အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇)
“လက်ရှိတာဝန် ပြီးမြောက်ပါပြီ။ အဓိကတာဝန်ကို အဆင့်မြှင့်တင်လိုက်ပါပြီ”
“ချန်လင်ဓားသိုင်းပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲပြီး ဝူရှန့်မိစ္ဆာသခင်အား အနိုင်မယူနိုင်မီအထိ အသက်ရှင်သန်အောင် ရုန်းကန်ပါ”
ဖုန်းပုကြွယ်နှင့် ရီရူလီတို့ လင်မိုကို သုတ်သင်လိုက်သည့်အခိုက်အတန့်တွင် စနစ်၏ အသိပေးချက်က အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။"ခေါင်းလောင်းမိစ္ဆာအား အနိုင်ယူရန်” ဟူသော မစ်ရှင်ဘေးတွင် အမှန်ခြစ်ပေါ်လာခဲ့ပြီးနောက် အထက်ပါ မစ်ရှင်အသစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရှောင်တန်၊ ရီရူယွီနှင့် အာတိုဘီတို့သည် လင်းချန်က ထိုက်ရွှီဝူရှန့်ပညာကို တတ်မြောက်ထားကြောင်း သိရှိထားကြသော်လည်း သူတို့သည် လုချင်းနင်ကို တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိသဖြင့် ဤဇာတ်လမ်းအတွင်းရှိ ဗီလိန်အစစ်အမှန်မှာ လင်းချန်ဖြစ်သည်ဟု အသေအချာ မပြောနိုင်ကြချေ။ သူတို့အနေဖြင့် "ဝူရှန့်" ဟူသော စကားလုံးကို အခြေခံ၍သာ သူသည် ဘော့စ်ဖြစ်နိုင်ကြောင်း ခန့်မှန်းနိုင်ကြခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်နှင့် ရီရူလီတို့မှာမူ ထိုက်ရွှီဝူရှန့်သိုင်းပညာဟူသော ဝေါဟာရကိုပင် ကြားပင် မကြားဖူးကြချေ။ သူတို့ သိထားသည်မှာ လင်းချန်သည် အလွန်အမင်း စွမ်းအားကြီးမားလှသော ဗီလိန် NPC တစ်ဦး ဖြစ်သည်ဟူသောအချက်သာ ဖြစ်သဖြင့် လင်းချန်သည် ဝူရှန့်မိစ္ဆာသခင် ဖြစ်နိုင်ကြောင်းကိုသာ ခန့်မှန်းနိုင်ကြသည်။
သူတို့ငါးဦးလုံး ပြန်လည်ဆုံစည်းမိကြပြီးမှသာ ဤနောက်ဆုံးမစ်ရှင်၏ ပစ်မှတ်အစစ်အမှန်ကို တိတိကျကျ သတ်မှတ်နိုင်ကြပေလိမ့်မည်။
ယခုအခိုက်အတန့်၌ ချန်လင်မြို့အတွင်းတွင်မူ တတိယမြောက်နေ့၏ ညနေခင်းအချိန်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လပြည့်ညဉ့်ဦးယံ ရောက်ရှိရန်အတွက် နာရီအနည်းငယ်မျှသာ လိုတော့သည်။ သို့သော်လည်း ကြီးမြတ်လှသော ဓားသခင်နှစ်ဦးလုံးမှာ ယခုထိ ပေါ်ထွက်လာခြင်း မရှိသေးချေ။
အမည်မဲ့ဓားသမား ရှဲ့စန်းသည် မနေ့ညနေပိုင်းကတည်းကပင် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ပြီး ဓားနတ်ဘုရား ယဲ့ချန်ကမူ ပိုမိုထူးဆန်းလှစွာဖြင့် တစ်ခါမျှ မျက်နှာပြခဲ့ခြင်း မရှိချေ။
ထိုနေ့က သတင်းအချက်အလက်များကို စူးစမ်းရှာဖွေရန်အတွက် ချန်လင်မှတစ်ဆင့် ကြေးနီတောင်ကုန်းသို့ သွားရောက်ခဲ့ကြသော ဂိုဏ်းကြီးအသီးသီးမှ တပည့်များမှာလည်း ပြန်မရောက်လာခဲ့ကြသလို ချိုးငှက်ဂိုဏ်း၏ ချိုးဖြူများကိုပင် မြင်တွေ့ရခြင်း မရှိချေ။ ချန်လင်မြို့အတွင်းသို့ မည်သည့်ချိုးတစ်ကောင်မျှ ပျံသန်းဝင်ရောက်နိုင်ခြင်းမရှိဘဲ မြို့တစ်ခုလုံး ပြင်ပကမ္ဘာကြီးနှင့် လုံးဝအဆက်အသွယ်ပြတ်တောက်လျက် ပိတ်ဆို့ခြင်း ခံထားရသည့်အလား ရှိနေခဲ့သည်။
ညနေအချိန်သို့ နီးကပ်လာသည်နှင့်အမျှ ချန်လင်မြို့အတွင်းရှိ သိုင်းသမားများသည် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေကြတော့သည်… ။ဒီစိန်ခေါ်ပွဲကြီးက လှည့်စားမှုတစ်ခုသက်သက် ဖြစ်နေမလား။ ဒါပေမဲ့ ယခုလို လှည့်စားမှုမျိုးက ဘာအကျိုးအမြတ်ကို ယူဆောင်ပေးနိုင်မှာလဲ။ ဒီသရဲခြောက်တဲ့ မြို့ပျက်ကြီးရဲ့ စီးပွားရေးကို မြှင့်တင်ပေးဖို့အတွက်လား။ ချန်လင်တည်းခိုခန်းက ယဲ့မိသားစုကို လာဘ်ထိုးထားလို့လား။ မဟုတ်ရင်လည်း ယဲ့ချန်တစ်ယောက် ပျင်းရိနေတာကြောင့် ရှဲ့စန်းနဲ့ သိုင်းလောကတစ်ခုလုံးကို လာရောက်နောက်ပြောင်ကျီစယ်နေတာလား။
