← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း (၂၂၈)

ဒုတိယထပ်ရှိ ဂိုဏ်းသုံးဂိုဏ်းမှ ခေါင်းဆောင်ငါးဦးစလုံးမှာ နက်ရှိုင်းသောအတွင်းအားနှင့် ထူးကဲသော သိုင်းပညာများကို ပိုင်ဆိုင်ထားကြသည့် ထိပ်သီးင်းသမားကြီးများ ဖြစ်ကြသည်။ ထိုကဲ့သို့သော လူပုဂ္ဂိုလ်ငါးဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်ပြီး လူတစ်ယောက်ကို ဝိုင်းရံတိုက်ခိုက်ရန် ပူးပေါင်းလိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

သို့သော်လည်း ယခုအချိန်တွင် ထိုမြင်ကွင်းက လက်တွေ့ဖြစ်လာခဲ့ချေပြီ။

ရှန်ဖေးသည် လင်းချန်၏အနားမှ ထွက်ခွာသွားကာ ဘေးဘက်ရှိ အမိုးပေါ်သို့ ရောက်ရှိသွားပြီး မြောင်ရှောင်ချင်း၊ စုထန်တို့နှင့်အတူ အခြေအနေကို အကဲခတ်လျက် အဝေးမှ စောင့်ကြည့်နေလေသည်။

လင်းချန်ဘက်တွင်မူ ပြင်းထန်လှသော လေပြင်းသံနှင့် မိုးကြိုးသံကဲ့သို့ အသံကြီးများ ထွက်ပေါ်နေပြီး လျှပ်စီးလက်သလို ဖျတ်ခနဲ လှုပ်ရှားသွားသည့် ဓားရိပ်များနှင့်အတူ ဝါးလုံးသဏ္ဌာန် လက်ဝါးချက်များ ရုတ်တရက် ပေါ်ထွက်လာသည်။ အလွန်လျင်မြန်သော လူရိပ်ငါးခုသည် သူ့အား ဝိုင်းရံ၍ တိုက်ခိုက်နေကြပြီဖြစ်သည်။ ထိုဂိုဏ်းခေါင်းဆောင်ငါးဦး၏ လှုပ်ရှားမှုများသည် လန့်ဖျတ်သွားသော ငန်းတစ်ကောင်ကဲ့သို့ နွဲ့နှောင်းလှပနေခြင်း သို့မဟုတ် ရေကူးနေသော နဂါးတစ်ကောင်ကဲ့သို့ အစွမ်းထက်လှသည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုလည်း အလွန်ဟန်ချက်ညီလှပြီး တိုက်စစ်နှင့် ခံစစ်တွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ပံ့ပိုးပေးနေကြသည်။ ဆရာသခင်များဆိုသည်မှာ ဆရာသခင်များပင် ဖြစ်၏။ တိုက်ကွက်အနည်းငယ်မျှ အပြန်အလှန်ဖလှယ်ပြီးနောက် သူတို့သည် တစ်ဦး၏ တိုက်ခိုက်မှုပုံစံကို တစ်ဦးက နားလည်သဘောပေါက်သွားကြပြီ ဖြစ်သည်။

ယုတ္တိဗေဒအရ ပြောရလျှင် ထိုလူငါးဦး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရသောသူသည် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိနေစေဦးတော့ တခဏမျှပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသည်မှာ... ယခုအချိန်တွင် အသာစီးရနေသူသည် အလယ်တွင် ဝိုင်းရံခံထားရသော လင်းချန် ဖြစ်နေခြင်းပင်။

သူ၏ ဘယ်လက်ရှိ ဆီးနှင်းကြွေဓားသည် အေးစက်စက်အငွေ့အသက်ကို ထုတ်ဖော်လျက် စွမ်းအားအပြည့်ဖြင့် အထိန်းအကွပ်မဲ့စွာ ဝှေ့ယမ်းနေပြီး ညာလက်ရှိ အမည်မဲ့ဓားမှာမူ လျှပ်စီးကဲ့သို့ လျင်မြန်ကာ ထက်မြက်ရက်စက်လှပေသည်။

လင်းချန်သည် သူ၏ ဘယ်လက်နှင့် ညာလက်တို့တွင် မတူညီသော ဓားသိုင်းနှစ်ခုကို အသုံးပြုနေခြင်းဖြစ်ပြီး ထိုဓားသိုင်းနှစ်ခုမှာ ယဲ့ချန်၏ ယဲ့မိသားစုဓားသိုင်းနှင့် ရှဲ့စန်း၏ အမည်မဲ့ဓားသိုင်းတို့ ဖြစ်နေသည်မှာ ရှင်းလင်းနေလေသည်။

