← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း (၂၂၅)

ကောင်းကင်ယံတစ်ခုလုံးသည် မီးခိုးရောင် သန်းနေပြီး ပါးလွှာလှသော မြူနှင်းများ ဖုံးလွှမ်းလို့နေ၏။ အရှေ့ဘက်ဆီမှ အရုဏ်ဦးအလင်းတန်းများ စတင်ထွက်ပေါ်လာပြီ ဖြစ်သဖြင့် မှုန်မှိုင်းနေသော ကောင်းကင်ယံထက်တွင်မူ ပုစွန်ဆီရောင်အလင်းကွင်းတစ်ခုက ပျံ့နှံ့လျက် ပိုမိုနက်ရှိုင်းလာခဲ့သည်။

တောအုပ်အတွင်း၌ တရားထိုင်နေသော ယဲ့ဟိုင်သည် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ အရေးအကြောင်းများရှိသော မျက်နှာထက်တွင်မူ အမူအရာအနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ဓားသခင်လင်းလား"

ယဲ့ဟိုင်သည် နောက်လှည့်မကြည့်ဘဲ သူ့နောက်ကွယ်တွင် မည်သူရှိနေသည်ကို သိထားသည့်အလား ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

လင်းချန်သည် ယဲ့မိသားစုအတွင်း၌ အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် ယဲ့ဟိုင်ပင်လျှင် သူ့ကို ဓားသခင်ဟု ခေါ်ဝေါ်ရခြင်း ဖြစ်သည်။

"အမှန်ပဲ"

လင်းချန်က ပြန်ဖြေလိုက်သည်။

"မိသားစုခေါင်းဆောင်ဆီက... ဘာသတင်းများ ရထားသလဲ"

ယဲ့ဟိုင်က မေးမြန်းလိုက်သည်။ စိန်ခေါ်ပွဲနေ့သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဤအချိန်တွင် ယဲ့ချန်ရောက်လာသင့်ပြီဟု သူ တွက်ချက်ထားခြင်း ဖြစ်သည်။

"မှန်တာပေါ့"

လင်းချန်က သရော်လိုက်သည်။

"သတင်းကတော့... ယဲ့ချန် သေသွားပြီဆိုတာပဲ"

"မင်း ဘာပြောလိုက်တယ်"

ရုတ်တရက် ယဲ့ဟိုင်ထံမှ အာမေဍိတ်သံ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်း နောက်လှည့်ကြည့်လိုက်ရာ ရက်စက်ကြမ်းကြုတ်လှသော အေးစက်စက် မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ လင်းချန်၏ စကားများသည် နောက်ပြောင်နေခြင်း မဟုတ်ချေ။ ပထမအနေဖြင့် ယင်းက ရယ်စရာမကောင်းသလို ဒုတိယအနေဖြင့် သူသည် နောက်ပြောင်တတ်သည့် လူစားမျိုးလည်း မဟုတ်ပေ။

"အခုရက်ပိုင်းအတွင်း ခင်ဗျားအတော်လေး ပင်ပန်းခဲ့ရတယ်၊ သခင်ကြီးယဲ့"

လင်းချန်က တည်ငြိမ်စွာ ပြောဆိုလိုက်သော်လည်း သူ့မျက်ဝန်းများထဲတွင်မူ ဖုံးကွယ်ထားခြင်းမရှိသော စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများ ထင်ဟပ်လို့နေလေသည်။

"ခင်ဗျား ဒီနေရာမှာ ရှိနေပြီး အဲ့ဒီသိုင်းလောကသား လူမိုက်တွေနဲ့ နန်းတော်ကလွှတ်လိုက်တဲ့ သူလျှိုတွေကို ဟန့်တားပေးခဲ့လို့ ကျုပ်အတွက် အလုပ်အတော်လေး အဆင်ပြေသွားခဲ့ရတယ်"

"ဘာကို ဆိုလိုတာလဲ၊ 'မင်းအတွက်' ဟုတ်လား"