ထိုရှင်းလင်းချက်များသည် အဓိပ္ပါယ်မရှိသလို ယုတ္တိမကျလှသည်မှာ ထင်ရှားသော်လည်း အမှန်တကယ် ဘာတွေဖြစ်ပျက်နေသည်ကိုမူ မည်သူမျှ မသိရှိကြချေ။
လူတို့၏ နှလုံးသားအတွင်း၌ ဝေခွဲမရဖြစ်နေရရုံတင်မကဘဲ… စိုးရိမ်ပူပန်မှုများလည်း တဖြည်းဖြည်း မြင့်တက်လို့နေခဲ့သည်။ သို့သော်လည်း ၎င်းတို့ လုပ်ဆောင်နိုင်သည်မှာ စောင့်ဆိုင်းနေရခြင်းသက်သက်သာ ဖြစ်သည်။ မသိရှိရသေးသော ပူးပေါင်းကြံစည်မှုကြီး ပေါ်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေရခြင်း ဖြစ်တော့သည်…။
…
လပြည့်ည၊ ချန်လင်မြို့အတွင်း၌ ဖြစ်သည်။
လရောင်ကား ဆီးနှင်းများကဲ့သို့ ဖြူဖွေးလို့နေသည်။ ထိုလရောင်သည် မြေပြင်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ပင် လင်းကျင်းနေစေခဲ့သည်။
အိမ်တော်တစ်ခု၊ မျှော်စင်နှစ်ခု၊ ဂိုဏ်းသုံးဂိုဏ်း၊ တံခါးလေးချပ်တို့မှ အဖွဲ့ဝင်များအပြင် အခြားဒုတိယတန်းစားနှင့် တတိယတန်းစားဂိုဏ်းအသီးသီးမှ သိုင်းသမားများနှင့် တစ်ကိုယ်တော် သိုင်းသမားများအပါအဝင် လူပေါင်းလေးရာကျော်တို့သည် ချန်လင်တည်းခိုခန်းရှေ့တွင်ရှိသော ပင်မလမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ တည်းခိုခန်း၏ ထူးခြားဆန်းကြယ်သော လူပင်လျှင် လမ်းပေါ်သို့ ထွက်လာခဲ့ပြီး ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းသူရဲကောင်းနှစ်ဦးတွင် အမှန်တကယ် ခေါင်းသုံးလုံးလက်ခြောက်ဖက် ရှိနေမလားကို စူးစမ်းလိုစိတ်ဖြင့် လာရောက်ကြည့်ရှုနေခဲ့သည်။ သို့သော်လည်း ယခုအချိန်အထိ ယဲ့ချန် သို့မဟုတ် ရှဲ့စန်းကို မြင်တွေ့ရသူ မရှိသေးချေ။
ရုတ်တရက်ဆိုသလို လူရိပ်တစ်ခုက တည်းခိုခန်းရှေ့တွင်ရှိသော အိမ်တစ်အိမ်၏ ခေါင်မိုးပေါ်သို့ ဖျတ်ခနဲ ခုန်တက်သွား၏။ ထိုလူသည် မြေပြင်မှ သုံးမီတာခန့်အကွာအဝေးတွင် မတ်တတ်ရပ်နေခြင်း ဖြစ်သဖြင့် အလွန်အမင်း မြင့်မားခြင်း မရှိသော်လည်း မြင်ကွင်းကျယ်သဖြင့် လမ်းပေါ်ရှိ လူတိုင်း သူ့ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ကြသည်။
"လူကြီးမင်းတို့... အချိန်ကျပြီ"
ထိုလူ၏ အသံမှာ နက်ပြီး အက်ရှရှဖြစ်နေသော်လည်း လူတိုင်း၏ နားထဲတွင် ရှင်းလင်းစွာ ကြားလိုက်ရသည်။ ထိုအချက်တစ်ခုတည်းနှင့်ပင် ထိုလူ၏ အတွင်းအားကျင့်စဉ်က မည်မျှအထိ စွမ်းအားကြီးမားကြောင်းကို သက်သေပြနေခဲ့ပြီ ဖြစ်သည်။
လမ်းပေါ်ရှိ အတွေ့အကြုံ နည်းပါးသော သိုင်းသမားအချို့မှာ ထိုလူကို မမှတ်မိကြသော်လည်း ဂိုဏ်းအသီးသီး၏ ခေါင်းဆောင်များမှာမူ ၎င်းကို အကြမ်းဖျင်းအားဖြင့် သိရှိကြသည်။ စကားပြောလိုက်သောသူမှာ အခြားသူမဟုတ်ဘဲ ပန်းပွင့်ဓားခြောက်လက်ထဲတွင် ဖမ်းရအခက်ဆုံးဖြစ်ကာ အရိပ်မဲ့ဓားဟု လူသိများသည့် ရှန်ဖေးပင် ဖြစ်တော့သည်။
ရှန်ဖေးသည် အနက်ရောင်ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူ့ပုံသဏ္ဍာန်သည် လရောင်အောက်တွင် ပိန်လှီနေပြီး အရိုးငေါငေါထွက်နေသည့်အလား ရှိနေလေသည်။ စကားပြောပြီးနောက် သူသည် သူ့ဝတ်ရုံအတွင်းမှ ဝါးကျည်တောက်တစ်ခုကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီးနောက် မီးခြစ်အိုးကို ထုတ်ယူကာ ဝါးကျည်တောက်၏ အောက်ခြေရှိ ပြွန်ကို မီးညှိလိုက်သည်။
စက္ကန့်အနည်းငယ်အကြာတွင်မူ မြည်သံတစ်ခုနှင့်အတူ မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံထက်သို့ တဟုန်ထိုး ပျံသန်းသွားခဲ့သည်။ စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား…။ မြှားတစ်စင်း ကောင်းကင်သို့ ပျံတက်သွားခြင်းက စစ်သည်တော်ထောင်သောင်းမကကို ဆင့်ခေါ်နိုင်သည်ဟူ၍ ဖြစ်သည်။ ရှန်ဖေး၏ အချက်ပေးမီးကျည်သည် စစ်သည်တော်အမြောက်အများကို ဆင့်ခေါ်နိုင်စွမ်း မရှိလျှင်ပင် စစ်တပ်တစ်ခုကိုတော့ သေချာပေါက် ဆွဲဆောင်နိုင်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ခေါင်မိုးပေါ်သို့ အခြားလူရိပ်တစ်ခု တက်လာခဲ့ပြီး မေးမြန်းလိုက်သည်။