ထိုလုပ်ရပ်ကြောင့် ဂိုဏ်းခေါင်းဆောင်ငါးဦးနှင့် လမ်းမပေါ်မှ စောင့်ကြည့်နေကြသော သိုင်းလောကသားများ ဆွံ့အသွားကြရသည်။

လက်နှစ်ဖက်ဖြင့် မတူညီသောသိုင်းပညာရပ်ကို တစ်ပြိုင်နက်တည်း အသုံးပြုသည့်ပညာမှာ ဤကမ္ဘာကြီး၏ သမိုင်းဝင် ဒဏ္ဍာရီလာသိုင်းပညာတစ်ခု ဖြစ်သည်။ အမျိုးသမီး သိုင်းသမားတစ်ဦးသည် ဤနည်းစနစ်ကို အသုံးပြု၍ ချွမ်ကျန်းဓားသိုင်းနှင့် ကျောက်စိမ်းသမီးပျိုနှလုံးသားဓားသိုင်းတို့ကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ခဲ့သည်ဟု ဆိုကြသည်။ ယနေ့တွင် ရှိနေကြသော လူစုအတွက်မူ ယင်းက မဖြစ်နိုင်သောအရာ နတ်ဘုရားဆန်သော စွမ်းရည်မျိုး ဖြစ်ပေတော့သည်။

ယခု သူတို့မျက်စိရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းမှာ ပို၍ပင် အံ့အားသင့်စရာ ကောင်းလှသည်။ ဒဏ္ဍာရီလာ အမျိုးသမီးသိုင်းသမား အသုံးပြုခဲ့သည့် ဓားသိုင်းနှစ်ခုမှာ အနည်းဆုံးတော့ သူမကိုယ်တိုင် သင်ယူခဲ့ဖူးသည့် နည်းစနစ်များ ဖြစ်သည်။ သို့သော်လည်း လင်းချန် ယခုအသုံးပြုနေသော ဓားသိုင်းနှစ်ခုမှာ သူမည်သည့်နည်းနှင့်မျှ သင်ယူဖူးခြင်း မရှိနိုင်သည့် စွမ်းရည်များ ဖြစ်နေသောကြောင့်ပင်။

ရှင်းပြချက်က တစ်ခုတည်းသာ ရှိနိုင်တော့သည်...။

“သဏ္ဌာန်မဲ့သိုင်းငယ်လား”

လူအုပ်ကြားထဲမှ မုရုံယင်က သဲလွန်စကို သတိပြုမိသွားခြင်း ဖြစ်သည်။

“ဘာလဲ၊ သဏ္ဌာန်မဲ့သိုင်းလား”

“အဲ့ဒါ ဘာသိုင်းပညာမျိုးလဲ”

“တစ်ခါမှ မကြားဖူးပါဘူး”

ရှင်းလင်းနေသည်မှာ သိုင်းလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသော သိုင်းသမားကြီးများပင်လျှင် ထိုသိုင်းပညာရပ်မျိုးကို တစ်ခါမှ မကြားဖူးကြချေ။

“‘သဏ္ဌာန်မဲ့သိုင်းငယ်’ ဆိုတာ တာအိုဝါဒရဲ့ အတွင်းအားသိုင်းပညာရပ်တစ်ခု ဖြစ်ပြီး တည်ငြိမ်ခြင်းနဲ့ ဘာမျှမလုပ်ဆောင်ခြင်းကို အဓိကထားပြီး စိတ်ဝိညာဉ်ကို ဟင်းလင်းပြင်ထဲမှာ လွတ်လပ်စွာ လွင့်မျောစေတာ ဖြစ်တယ်၊ အဲ့ဒါကို အသက်သွင်းလိုက်တဲ့အခါ ဘာပုံသဏ္ဌာန် ဒါမှမဟုတ် ဘာခြေရာလက်ရာမှ မကျန်ဘူး၊ ဒီသိုင်းပညာကို တတ်မြောက်ထားတဲ့သူတွေဟာ အခြားသိုင်းပညာတွေရဲ့ လှုပ်ရှားမှုတွေကို သိသွားတာနဲ့ သဏ္ဌာန်မဲ့သိုင်းငယ်ရဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းအားကို အမှီပြုပြီး အဲ့ဒီထူးခြားတဲ့နည်းစနစ်တွေကို အတုခိုးနိုင်စွမ်း ရှိကြတယ်၊ သာလွန်သွားအောင်တောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်...”

