အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း (၂၂၉)
တစ်ချိန်တည်းမှာပင် ရှန်ဖေးနှင့် စုထန်၊ မြောင်ရှောင်ချင်းတို့၏ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ အချီပေါင်းများစွာ တိုက်ခိုက်ပြီးနောက် နှစ်ဖက်စလုံး အင်အားချင်း မျှနေခဲ့ကြသည်။
ဤကာလအတွင်း ရှန်ဖေး၏ သိုင်းပညာသည် လင်းချန်၏ လမ်းညွှန်ပြသမှုအောက်တွင် သိသိသာသာ တိုးတက်လာခဲ့သဖြင့် သူ့ရှေ့ရှိ လူနှစ်ဦးကို သေချာပေါက် အနိုင်ယူနိုင်စွမ်း ရှိသင့်ပေသည်။ သို့သော်လည်း သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော မမျှော်လင့်ထားသည့် အဖြစ်အပျက်များကြောင့် သူ့စိတ်မှာ မတည်မငြိမ် ဖြစ်နေခဲ့ရပြီး တိုက်ခိုက်မှုများ ပြုလုပ်ရာတွင်လည်း တွန့်ဆုတ်နေခဲ့သောကြောင့် စုထန်၊ မြောင်ရှောင်ချင်းတို့နှင့် အကြိတ်အနယ် ဖြစ်နေရခြင်း ဖြစ်သည်။
ထိုအချိန်တွင် အခြားလူရိပ်တစ်ခု လျင်မြန်စွာ ရောက်ရှိလာပြီး အမိုးပေါ်သို့ လွှားခနဲ ခုန်တက်လိုက်လေသည်။ သူမ၏ လှုပ်ရှားမှုများမှာ လေပြင်းနှင့်အတူ လွင့်မျောနေသော လဲမှို့သဏ္ဌာန် ပေါ့ပါးသွက်လက်လှပေသည်။ သူမကား ဆီးနှင်းပွင့်ဓားလုချင်းနင် ဖြစ်ပေသည်။
လုချင်းနင်သည် ရောက်ရှိလာသည်နှင့် တပြိုင်နက် ရှန်ဖေးကို ဝိုင်းဝန်းတိုက်ခိုက်ရန် တိုက်ပွဲထဲသို့ ဝင်ရောက်လာတော့သည်။ သူမသည် စကား တစ်လုံးတစ်ပါဒမျှမဆိုခဲ့ဘဲ စုထန်၊ မြောင်ရှောင်ချင်းတို့နှင့် အကြည့်ချင်းသာ ဖလှယ်လိုက်ကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး နားလည်သဘောပေါက်သွားကြပြီး ထိုသုံးဦးလုံး ချက်ချင်းပင် ဓားသုံးလက်ပူးပေါင်းသိုင်းကွက်ကို ဖော်ထုတ်လိုက်ကြတော့သည်။
ပန်းပွင့်ဓားခြောက်လက်ထဲတွင် ဆီးပန်း၊ သစ်ခွ နှင့် ဝါး တို့သည် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးကြပြီး မကြာခဏဆိုသလို အတူတကွ သိုင်းလေ့ကျင့်လေ့ ရှိကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် အမည်မသိဓားသိုင်းကွက်တစ်ခုကို တီထွင်နိုင်ခဲ့ကြသည်။ ဤသိုင်းကွက်သည် သူတို့တစ်ဦးချင်းစီ၏ ဓားသိုင်းများမှ အားသာချက်များကို ပေါင်းစပ်ထားပြီး တစ်ဦး၏ အားနည်းချက်ကို တစ်ဦးက ဖြည့်ဆည်းပေးထားသောကြောင့် အံ့မခန်းစွမ်းအားကို ထွက်ပေါ်စေသည်။ မမျှော်လင့်ဘဲ သူတို့၏ ပထမဆုံးလက်တွေ့တိုက်ပွဲမှာ သူတို့၏ စီနီယာအစ်ကိုကို ပြန်လည်တိုက်ခိုက်ရသည့် တိုက်ပွဲ ဖြစ်နေခဲ့ရသည်။