"ရှန်ဖေး... မင်း အခုလိုလုပ်ရတဲ့ အဓိပ္ပါယ်က ဘာလဲ"
ရောက်ရှိလာသူမှာ အရေးကိစ္စမှန်သမျှတွင် စွက်ဖက်တတ်ခြင်းကြောင့် နာမည်ကျော်ကြားလှသည့် ရှစ်ထောင့်မျှော်စင်သခင် ကျီထုံပင် ဖြစ်သည်။
"ဒီမေးခွန်းအတွက် ကျုပ်ကိုယ်တိုင် ပြန်ဖြေကြားပေးပါ့မယ်"
လင်းချန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူ့အသံသည် ကောင်းကင်ဘုံအလွန်မှ လာခဲ့သည့်အလား လမ်းမကြီးတစ်လျှောက် ပဲ့တင်ထပ်သွားသဖြင့် လူတိုင်း၏ ကျောရိုးအတွင်းသို့ အေးစိမ့်သောခံစားချက်မျိုး ဝင်ရောက်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင် လင်းချန်၏ ပုံရိပ်သည် တည်းခိုခန်းအမြင့်ပိုင်းနေရာမှနေ၍ ပျံဝဲလာခဲ့ပြီး ဟင်းလင်းပြင်ပကို နင်းလျှောက်လျက် ရှန်ဖေးနှင့် ကျီထုံတို့ဘေးသို့ ကျော့ရှင်းစွာ ရောက်ရှိလာခဲ့သည်။
ယနေ့တွင်မူ မိုးပြာဓားသည် သူဝတ်ဆင်လေ့ရှိသော ဝတ်ရုံဖြူသိုင်းသမားပုံစံကို ပြောင်းလဲလိုက်ပြီး အနက်ရောင်ကတ္တီပါဝတ်ရုံကို ဝတ်ဆင်ထား၏။ ခါးတွင် ဓားတစ်စင်း ချိတ်ဆွဲထားပြီး နောက်ကျောတွင်မူ ဓားနှစ်စင်းကို လွယ်ထားသဖြင့် စုစုပေါင်း ဓားသုံးစင်း ယူဆောင်လာခြင်း ဖြစ်သည်။ လင်းချန်သည် မူလကပင် ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများနှင့် တောက်ပသော မျက်ဝန်းများကြောင့် ခန့်ညားထည်ဝါသူ ဖြစ်သော်လည်း ယခုတွင်မူ သူသည် ဖရိုဖရဲဖြစ်နေသော ဆံပင်များနှင့်အတူ ရိုင်းစိုင်းကြမ်းကြုတ်သောအသွင်မျိုး ရှိနေပြီး သူ၏ မျက်နှာပေါ်တွင်လည်း အလွန်အမင်း ထင်ရှားလှသော ခရမ်းပုပ်ရောင်အငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။
ထိုနေ့ခင်းပိုင်းကတည်းကပင် လင်းချန်နှင့် ရှန်ဖေးတို့သည် သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ကြခြင်း ဖြစ်သဖြင့် ယဲ့မူဟန်၊စုထန်နှင့် မြောင်ရှောင်ချင်းတို့ပင် သူတို့ ဘယ်သွားကြသည်ကို မသိရှိခဲ့ကြချေ။
ယခုလိုအချိန်မျိုးတွင် သူတို့ ယခုကဲ့သို့သော နည်းလမ်းမျိုးဖြင့် ခမ်းနားကြီးကျယ်စွာ ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။
"အမည်မဲ့ဓား"
"ဆီးနှင်းကြွေဓား"
လူအုပ်ကြီးထဲတွင် လင်ချန်၏ နောက်ကျော၌ လွယ်ထားသော ဓားနှစ်လက်ကို ချက်ချင်း မှတ်မိသွားကြသူများ ရှိနေခဲ့သည်။ ယင်းတို့သည် ရှဲ့စန်းနှင့် ယဲ့ချန်တို့၏ ကိုယ်ပိုင်ဓားများ ဖြစ်ကြသည်။
ဓားသမားတစ်ဦးအတွက်၊ အထူးသဖြင့် ထိပ်သီးဓားသခင်များအတွက်မူ… ဓားဆိုသည်မှာ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်သည်။ သူတို့ အသက်ရှင်နေသရွေ့ သူတို့၏အစိတ်အပိုင်းကို အခြားသူတစ်ဦးထံသို့ ဘယ်တော့မှ ပေးအပ်ကြမည် မဟုတ်ချေ။ သို့သော်လည်း ယခုအခါတွင် လင်းချန်သည် အခြားသူများ၏ ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်နှစ်လက်လုံးကို တစ်ပြိုင်နက်တည်း ဆောင်ထားခြင်းဖြစ်သဖြင့် ရောက်ရှိနေသော လူတိုင်းကို လုံးလုံးလျားလျား ဆွံ့အသွားစေတော့သည်။
“အခုလေးတင် ကောင်းကင်ပေါ်ကို ပျံတက်သွားခဲ့တဲ့ အချက်ပေးမီးကျည်ကြောင့် ကြေးနီတောင်ကုန်းရဲ့ ပင်မလမ်းမကြီးကနေ တော်ဝင်အစောင့်တပ် အင်အားနှစ်ထောင်နီးပါးဟာ ဒီနေရာကို ချီတက်လာပြီး ချန်လင်မြို့ကို ဝိုင်းရံပိတ်ဆို့ကြတော့မယ်၊ ကျုပ်အမိန့်မရှိဘဲ ချန်လင်မြို့ကနေ ဘယ်သူမှ အသက်ရှင်လျက် ထွက်ခွာခွင့်ရှိမှာ မဟုတ်ဘူး”