မုရုံယင်သည် ရှင်းပြရမည့် NPC တစ်ဦး၏ တာဝန်ကို အတော်လေး ကျေပွန်လှသည်။

သို့သော်လည်း သူမ၏ စကားများက လူအုပ်ကြားတွင် ထိတ်လန့်တုန်လှုပ်မှုကိုသာ ပိုမိုဖြစ်ပေါ်စေခဲ့သည်...။

“ဟားဟားဟား...”

လင်းချန်သည် မုရုံယင်နှင့် အတော်လှမ်းလှမ်းတွင် ရှိနေသော်လည်း သူမပြောလိုက်သည့် စကားလုံးတိုင်းကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ဓားနှစ်လက်ဖြင့် လေထုထဲတွင် စက်ဝိုင်းတစ်ဝက်ပုံစံ တစ်ခုစီ ဆွဲလိုက်လေသည်။ ပြင်းထန်သော ဓားစွမ်းအင်များ ထွက်ပေါ်လာမှုနှင့်အတူ သူ့ပတ်ဝန်းကျင်ရှိ လူငါးဦးကို အလွယ်တကူ နောက်ဆုတ်သွားစေခဲ့သည်။

“မင်းခန့်မှန်းတာ မှန်ပါတယ်၊ ဒါပေမဲ့ စိတ်မကောင်းစရာက... မင်းမှားသွားပြီ...”

လင်းချန်က ဆိုသည်။

“ငါ့ရဲ့ သိုင်းပညာက သဏ္ဌာန်မဲ့သိုင်းငယ်ထက် အဆပေါင်းရာချီ ပိုအစွမ်းထက်တယ်ကွ”

သူ စကားပြော၍ မဆုံးသေးခင် လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း လင်းချန်သည် ရန်ဝူဂိုဏ်းချုပ်ဖြစ်သူ စုန့်ခွမ်း၏အနားသို့ ကပ်သွားခဲ့ပြီဖြစ်သည်။

သူသည် အမည်မဲ့ဓားကို လေထဲသို့ မြှောက်တင်လိုက်ပြီး သူ၏ညာလက်ကို အားလပ်စေလိုက်သည်။ လက်ဝါးချက်တစ်ချက်တည်းဖြင့် ပြင်းထန်ပြီး အရာအားလုံးကို လွှမ်းမိုးနိုင်သော ထိုးနှက်ချက်တစ်ခုက စုန့်ခွမ်း၏ ဝမ်းဗိုက်ဆီသို့ ဦးတည်သွားတော့သည်။

“ငါတို့ကို တစ်ယောက်ချင်းစီ လိုက်သတ်ဖို့ ကြိုးစားနေတာလား...”

စုန့်ခွမ်းက မရှောင်တိမ်းချေ။ သူ၏ သိပ်သည်းလှသော အတွင်းအားသည် ပြိုင်ဘက်၏ စွမ်းအားကို မိမိဘက်သို့ ပြန်လည်အသုံးချရန်၊ နူးညံ့ခြင်းဖြင့် မာကြောခြင်းကို အောင်နိုင်ရန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။ ထို့ကြောင့် သူသည် လင်းချန်၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ပြီး ပြန်လည်တိုက်စစ်ဆင်နိုင်လိမ့်မည်ဟု အလွန်အမင်း ယုံကြည်မှု ရှိနေခဲ့သည်။

“ဟွန့်... ဒါက မင်းကိုယ်မင်း သေတွင်းတူးတာပဲ၊ အားကို လမ်းကြောင်းလွှဲပြီး အင်အားနှစ်ဆနဲ့ ပြန်တိုက်ခိုက်မယ်၊ လေးအောင်စ စွမ်းအားကိုသုံးပြီး ပေါင်တစ်ထောင်အားကို ဖယ်ရှားပစ်မယ်”

အသက်တစ်ခါရှုချိန်အကြာတွင် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။

စုန့်ခွမ်း၏ ခန္ဓာကိုယ်အထက်ပိုင်းမှာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားရခြင်းဖြစ်သည်...။ သူ့ကိုယ်သူအပြည့်အဝ ပြင်ဆင်ထားပြီး တိုက်ခိုက်မှုကို ပြယ်လွင့်သွားစေရန် ယုံကြည်ချက်အပြည့်ဖြင့် အားထုတ်ခဲ့သော ဤရန်ဝူဂိုဏ်းချုပ်ကြီးမှာ လက်ဝါးချက်တစ်ချက်တည်းဖြင့် အသေ ရိုက်သတ်ခံလိုက်ရရှာပြီဖြစ်သည်။

