အခန်း ၂၂၄
Vol. 23 Ch. 224
အခန်း C ကပါ၊ တံခါးဖွင့်ပေးပါဦး"
ရှောင်တန်က ပြန်ဖြေလိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင် စားပွဲထိုးက အိပ်ချင်မူးတူးဖြင့် တံခါးကို ဖွင့်ပေးလိုက်ရင်း ပြောလိုက်သည်။
"သခင်လေး... ညဉ့်နက်သန်းခေါင်ကြီး အပြင်မှာ ဘာတွေ သွားလုပ်နေကြတာလဲ"
"ဟဲဟဲ... အားနာလိုက်တာဗျာ၊ ဒုက္ခပေးမိပါပြီ"
ရှောင်တန်သည် ထိုမေးခွန်းကို အမှန်အတိုင်း ပြန်မဖြေဘဲ အပေါ်ယံ စကားအနည်းငယ်ဖြင့်သာ တုံ့ပြန်လိုက်ပြီးနောက် ရီရူယွီနှင့်အတူ အပေါ်ထပ်သို့ တက်သွားကြတော့သည်။
စားပွဲထိုးသည်လည်း သူတို့ ညဉ့်နက်သန်းခေါင်ကြီး အပြင်မှာ ဘာတွေ သွားလုပ်နေသည်ကို အမှန်တကယ် သိရှိလိုခြင်း မဟုတ်ဘဲ ဝတ္တရားအရသာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ဦး အပေါ်ထပ်သို့ တက်သွားပြီးနောက် စားပွဲထိုးသည် တံခါးကို မင်းတုံးပြန်ချလိုက်ပြီး ပထမထပ်ရှိ ကောင်တာသို့ ပြန်သွားကာ ဆက်လက်အိပ်မောကျသွားတော့သည်။ စားပွဲထိုးဖြစ်သူ ပထမထပ် ဧည့်ခန်းမအတွင်း၌ လာရောက်အိပ်စက်ရခြင်းတွင် အကြောင်းရင်းတစ်ခု ရှိသည်။ ယင်းက ကောင်တာမှ ငွေစများ ပျောက်ဆုံးသွားမှာကို စိုးရိမ်သောကြောင့် မဟုတ်ဘဲ တစ်ယောက်ယောက်က သူ့ဝိုင်များကို လာရောက်ခိုးယူသွားမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ပို၍ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက သူသည် လုစန်းကို ကြိုတင်ကာကွယ်နေခြင်းသာ ဖြစ်တော့သည်...။
အိပ်ခန်းသို့ ပြန်သွားရသော်... သူတို့နှစ်ဦး တံခါးကို တွန်းဖွင့်၍ ဝင်ရောက်လိုက်ကြသည်။ အခန်းအတွင်းရှိ တစ်လုံးတည်းသော ကုတင်ပေါ်တွင် အာတိုဘီတစ်ယောက်တည်း ထိုင်နေသည်ကို မြင်တွေ့လိုက်ကြရသည်။ သူသည် ခြေချိတ်ထိုင်လျက် လက်ချောင်းများကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး လက်နှစ်ဖက်ကို ခြေထောက်နားတွင် သဘာဝအတိုင်း ချထားကာ မျက်လုံးများကို ပိတ်လျက် တရားမှတ်နေသည့် အနေအထားမျိုး ရှိနေလေသည်။
"ဝိုး... တစ်ရက်လောက် မတွေ့ရရုံနဲ့တင် အစ်ကိုကျင်းက တာအိုရသွားပြီလား"
ရီရူယွီက နောက်ပြောင်ကျီစယ်သော လေသံဖြင့် ရယ်မောလိုက်သည်။