ယဲ့ဟိုင်သည် ထိုလူ၏ ခန္ဓာကိုယ်မှ အသတ်အဖြတ်ဆန္ဒများကို ခံစားမိထားပြီး ဖြစ်သဖြင့် ဗီဇအရပင် ရန်လိုသော အမူအရာကို ပြသလိုက်သည်။

"ဟီးဟီး… အဲ့ဒီဧကရာဇ်ရဲ့ အမိန့်တော်၊ ခင်ဗျား မှတ်မိသေးရဲ့လား"

လင်းချန် ခပ်ဖွဖွ ရယ်မောလိုက်သည်။

ယဲ့ဟိုင်၏ ဦးနှောက်မှာ လုံးဝဗလာဖြစ်သွားခဲ့ရပြီး သူ့မျက်စိရှေ့တွင် အဖြူရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားခဲ့သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် တစ်စုံတစ်ခုကို ရိပ်မိသွားခဲ့သော်လည်း ယင်းက လက်တွေ့တွင် ဖြစ်နိုင်ပါ့မလားဟု မယုံကြည်နိုင်ဘဲ ရှိနေလေသည်။ ယခုကဲ့သို့သော ထိတ်လန့်မှုမျိုးသည် အကယ်၍ သာမန်အဖိုးအိုတစ်ဦးသာဆိုပါက သေချာပေါက် သတိလစ် မေ့မြောသွားရပေလိမ့်မည်။

"မင်း... မင်း... မင်း... မင်း..."

ယဲ့ဟိုင်၏ အသက်ရှူသံများ မမှန်တော့ချေ။ သူ၏ မျက်နှာထက်တွင်လည်း ထိတ်လန့်မှုနှင့် ဒေါသတရားများ ရောပြန်းလို့နေသည်။

"ကျုပ် ပြောပြီးပြီ မဟုတ်လား၊ ယဲ့ချန် သေသွားပြီလို့"

လင်းချန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"တကယ်လို့ ခင်ဗျားရဲ့ ဦးနှောက်က သိပ်မဝေဝါးသေးဘူးဆိုရင် ဒီစကားကို ကြားရုံနဲ့တင် နားလည်သင့်နေပြီ၊ စိန်ခေါ်စာကို ရေးခဲ့တာ ကျုပ်ပဲ၊ အဲ့ဒီဧကရာဇ်ရဲ့ အမိန့်ပြန်တမ်းကို ရေးခဲ့တာလည်း ကျုပ်ပဲ၊ တပည့်တွေကို ဓားဗိမာန်နဲ့ ဝေးဝေးမှာ နေခိုင်းဖို့ ညွှန်ကြားခဲ့တာကော၊ ခင်ဗျားကို ဒီနေရာမှာ လာစောင့်ခိုင်းခဲ့တာကော... ဒါတွေအားလုံးက ကျုပ်လက်ချက်တွေချည်းပဲ"

"မင်း"

ယဲ့ဟိုင်သည် အလွန်ဒေါသထွက်သွားရသဖြင့် သူ့အတွင်းအားများပင် ကစဉ့်ကလျား ဖြစ်သွားခဲ့ရသည်။ သူသည် တုန်တုန်ယင်ယင်ဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားခဲ့ရသည်။

"မဖြစ်နိုင်ဘူး... မင်းက ဘယ်လိုနည်းနဲ့..."