စုန့်ခွမ်း၏ ပြတ်တောက်သွားသော ကိုယ်လက်အင်္ဂါများ အမိုးပေါ်မှ လိမ့်ဆင်းသွားချိန်တွင် လင်းချန်သည် တည်ငြိမ်စွာဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်ထက်မှ ကျဆင်းလာသော အမည်မဲ့ဓားကို ဖမ်းယူလိုက်လေသည်။

“အကြံကောင်းပဲ၊ ဒါပေမဲ့ ပထမဆုံးအနေနဲ့... မင်းမှာ လေးအောင်စလောက်ရှိတဲ့ စွမ်းအားရှိဖို့ လိုအပ်တယ်”

လင်းချန်က ရယ်မောလိုက်ပြီး “ဒုတိယအချက်ကတော့... ငါ့ရဲ့ တိုက်ခိုက်မှုက ပေါင်တစ်ထောင်အားထက်မက ကျော်လွန်နေလို့ပဲ”

ပုရိတ်သတ်အားလုံး ဆွံ့အမှင်တက်သွားကြရသည်။ သို့သော်လည်း လူတစ်ယောက်မှာမူ သူ့စကားကို ကြားပြီးနောက် အမှန်တကယ်ပင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း... ထိုလူက လင်းချန်ကို ကြည့်ပြီး လက်ခုပ်ပင် တီးပေးလိုက်သေးသည်။

“ကောင်းတယ်၊ အရမ်းကောင်းတယ်၊ သဏ္ဌာန်မဲ့ဟင်းလင်းပြင်နည်းစနစ်နဲ့ တကယ့်ကို ထိုက်တန်လှပါပေတယ်၊ အံ့မခန်းပါပဲ”

ဖုန်းပုကြွယ်သည် လူအုပ်ကြားထဲမှ ထွက်ပေါ်လာခဲ့သည်။ အမှန်တကယ် ပြောရမည်ဆိုပါက ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက သူ့အနားမှ ရှောင်ဖယ်ပေးလိုက်ကြခြင်း ဖြစ်သည်...။

“အို၊ မင်းပဲလား...”

လင်းချန်သည် ဖုန်းပုကြွယ်ကို မြင်တွေ့လိုက်ရသောအခါ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“သခင်လေးဖုန်းက တကယ့်ကို ထူးခြားတာပဲ၊ အခြေခံ သိုင်းပညာဗဟုသုတတောင် မရှိတဲ့သူတစ်ယောက်က ငါကျင့်ကြံထားတဲ့ နတ်ဘုရားအဆင့် သိုင်းပညာရဲ့ နာမည်ကို အမှန်အတိုင်း ခေါ်နိုင်တယ်ပေါ့”

သူက အုံ့မှိုင်းသောလေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။

“မင်းလို လူမျိုးတွေ... ဒီကမ္ဘာပေါ်မှာ နည်းလေကောင်းလေပဲ”

“ဟုတ်တယ်... ငါ့လို လူမျိုးတွေ...”

ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“တခြားလူတွေနဲ့ ကွဲပြားနေတာကလည်း သေဒဏ်ပေးခံရမယ့် ပြစ်မှုတစ်ခုပဲလေ”

“ဟားဟားဟားဟား...”

“ဟားဟားဟားဟား”

ထိုလူနှစ်ယောက်စလုံးသည် အခြားသူများကို ဂရုမစိုက်ဘဲ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ ကျယ်လောင်စွာ ရယ်မောနေကြတော့သည်။

“ကောင်းတယ်၊ တကယ်ကို ကောင်းတယ်၊ လင်းချန်၊ ဒီလို သိုင်းလောကလို့ခေါ်တဲ့ နေရာမျိုးမှာ မင်းတစ်ယောက်တည်းသာ တကယ့်သူရဲကောင်းလို့ အခေါ်ခံရဖို့ ထိုက်တန်တာ”

“ငါ့ကို နားလည်ပေးနိုင်တဲ့သူကတော့ ဖုန်းပုကြွယ်ပဲ၊ ဒီကမ္ဘာကြီးပေါ်မှာ ငါသိသလောက်တော့ မင်းတစ်ယောက်တည်းသာ တကယ့်ကို လွတ်လပ်ပေါ့ပါးတဲ့ဘဝကို ဖြတ်သန်းနေတာပဲ”

ထိုသို့ပြောပြီးနောက် နှစ်ဦးသား ထပ်မံ၍ ကျယ်လောင်စွာ ရယ်မောလိုက်ကြပြန်သည်။ လင်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရက်စက်ကြမ်းတမ်းသော မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းနေပြီး အစ်ကိုကြွယ်မှာမူ ရူးသွပ်နေသည့်ပုံစံမျိုး ရှိပြီး ခန့်မှန်းမရနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လွန်းနေလေသည်။