လင်းချန်၏ အသံသည် အနည်းငယ်တုန်ရီနေပြီး သူ၏ ကြီးမားလှသော စိတ်လှုပ်ရှားမှုနှင့် ကျေနပ်အားရမှုတို့ကို ဖော်ပြနေလေသည်။ သူသည် ဤကဲ့သို့နေ့ရက်၊ ဤကဲ့သို့အခိုက်အတန့်ကို ရောက်ရှိလာရန်အတွက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
“မင်း ဘာပြောလိုက်တယ်”
ကျီထုံက ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်မိသည်။
လမ်းပေါ်ရှိ လူရာပေါင်းတို့သည်လည်း ထပ်တူထပ်မျှ တုံ့ပြန်လိုက်ကြသည်။ လင်းချန်၏ စကားများသည် မိုးကြိုးတစ်ချက်ပစ်ချလိုက်သကဲ့သို့ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။
ဝတ်ရုံစများ လေထဲတွင် လွင့်ပျံသွားသည့်အလား အသံအနည်းငယ် ထွက်ပေါ်လာပြီးနောက် ခေါင်မိုးပေါ်တွင် အခြားလူရိပ်လေးခု ထပ်မံပေါ်ထွက်လာခဲ့သည်။ အရုဏ်ဦးတစ်ထောင်မျှော်စင်သခင် ကုန်းစွန်းချန်၊ ရှောင်လင်ကျောင်းထိုင်ဆရာတော် ဖာမင်၊ ရန်ဝူဂိုဏ်းချုပ် စုန့်ခွမ်းနှင့် ရှောင်းယောင်ဂိုဏ်းချုပ် ကျုံးလျန်တို့ ဖြစ်ကြသည်။
"အော်မီတော်ဖော်... တကာကြီးလင်း၊ ဒါတွေက တကယ်ပဲ အမှန်တရားလား"
ဆရာတော်ဖာမင်က ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
စုန့်ခွမ်းက "ဒါက ဂိုဏ်းချုပ်ယဲ့ရဲ့ ရည်ရွယ်ချက်လား"
ကျုံးလျန်က "ဘာဖြစ်လို့ သူရဲကောင်းရှဲ့နဲ့ ဂိုဏ်းချုပ်ယဲ့တို့ ဓားတွေက မင်းရဲ့ ခန္ဓာကိုယ်ပေါ် ရောက်နေရတာလဲ"
"ဓားသခင်လင်း"
ကုန်းစွန်းချန် အဓိကအချက်ကို တိုက်ရိုက် မေးမြန်းလိုက်သည်။
"နန်းတွင်းနဲ့ သိုင်းလောကက အချင်းချင်းစွက်ဖက်ခြင်း မပြုရဘူးဆိုတာ နှစ်ပေါင်းများစွာ ကြာအောင် တည်ရှိခဲ့တဲ့ သံမဏိစည်းကမ်းတစ်ခုပဲ၊ ယခုတော့ မင်းက ကျင်းယီဝေ(တော်ဝင်စစ်ဆေးရေးအဖွဲ့) နဲ့ ပူးပေါင်းကြံစည်နေတာပေါ့..."
"ပူးပေါင်းကြံစည်တယ်ဆိုတာ ဘာသဘောလဲ"
လင်းချန် သူ့စကားကို ဖြတ်ပြောလိုက်သည်။
"ကျုပ်က မင်မင်းဆက်ရဲ့ နိုင်ငံသားတစ်ဦးအနေနဲ့ နန်းတွင်းအပေါ်မှာ သစ္စာရှိတယ်၊ ဒါကို ဘယ်လိုနည်းနဲ့ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲနိုင်မှာလဲ"
သူ့အကြည့်များက ရှန်ဖေးမှလွဲ၍ ကျန်ရှိသော လူငါးဦးဆီသို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။
"ခင်ဗျားတို့လို အပေါ်ယံသူတော်ကောင်းယောင်ဆောင်နေတဲ့ သူခိုးအိုကြီးတွေက ကိုယ့်ဂိုဏ်းအသီးသီးကို အပိုင်စီးထားကြပြီး အစိုးရရဲ့ ထိန်းချုပ်မှုကို ငြင်းဆန်နေကြတာပဲ"
သူက သရော်လိုက်သည်။
"ယဉ်ယဉ်ကျေးကျေးပြောရမယ်ဆိုရင်တော့ ကျုပ် ခင်ဗျားတို့ကို 'ဂိုဏ်းချုပ်' လို့ ခေါ်ပေးပါ့မယ်၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ခင်ဗျားတို့ဟာ ကမ္ဘာကြီးကို လှည့်စားပြီး နာမည်ကြီးမှုကို အလွဲသုံးစားလုပ်နေကြတဲ့ တတိယတန်းစားသိုင်းသမား အုပ်စုတစ်စုထက် မပိုဘူး"
သူ၏ သရော်လှောင်ပြောင်သော စကားများကြောင် လူအုပ်ကြားထဲတွင် ဒေါသတရားများ ပေါက်ကွဲထွက်လာစေခဲ့သည်။ လူအုပ်ကြီးသည် ချက်ချင်း မခံမရပ်နိုင်ဖြစ်သွားခဲ့ကြရပြီး အော်ဟစ်ဆဲဆိုကြတော့သည်။အကယ်၍ ဒုတိယထပ်တွင် ဂိုဏ်းကြီးသုံးခု၏ ခေါင်းဆောင်များ မတ်တတ်ရပ်မနေခဲ့ပါက သူတို့သည် လင်းချန်ထံသို့ များစွာသောလက်နက်များကို ပစ်ပေါက်ပြီးနေလောက်ပြီ ဖြစ်သည်။
ဆိုရိုးတစ်ခုရှိသည်မဟုတ်ပါလား... စာပေကော သိုင်းပညာပါ ကျွမ်းကျင်တတ်မြောက်ထားရင် ဧကရာဇ်အတွက် အမှုထမ်းရမည်ဟူ၏။
လင်းချန်သည် လုံးဝ တုန်လှုပ်ခြင်း မရှိချေ။ သူက အေးအေးလူလူပင် ပွင့်လင်းစွာဖြင့် တရားမျှတသည့်အလား ပြောလိုက်သည်။
"တော်ဝင်စစ်ဆေးရေးအဖွဲ့ရဲ့ တပ်မှူးကြီးချန်ရဲ့ လေးစားမှုကို ခံရတဲ့အတွက် ငါလင်းဟာ အခုအခါမှာ နန်းတွင်းကို သစ္စာခံလိုက်ပြီဖြစ်သလို လက်ရှိဧကရာဇ်မင်းမြတ်အတွက် အမှုထမ်းသွားမှာ ဖြစ်တယ်"
