အခန်း ၂၂၆
Vol. 23 Ch. 226
အခန်း (၂၂၆)
ခေါင်းလောင်းကမ္ဘာအတွင်းရှိ ကန်ရေပြင်အလယ်မှ ကျွန်းငယ်လေးပေါ်၌ ဖြစ်သည်။
အပေါ်သို့ မော့ကြည့်လိုက်လျှင် ကောင်းကင်ယံတစ်ခုလုံးသည် မင်အိုးမှောက်ချထားသကဲ့သို့ မည်းမှောင်နေပြီး ကျွန်းပေါ်ရှိ တောအုပ်အတွင်း၌မူ ထူထပ်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်လောက်သည့် အရိပ်မည်းကြီးများ ဖုံးလွှမ်းလို့နေသည်။
ယခုခဏ၌ တောအုပ်အတွင်းရှိ သစ်ပင်တိုင်း၏ ထိပ်ဖျားတွင် ခေါင်းလောင်းငယ်လေးတစ်လုံးစီ ချိတ်ဆွဲထားသည်ကို မြင်တွေ့ရ၏။ ထိုခေါင်းလောင်းများသည် ခပ်ဖျော့ဖျော့ ငွေရောင်အလင်းတန်းများကို ထုတ်လွှတ်နေကြပြီး ညဉ့်အမှောင် တစ်လုံးတည်း ထွန်းညှိထားသော မီးအိမ်ငယ်များကဲ့သို့ ထူးဆန်းထိတ်လန့်ဖွယ်ရာကောင်းလှသည့် မြင်ကွင်းတစ်ခုကို ဖန်တီးနေလေသည်။
"ဟီး... မျှော်လင့်ထားသလိုပဲ"
ခေါင်းလောင်းမိစ္ဆာသည် သွားဖြဲပြုံးလိုက်ရင်း ဖုန်းပုကြွယ်၏ ရှေ့သို့ လျှောက်လာခဲ့သည်။
"အခုတော့ အဲ့ဒီတုန်းက ဟိုတာအိုဆရာ ငါ့ကို ဘာဖြစ်လို့ အနိုင်မယူနိုင်ခဲ့လဲဆိုတာ နင်နားလည်သွားပြီမလား"
ဖုန်းပုကြွယ်သည် သူ့ခါးဆီ ဒဏ်ရာကို တင်းတင်းဖိထားရင်း မြေပြင်ပေါ်တွင် ဒူးထောက်လျက် ပြင်းထန်စွာ အသက်ရှူနေရသည်။
"ဟူး... အဟွတ်... မင်းပြောတာ မှန်ပါတယ်... ဒါက တကယ့်ကို... မျှော်လင့်ထားတဲ့ ရလဒ်ပဲ"
သူက ထိုသို့ပြောဆိုရင်း ရယ်မောလိုက်သည်။
"မင်း အရမ်းသန်မာတယ်ဆိုတာကို အစကတည်းက ငါသိထားပြီးသားပါ၊ မိစ္ဆာတွေကို နှိမ်နင်းတဲ့နေရာမှာ သုံးတဲ့ ဗာဂျရာခေါင်းလောင်းလို နတ်ဘုရားလက်နက်တောင် မင်းလိုမိစ္ဆာတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားရုံတင်မကဘဲ မင်းက ဒါကို ပြန်ပြီးတောင် အသုံးချနိုင်နေတာ... မင်းက သာမန်မိစ္ဆာတစ်ကောင် မဟုတ်ဘူးဆိုတာကို ပြသနေတာပဲ... အဟွတ်..."