“ကျုပ်က ဘယ်လိုနည်းနဲ့ ယဲ့ချန်ကို သတ်နိုင်မှာလဲ ဟုတ်လား၊ ဟွန်း…”

လင်းချန်က ဆက်ပြောလိုက်သည်။

“ကျုပ်ရဲ့ သိုင်းပညာက သူ့ထက် ပိုမြင့်လို့ပေါ့”

သူ၏ အသတ်အဖြတ်ဆန္ဒများမှာ ပိုမိုပြင်းထန်လာခဲ့သော်လည်း သူ့လက်နှစ်ဖက်ကိုမူ နောက်ပစ်ထားဆဲဖြစ်ပြီး ခါးတွင်ချိတ်ဆွဲထားသော ဓားကို ဆွဲထုတ်ရန် ရည်ရွယ်ချက် မရှိသေးချေ။

“သူ့ကို သတ်ရတာနဲ့ ယှဉ်ရင် သူ့လက်ရေးကို တုပရတာက ပိုပြီးတော့တောင် ခက်ခဲသေးတယ်”

သူ ပြုံးလိုက်သည်။

“ကျုပ် ယဲ့ချန်နောက်ကို လိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သလို သူ့ရဲ့ လက်ရေးကိုလည်း လပေါင်းများစွာ ကြာအောင် သေချာလေ့လာခဲ့ရတာ၊ လုံးဝထပ်တူကျစေဖို့အတွက်ပေါ့၊ ဒါပေမဲ့… ကျုပ်လူတိုင်းကို လှည့်စားနိုင်တယ်လို့ ယုံကြည်ထားရင်တောင်မှ ခင်ဗျားရဲ့ မျက်လုံးတွေကို လှည့်စားနိုင်ပါ့မလားဆိုတာကိုတော့ စိုးရိမ်ခဲ့မိတယ်”

သူ ဖြည်းညှင်းစွာ ရှေ့သို့ လှမ်းလာခဲ့သည်။

“ကျုပ် ခင်ဗျားကို အဲ့ဒီအမိန့်ပြန်တမ်း ပေးခဲ့တုန်းက ခင်ဗျားရိပ်မိသွားမှာကို တကယ် စိုးရိမ်နေခဲ့တာ၊ ကံကောင်းတာက ခင်ဗျား ဘာမှ မကန့်ကွက်ဘဲ နာခံခဲ့တာပဲ”

“ငါ အဲ့ဒီအချိန်တုန်းက တစ်ခုခု ထူးဆန်းနေတာကိုတော့ သတိပြုမိခဲ့တယ်…”

ယဲ့ဟိုင်ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး အံတင်းတင်းကြိတ်ထားရသည်။

“ဒါပေမဲ့ ငါ ခံစားမိတာကတော့…”

"ဟားဟားဟားဟား..."

လင်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း သူ့စကားကို ထပ်မံ ဖြတ်ပြောလိုက်ပြန်သည်။

"ဂိုဏ်းချုပ်ကို သတ်တာကော၊ စိန်ခေါ်ပွဲကို အစပျိုးတာကော၊ ဧကရာဇ်ရဲ့ အမိန့်ပြန်တမ်းကို အတုလုပ်တာကော... ဒီအရာတွေထဲက ဘာတစ်ခုမှ မဖြစ်နိုင်ဘူးလို့ ခင်ဗျားထင်နေတာမလား၊ ဟုတ်တယ်မလား၊ ဟားဟားဟားဟား..."

သူ မရယ်ဘဲ မနေနိုင်တော့ချေ။

"ပြီးတော့ ဒီအရာအားလုံးကို ကျုပ်လင်းချန် တစ်ယောက်တည်းက စီစဉ်ညွှန်ကြားခဲ့တာဆိုတော့ ပိုပြီးတော့တောင် မဖြစ်နိုင်စရာကောင်းနေတယ် ဟုတ်တယ်မလား"

"လင်းချန်၊ ယဲ့မိသားစုက မင်းအပေါ်မှာ စေတနာတွေအများကြီး ထားရှိခဲ့တာပါ..."

ယဲ့ဟိုင်က ဆိုသည်။

"ဘာဖြစ်လို့..."