ရှန်ဖေးသည် သူ၏ တစ္ဆေအရိပ်ဓားသိုင်းကို အသုံးပြုကာ ပြိုင်ဘက်နှစ်ဦးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရင်း လျှောက်လှမ်းတိမ်းရှောင်နေခဲ့သည်။ သူသည် အစပိုင်းတွင် အခြေအနေကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း လုချင်းနင်း ပေါ်လာပြီးနောက်ပိုင်းတွင်မူ လျင်မြန်စွာဖြင့် အခြေအနေ မဟန်တော့ဘဲ အရေးနိမ့်လာရသည်။
လှုပ်ရှားမှုအနည်းငယ် ပြုလုပ်ပြီးနောက် ထိုဓားသိုင်းကွက်က ရုတ်တရက်ဆိုသလို သေစေနိုင်သော အကွက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ စုထန်က ‘မိမိကိုယ်ကိုယ်လေးစားခြင်း’ ဖြင့် တိုက်စစ်ဆင်လိုက်ပြီး၊ မြောင်ရှောင်ချင်းက ‘လေကိုစစ်ပြီး လကိုကစားခြင်း’ ဖြင့် တန်ပြန်တိုက်ခိုက်လိုက်ကာ လုချင်းနင်မူ ရုတ်တရက် ‘နှင်းကိုဖြတ်ပြီး ရေခဲကိုထုဆစ်ခြင်း’ ဟူသော အသေသတ်ကွက်ကို ထုတ်ဖော်လိုက်တော့သည်။ စူးရှသော အသံအချို့နှင့်အတူ ရှန်ဖေး၏ နံဘေးတစ်ဖက်စီနှင့် သူ့နောက်ကျောရှိ လင်ထိုင်သွေးကြောမှတ်တို့ကို ဓားချက်များက ထိမှန်သွားခဲ့ချေပြီ။ စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။ လင်ထိုင်ပျက်စီးသွားပါက သွေးကြောအားလုံး ပျက်စီးသွားရသည်ဟူ၍။ သူသည် ထိုနေရာတင် ချက်ချင်း သေဆုံးမသွားခဲ့သော်လည်း အဖြေပေါ်သွားခဲ့ပြီ ဖြစ်သည်။
...
အခြားတစ်ဖက်တွင်မူ လင်းချန်သည် ရှန်ဖေး၏ သေခြင်းရှင်ခြင်းကို လုံးဝ ဂရုမစိုက်ချေ။ ထို့ပြင် ဖုန်းပုကြွယ်၏ တိုက်ခိုက်မှုအပေါ်တွင်လည်း သူက မည်သည့်မှတ်ချက်မှ မပေးခဲ့ဘဲ တည်းခိုခန်းပိုင်ရှင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
“နောက်ဆုံးတော့... တကယ့်ပညာရှင်အစစ် ရောက်လာခဲ့ပြီပေါ့၊ စိတ်ဝင်စားစရာပဲ... ခင်ဗျားရဲ့ နာမည်ကို ပြောပါဦး”
“ဟွန့်...”
တစ်ဖက်လူက လှောင်ပြုံးပြုံးလျက် တုံ့ပြန်လိုက်သည်။
“ခေါင်းဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်၊ အင်ပါယာသံတမန်နဲ့ အရှေ့ဘက်စခန်း (တုန်းချန်) ရဲ့ ကြီးကြပ်ကွပ်ကဲရေးမှူး ‘ချောင်ချင်း’ ပဲ”
လင်းချန်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ရက်စက်ကြောက်မက်ဖွယ်ကောင်းသော သူ့အမူအရာမှာ ချက်ချင်းပင် သုံးပုံတစ်ပုံခန့် လျော့နည်းသွားရသည်။
“အော်... ဝန်ကြီးချုပ်ချောင် ဖြစ်နေတာပဲ၊ ကျုပ်လွန်သွားရင် ခွင့်လွှတ်ပါ...”
တစ်ဖက်လူသည် တော်ဝင်နန်းတော်၏ စတုတ္ထအဆင့်ရှိ အရာရှိကြီးတစ်ဦး ဖြစ်နေပြီး သူ မည်သည့်နည်းနှင့်မျှ အပြစ်မပြုရဲသူဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူ့သဘောထားက ချက်ချင်း ပြောင်းလဲသွားခြင်း ဖြစ်သည်။
“ကျုပ် လင်းချန်က ပုန်ကန်မှုကို နှိမ်နင်းဖို့ ဒီနေရာကို လာခဲ့တာပါ၊ အရှင်ချောင်က ဘာဖြစ်လို့...”