သူ ပါးစပ်မှ သွေးတစ်လုပ် ထွေးထုတ်လိုက်ရပြန်သည်။
“နင်က သာမန်လူမဟုတ်ဘူးပဲ”
ထိုခဏ၌ ရှိနေသော ခေါင်းလောင်းမိစ္ဆာသည် ကလေးမလေးတစ်ယောက် မဟုတ်တော့ချေ။ သူမ၏ ခန္ဓာကိုယ်သည် လူကြီးတစ်ယောက်နှင့် ခွဲခြားမရအောင် ကြီးထွားလာခဲ့ပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးတွင်မူ အနက်ရောင်မီးခိုးငွေ့များ ဖုံးလွှမ်းနေလေသည်။ သူမ၏ ပုံသဏ္ဍာန်နှင့် အသံကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ထင်ရှားလှပြီး အသက် ၃၀ ဝန်းကျင်ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ အခြားဝိသေသလက္ခဏာများကိုတော့ မသိရှိရချေ။
"ဟွန်း… နင်အစကတည်းက သိနေခဲ့တာဆိုရင် ဘာဖြစ်လို့ နင့်အသင်းဖော်ကို လူခွဲပြီး ထွက်ခွာသွားဖို့ ညွှန်ကြားခဲ့ရတာလဲ"
လင်မိုက ရယ်မောလိုက်သည်။
"လူခွဲပြီး တတ်နိုင်သမျှ အချိန်ဆွဲထားပါလို့ နင်ပြောခဲ့တာ မဟုတ်လား၊ ပြီးတော့ ဒါကို ငါ့မျက်နှာရှေ့မှာတင် အကျယ်ကြီး အော်ဟစ်ခဲ့တာလေ"
"ငါ့ရဲ့ နည်းဗျူဟာမှာ ဘာအမှား ရှိလို့လဲ"
ဖုန်းပုကြွယ်က မနည်းအားယူ၍ မတ်တတ်ရပ်ရင်း ပြန်လည်ဖြေကြားသည်။
ယခုအချိန်တွင် ဖုန်းပုကြွယ်သည် သူ့အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် အစောပိုင်းက သေမင်းဖဲချပ်ကို ခန္ဓာကိုယ်မြင့်တင်ခြင်းနည်းစနစ်နှင့် ပေါင်းစပ်အသုံးပြုကာ လင်မိုအနေဖြင့် သူ့ကိုသာ အဓိကထား တိုက်ခိုက်လာစေရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ပြန်လည်တိုက်ခိုက်ရာတွင် စကေးများကို အဆမတန် အသုံးပြုလိုက်၊ ပြန်ပိတ်လိုက် လုပ်ဆောင်ခဲ့ရရုံသာမက လက်နက်ကိရိယာများကိုလည်း မကြာခဏ လဲလှယ်အသုံးပြုခဲ့ပြီး ပစ္စည်းများကိုလည်း အထိရောက်ဆုံး သုံးစွဲခဲ့ရသည်...။
နောက်ဆုံးတွင်မူ သူသည် "ခေါင်းလောင်းတစ်သောင်း မိစ္ဆာအလင်းတန်း" ၏ ဝိုင်းရံပိတ်ဆို့မှုကြားမှ သွေးခင်းလမ်းတစ်ခုကို အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့သည်။ ထို့အပြင် လင်မို၏ အသက်အမှတ်ကိုလည်း အတော်အတန် လျှော့ချနိုင်ခဲ့သည်။
သို့သော်လည်း တစ်ဦးချင်း တိုက်ခိုက်ရာတွင် လုံးဝ အနိုင်မယူနိုင်သော ဘော့စ်တစ်ကောင်ကို ရင်ဆိုင်ရခြင်း ဖြစ်သဖြင့် သူ၏ ဤလှုပ်ရှားမှုများအတွက် ပေးဆပ်လိုက်ရသည့် တန်ဖိုးမှာ မနည်းလှချေ။ ယခုခဏ၌ ဖုန်းပုကြွယ်သည် အသက်ဖြည့်ဆေးရည်ငါးပုလင်းလုံးကို သုံးစွဲပစ်ခဲ့ပြီးပြီ ဖြစ်ကာ သေမင်းဖဲချပ်များလည်း လုံးဝကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ သက်လုံအမှတ်သည် သုံးပုံတစ်ပုံခန့် ကျန်ရှိနေသေးသော်လည်း အသက်အမှတ်မှာမူ ၂၆ ရာခိုင်နှုန်းသာ ရှိတော့ရုံတင်မကဘဲ သူ၏ အခြေအနေပြဘားတွင်လည်း သွေးထွက်ခြင်းဟူသော သက်ရောက်မှု ရှိနေဆဲ ဖြစ်သည်။