"တောက်၊ မင်းခွေးကောင်"
"အစေခံကောင်"
"ဒီမိုးပြာဓားက အခုလို အရှက်မရှိတဲ့ လူယုတ်မာတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိခဲ့ဘူး"
လင်းချန်၏ စကားများသည် ဆဲဆိုသံမြောက်များစွာနှင့် ထပ်မံကြုံတွေ့လိုက်ရပြန်သည်။ ပန်းပွင့်ဓားများ၏ အခြားဓားသမားသုံးဦးလည်း ဆက်ကြည့်မနေနိုင်ကြတော့ဘဲ အိမ်ဘေးနားရှိ ခေါင်မိုးပေါ်သို့ ခုန်တက်လာခဲ့ကြတော့သည်။
မြောင်ရှောင်ချင်းက ထိတ်လန့်တကြားဖြင့် မေးမြန်းလိုက်သည်။
"စီနီယာအစ်ကိုကြီး၊ မင်း ရူးသွားပြီလား၊ ဘာတွေ ဖြစ်နေတာလဲ၊ မင်းက ဘယ်လိုလုပ်ပြီး နန်းတော်ကို သစ္စာခံနိုင်ရတာလဲ"
ယဲ့မူဟန်သည် ပွင့်လင်းသူတစ်ဦး ဖြစ်သဖြင့် ပို၍ ဗြောင်ကျကျ အော်ဟစ်လိုက်သည်။
"လင်းချန်၊ နင် ဒီနေရာမှာ အဓိပ္ပါယ်မရှိတာတွေ လာပြောနေတာက ယဲ့မိသားစုကို သိုင်းလောကတစ်ခုလုံးရဲ့ ပစ်မှတ်ဖြစ်အောင် လုပ်နေတာလား"
ထို့နောက်တွင် သူမ၏အကြည့်များသည် လင်းချန်နောက်ကျောရှိ ဆီးနှင်းကြွေဓားဆီသို့ ရောက်ရှိသွားခဲ့သည်။
"ငါ့ရဲ့ အစ်ကိုကြီး ဘယ်မှာလဲ၊ ဘာဖြစ်လို့ သူ့ဓားက နင့်လက်ထဲ ရောက်နေရတာလဲ"
"အိုး… ဂျူနီယာညီမလေးယဲ့"
လင်းချန် သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
"မင်းက အချိန်ကိုက်ရောက်လာတာပဲ"
သူ ထိုသို့ပြောဆိုရင်း လက်တစ်ဖက်ကို မြှောက်လိုက်ရာ ချီအလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ယင်းသည် တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ယဲ့မူဟန်ထံသို့ အရှိန်အဟုန်ဖြင့် တည့်တည့်မတ်မတ်ပြေးဝင်သွားတော့သည်။
ယဲ့မူဟန်သည် ယခုကဲ့သို့ ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်လိုက်သည့် အတွင်းအား၏ စွမ်းအားနှင့် အရှိန်မျိုးကို တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် သူမသည် ပြင်းထန်သော စွမ်းအား၏ တိုက်ရိုက်ထိမှန်ခံလိုက်ရပြီး ပါးစပ်မှ သွေးများအန်ထွက်ကာ နောက်သို့ လွင့်ထွက်သွားခဲ့သည်။
"ငါ့အထင်တော့ ဒီတိုက်ကွက်က ငါနဲ့ ယဲ့မိသားစု ပတ်သက်မှုမှန်သမျှကို အကုန် ဖြတ်တောက်လိုက်ပြီလို့ ထင်တယ်"
လင်းချန်က သရော်လိုက်သည်။
တစ်ချိန်တည်းတွင် သူသည် ခါးမှ မိုးပြာဓားကို ဆွဲထုတ်လိုက်ပြီး ယဲ့မူဟန်ရှိရာဘက်သို့ ညွှန်လိုက်ရာ ဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ယဲ့မူဟန်ရှေ့သို့ ရောက်ရှိသွားလေသည်။
"ဟမ့်... မင်းရဲ့ အစ်ကိုကြီးအတွက်ကတော့ ငရဲပြည်ရောက်မှပဲ သွားတွေ့လိုက်တော့"
လင်းချန် ရယ်မောလိုက်သည်။
လေထဲလွင့်ထွက်သွားသော ယဲ့မူဟန်အနေဖြင့် ရှောင်တိမ်းရန်နည်းလမ်းမရှိတော့ဘဲ လည်ပင်းကို ထိုဓားစွမ်းအင်၏ ထိုးဖောက်ခံလိုက်ရသဖြင့် ချက်ချင်းပင် သေဆုံးသွားခဲ့သည်။ စုထန်နှင့် မြောင်ရှောင်ချင်းတို့ ထိတ်လန့်တုန်လှုပ်လျက် ဆွံ့အသွားကြရသည်။ သူတို့အနေဖြင့် လက်ရှိ ဖြစ်ပျက်နေသော အခြေအနေကို တားဆီးရန်အတွက် လုံးဝစွမ်းအားမဲ့နေရသည်။ လင်းချန်၏ ဓားစွမ်းအင်သည် အလွန်အမင်း ပြင်းထန်ပြီး အလွန်အမင်း မြန်ဆန်လှသဖြင့် သူတို့ ယှဉ်ပြိုင်နိုင်စွမ်း မရှိပါချေ။ အကယ်၍ သူတို့ ရှေ့သို့ခုန်ဝင်ပြီး ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးချင်လျှင်ပင် အချိန်မီတော့မည် မဟုတ်ချေ။
လင်းချန်သည် လုံးဝထိတ်လန့်အံ့ဩနေကြသော ဂိုဏ်းချုပ်ငါးဦးဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး သူ့နောက်ကျောရှိ ဓားနှစ်လက်ကို ညွှန်ပြလိုက်သည်။
"အခု ဒီဓားနှစ်လက်ကို ကျုပ်ဘယ်လိုနည်းနဲ့ ရခဲ့လဲဆိုတာကို ခင်ဗျားတို့ နားလည်သွားကြပြီမလား"