အာတိုဘီသည် သူတို့ ဝင်ရောက်လာသည်ကို ကြားခဲ့ပြီးသား ဖြစ်သည်။ သူ့အသင်းဖော်များသာလျှင် တံခါးကို အပြင်မှ ယခုကဲ့သို့ ဖွင့်နိုင်ကြောင်းကို သိရှိထားသဖြင့် သူထိတ်လန့်သွားခြင်း မရှိချေ။ ထိုအချိန်တွင် သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ဆိုသည်။
"ငါက သက်လုံအားပြန်ဖြည့်ဖို့အတွက် စွမ်းရည်တစ်ခု သုံးနေတာပါ"
"အိုး ဟုတ်လား... မင်းမှာ သက်လုံခွန်အားကို ပြန်ဖြည့်ပေးနိုင်တဲ့ တက်ကြွစွမ်းရည်တောင် ရှိနေတာလား"
ရှောင်တန်က မေးလိုက်သည်။
"ဒီစကေးက ဘာကိုကုန်ဆုံးစေတာလဲ"
"ဘာမှ ကုန်ဆုံးတာ မရှိဘူး"
အာတိုဘီက ပြန်ဖြေ၏။
ဒါပေမဲ့ အခုလိုမျိုး တရားထိုင်နေရတာပဲ"
ရီရူယွီ ယင်းကို ကြားလိုက်ရသောအခါ အချက်အလက်တချို့ကို ရိပ်မိသွားပုံရပြီး ချက်ချင်း မေးမြန်းလိုက်သည်။
"နင်က ဒီဇာတ်လမ်းထဲက NPC တစ်ယောက်ယောက်ဆီကနေ အတွင်းအားကျင့်စဉ်တစ်ခုခုကို သင်ခဲ့တာလား"
“မင်း ခန့်မှန်းတာ မှန်သွားပြီ”
အာတိုဘီက ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။
“လင်းချန်နဲ့ စုထန်တို့ ဒီနေ့မွန်းလွဲပိုင်းက ရောက်လာခဲ့ကြတယ်၊ သဘာဝအားဖြင့်တော့ ဟိုကိစ္စအတွက်ပေါ့၊ ငါတော့ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ကတော်တို့ ဘယ်သွားကြလဲ မသိဘူးလို့ပဲ ပြောလိုက်တယ်၊ မင်းတို့နှစ်ယောက်တောင်မှ တစ်ညလုံး အိမ်ပြန်မလာကြဘူးလို့ ပြောလိုက်တယ်၊ ဒါပေမဲ့ မင်းတို့ လေးယောက်လုံး သေသွားတာမျိုး မဟုတ်ဘူးဆိုတာကိုတော့ ငါ အာမခံပေးလိုက်ပါတယ်”
ရှောင်တန်နှင့် ရီရူယွီတို့၏ မျက်နှာအမူအရာ ပြောင်းသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် သူက ဆက်ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါ သူတို့ကို 'အဖွဲ့ဖွဲ့တာ' တို့ ဘာတို့အကြောင်း မပြောနိုင်ဘူးလေး၊ ဒါက အသုံးလည်း မဝင်ဘူးလေ၊ သူတို့ ယုံကြမှာလည်း မဟုတ်သလို နားလည်ကြမှာလည်း မဟုတ်ဘူး”
သူက ဆက်လက်ပြောဆိုသည်။
“လင်းချန်နဲ့ စုထန်တို့က အတော်လေး ယဉ်ကျေးကြပါတယ်၊ သူတို့က ဒါကို အရေးမကြီးဘဲ စိန်ခေါ်ပွဲပြီးမှ ဆွေးနွေးလို့ရတယ်လို့ ပြောကြတယ်၊ ပြီးတော့ ငါတို့ရဲ့ ဓားကျိုးလက်ဖက်ရည်ခန်းမကို ယဲ့အိမ်တော်ကို ဧည့်သည်အဖြစ် လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီးမှ ပြန်ထွက်သွားခဲ့ကြတာ”
သူက ပြုံးလိုက်သည်။
“အဲ့ဒီအချိန်မှာ ငါ့စိတ်ထဲ စိတ်ကူးတစ်ခု ရုတ်တရက်ပေါ်လာတာနဲ့ လင်းချန်ကို ပြောလိုက်တယ်...”