အကယ်၍ လင်မိုက နောက်ဆုံးတိုက်ကွက်ကို မဖော်ဆောင်လျှင်ပင် ဖုန်းပုကြွယ်အနေဖြင့် မိနစ်အနည်းငယ်ထက် ပိုတောင့်ခံနိုင်တော့မည် မဟုတ်ချေ။
မှန်ပေသည်၊ ဖုန်းပုကြွယ်ထံတွင် SCP-500 ဆေးလုံး ရှိနေသေးသော်လည်း သူ ယင်းကို အသုံးပြုရန် မရည်ရွယ်ချေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေအရ သူ သေဆုံးသွားနိုင်ချေ အလွန်အမင်း မြင့်မားနေသည်ဟု သူကိုယ်တိုင် ခံစားမိနေသောကြောင့်ဖြစ်ပြီး ယခုအချိန်၌ ယင်းကို သုံးစွဲလိုက်ပါက ဖြုန်းတီးပစ်လိုက်သကဲ့သို့ ဖြစ်သွားနိုင်ချေ ရှိသည်။
"တကယ်လို့ နင် ငါ့စွမ်းအားကို အစကတည်းက သိနေခဲ့ရင် နင့်ရဲ့ အသင်းဖော်နဲ့ ပူးပေါင်းပြီး ငါ့ကို ရင်ဆိုင်သင့်တာပေါ့၊ ဒါဆိုရင် နင်တို့အတွက် မျှော်လင့်ချက်နည်းနည်း ရှိဦးမှာ"
လင်မိုက ပြန်ပြော၏။
"ဟွန်း... ဒါပေမဲ့ နင်က သူ့ကို လူခွဲပြီး ထွက်ပြေးခိုင်းခဲ့တယ်၊ အချိန်ဆွဲဖို့အတွက် ဟုတ်လား၊ ဟီးဟီး... ငါ့နယ်မြေထဲမှာ တိုက်ပွဲကို အချိန်ဆွဲတာက နင့်အတွက် အကျိုးရှိမယ်လို့ ထင်နေတာလား"
"အကျိုးရှိတယ်လို့တော့ ငါ မပြောပါဘူး"
ဖုန်းပုကြွယ် တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ငါက... မင်းကို ၁၀၀ ရာခိုင်နှုန်း သေချာပေါက် အနိုင်ရနိုင်မယ့် တိုက်ခိုက်ရေးနည်းလမ်းတစ်ခုကိုပဲ ရွေးချယ်လိုက်တာ"
လင်မို၏ ပုံရိပ်က ခေတ္တမျှ တန့်သွားခဲ့ရသည်။
"အိုး... ငါခန့်မှန်းပါရစေ... နင်စဉ်းစားနေတာက... နင့်ခန္ဓာကိုယ်ပေါ်မှာ နင်သေဆုံးသွားတာနဲ့ တပြိုင်နက် ပေါက်ကွဲသွားပြီး ငါ့ကိုပါ အပိုင်းပိုင်းအစစဖြစ်အောင် ဖျက်ဆီးပစ်မယ့် ပြင်းထန်တဲ့ ဖောက်ခွဲရေးပစ္စည်းတစ်ခုခု ပါလာတာလား"
"မဟုတ်ဘူး"
ဖုန်းပုကြွယ်က ဆိုသည်။
"ငါ မင်းကို ပြောချင်တာကတော့ မင်းအဆိပ်မိနေပြီ ဆိုတာပဲ"
"ဟီးဟီး... ဒါက နင့်ရဲ့ နောက်ဆုံးဟာသလား"
လင်မိုက သရော်လိုက်သည်။
"ဒီအဆိပ်ရဲ့ သက်ရောက်မှုက အရမ်းအားနည်းတယ်၊ မင်းရဲ့ တုံ့ပြန်မှုကို ကြည့်ရသလောက်တော့ အဆိပ်မိတဲ့ အချိန်မှာကော၊ အဲဒီနောက်ပိုင်းမှာကော မင်း ဘာမှ ထူးထူးခြားခြား ခံစားမိမှာ မဟုတ်ဘူး"
ဖုန်းပုကြွယ်က ဆိုသည်။
"တကယ်လို့ မင်းသာ ငါ့လိုမျိုး ပြင်ပကမ္ဘာကနေလာတဲ့ ခရီးသွားတစ်ယောက်ဆိုရင်တော့ မင်းရဲ့ 'အခြေအနေပြဘား' ကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ရိပ်မိသွားမှာ ဖြစ်ပေမယ့် စိတ်မကောင်းစရာကတော့ မင်းက ဒီကမ္ဘာက မိစ္ဆာတစ်ကောင် ဖြစ်နေတာပဲ"
"နင်ပြောတာကတော့ ဟုတ်သလိုလိုပဲ၊ ဒါပေမဲ့ နင်ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိမ့်မယ်ဆိုတာပဲ ငါပိုယုံချင်မိတယ်"
လင်မိုက ပြုံးလျက် ပြန်ဖြေသည်။ သူမ ယခုထိ မယုံကြည်သေးသည်မှာ ထင်ရှားလှသည်။