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြင်းသို့ ရောက်ရှိသွား၏။
ဖုန်းပုကြွယ်နှင့် အခြားလူများ အသုံးပြုခဲ့သော လှည့်ကွက်များနှင့်မတူဘဲ လင်းချန်အသုံးပြုခဲ့သော နည်းလမ်းများသည် ဤကမ္ဘာရှိ သိုင်းသမားများ နားလည်နိုင်စွမ်းရှိသော အရာများ ဖြစ်ကြသည်။ သူသည် အတွင်းအားနှင့် သိုင်းပညာများကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး လှုပ်ရှားမှုတိုင်း စည်းကမ်းချက်များအတိုင်း ရှိနေခဲ့သည်။
ယင်းကြောင့်ပင် သူသည် ထိုလူများ၏ နှလုံးသားအတွင်းသို့ ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ကို ရိုက်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"သေချာ နားထောင်ကြ"
လင်းချန်သည် ထိတ်လန့်နေကြသော မျက်နှာများကို စိုက်ကြည့်လိုက်သည်။ အစောပိုင်းက သူ့ကို ဆဲဆိုနေခဲ့ကြသော လူအားလုံး တိတ်ဆိတ်သွားကြသည်ကို မြင်သည့်အခါ သူသည် အထင်သေးစွာဖြင့် သရော်လိုက်ရင်း ဆက်လက် ပြောဆိုလိုက်သည်။
"ဒီနေ့ညမှာ ဂိုဏ်းချုပ်တွေ၊ ကျွမ်းကျင်သူတွေနဲ့ အကြီးအကဲတွေအားလုံး ဒီနေရာမှာ စုံစုံလင်လင် ရောက်ရှိနေကြတဲ့အတွက် ကျုပ် ခင်ဗျားတို့ကို ရွေးချယ်စရာ လမ်းကြောင်းနှစ်ခု ပေးပါ့မယ်"
မည်သူမျှ သူ့စကားကို ဖြတ်မပြောကြချေ၊ လူတိုင်း အသက်အောင့်ထားကြပြီး ဂရုတစိုက် နားထောင်နေကြသည်။
"ပထမအချက် ဒီနေ့ကစပြီး ကျုပ်လင်းချန်ဟာ သိုင်းလောကမဟာမိတ်ခေါင်းဆောင် ဖြစ်ရမယ်၊ ဒီအချိန်ကစပြီး သိုင်းလောကသားမှန်သမျှ ကျုပ်အမိန့်ကို နာခံရမယ်၊ ဂိုဏ်းအသီးသီးနဲ့ တစ်ဦးချင်းစီဟာ ကိုယ့်ရဲ့ သိုင်းပညာတွေကို စာရင်းပြုစုပြီး နန်းတော်ကို အကုန်အပ်နှံရမယ်၊ ဘယ်လိုဖုံးကွယ်ထားတာမျိုးမှ ခွင့်မပြုဘူး၊ ကိုယ့်ရဲ့ သိုင်းပညာရပ်တွေကို အပ်နှံတဲ့သူတွေသာလျှင် ချန်လင်မြို့ကနေ ထွက်ခွာခွင့်ရှိမှာ ဖြစ်တယ်"
"ဒုတိယလမ်းကြောင်းကတော့..."
လင်းချန် ရယ်မောလိုက်သည်။
"သေဆုံးခြင်းပဲ"
"အဓိပ္ပါယ်မရှိတာ"
ကျီထုံက အော်ဟစ်လိုက်သည်။
"မင်း တော်ဝင်အစောင့်တပ်ဖွဲ့ အင်အားနှစ်ထောင်ကို ဦးဆောင်ပြီး ချန်လင်မြို့ကို ဝိုင်းထားတယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ၊ သူတို့က လယ်သမား စစ်သားအုပ်စုတစ်စုထက်မပိုဘူး၊ ဒီနေရာမှာရှိတဲ့ ကျွမ်းကျင်သူရာပေါင်းများစွာကို ဘယ်လိုနည်းနဲ့ အနိုင်ယူနိုင်မှာလဲ"
"သူတို့ ခင်ဗျားတို့ကို အနိုင်ယူဖို့ မလိုပါဘူး၊ ခင်ဗျားတို့ကို ခဏလောက် ထိန်းထားပေးနိုင်ရုံနဲ့တင် လုံလောက်ပါပြီ"
လင်းချန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"သတ်ဖြတ်တာကိုတော့ ကျုပ်ကိုယ်တိုင် တာဝန်ယူမှာ ဖြစ်လို့ပဲ"
"ငါ မင်းကို အရင်ဆုံး သတ်ပစ်မယ်"
ဟိန်းဟောက်သံတစ်ခုနှင့်အတူ ဓားတစ်စင်းက လေထုကို ထိုးခွင်းလျက် ထွက်ပေါ်လာခဲ့သည်။
ဝါးကျည်တောက်က နှစ်ပိုင်းကွဲသွားပြီး ဓားသည် ယင်းအတွင်းမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ မြောင်ရှောင်ချင်း၏ ထိတ်လန့်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း သူ၏ ဒေါသတရားများကိုတော့ ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ သူ့အတွင်းအားများသည် ရုတ်တရက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး ဓားစွမ်းအင်မှာ ဝါးပင်များကြားမှ မြည်သံပေး၍ ထွက်ပေါ်လာလေသည်။