သူတို့၏ ခွန်အားကို ထည့်မတွက်ဦးတော့၊ ထွက်ပေါ်နေသော အရှိန်အဝါပိုင်းတွင်မူ ထိုနှစ်ယောက်သည် အခြားသူများနှင့် လုံးဝ အဆင့်ကွာခြားနေခဲ့ပြီဖြစ်သည်...။

“မင်း... ဖုန်းမျိုးရိုးနဲ့ ကောင်၊ မင်းက လင်းချန်နဲ့ ပူးပေါင်းပြီး တော်ဝင်နန်းတော်ရဲ့ အစေခံ ခွေးတစ်ကောင် လုပ်ချင်နေတာလား”

ကုန်းစွန်းလီက လူအုပ်ထဲမှနေ၍ ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုလူသည် အမှန်တကယ်ပင် ကောက်ကျစ်စဉ်းလဲလှသည်။ သတ်ဖြတ်ရန်အတွက် မည်သည့်အခွင့်အရေးကိုမဆို ဆုပ်ကိုင်တတ်သူ ဖြစ်သည်။

“ငါ နားလည်ပြီ၊ မင်းတို့ရဲ့ ဓားကျိုးလက်ဖက်ရည်ခန်းမက တကယ်တော့ တော်ဝင်နန်းတော်က လွှတ်လိုက်တဲ့သူလျှိုတွေ ဖြစ်နေတာပဲ”

စစ်ယန်ရန်က လျင်မြန်စွာတုံ့ပြန်လိုက်ပြီး သူမဘာသာ ကောက်ချက်ချကာ အခြားသူများကို ချက်ချင်းပင် မဟုတ်မမှန် စွပ်စွဲပုတ်ခတ်လိုက်တော့သည်။

“ဟင်”

ဖုန်းပုကြွယ်က ခေါင်းလှည့်ကြည့်လိုက်သည်။

“ဟဲ... ခင်ဗျားတို့နှစ်ယောက်က ဒီလိုအခြေအနေမျိုးမှာတောင် စကားထွက်ပြောရဲသေးတယ်ပေါ့”

ယခုအချိန်တွင် ဖုန်းပုကြွယ်၏ ပတ်ဝန်းကျင်၌ ဘယ်သူမှ ရပ်နေကြခြင်း မရှိချေ။ ကုန်းစွန်းလီနှင့် စစ်ယန်ရန်တို့သည် အပေါ်သို့ လွှားခနဲ ခုန်တက်လာပြီး သူ့ရှေ့သို့ ရောက်ရှိလာကာ ညှပ်ပူးညှပ်ပိတ်ပုံစံဖြင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

ကုန်းစွန်းလီသည် အခွင့်အရေးကို အရယူကာ လူအုပ်ကြီးကို လှုံ့ဆော်၍ ဖုန်းပုကြွယ်ကို ဝိုင်းဝန်းသတ်ဖြတ်ရန် ချက်ချင်း ပြင်ဆင်လိုက်တော့သည်။

“ဟွန့်၊ မင်း အခုတော့ ငြင်းလို့မရတော့ဘူးမလား၊ ဒီနေ့ ဒီနေရာမှာ သိုင်းလောကသားမိတ်ဆွေတွေ အများကြီး ရှိနေတာ၊ မင်းက...”

“ဒီနေရာမှာ သိုင်းလောကသားမိတ်ဆွေတွေ အများကြီး ရှိနေတာကို ခင်ဗျားတို့နှစ်ယောက်က ဘာဖြစ်လို့ ရှေ့ကို အသည်းအသန် ခုန်ထွက်လာကြတာလဲ”

ဖုန်းပုကြွယ်က စကားဖြတ်ပြောလိုက်သည်။

“ခင်ဗျားတို့ စိတ်ထဲမှာ အပြစ်ရှိနေလို့လား၊ ဒါမှမဟုတ် တစ်ခုခုကို ဖုံးကွယ်ထားချင်လို့လား”

သူ စကားပြောနေစဉ်အတွင်း သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲမှ စက်သေနတ်ငယ်တစ်လက်ကို ထုတ်ယူလိုက်ပြီဖြစ်သည်။

ကုန်းစွန်းလီနှင့် စစ်ယန်ရန်တို့၏ အမြင်တွင်မူ ဖုန်းပုကြွယ်သည် သူ့ရင်ဘတ်ရှေ့တွင် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ထူးထူးဆန်းဆန်းပုံသဏ္ဌာန်ရှိသည့် အရာတစ်ခုက သူ့လက်ထဲသို့ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သည်။ ဤအရာသည် လက်နက်တစ်ခုနှင့် လုံးဝမတူဘဲ ၎င်း၏ အသုံးဝင်ပုံကိုလည်း သူတို့ မသိရှိကြချေ။