"အဓိပ္ပါယ်မရှိတာ"

လင်းချန်၏ မျက်နှာသည် ဒေါသကြောင့် ချက်ချင်းပင် ရှုံ့မဲ့သွား၏။

"ကြီးမားလှတဲ့စေတနာ ဟုတ်လား၊ ခင်ဗျားဘာတွေ ပြောနေတာလဲ၊ ဒီသိုင်းပညာကို ကျုပ်ကိုယ်တိုင် ကျင့်ကြံခဲ့တာ၊ သိုင်းလောကထဲက မိုးပြာရောင်ဓားရဲ့ ဂုဏ်သတင်းကိုလည်း ဓားသွားထက်မှာ လျှောက်လှမ်းပြီး ရယူခဲ့တာ၊ ယဲ့မိသားစုအတွက် နှစ်ပေါင်းများစွာ စေတနာအပြည့်နဲ့ အမှုထမ်းခဲ့ရတာ၊ ဒါတွေက ကျုပ်ရသင့်ရထိုက်တဲ့ အရာတွေ မဟုတ်ဘူးလား။

ကျုပ် ယဲ့မိသားစုဆီကနေ သင်ယူခဲ့တဲ့ သိုင်းပညာဆိုတာ ယဲ့မိသားစုထဲကို ဝင်ရောက်လာတဲ့ ဘယ်တပည့်မဆို သင်ယူခွင့်ရှိနေတဲ့ အရာမျိုးပဲ၊ ပြီးတော့ ယဲ့မိသားစုရဲ့ လျှို့ဝှက်သိုင်းပညာတွေကိုကျတော့ သူတို့ရဲ့ သွေးသားရင်းချာတွေကိုပဲ လက်ဆင့်ကမ်းတာ မဟုတ်ဘူးလား၊ ယဲ့ချန်နဲ့ ယဲ့မူဟန်တို့ကျတော့ ယဲ့မိသားစုဓားကျင့်စဉ်ကို သင်ယူနိုင်ကြတယ်၊ ဆီးနှင်းကြွေ နတ်ဘုရားကျင့်စဉ်ကိုကော သင်ယူနိုင်ကြတယ်၊ ကျုပ်ကျတော့ ဘာဖြစ်လို့ သင်ယူခွင့်မရှိရတာလဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ဟာ နောက်ဆုံးတော့ အပြင်လူတစ်ယောက်၊ မဟုတ်ဘူး... အစေခံတစ်ယောက် ဖြစ်နေလို့ပဲ"

ထိုစကားများကို ပြောကြားပြီးနောက် လင်းချန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ့ခန္ဓာကိုယ်မှ လူသတ်လိုသော အငွေ့အသက်များသည် ပြင်းထန်လှသော မြစ်ရေကဲ့သို့ သူ့ရှေ့တွင်ရှိသော လူအိုကြီးဆီသို့ တဟုန်ထိုး စီးဆင်းသွားတော့သည်။

လင်းချန်၏ လက်ချောင်းထိပ်များမှ ပြင်းထန်ရက်စက်လှသော ဓားအရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ယခုခဏ၌ ဓားမရှိသော်လည်း ဓားထက်ပင် ပိုမိုစွမ်းအားကြီးမားနေ၏။ ထိုဓားစွမ်းအင်များသည် တောအုပ်အတွင်းရှိ များစွာသောသစ်ရွက်ခြောက် သယ်ဆောင်လျက် ယဲ့ဟိုင်ဆီသို့ တိုက်ခိုက်လိုက်လေသည်။

သူ တိုက်ကွက်ဖော်လိုက်သည့် အချိန်၌ လင်းချန်၏ မျက်နှာထက်တွင် လှောင်ပြောင်သရော်နေသော အမူအရာတစ်ခု ရှိနေခဲ့သည်။

"ခင်ဗျားက တကယ့်ကို ရယ်စရာကောင်းလှတဲ့ ကျွန်အိုကြီးပဲ၊ ယဲ့မိသားစုအတွက် တစ်သက်လုံး ကျွန်တစ်ယောက်လို အမှုထမ်းခဲ့ပြီးတော့ ယခုထိ ကြီးမားလှတဲ့ စေတနာတွေကို ခံစားခဲ့ရတယ်လို့ ထင်နေတုန်းပဲ"