"မင်းရဲ့ ယုံကြည်မှုက အချက်နှစ်ချက်ပေါ်မှာ အခြေခံထာားတာပဲ၊ ပထမအချက်က မင်းက စိတ်ဝိညာဉ်တစ်ခု ဖြစ်နေတဲ့အတွက် 'အဆိပ်' သက်ရောက်မှုတွေကနေ ကင်းလွတ်နေတယ်လို့ ထင်နေတာ၊ ဒုတိယအချက်ကတော့ ယခုစက္ကန့်ပိုင်းအထိကို ငါမင်းကို ဘယ်လိုနည်းနဲ့ အဆိပ်ခတ်ခဲ့လဲဆိုတာကို မင်း မတွေးမိသေးတာပဲ"
ဖုန်းပုကြွယ် သူမ၏ အတွေးများကို တိုက်ရိုက်ဖော်ထုတ်လိုက်ပြီးနောက် ဆက်လက် ပြောဆိုလိုက်သည်။
"အောင်ပွဲက သေချာနေပြီဆိုတော့လည်း ငါမင်းကို အမှန်အတိုင်း ပြောပြလိုက်ပါ့မယ်၊ ပထမဦးဆုံး ငါ မင်းကို အဆိပ်ခတ်ဖို့အတွက် ဒီအရာကို သုံးခဲ့တာပဲ..."
ဖုန်းပုကြွယ် ပြောလိုက်ရင်း ဂေါ်ဘလင်ဓာတ်ငွေ့ကာမျက်နှာဖုံးကို ထုတ်ပြလိုက်သည်။
"ငါ တိုင်မှာ ချည်ခံထားရပြီး မင်းနဲ့ စကားပြောနေကတည်းက မင်းအဆိပ်မိနေခဲ့ပြီ၊ ဒါကို 'အဆိပ်ဓာတ် တိုက်ခိုက်မှုဂုဏ်သတ္တိ' လို့ ခေါ်တယ်၊ ပြင်ပကမ္ဘာကလာတဲ့ ခရီးသွားတွေပဲ သုံးနိုင်တဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခုပေါ့၊ ပြီးတော့ မင်းလည်း သိထားသင့်တာက ငါတို့ရဲ့ လက်နက်တွေဟာ သာမန် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသက်သက် မဟုတ်သရွေ့ မင်းလို စိတ်ဝိညာဉ်တွေအပေါ်မှာ သက်ရောက်နိုင်စွမ်း ရှိတယ်"
ထို့နောက်တွင်မူ သူသည် မျက်နှာတွင်တပ်ဆင်ထားသော ကိရိယာကို ပြန်ဖျောက်လိုက်သည်။
"ငါ အစောပိုင်းက မင်းကို ပစ်ဖို့ သုံးခဲ့တဲ့ စက်သေနတ်လိုမျိုးပေါ့၊ ဒီကျည်ဆန်တွေက မင်းအပေါ် သက်ရောက်မှု သိပ်မရှိပေမယ့် တစ်ခါတစ်ခါထွက်လာတတ်တဲ့ မီးတောက်တွေကတော့ မင်းကို နာကျင်စေနိုင်တယ်၊ ဟုတ်တယ်မလား"
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ သစ်ပင်များပေါ်မှ ခေါင်းလောင်းများသည် စတင်တုန်ခါလာခဲ့ကြပြီး အချို့မှာ သစ်ပင်ပေါ်မှ အောက်သို့ ပြုတ်ကျလာခဲ့ကြသည်။ ယင်းက ၎င်းတို့၏ သခင်ဖြစ်သူ စိတ်ဓာတ်တုန်လှုပ်နေပြီဖြစ်ကြောင်းကို သက်သေပြနေသည့် အကောင်းဆုံး အထောက်အထားပင် ဖြစ်သည်။
“မင်း ငါ့နောက်ကို လိုက်လံတိုက်ခိုက်နေတာ အချိန်အတော်ကြာသွားပြီ၊ လှုပ်ရှားမှုတွေကြောင့် မင်းရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေ ပိုပြင်းထန်မလာဘူးဆိုရင်တောင်မှ ငါ့ရဲ့ တွက်ချက်မှုအရ တစ်နာရီနဲ့ ခုနစ်မိနစ် (ဖုန်းပုကြွယ် ထွက်ပြေးနေစဉ်အတွင်း သူ့စိတ်ထဲကနေ အချိန်ကို တွက်ချက်ထားခြင်းဖြစ်သည်) ... တကယ်လို့ မိနစ်တိုင်းမှာ အသက်အမှတ် ၁ ရာခိုင်နှုန်းပဲ လျော့သွားမယ်ဆိုရင်တောင်မှ မင်းမှာ ၃၃ ရာခိုင်နှုန်းပဲ ကျန်တော့မှာ၊ လမ်းခရီးတလျှောက် ငါတိုက်ခိုက်ခဲ့တဲ့ တိုက်ကွက်တွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့...”