“နင်က ဂိုဏ်းချုပ်အတွက် တမင်ပြင်ဆင်ထားတဲ့ ဟိုအခြေခံအတွင်းအားကျင့်စဉ်ကို သူ့ဆီကနေ သင်ချင်တယ်လို့ ပြောလိုက်တာလား”
ရီရူယွီက စကားဖြတ်ပြောလိုက်သည်။
“မှန်တာပေါ့”
အာတိုဘီက ပြန်ဖြေလိုက်သည်။
“တတိယမြောက်နေ့ ရောက်တော့မှာဆိုတော့ စိန်ခေါ်ပွဲနေ့ကျရင် ဒီလူတွေ အတော်လေး အလုပ်ရှုပ်နေကြလိမ့်မယ်လို့ ငါတွေးမိတယ်၊ ပြီးတော့ ငါတို့လည်း အဲဒီနောက်ပိုင်းကျရင် ဇာတ်လမ်းထဲကနေ ထွက်သွားရတော့မှာ မဟုတ်လား၊ ဒါကြောင့်မို့လို့ မနေ့က မွန်းလွဲပိုင်းကပဲ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ခဲ့တာပေါ့၊ လင်းချန်က အစ်ကိုဖုန်းကို သိုင်းပညာသင်ပေးဖို့ သဘောတူထားပြီးသား ဖြစ်ရုံတင်မကဘဲ ဒါက ဘယ်သူ အလွယ်တကူသင်ကြားပေးနိုင်တဲ့ အခြေခံအတွင်းအားကျင့်စဉ်သက်သက်ပဲလို့ ပြောထားခဲ့တာမို့... ငါလည်း အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး နေ့ကောင်းရက်ကောင်းရွေးနေစရာမလိုဘဲ သူသာ ငါ့ကို အရင်သင်ပေးလိုက်ရင် ငါက အစ်ကိုဖုန်းကို ပြန်သင်ပေးလို့ရတယ်လို့ ပြောလိုက်တာ၊ ဒါဆိုရင် သူလည်း တကူးတက လာနေစရာ မလိုတော့ဘူးပေါ့”
“မဆိုးပါဘူး၊ နင်က စွမ်းရည်တစ်ခုကိုပါ အရယူနိုင်ခဲ့တာပဲ”
ရီရူယွီက မှတ်ချက်ပြုသည်။
“ကျင်းဖူကွေ့လိုမျိုး စည်းစိမ်ချမ်းသာကြွယ်ဝလှတဲ့ လူတစ်ယောက်အတွက်တော့ ဒါက မျှော်လင့်ထားတာထက် ပိုအောင်မြင်သွားတယ်ပဲလို့ ဆိုရမယ်”
“ကျင်းဖူကွေ့လိုမျိုး စည်းစိမ်ချမ်းသာကြွယ်ဝတဲ့ လူတစ်ယောက်အတွက်ဆိုတာက ဘာသဘောလဲ၊ ကျင်းဖူကွေ့က တိရစ္ဆာန်တစ်ကောင်မို့လို့လား”
အာတိုဘီက မပျော်မရွှင်ဖြင့် ဆိုလိုက်သည်။
“ဒါ့အပြင် ဒီနာမည်မှာ ဘာအပြစ်ရှိလို့လဲ၊ နည်းနည်း ရိုးရှင်းလွန်းတယ်ဆိုရင်တောင် ဒါက ငါ့မိဘတွေရဲ့ နှလုံးသားထဲကလာတဲ့ ဆန္ဒနဲ့ ကောင်းချီးမင်္ဂလာပဲလေ”
“မင်းရဲ့ မိဘတွေမှာ တခြားရည်ရွယ်ချက်တွေ ရှိနေပုံရတယ်...”
ရှောင်တန်က ဘေးမှနေ၍ ရုတ်တရက် စကားဝင်ပြောလိုက်သည်။
"နင် ဒီလိုတော့ ပြောလို့မရဘူးလေ၊ ငါယုံကြည်တာကတော့ မိဘအများစုက သူတို့ရဲ့ သားသမီးတွေအပေါ် စေတနာထားကြတာပါပဲ၊ ဒါပေမဲ့ တစ်ခါတစ်လေမှာ စေတနာကနေ ဝေဒနာ ဖြစ်သွားတတ်တာမျိုးပေါ့"
ရီရူယွီက ထပ်လောင်းပြောကြားလိုက်သည်။
"မင်းတို့နှစ်ယောက်ကတော့..."