ဤကဲ့သို့သော သေစေနိုင်သည့် တိုက်ကွက်မျိုးကို ယဲ့ဟိုင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ရှောင်တိမ်းရန်အတွက်မူ ပို၍ပင် မဆိုသာတော့။ သူသည် ဓားသွားကဲ့သို့ ထက်မြက်လှသော ထိုသစ်ရွက်များ၏ ထိုးဖောက်မှုကို ချက်ချင်းခံလိုက်ရပြီး ပါးစပ်မှ သွေးများ အန်ထွက်သွားရသည်။

သူ့ကံကြမ္မာမှာ အဆုံးသတ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရှိသွားပုံရသဖြင့် ဒဏ်ရာရရှိသွားပြီးနောက် ယဲ့ဟိုင် တည်ငြိမ်သွားခဲ့ရသည်။

"ဟူး... မင်းပြောတာလည်း အချက်တစ်ခုအနေနဲ့ မှန်ချင်မှန်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒီကမ္ဘာကြီးက အမြဲတမ်း အခုလိုပဲ ရှိနေခဲ့တာ၊ ငါ ယဲ့ဟိုင်ဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ မွေးဖွားလာခဲ့တာ မဟုတ်သလို ကျော်ကြားတဲ့ သိုင်းမိသားစုကလည်း မဟုတ်ဘူး၊ ဒါက ငါ့ရဲ့ ကံကြမ္မာပဲ၊ ငါ့ကံကြမ္မာက မကောင်းဘူးဆိုရင် အခြားဘယ်သူ့ကိုမှ အပြစ်ပုံချလို့ မရနိုင်ဘူး။

ယဲ့မိသားစု ငါ့အပေါ် ဘယ်လိုဆက်ဆံခဲ့လဲဆိုတာကို ငါ အသိဆုံးပါ၊ သူတို့ ငါ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာဟာ စေတနာဖြစ်ပြီး ငါက ဒါကို ပြန်ပေးဆပ်ချင်တာကတော့ တရားမျှတမှု ဖြစ်တယ်၊ လူတစ်ယောက်ဟာ ကိုယ်နေထိုင်ရတဲ့ ကမ္ဘာကြီးရဲ့ သဘောသဘာဝအတိုင်း ရှင်သန်ရမှာ ဖြစ်တယ်၊ ငါ ငါ့ရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ပေမယ့် အနည်းဆုံးတော့ ငါ့ရဲ့ စိတ်အမှန်အတိုင်း ရှင်သန်ခဲ့တာပဲ။

မင်းအတွက်ကတော့ လင်းချန်၊ ဟမ့်.. တကယ်လို့ ယဲ့မိသားစုက မင်းကို သိုင်းပညာ မသင်ပေးခဲ့ဘူးဆိုရင် မင်းရဲ့ စွမ်းရည်တွေကို ဘယ်နေရာကနေ သင်ယူနိုင်မှာလဲ၊ ယဲ့မိသားစုရဲ့ ဂုဏ်သတင်းသာ မရှိခဲ့ရင် မင်းသိုင်းလောကထဲမှာ အခုလို နာမည်ကျော်ကြားနိုင်ပါ့မလား၊ မင်း ယဲ့မိသားစုအပေါ်မှာ စေတနာမရှိဘူးလို့ ခံစားရရင်တောင်မှ မင်း ယဲ့မိသားစုအပေါ်မှာ ရန်ငြိုးရန်စ ရှိနေလို့လား။

ဒါက မင်းရဲ့ ကိုယ်ပိုင်အတ္တနဲ့ ရည်မှန်းချက်တွေကို အသုံးချနေတာ ထင်ရှားနေတာပဲ၊ အခုမှ အခြားလူတွေကပဲ မင်းအပေါ် အကြွေးတင်နေသလိုမျိုး လာပြောနေတယ်ပေါ့..."