ဖုန်းပုကြွယ် သက်ပြင်းတစ်ချက် ချလိုက်သည်။
“အတိုချုပ်ပြောရရင်တော့ ငါ သေသွားရင်တောင်မှ မင်း ငါ့အသင်းဖော်ကို လိုက်လံသတ်ဖြတ်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့လည်း ငါက ၁၀၀ ရာခိုင်နှုန်း သေချာပေါက် အနိုင်ရမယ်လို့ ပြောခဲ့တာပဲ...”
“တော်လောက်ပြီ”
လင်မိုက သူ့စကားကို ဖြတ်ပြောလိုက်သည်။
“နင်ပြောနေတဲ့ အဲ့ဒီ 'အခြေအနေပြဘား' တို့၊ 'အသက်အမှတ်' တို့၊ 'ဂုဏ်သတ္တိ' တို့ ဆိုတာတွေက ငါနဲ့ ဘာမှမဆိုင်ဘူး”
သူမက အသံနက်နက်ဖြင့် “ နင်က နင့်လက်ချက်နဲ့ ငါသေတော့မယ်ဆိုတာကိုပဲ ပြောချင်နေတာ မဟုတ်လား”
“မှန်တယ်”
ဖုန်းပုကြွယ်က ဆိုသည်။
ရုတ်တရက်ဆိုသလို တောအုပ်အတွင်းရှိ ခေါင်းလောင်းသံ မှန်သမျှသည် ပြန်လည်တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး သေခြင်းတရားကဲ့သို့ ငြိမ်သက်သွားခဲ့ပြန်သည်။
အနက်ရောင်မီးခိုးငွေ့များ လွင့်ပြယ်သွားပြီးနောက် လင်မိုသည် သူမ၏ အစစ်အမှန်ပုံသဏ္ဍာန်ကို ဖော်ထုတ်ပြသလိုက်သည်။ သူမသည် ဖုန်းပုကြွယ်ထက် ခေါင်းတစ်ဝက်ခန့် ပိုမိုမြင့်မားပြီး ဥရောပအမျိုးသမီးတစ်ဦး၏ မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည်။ မျက်နှာအသွင်အပြင်မှာ ထက်မြက်၍ လှပပေသည်။ သူမ၏အရေပြားမှာ ခရမ်းရောင်ဖျော့ဖျော့သန်းနေပြီး ကတုံးဖြစ်ကာ နဖူး၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ လိပ်ခွေနေသော သိုးဦးချိုများ ရှိနေလေသည်။ သူမသည် အဝတ်အစား ဆင်ယင်ထားခြင်း မရှိချေ။ သူမ၏ ရင်ဘတ်မှ ဝမ်းဗိုက်အထိ အောက်ဘက်ပိုင်းကိုမူ အဝတ်အစားကဲ့သို့သော အရာတစ်ခု - ဂိမ်းအတွင်း သုံးစွဲရန် မသင့်တော်သော အရေးကြီးသည့် နေရာများကို ဖုံးကွယ်ထားသည့် သားမွေး သို့မဟုတ် လည်ဆံမွေးကဲ့သို့သော အရာမျိုးဖြင့် ဖုံးလွှမ်းထားခြင်း ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှာမူ ချောမွေ့သော ခြေတံရှည်နှစ်ဖက် ဖြစ်ပြီး ဒူးဆစ်အောက်ဘက်တွင်မူ အမွေးအမှင်များ ထူထပ်လှသော ဆိတ်ခွာကြီးများနှင့် ဆက်စပ်နေလေသည်။