စုထန်သည်လည်း သူမ၏ စီနီယာအစ်မအတွက် လက်စားချေရန် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ သူမနှင့် ယဲ့မူဟန်တို့သည် ညီအစ်မရင်းချာများကဲ့သို့ သံယောဇဉ်ကြီးမားကြသလို လင်းချန်ကိုလည်း အစ်ကိုကြီးတစ်ဦးကဲ့သို့ လေးစားခဲ့သူ ဖြစ်သည်။ စီနီယာအစ်မက လင်းချန်လက်ချက်ဖြင့် ရက်ရက်စက်စက် သေဆုံးသွားခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် သူမ၏ ဦးနှောက်သည် လုံးဝဗလာဖြစ်သွားခဲ့ရပြီး စိတ်ဓာတ်များ ပျက်စီးသွားရသည်။ သူမသည် မျက်ဝန်းထဲတွင် မျက်ရည်များရစ်ဝဲလျက် အာရုံစိုက်နိုင်အောင် မနည်းကြိုးစားနေရခြင်း ဖြစ်သော်လည်း ဆောင်းဦးသစ်ခွဓားကို ဆွဲထုတ်လိုက်သည့် အချိန်၌ ၎င်း၏ အသေတိုက်ကွက်ဖြစ်သည့် ‘ထူးခြားလှပသောသစ်ခွရနံ့’ အကွက်မှာမူ အလွန်အမင်း ထက်မြက်ပြီး ကရုဏာတရားကင်းမဲ့နေဆဲ ဖြစ်သည်။
"ဟမ့််... ရယ်စရာပဲ"
လင်းချန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း မိုးပြာဓားကို ဓားအိမ်အတွင်းသို့ ပြန်ထည့်လိုက်ပြီးနောက် လက်နှစ်ဖက်ကိုယှက်လျက် သူ့နောက်ကျောရှိ ဆီးနှင်းကြွေဓားနှင့် အမည်မဲ့ဓားတို့ကို ဆုပ်ကိုင်လိုက်တော့သည်။
ထို နတ်ဘုရားလက်နက်နှစ်လက်သည် ဓားအိမ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့၏ စွမ်းအားများက ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို လွှမ်းမိုး၍ အရပ်မျက်နှာအားလုံးကို ချုပ်ကိုင်လိုက်တော့သည်။
ဓားဆွဲထုတ်လိုက်ရုံမျှဖြင့် ထွက်ပေါ်လာသော ဖိအားသည် လင်းချန်နှင့် အနီးဆုံးတွင်ရှိသော ဂိုဏ်းချုပ်ငါးဦးကို နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်ခွာသွားစေရန်အတွက် လုံလောက်ပေသည်။
တိုက်ကွက်ဖော်လိုက်ကြသော မြောင်ရှောင်ချင်းနှင့် စုထန်တို့သည်လည်း ပြင်းထန်လှသော ဓားစွမ်းအင်များ၏ ပိတ်ဆို့ခြင်းခံလိုက်ရသဖြင့် လင်းချန်၏ ဆယ်ပေပတ်လည် အကွာအဝေးအတွင်းသို့ပင် ဝင်ရောက်နိုင်ခြင်း မရှိကြချေ။ သူတို့သည် လေထဲတွင်ပင် မမြင်နိုင်သော စွမ်းအားတစ်ခု၏ တားဆီးခြင်း ခံလိုက်ကြရသည်။
"လပြည့်ညဆိုတာ ငါ့ရဲ့ နတ်ဘုရားစွမ်းရည်တွေ အမြင့်ဆုံးအဆင့်ကို ရောက်ရှိတဲ့အချိန်ပဲ၊ ငါကိုယ်တိုင်တောင်မှ ငါအခုလောက်အထိ သန်မာလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး..."
လင်းချန်သည် လက်တစ်ဖက်စီတွင် ဓားတစ်လက်စီကို ကိုင်ဆောင်ထားရင်း ဘေးတစ်ဖက်တစ်ချက်သို့ စောင်းငဲ့ကြည့်လိုက်သည်။
"ခင်ဗျားတို့လို လူတွေက အရမ်းမိုက်မဲကြတာပဲ၊ ကျုပ် ခင်ဗျားတို့ကို ပိုထင်ထင်ရှားရှား ပြောဖို့ လိုနေပုံရတယ်...
ယဲ့ချန် သေသွားတာ ကြာပြီ၊ ချန်လင်ဓားသိုင်းပြိုင်ပွဲအတွက် စိန်ခေါ်စာကို ကျုပ်ကိုယ်တိုင် ရှဲ့စန်းဆီ ရေးသားခဲ့တာ ဖြစ်သလို ဒီသတင်းကို ဖြန့်ဝေခဲ့တာလည်း ကျုပ်ပဲ ဖြစ်တယ်၊ ခင်ဗျားတို့ ချန်လင်မြို့ကို ရောက်လာကတည်းက ကျုပ်ထောင်ချောက်ထဲကို ကျရောက်နေခဲ့ကြပြီ။
ချန်လင်မြို့ဆိုတာ အရပ်သုံးမျက်နှာမှာ တောင်တန်းတွေ ဝိုင်းရံထားတာဖြစ်ပြီး မြို့ပြင်ကို ထွက်ခွာနိုင်မယ့် လမ်းကြောင်းနှစ်ခုလုံးကိုလည်း လက်ရှိအချိန်မှာ တော်ဝင်စစ်ဆေးရေးအဖွဲ့က ပိတ်ဆို့ထားပြီးသား ဖြစ်တယ်၊ ခင်ဗျားတို့ ထွက်ပြေးလို့ မရနိုင်ဘူး၊ ကျုပ်မှာ ခင်ဗျားတို့တစ်ယောက်ချင်းစီကို သတ်ဖြတ်ဖို့အတွက် အချိန်အလုံအလောက် ရှိတယ်"
သူ ခေတ္တမျှ ရပ်နားလိုက်ပြီးမှ ဆက်ပြော၏။
"ဒီအစီအစဉ်ထဲက တစ်ခုတည်းသော အပြောင်းအလဲကတော့ နတ်ဘုရားမာကွစ်အိမ်တော်က လွှတ်လိုက်တဲ့ သူလျှိုတွေပဲ၊ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်မှ မြို့ထဲကို အသက်ရှင်လျက် မဝင်နိုင်ခဲ့တဲ့အတွက် ဘာမှ မရှာဖွေနိုင်ခဲ့ကြဘူး၊ တကယ်လို့ ခင်ဗျားတို့အနေနဲ့ တတိယအဖွဲ့အစည်းတစ်ခုခုက ဒီကိစ္စထဲ ဝင်စွက်ဖက်ပေးလိမ့်မယ်လို့ မျှော်လင့်နေကြတယ်ဆိုရင်တော့ အဲ့ဒီစိတ်ကူးကို လက်လျှော့လိုက်တာက ပိုကောင်းလိမ့်မယ်"
"ဟမ့်... မင်းက အစီအစဉ်ကို တကယ်ကြီး အသေအချာ ပြင်ဆင်ထားခဲ့တာပေါ့..."
