်အတွင်း မုရုံယင်က ထိုမနက်ခင်း၌ သူမ၏ စိတ်ခံစားချက်များကို ရှင်းလင်းပေးရန်အတွက် လာရောက်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
သူ တွေးတောနေရင်း အခန်းသို့ ပြန်လျှောက်လှမ်းလာစဉ်မှာပင် ရုတ်တရက် စနစ်၏ အကြောင်းကြားစာတစ်ခု ထွက်ပေါ်လာခဲ့သည်။
“လက်ရှိမစ်ရှင် အောင်မြင်ပါသည်၊ အဓိကတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”
သူ ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်သည့်အခါ ‘ခေါင်းလောင်းလောကအတွင်းသို့ ဝင်ရောက်၍ ခေါင်းလောင်းဝိညာဉ်ကို ရှာဖွေပါ’ ဟူသော ရွေးချယ်မှုမှာ အမှန်ခြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ မစ်ရှင်အသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
"ခေါင်းလောင်းမိစ္ဆာကို အနိုင်ယူပါ”