သူတို့သည် ဤမေးခွန်း၏ အဖြေကို ဘယ်တော့မှ သိရှိသွားကြတော့မည် မဟုတ်ချေ။ အကြောင်းမှာ ဖုန်းပုကြွယ်သည် ပြတ်ပြတ်သားသားဖြင့် ခလုတ်ကို ဆွဲညှစ်လိုက်ပြီး သူတို့နှစ်ဦးစလုံးကို ပစ်သတ်လိုက်သောကြောင့် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း အရုဏ်ဦးတစ်ထောင်မျှော်စင်၏ ဒုတိယခေါင်းဆောင်နှင့် မျှော်စင်သခင်မတို့မှာ အလောင်းနှစ်လောင်း ဖြစ်သွားကြရသည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သေးငယ်ပြီး မီးကျွမ်းနေသော အပေါက်အနည်းငယ်သာ ဖြစ်သော်လည်း ထိုအပေါက်များထဲမှ သွေးများ ပန်းထွက်နေကာ သူတို့၏ ခန္ဓာကိုယ်များမှာ မြေပြင်ပေါ်တွင် ထူးဆန်းစွာ တုန်ခါနေဆဲ ဖြစ်သည်။

“ကုန်းစွန်းချန်၊ ခင်ဗျားရဲ့ ဇနီးက ဝမ်အောက်နဲ့ ဖောက်ပြန်နေခဲ့တာ၊ လွန်ခဲ့တဲ့ နှစ်ရက်က သူဟာ အမှန်တရားကို ဖုံးကွယ်ဖို့အတွက် လူတစ်ယောက်ကို သတ်ခဲ့တယ်၊ ဒါပေမဲ့ ကျုပ်က သူ့ကို လက်ပူးလက်ကျပ် မိခဲ့တယ်၊ ဒါကြောင့်မို့လို့ သူနဲ့ ကုန်းစွန်းလီတို့ဟာ အလောင်းကို ဖျောက်ဖျက်ပြီး ထွက်ပြေးခဲ့ကြတယ်၊ ကျုပ်ကို အပြစ်ပုံချဖို့ ရည်ရွယ်ချက်နဲ့ပေါ့၊ နောက်တစ်နေ့ကျတော့ ကျုပ်က သူတို့ရဲ့ အကြံကို အသုံးချပြီး ဝမ်အောက်ကို သတ်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးလိုက်တယ်၊ ဒါမှ သူတို့ထွက်ပြေးဖို့ လမ်းကြောင်း မရှိတော့မှာမို့လို့ပဲ”

လူသတ်ပြီးနောက် ဖုန်းပုကြွယ်သည် အမိုးပေါ်တွင် ဆွံ့အလျက် ရှိနေသော ကုန်းစွန်းချန်ကို ကြည့်ကာ ချက်ချင်းပင် အော်ဟစ်ပြောဆိုလိုက်သည်။

“ခင်ဗျား ယုံချင်ယုံ မယုံချင်နေ၊ တကယ်လို့ ဒီညပြီးလို့ ခင်ဗျားအသက်ရှင်နေဦးမယ်ဆိုရင် ပြီးတော့ ကလဲ့စားချေချင်တယ်ဆိုရင် ကျုပ်က အချိန်မရွေးအသင့်ပဲ”

စက္ကန့်အနည်းငယ်မျှ ရပ်တန့်ပြီးနောက် ဖုန်းပုကြွယ်က ဆက်ပြောသည်။

“အခု ခင်ဗျားတို့အားလုံး ၊ အသက်ရှင်လျက်နဲ့ ပြန်ထွက်သွားချင်တဲ့သူတွေ ရှိရင် ကျုပ်လမ်းကနေ ဖယ်ကြစမ်း၊ လင်းချန်က ခင်ဗျားတို့ ကိုင်တွယ်နိုင်မယ့် လူစားမျိုး မဟုတ်ဘူး”

သူက သူ့အင်္ကျီလက်ကို ပင့်တင်လိုက်ရင်း စိတ်အားထက်သန်နေသည့် အမူအရာဖြင့်

“ဒီကိစ္စကို ပရော်ဖက်ရှင်နယ်တွေကိုပဲ ကိုင်တွယ်ခွင့်ပေးလိုက်စမ်းပါ...”