“တော်လောက်ပြီ”
ချောင်ချင်းက လက်ကို ဝှေ့ယမ်းကာ သူ့စကားကို ဖြတ်လိုက်သည်။
“လင်းချန်၊ ငါ့မှာ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်နေဖို့ အချိန်မရှိဘူး၊ မင်းနဲ့ တော်ဝင်အစောင့်တပ်မှူး ချန်နင်တို့ အပြန်အလှန်ပို့ခဲ့ကြတဲ့ စာတွေကို ငါတို့ အရှေ့ဘက်စခန်းက တွေ့ရှိခဲ့တာ ကြာလှပြီ၊ မင်းဘာတွေ ကြံစည်နေလဲဆိုတာ ငါအားလုံး သိတယ်၊ မဟုတ်ရင်... ငါက ဘာဖြစ်လို့ ဒီနေရာမှာ ရှိနေတဲ့သူတွေ အားလုံးထက် အရင်ဦးဆုံး ချန်လင်မြို့ကို ရောက်နေရမှာလဲ”
သူ့စကားများက လူတိုင်း၏ စိတ်ထဲတွင် ရေရှည်ဖုံးကွယ်နေခဲ့သော မေးခွန်းတစ်ခုကို ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။
သေချာစဉ်းစားကြည့်ပါက ယင်းက ယုတ္တိတန်ပေသည်။ အရှေ့ဘက်စခန်း၏ စွမ်းအားကသာလျှင် သရဲမြို့တစ်ခုအတွင်းရှိ စွန့်ပစ်ထားသော တည်းခိုခန်းအဟောင်းတစ်ခုကို ဤမျှတိုတောင်းသော အချိန်ကာလအတွင်း ယခုသူတို့ မြင်တွေ့နေရသည့် ချန်လင်တည်းခိုခန်းအဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။
“အရှင်ချောင်၊ ကျုပ်တို့အားလုံးက တော်ဝင်နန်းတော်အပေါ် သစ္စာစောင့်သိကြတဲ့သူတွေပဲလေ၊ ကျုပ်တို့ ပူးပေါင်းကြရင်...”
လင်းချန်က ထပ်မံ၍ ဆိုသည်။
“ဟီးဟီးဟီးဟီး…”
ချောင်ချင်းသည် မိန်းမဆန်သော လေသံဖြင့် စူးရှစွာ ရယ်မောလိုက်ပြီး လင်းချန်၏ စကားကို ဖြတ်ပြောလိုက်သည်။
“တကယ့်ကို ကောင်းမွန်လှတဲ့ ‘တော်ဝင်နန်းတော်အပေါ် သစ္စာစောင့်သိခြင်း’ ပါပဲလား”
သူက လှောင်ပြောင်လိုက်သည်။
“ဒါပေမဲ့ ငါ့မျက်စိထဲမှာတော့... ဒါတွေအားလုံးက မင်းနဲ့ ချန်နင်တို့ကြားက အရောင်းအဝယ်တစ်ခုထက် မပိုပါဘူး”
ဖုန်းပုကြွယ်က ဝင်ရောက်ပြောဆိုလိုက်သည်။
“ချန်လင်ဓားသိုင်းပြိုင်ပွဲ ပြီးသွားတဲ့အခါ ချန်နင်က လျှို့ဝှက်သိုင်းပညာပေါင်း ရာနဲ့ချီ ရရှိမှာဖြစ်ပြီး ခင်ဗျားကတော့ သိုင်းလောကမဟာမိတ်ရဲ့ ခေါင်းဆောင်ရာထူးကို ရမှာ ဖြစ်တယ်၊ အနာဂတ်မှာ ခင်ဗျားက သိုင်းလောကရဲ့ စွမ်းအားကို အသုံးချပြီး ချန်နင်အတွက် နန်းတော်ထဲက အတိုက်အခံတွေကို ဖယ်ရှားပေးရမှာ ဖြစ်ပြီး သူကတော့ တော်ဝင်အစောင့်တပ်ဖွဲ့ရဲ့ စွမ်းအားကို သုံးပြီး ခင်ဗျားကို သိုင်းလောကမှာ လွှမ်းမိုးထားနိုင်အောင် ကူညီပေးမှာ ဖြစ်တယ်”
သူ ခဏရပ်တန့်လိုက်သည်။