ဖုန်းပုကြွယ် ခေါင်းကို ခါယမ်းလိုက်ရင်း လေးနက်စွာ ပြောလိုက်သည်။
"အရမ်း ရိုးရှင်းလွန်းတယ်၊ လုံးဝ အဓိပ္ပါယ်မရှိတာပဲ၊ ဒါက ဘာလဲ၊ သားမွေးတွေနဲ့ လုပ်ထားတဲ့ ရင်စိအင်္ကျီလား၊ တစ်ကိုယ်လုံးကိုပဲ သားမွေးတွေနဲ့ ဖုံးထားလိုက်ပါတော့လား၊ ဒါမှမဟုတ်ရင်လည်း လုံးဝမပါဘဲ နေလိုက်ပါတော့လား"
သူသည် စနစ်က ဤကဲ့သို့သော မိစ္ဆာအလှပဂေးတစ်ကောင်ကို အသုံးပြုပြီး တစ်ဝက်တစ်ပျက် ဖုံးကွယ်လျက် အလှအပကို ဗြောင်ကျကျရောင်းစားနေခြင်း ဖြစ်ကြောင်း ပြစ်တင်ဝေဖန်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူသည် သားမွေးများ ဖုံးလွှမ်းမထားသော ဝိုင်းစက်မို့မောက်လှသည့် လုံးဝန်းသော ရင်သားနှစ်မွှာဆီသို့ အတန်ကြာအောင် မျက်တောင်မခတ်တမ်း ဗြောင်ကျကျ စိုက်ကြည့်နေခဲ့သည်။
"ဟွန်း… နင့်အသင်းဖော် ပြောတာ တကယ်မှန်တာပဲ၊ နင်က ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတဲ့ အလွန်အမင်း အတ္တကြီးသူတစ်ယောက်ပဲ"
လင်မိုသည် သူတို့နှစ်ဦးစလုံးကို ကြိုတင်၍ စောင့်ကြည့်စစ်ဆေးနေခဲ့ဖြစ်သဖြင့် သူတို့၏ စကားပြောဆိုမှု မှန်သမျှကို အကုန်အစင် သိရှိထားကြောင်း ထင်ရှား၏။
သူမပြောဆိုလိုက်သည့် အချိန်၌ ဖုန်းပုကြွယ်ရှေ့သို့ ရောက်ရှိလာပြီး သူ့ကို အထက်စီးမှ စိုက်ကြည့်လိုက်သည်။
"နင်က ငါမသေခင်မှာ နင့်ရဲ့ အစီအစဉ် မှန်သမျှကို တကယ်ကြီး အကုန်ပြောပြချင်နေတာလား၊ တကယ်လို့ နင်သာ ငါ့ကို အချိန်ဆွဲဖို့ တခြားစကားတွေကို ပြောနေခဲ့မယ်ဆိုရင် ငါဘာမှ သတိမထားမိဘဲ သေဆုံးသွားနိုင်ချေ ရှိသလို နင်လည်း နင့်အသက်ကို ကယ်လိုက်နိုင်မှာပဲ"
ရုတ်တရက် သူမသည် လက်ကို ဆန့်ထုတ်လိုက်၍ ဖုန်းပုကြွယ်၏ လည်ပင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အပေါ်သို့ အလွယ်တကူ ပင့်မြှောက်လိုက်သည်။
"အခုတော့ ငါသေရတော့မယ်ဆိုတာကို သိသွားတဲ့အတွက်... ငါနဲ့အတူ အခြားတစ်ယောက်ကိုပါ ဘာလို့ ဆွဲမခေါ်သွားရမှာလဲ"
"သေစမ်း..."