"ပါးစပ်ပိတ်ထားစမ်း"

လင်းချန် သူ့လက်ကိုမြှောက်၍ ညွှန်ပြလိုက်ရာ အတွင်းအား အလင်းတန်းတစ်ခုက သူ့လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး ယဲ့ဟိုင်၏ ရင်ဘတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

"ခင်ဗျားက ခင်ဗျားရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ဘူးဆိုတော့လည်း သေဆုံးခြင်းကိုပဲ လက်ခံလိုက်တော့"

လင်းချန်က သူ့ပြိုင်ဘက်ကို အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

"ကျုပ်က ခင်ဗျားနဲ့ မတူဘူး... ကျုပ်ရဲ့ ကံကြမ္မာက ကျုပ်လက်ထဲမှာပဲ ရှိတာ၊ ကောင်းကင်ဘုံရဲ့ လက်ထဲမှာ မဟုတ်ဘူး"

တခဏအကြာတွင်မူ ဓားစွမ်းအင်တစ်ဒါဇင်ခန့်သည် ယဲ့ဟိုင်၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာခဲ့ပြီး သွေးပန်းများအသွင် ဖူးပွင့်သွားခဲ့ရသည်။

ယဲ့ဟိုင်သည် နောက်ဆုံးတွင်... အဘယ်ကြောင့် ယဲ့ချန် သေဆုံးခဲ့ရကြောင်းကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

လင်းချန်၏ သိုင်းအဆင့်သည် ယဲ့ဟိုင် နားလည်နိုင်စွမ်းရှိသောအဆင့်ထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ဖြစ်နိုင်သည်က ဤလောကတွင် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

"မင်း တကယ်ပဲ ဘာကို လိုချင်တာလဲ၊ ဒီစိန်ခေါ်ပွဲရဲ့ ရည်ရွယ်ချက်က ဘာလဲ..."

ယဲ့ဟိုင်၏ ပါးစပ်မှ သွေးများ ဒလဟောစီးကျလာပြီး သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများစွာမှလည်း သွေးများ အဆက်မပြတ် စီးထွက်နေလေသည်။ သူသည် သစ်ပင်တစ်ပင်ကို မှီလျက် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားခဲ့ပြီး သူ၏နောက်ဆုံးမေးခွန်းကို မနည်းအားယူ၍ မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"ဟမ့်... အောက်ရောက်မှပဲ ခင်ဗျားရဲ့ ဂိုဏ်းချုပ်ကြီးကို သွားမေးလိုက်တော့"

ထိုစကားကို ပြောပြီးနောက် လင်ချန်သည် နောက်လှည့်၍ ထွက်ခွာသွားတော့သည်။

အမှန်တကယ်တော့ သူ ထိုမေးခွန်းကို ပြန်လည်ဖြေကြားလိုစိတ် ရှိနေလျှင်ပင် ယဲ့ဟိုင်အနေဖြင့် ထိုအဖြေကို ကြားသိနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ...။

အရှေ့ဘက်ဆီတွင်မူ နီရဲနေသော နေမင်းကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး ဖျော့တော့တော့ ခရမ်းရောင်ကောင်းကင်ယံကို လင်းထိန်စေကာ လှိမ့်ဝင်လာသော တိမ်တိုက်များကိုလည်း ရွှေအိုရောင် သန်းသွားစေခဲ့သည်။

တောင်တန်းများအတွင်း တရုတ်ဆီးသီးပင်အိုကြီးတစ်ပင်၏ အောက်ဘက်၊ သွေးအိုင်တစ်ခုအတွင်း၌ လူအိုကြီးတစ်ဦး ထိုင်နေခဲ့သည်။ သူသည် မည်သည့်အခါမျှ ပြန်လည်နိုးထလာတော့မည် မဟုတ်လင့်ကစား သူ့မျက်ဝန်းများကိုတော့ ဖွင့်ထားဆဲ ဖြစ်သည်...။

All Chapters