အာတိုဘီသည် သူတို့ကို "ဈေးပေါတဲ့အတွဲ" ဟု ပြောလိုက်ချင်သော်လည်း စနစ်က သူ့ကို တားဆီးလိုက်သဖြင့် စကားကို အဆုံးသတ်နိုင်ခြင်း မရှိချေ။ သူသည် စကားလုံးများကို ပြန်လည်မျိုချလိုက်ရပြီး လေသံကို ပြောင်းလဲလိုက်ရသည်။
"ထားလိုက်ပါတော့... ငါက ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးပဲလေ၊ ငရဲကမ္ဘာရှေ့တန်းလိုမျိုး အချင်းချင်း လှောင်ပြောင်ခြင်း (tu cao) ကိုပဲ အထူးပြုထားတဲ့ အဖွဲ့မျိုးနဲ့ ငါဖက်ပြီး ငြင်းခုံမနေတော့ပါဘူး"
ရှောင်တန် အာတိုဘီ၏ ပုခုံးကို ပုတ်လိုက်သည်။
"ယောကျ်ားတွေကြားထဲက သံယောဇဉ်ဆိုတာ အချင်းချင်း ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် လှောင်ပြောင်နိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်တာပဲ၊ ဒါကြောင့်မို့လို့ ငါတို့ မင်းအကြောင်းကို ပြောနေကြတာက မင်းကို ယုံကြည်လို့ပဲလေ"
သူ စကားပြော၍ မဆုံးသေးမီမှာပင် ဖတ်ခနဲ အသံနှင့်အတူ ရှောင်တန်၏ ခေါင်းနောက်ဘက်အား ရီရူယွီက ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။
"ငါက ယောကျ်ားလေး မဟုတ်ဘူး"
ရီရူယွီက ဆိုသည်။
"ဟားဟားဟား..."
အာတိုဘီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒါ့အပြင် ယောကျ်ားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကြားက ဆက်ဆံရေး ဘယ်လောက်အထိ ကောင်းမွန်သလဲဆိုတာကလည်း မိန်းကလေးရဲ့ ခွန်အားနဲ့ ယောကျ်ားလေးရဲ့ သည်းခံနိုင်စွမ်းအပေါ်မှာ မူတည်တာပဲ"
ရှောင်တန် သူ့ခေါင်းအနောက်ဘက်ကို ပွတ်သပ်လိုက်ရင်း ကိုးရိုးကားယားဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒါနဲ့... မင်း သင်ယူခဲ့တဲ့ အတွင်းအား... ဆိုလိုတာက အဲ့ဒီစကေးမှာ ဘယ်လိုထူးခြားတဲ့ သက်ရောက်မှု ရှိလဲ"
"ဒီစကေးရဲ့ အမည်ကို ‘နွေဦးလေပြေ ချီလမ်းညွှန်ခြင်းနည်းစနစ်’ လို့ ခေါ်တယ်၊ ဒါက ယဲ့မိသားစုရဲ့ အခြေခံအတွင်းအားကျင့်စဉ်တွေထဲက တစ်ခုပဲ၊ စကေးတစ်ခုအနေနဲ့ အဲ့ဒါရဲ့ သက်ရောက်မှုကတော့... ငါသာ တပ္ပလင်ခွေထိုင်ပြီး အသက်ရှူတာ စနစ်တကျ လမ်းညွှန်ပေးနေမယ်ဆိုရင် မိနစ်တိုင်းမှာ သက်လုံအမှတ် ပြန်ဖြည့်နူန်း ၁ ရာခိုင်နှုန်းကို ပိုရနိုင်တယ်၊ ပြီးတော့ ဒါက ငါ့ရဲ့ မူလ သက်လုံအမှတ်ပြန်ဖြည့်နှုန်းကိုလည်း သက်ရောက်မှု မရှိဘူး"
အာတိုဘီက ပြန်ဖြေလိုက်သည်။
"မဆိုးဘူးပဲ၊ နင့်ရဲ့ ခန္ဓာကိုယ်ခွန်အားက သုညအထိ ကုန်ခမ်းနေရင်တောင်မှ နာရီဝက်လောက် တရားထိုင်လိုက်ရုံနဲ့ မူလအဆင့်ရဲ့ တစ်ဝက်နီးပါး ပြန်နိုင်ပြီး တစ်နာရီဆိုရင်တော့ ၇၀ ဒါမှမဟုတ် ၈၀ ရာခိုင်နှုန်းအထိ ပြန်ပြည့်သွားမှာပေါ့"