ကျီထုံက သရော်လိုက်သည်။
“ကျီထုံ၊ ခင်ဗျား ဘာတွေစဉ်းစားနေလဲဆိုတာ ကျုပ်သိပါတယ်၊ ကျုပ်အထင်တော့ ဒီနေရာမှာရှိတဲ့ လူအများစုလည်း အတွေးတူနေကြလိမ့်မယ်၊ ဟီးဟီး… ခင်ဗျားတို့ ထင်နေတာက ခင်ဗျားတို့ရဲ့ ‘ကျွမ်းကျင်သူတွေ’ လို့ခေါ်တဲ့ အင်အားစုတွေ ပူးပေါင်းလိုက်ရင် ကျုပ်ကို သတ်နိုင်လိမ့်မယ်လို့ ထင်နေကြတာမလား၊ အဲဒီနောက် ခင်ဗျားတို့လို ရာနဲ့ချီတဲ့လူတွေက ချန်လင်မြို့ကနေ ဖောက်ထွက်သွားနိုင်မယ် ဒါမှမဟုတ်ရင် တောင်တန်းတွေထဲကို ယာယီထွက်ပြေးနိုင်လိမ့်မယ်လို့ တွေးနေကြတာမလား”
လင်းချန်သည် ရောက်ရှိနေသော လူအများစု၏ အတွေးများကို တိုက်ရိုက်ပင် ဖော်ထုတ်လိုက်သည်။
“ဟားဟားဟား… ခင်ဗျားတို့ သတ္တိရှိရင်လည်း ရှေ့ကို လှမ်းခဲ့ကြစမ်းပါ၊ အရင်လာတဲ့သူ အရင်သေမှာပဲ၊ ခင်ဗျားတို့ထဲက လူအများစု သေသွားပြီးတဲ့အခါကျရင် ကျန်တဲ့သူတွေကတော့ ကိုယ့်အသက်ကို ကယ်တင်ဖို့ ကိုယ်ရဲ့ ဂိုဏ်းပိုင်သိုင်းပညာတွေကို သဘာဝအတိုင်း အလိုအလျောက် လာအပ်ကြရမှာပဲ”
သူ ပြောလိုက်သည့် အချိန်၌ သူ့ခန္ဓာကိုယ်အတွင်းမှ ဖျော့တော့သော အနက်ရောင်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။ ယင်းက လူသတ်လိုသော အငွေ့အသက်မျိုးထက်စာလျှင် သွေးဆာနေသည့် ဆန္ဒမျိုးနှင့် ပို၍ ဆင်တူပေသည်။
"သိုင်းလောကသား မိတ်ဆွေတို့၊ ခင်ဗျားတို့ ဒီနေရာကို လာကြတာက ပြိုင်ဘက်ကင်းအရှင်သခင်တွေရဲ့ ဓားဖျားမှာ သွေးစွန်းနေတာကို ကြည့်ဖို့အတွက် မဟုတ်ဘူးလား၊ ဒါဆိုလည်း ဘာဖြစ်လို့ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်သွေးတွေကို သုံးပြီး ကျုပ်လင်းရဲ့ ဓားပညာကို လာသက်သေမပြကြတာလဲ"
သူ့အမူအရာသည် ရိုင်းစိုင်းဝင့်ကြွားနေခဲ့ပြီး ထိတ်လန့်ဖွယ်ရာကောင်းလှသော ခရမ်းပုပ်ရောင် မျက်နှာထက်တွင်မူ ရက်စက်သော အပြုံးတစ်ခု ပျံ့နှံ့လို့နေ၏။
"မှန်တာပေါ့၊ ကျုပ် ခင်ဗျားတို့ကို အညံ့ခံဖို့အတွက်လည်း ခွင့်ပြုထားပါတယ်၊ လမ်းကြောင်းကတော့ ခင်ဗျားတို့ကိုယ်တိုင် ရွေးချယ်ရမှာပဲ..."
ထိုခဏ၌ လင်းချန်၏ မျက်နှာသည် လူသားတစ်ဦးနှင့် လုံးဝမတူတော့ချေ၊ ခရမ်းပုပ်ရောင် အငွေ့အသက်များသည် သူ့နဖူးထက်တွင် စုစည်းလျက် လွင့်ပြယ်မသွားဘဲ ရှိနေခဲ့သည်။ သူ၏ မျက်သူငယ်အိမ်များသည်လည်း တူညီသောအခြေအနေမျိုးတွင် ရှိနေခဲ့ပြီး မိစ္ဆာတစ်ကောင်ကဲ့သို့ အေးစိမ့်နေလေသည်။
"...ငါ့ကို နာခံတဲ့သူတွေက အောင်မြင်ကျော်ကြားမှာ ဖြစ်ပြီး ငါ့ကို ဆန့်ကျင်တဲ့သူတွေကတော့ ပျက်စီးကြရလိမ့်မယ်"