“အား”

ကုန်းစွန်းချန်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။ ထိုတည်းခိုခန်းပိုင်ရှင်၏ တုံ့ပြန်မှုက အနည်းငယ် နှေးကွေးလှသည်။ သူသည် ဖုန်းပုကြွယ်၏ ဒုတိယစကားလုံးကို ကြားပြီးမှသာ ပထမအချက်ကို ဦးနှောက်ထဲ၌ စဉ်းစားမိသွားခြင်း ဖြစ်သည်။ သူသည် မယုံကြည်ခြင်းကို ရွေးချယ်ခဲ့ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

“ဖုန်းပုကြွယ်၊ မင်းက ငါ့ရဲ့ ညီငယ်ကို သတ်ခဲ့ရုံတင်မကဘဲ ငါ့ဇနီးရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင် လုပ်ရက်တယ်၊ သေဖို့သာ ပြင်ထားလိုက်တော့”

လျှပ်တပြက် ကုန်းစွန်းချန်သည် သူ၏ ဒေါသတရားများကို ဖောက်ခွဲလိုက်ကာ အရုဏ်ဦးတစ်ထောင်အတွင်းအားကို အထွတ်အထိပ်အထိ လှုံ့ဆော်လိုက်ပြီး ကောင်းကင်ထက်မှ ဆင်းသက်ကာ လက်သီးနှစ်ဖက်စလုံးဖြင့် ဖုန်းပုကြွယ်၏ မျက်နှာဆီသို့ တိုက်ရိုက်ထိုးနှက်လိုက်တော့သည်။ ကုန်းစွန်းချန်သည် စိတ်လွတ်သွားခဲ့ပြီ ဖြစ်သည်။ ဤလှုပ်ရှားမှုသည် နောက်ဆုတ်ရန် လမ်းစမချန်ဘဲ မိမိ၏ စွမ်းအားအားလုံးကို အသုံးချကာ ဖုန်းပုကြွယ်ကို အသားပြားအဖြစ် ပြောင်းလဲပစ်ရန် စိတ်ပိုင်းဖြတ်ထားသည့် တိုက်ခိုက်မှု ဖြစ်သည်။

“အော်... အခြေအနေမှန်ကို နားမလည်တဲ့ အရူးတစ်ယောက်ပါပဲလား”

နူးညံ့ပြီး မိန်းမဆန်သော အသံတစ်ခုက သက်ပြင်းချလျက် ရေရွတ်လိုက်သည်။

ထိုအသံထွက်ပေါ်လာသည်နှင့် လူရိပ်တစ်ခုလည်း ပေါ်ထွက်လာခဲ့သည်။ အဖြူရောင်လူရိပ်တစ်ခုသည် ချန်လင်တည်းခိုခန်း၏ တံခါးဝမှ ဖျတ်ခနဲ ထွက်ပေါ်လာခဲ့ပြီး သရဲတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ ချဉ်းကပ်လာခဲ့သည်။ ၎င်း၏ အမြန်နှုန်းမှာ လင်းချန်ကိုပင် အံ့အားသင့်သွားစေလောက်သည်အထိ မယုံနိုင်စရာ ကောင်းလှသည်။

မျက်စိတစ်မှိတ်အတွင်း ဖုန်းပုကြွယ်သည် ထိုအဖြူရောင်လူရိပ်၏ ဆွဲခေါ်ခြင်းခံလိုက်ရပြီး သူ၏ တည်နေရာက ပြောင်းလဲသွား၏။ ကုန်းစွန်းချန်၏ လက်သီးချက်များသည် လေဟာနယ်ကိုသာ ထိမှန်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောင် သူ့နောက်ကျောကို အသာအယာ တွန်းလိုက်လေသည်။ ထိုတွန်းချက်က အလွန်ပါးနပ်လှပြီး ကုန်းစွန်းချန်၏ ကိုယ်ပိုင်ခွန်အားကို အသုံးချ၍ ဟန်ချက်မထိန်းနိုင်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သောကြောင့် သူ့ကို မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားစေခဲ့သည်။

ကုန့်စွန်းချန်သည် လက်သီးများကို လက်ဝါးအဖြစ်သို့ အတင်းပြောင်းလဲလိုက်ပြီး မြေပြင်ကို အနိုင်နိုင် ထောက်ကန်လိုက်ရကာ လေထုထဲတွင် အကြိမ်ကြိမ် လိမ့်ထွက်သွားပြီးနောက်မှသာ မတည်မငြိမ်ဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။ သူသည် ဒဏ်ရာရရှိပုံမပေါ်သော်လည်း အမှန်တကယ်တွင်မူ ပြင်းထန်လှသော အတွင်းဒဏ်ရာကို ခံစားလိုက်ရခြင်း ဖြစ်သည်။