ရီရူယွီက မှတ်ချက်ပြုသည်။
"တကယ့်ကို ကောင်းမွန်တဲ့ စကေးတစ်ခုပဲ"
"ငါ့အမြင်အရတော့ ဒီသိုင်းလောကဇာတ်ကွက်က စကေးတွေ အမြောက်အမြား ရှိနေတဲ့ ရတနာသိုက်တစ်ခုလိုပဲ"
အာတိုဘီက ထပ်ဆိုသည်။
"ငါ့ရဲ့ ရလဒ်တွေက ဒါတင်ပဲ မဟုတ်သေးဘူး၊ ညနေပိုင်းတုန်းက ထန်မိသားစုရဲ့ သခင်လေးက ငါ့ကိုလာတွေ့ခဲ့ပြီး ငါ့ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားအတွက် ရွှေတွေငွေတွေပေးချင်တယ်လို့ ပြောခဲ့တယ်၊ ငါ့စိတ်ထဲကနေ တွေးလိုက်မိတာက ဒါတွေက ဘာအသုံးဝင်မှာလဲပေါ့၊ ငါက ဒီကမ္ဘာမှာ အချိန်အကြာကြီး နေမှာမှ မဟုတ်တာ။
ဒါကြောင့်မို့လို့ ငါက ရွှေငွေတွေအစား ငါ့ကို လေ့ကျင့်ဖို့အတွက် ရိုးရှင်းတဲ့သိုင်းပညာတစ်ခုခု သင်ပေးဖို့ ပြောလိုက်တယ်၊ သူကလည်း ချက်ချင်းသဘောတူခဲ့ပြီး ‘လမင်းနှင့်လေပြေကို ပွေ့ဖက်ခြင်း’ လို့ခေါ်တဲ့ သိုင်းပညာကို သင်ပေးခဲ့တယ်၊ အဲ့ဒါက ခေါက်ယပ်တောင်ကို သုံးပြီး တိုက်ခိုက်ရတဲ့ သိုင်းပညာတစ်ခုပဲ ဖြစ်တယ်၊ စကေးတစ်ခု ဖြစ်သွားပြီးနောက်တော့ ဒါက ငါ သံယပ်တောင်အကြီးစားကို အသုံးပြုတဲ့ အရှိန်ကို အလိုအလျောက် မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်"
သူက ခေတ္တမျှ ရပ်နားလိုက်ပြီးမှ ဆက်ပြော၏။
"ငါ အခန်းထဲမှာ လေ့ကျင့်ပြီး စမ်းသပ်နေခဲ့တာလေ၊ ယခုတော့ ငါ ဒီယပ်တောင်ကို အရင်ကထက် နှစ်ဆကျော် ပိုပြီးမြန်အောင် အသုံးပြုနိုင်နေပြီ"
"အိုး... ဒါကြောင့်မို့လို့လည်း မင်းက သက်လုံအမှတ်တွေ ပြန်ဖြည့်နေရတာကိုး"
ရှောင်တန်က ပြန်ပြောလိုက်သည်။
"ဟေး... နင် ခေါင်းဆောင်နဲ့ တခြားလူတွေအကြောင်း ဘာသတင်းများ ရထားလဲ"
ရီရူယွီက မေး၏။
"မရဘူး၊ ငါတောင် မင်းတို့နှစ်ယောက်ဆီက သတင်းအချို့ ကြားရမလားလို့ မျှော်လင့်နေတာလေ"
အာတိုဘီက ဆိုသည်။
"ခေါင်းလောင်းမိစ္ဆာကို အနိုင်ယူဖို့ အဓိကတာဝန်က အခုထိ ရှိနေသေးတယ်ဆိုတော့ သူတို့က ခေါင်းလောင်းလောကမှာပဲ ဘော့စ်တစ်ကောင်ကောင်နဲ့ ရင်ဆိုင်နေရတုန်းပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
"အင်း..."
ရီရူယွီက တွေးတောလျက် ခေါင်းညိတ်လိုက်သည်။
"ဒါနဲ့... မင်းတို့နှစ်ယောက်ကော လတ်တလော ဘာတွေ ရခဲ့လဲ"
အာတိုဘီက မေးလိုက်သည်။
ထို့နောက်တွင်မူ သူတို့သုံးဦးသည် အခန်းအတွင်း၌ အချက်အလက်များကို အပြန်အလှန် ဖလှယ်ကြတော့သည်။ သိုင်းလောကနှင့် သက်ဆိုင်သော သတင်းအချက်အလက် အမျိုးမျိုးနှင့် မုရုံယင်နှင့် ထန်ရှီကျဲတို့အကြောင်း အတင်းအဖျင်းများအပြင် အရေးကြီးဆုံးသော အချက်မှာ လင်းချန်တွင် ထိုက်ရွှီဝူရှန့်သိုင်းပညာ ရှိနေသည်ဟူသော လျှို့ဝှက်ချက်ပင် ဖြစ်သည်...။