ဖုန်းပုကြွယ်၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး ခရမ်းရောင် သန်းသွားခဲ့ရသော်လည်း သူသည် မျက်လုံးများကို မနည်းအားယူ၍ ပြူးကြည့်ထားဆဲဖြစ်ကာ အကြည့်များက လင်မို၏ ရင်ဘတ်ဆီသို့ ၄၅ ဒီဂရီတိတိ စိုက်ကျနေလေသည်။ သူသည် သူ၏ နောက်ဆုံးကျန်ရှိနေသော အသက်အမှတ်များနှင့် ဂုဏ်သိက္ခာများ လုံးဝပျောက်ကွယ်မသွားမီမှာပင် အံတင်းတင်းကြိတ်၍ စကားတစ်ခွန်းကို မနည်း ညှစ်ထုတ်လိုက်သည်။
"ဒါက တကယ့်ကို... ကောင်းပြီ... လုံးဝကို ဖုံးထားတာပဲ..."
ထိုခဏ၌ ဖျတ်ခနဲ လက်သွားသော အလင်းတန်းတစ်ခုနှင့်အတူ သွေးများ ပန်းထွက်သွားခဲ့သည်။ ဖုန်းပုကြွယ်၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်ကြီးသည် ရုတ်တရက် ခွန်အားများ လျော့နည်းသွား၏။
ဖုန်းပုကြွယ် သူ့လည်ပင်းက ရုတ်တရက် ပြေလျော့သွားကြောင်း ခံစားလိုက်မိပြီးနောက် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။ သူ၏ အသက်အမှတ်မှာ ၃ ရာခိုင်နှုန်းတွင် ရပ်တန့်သွားခဲ့သည်။ သူ့ရှေ့တွင်ရှိသော ခေါင်းလောင်းမိစ္ဆာမှာမူ ယခုတွင် ခေါင်းမရှိတော့ချေ။
သိုးဦးချိုများ ပါဝင်သော အမျိုးသမီး၏ ဦးခေါင်းသည် ကောင်းကင်ထက်သို့ လွင့်ပျံသွားပြီး မျဉ်းကွေးပုံသဏ္ဍာန် လမ်းကြောင်းတစ်ခုအတိုင်း ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့် အကွာအဝေးသို့ လွင့်စင်သွားလေသည်။ တောအုပ်အတွင်းရှိ မရေမတွက်နိုင်သော ခေါင်းလောင်းများသည်လည်း စက္ကန့်ပိုင်းမျှအကြာတွင်ပင် ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။
ပတ်ဝန်းကျင်ရှိ အရိပ်မည်းကြီးများသည်လည်း မျက်စိရှေ့တွင်ပင် လျင်မြန်စွာ လွင့်ပြယ်သွားကြပြီး ကောင်းကင်ယံမှာ တဖြည်းဖြည်း တောက်ပလာခဲ့သည်။ ညနေခင်း၏ ရွှေအိုရောင်နေမင်းကြီး၏ အလင်းတန်းများသည် ထက်မြက်သော ဓားသွားများကဲ့သို့ အမှောင်ထုကို ထိုးဖောက်ဝင်ရောက်လာကြပြီး ကျွန်းငယ်လေးတစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။
ဖုန်းပုကြွယ်တစ်ယောက် ထိုဖြစ်ရပ်များကို သတိမပြုမိသေးမီ ခေါင်းလောင်းမိစ္ဆာမ၏ ဦးခေါင်းမရှိသော အလောင်းကြီးမှာ နှစ်ချက်ခန့် ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဖုန်းပုကြွယ်ဆီသို့ တည့်တည့်မတ်မတ် လဲကျလာတော့သည်။
အသက်အမှတ် ၃ ရာခိုင်နှုန်းသာ ကျန်တော့သော ကစားသမားတစ်ဦးအတွက်ဆိုပါက အနည်းဆုံး ကီလိုဂရမ်ငါးဆယ်ခန့် အလေးချိန်ရှိသော အရာဝတ္ထုတစ်ခု၏ ဖိခြင်းကို ခံလိုက်ရပါက သေချာပေါက် ချက်ချင်းသေဆုံးသွားနိုင်ချေ အလွန်မြင့်မားလှသည်။ ဖုန်းပုကြွယ်သည် သေလုမြောပါး အခြေအနေမှ သီသီလေး လွတ်မြောက်လာခဲ့ခြင်းဖြစ်သဖြင့် လုံးဝ သတိလက်လွတ် ဖြစ်မနေချေ။ သူသည် ချက်ချင်း ဘေးသို့လှိမ့်လိုက်သဖြင့် လဲကျလာသော အလောင်းကို ရှောင်တိမ်းလိုက်နိုင်သည်။ သူ၏ အသက်အမှတ် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်းမသွားမီ စက္ကန့်ပိုင်းအလို၌ သူသည် SCP-500 ဆေးလုံးတစ်လုံးကို ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သဖြင့် သွေးထွက်ခြင်းအခြေအနေမှာ ချက်ချင်း ပျောက်ကွယ်သွားရသည်။
"ဟူး... သီသီလေးပဲ..."