ထိုအဖြူရောင်လူရိပ်၏ သိုင်းပညာက အရုဏ်ဦးတစ်ထောင်မျှော်စင်သခင်ထက် သိသိသာသာ သာလွန်နေသည်မှာ အထင်အရှားပင်။လျှပ်စီးကဲ့သို့ မြန်ဆန်လှသော တိုက်ခိုက်မှုအတွင်း ကုန်းစွန်းချန်သည် သူ၏ တိုက်ခိုက်နိုင်စွမ်းထက်ဝက်ခန့်ကို ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရသည်။

“သူပဲ”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...”

“သူက ဘယ်သူလဲ...”

လူအုပ်ကြီး၏ အုတ်အော်သောင်းနင်း ဖြစ်သွားမှုများနှင့်အတူ ချန်လင်တည်းခိုခန်း၏ ပိုင်ရှင်က ထူးခြားပြောင်မြောက်စွာဖြင့် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

“သခင်ကြီးရဲ့ စွမ်းပကားက တကယ့်ကို ကြီးမားလှပါတယ်၊ ကျုပ် အလွန်လေးစားမိပါတယ်”

ဖုန်းပုကြွယ်က သူ့လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပေးလိုက်ပြီး မျက်နှာပေါ်တွင်လည်း ကပ်ဖားယပ်ဖားလုပ်သည့် အမူအရာများကို ထုတ်ဖော်ပြသရင်း ဆိုင်ရှင်ကို ပြောဆိုလိုက်သည်။

“ဟွန့်...”

ဆိုင်ရှင်က မိန်းမဆန်သော လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ကလေး၊ မင်းလက်ထဲကအရာက တကယ့်ကို ကြောက်စရာကောင်းတာပဲ၊ တကယ်လို့ သူသာ ကြိုပြီးမပြင်ဆင်ထားခဲ့ရင် အဲ့ဒီဆရာသခင်လင်းတောင်မှ မင်းရဲ့ လှည့်ကွက်အောက် ကျဆုံးသွားနိုင်တယ်”

“မဟုတ်တာဗျာ”

ဖုန်းပုကြွယ်က ပြုံးလိုက်ပြီး သေနတ်ကို မြှောက်၍ လင်းချန်ရှိရာဘက်သို့ ပစ်ခတ်လိုက်ရာ ၎င်းက ကျီထုံ၊ ဖာမင်နှင့် ကျုံးလျန်တို့ကို ထိတ်လန့်သွားစေခဲ့သဖြင့် သူတို့သည် အမိုးပေါ်မှ ဘေးဘက်သို့ အလျှိုလျှို ဆုတ်ခွာသွားကြရသည်။

လင်းချန်မှာမူ မလှုပ်မယှက်ရပ်နေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် အနက်ရောင် အတွင်းအားနံရံတစ်ခု ပေါ်ထွက်လာကာ စက်သေနတ်ငယ်မှ ထွက်ပေါ်လာသော ကျည်ဆန်အားလုံးကို လမ်းကြောင်းလွဲ၍ ဖယ်ရှားပစ်လိုက်လေသည်။

“သူ ကြိုပြီးမပြင်ဆင်ခဲ့ရင်တောင်မှ သူ့ရဲ့ သဏ္ဌာန်မဲ့မိစ္ဆာနှလုံးသားက အသက်အန္တရာယ်ရှိနိုင်တဲ့ ဒီလိုရုတ်တရက် တိုက်ခိုက်မှုမျိုးကို အလိုအလျောက် ခုခံပေးပါလိမ့်မယ်”

ဖုန်းပုကြွယ်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

ဤအချိန်တွင် ကြည့်ရှုနေကြသော လူအုပ်ကြီးမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ဆွံ့အမှင်တက်သွားကြရပြန်သည်။ ထိုသိုင်းသမားများ၏ ဦးနှောက်ထဲတွင် မေးခွန်းနှစ်ခုက အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့ပြီဖြစ်သည်။ ပထမအချက်မှာ…ဒါက တကယ်ကြီး နတ်ဘုရားတွေရဲ့ တိုက်ပွဲလား။ ဒုတိယအချက်မှာ…ဒါက လေစီးကြောင်းတွေ ပွတ်တိုက်မိလို့ ဖြစ်ပေါ်လာတဲ့ ပုံရိပ်ယောင်တစ်ခုလား၊ ဒါမှမဟုတ် ငါပဲ အရက်မူးနေလို့လား။

All Chapters