ဖုန်းပုကြွယ် ထထိုင်လိုက်ရင်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
နောက်တစ်စက္ကန့်တွင်မူ သူ့အကြည့်များသည် ရီရူလီ၏ အထင်သေးလှသော အကြည့်များနှင့် ဆုံစည်းသွားရသည်။
"သေစမ်း... ဒါက တကယ့်ကို လုံးဝဖုံးထားတာပဲ"
ရီရူလီသည် ဖုန်းပုကြွယ်၏ "နောက်ဆုံးစကား" ကို သူမ၏ ထုံးစံအတိုင်း အေးစက်စက်လေသံဖြင့် ထပ်မံရွတ်ဆိုလိုက်သည်။
“ဟေး... ငါမင်းကို လူခွဲပြီး ထွက်သွားဖို့ ပြောထားတယ် မဟုတ်လား”
ဖုန်းပုကြွယ်က မေးလိုက်သည်။
“မင်း အခုလိုအနားမှာ ရှိနေရင်... တကယ်လို့ ဘော့စ်က သူ့အသက်အမှတ် ၃၀ ရာခိုင်နှုန်းပဲ ကျန်တော့တဲ့ အချိန်မှာ ငါ့ကို အရင်သတ်လိုက်ပြီး မင်းရဲ့ တည်နေရာကို ချက်ချင်း ရှာတွေ့သွားခဲ့ရင် ဘယ်လိုလုပ်မလဲ၊ ဒါဆိုရင် ငါတို့ နှစ်ယောက်စလုံး အပြတ်ရှင်းခံလိုက်ရမှာ မဟုတ်လား”
ရီရူလီသည် သူ့စကားကို လုံးဝကြားပုံမရဘဲ ဆက်ပြောနေလေသည်။
“သူက အရပ် ၁.၉ မီတာနီးပါး ရှိတာ၊ ပြီးတော့ တစ်ဝက်က လူ၊ တစ်ဝက်က ဆိတ်ကြီးပဲလေ...”
ဖုန်းပုကြွယ်က အတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားသည့် လေသံဖြင့် ပြောလိုက်သည်။
“မင်းပြောချင်တာက ငါ့မှာ ထူးဆန်းတဲ့အရသာခံစားမှုမျိုး ရှိတယ်လို့ ပြောချင်တာလား၊ ဒါမှမဟုတ်လည်း မင်းမနာလို ဖြစ်နေတာလား”
“ကျွန်မက အံ့ဩမိရုံသက်သက်ပါ၊ လူတစ်ယောက်က သေခါနီးအချိန်မျိုးမှာ အခုလိုတုံ့ပြန်မှုမျိုး ထွက်လာဖို့အတွက် ဘယ်လောက်အထိ ရူးသွပ်နေရမလဲဆိုတာကိုပေါ့”
ရီရူလီက ရယ်မောလိုက်သည်။
“ဒါက ဂိမ်းလေးတစ်ခုပဲလေ၊ ငါလည်း တကယ်ကြီး လည်ပင်းညှစ်သတ်ခံရတာမှ မဟုတ်တာ”
ဖုန်းပုကြွယ် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ရီရူလီသည် သူ့မျက်နှာကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီး စကားပြောရန် နှုတ်ခမ်းကို လှုပ်ရှားလိုက်သော်လည်း နောက်ဆုံးတွင်မူ ဘာမှ မပြောတော့ဘဲ “ဖြစ်နိုင်ပါတယ်” ဟုသာ ဆိုသည်။
ထိုစကားကို ပြောပြီးနောက် သူမသည် သူ့ဘေးနားသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ပြီး ဒူးနှစ်ဖက်ကို တင်းတင်းဆုပ်၍ ထိုင်ချလိုက်ကာ အသက်ဖြည့်ဆေးရည်နှစ်လုံးကို တိတ်တဆိတ် ကမ်းပေးလိုက်လေသည်။