“ဘယ်လိုပဲ ကြည့်ကြည့်၊ ဒီကိစ္စတစ်ခုလုံးက ရည်မှန်းချက်ကြီးတဲ့ လူနှစ်ယောက်က ကိုယ်ကျိုးအတွက် လုပ်ဆောင်ကြတဲ့ အရောင်းအဝယ်တစ်ခုပဲလေ၊ အဲ့ဒါကို ‘တော်ဝင်နန်းတော်အပေါ် သစ္စာစောင့်သိခြင်း’ ဆိုတာနဲ့ ဘယ်လိုလုပ် သွားရောလို့ ရမှာလဲ”
ဖုန်းပုကြွယ်သည် ဤစကားလုံးများကို တည်းခိုခန်းအတွင်း၌ ချောင်ချင်းကို ပြောဆိုခဲ့ပြီး ဖြစ်သည်။ ထို့ပြင် သူသည် မိန်းမစိုးချောင်အား ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို တွက်ချက်ပြခဲ့ပြီး... အကယ်၍ ချန်နင်နဲ့ လင်းချန်တို့၏ အစီအစဉ်သာ အောင်မြင်သွားမည်ဆိုပါက ယင်းသည် သိုင်းလောကအတွက် ကပ်ဘေးတစ်ခု ဖြစ်လာမည် ဖြစ်သလို အရှေ့ဘက်စခန်းအတွက်လည်း အလွန်အမင်း ဆိုးကျိုးရှိစေနိုင်ပြီး တော်ဝင်အာဏာကိုတောင် ခြိမ်းခြောက်လာနိုင်ကြောင်းပြော၍ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်သည်။
ချောင်ချင်းနှင့် ပတ်သက်၍မူ... ဤသို့ ပြောရပေမည်။ မိန်းမစိုးလောကထဲတွင် ယုတ်မာကောက်ကျစ်သော ဗီလိန်များစွာ ရှိသော်လည်း ချောင်ချင်းမှာမူ တော်ဝင်နန်းတော်အပေါ် အတော်အတန် သစ္စာရှိသောသူတစ်ဦး ဖြစ်သည်မှာ အထင်အရှားပင်။ အမှန်တကယ်တော့ ယင်းက နှိုင်းယှဉ်ချက်တစ်ခုသာ ဖြစ်သည်။ သူသည် ဧကရာဇ်အပေါ်တွင် အလွန်သစ္စာရှိသော်လည်း သူ့ရန်သူများအတွက်မူ ဆောင်းရာသီကဲ့သို့ အေးစက်ရက်စက်တတ်သူ ဖြစ်သည်...။ အကျဉ်းချုပ်ပြောရလျှင် ဤ NPC သည် ဖုန်းပုကြွယ်၏ စည်းရုံးမှုကြောင့် သူတို့ဘက်သို့ လျင်မြန်စွာ ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်တော့ ချောင်ချင်းသည် မူလက လင်းချန်၏အစီအစဉ်ကို ဖျက်ဆီးရန် ရည်ရွယ်ချက် မရှိခဲ့ချေ။ သူ ချန်လင်မြို့ကို လာခဲ့ခြင်းမှာ အခြေအနေများ မည်သို့တိုးတက်နေသည်ကို စောင့်ကြည့်ရန်နှင့် စာထဲတွင် ဖော်ပြထားသည့်အတိုင်း လင်းချန်သည် အမှန်တကယ်ပင် သိုင်းလောကသူရဲကောင်းအားလုံးကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော စွမ်းအားကို ပိုင်ဆိုင်ထားခြင်း ရှိမရှိ ကိုယ်တိုင်လာရောက်တွေ့ဆုံရန်အတွက်သာ ဖြစ်သည်။
အကယ်၍ မိန်းမစိုးချောင်သည် အစကတည်းက အစီအစဉ်ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက် ရှိခဲ့မည်ဆိုပါက တစ်ယောက်တည်း လာမည်မဟုတ်သလို သာမန်လူတစ်စုကို တည်းခိုခန်းစားပွဲထိုးများအဖြစ် ငှားရမ်းထားမည် မဟုတ်ချေ။ ချောင်ချင်း၏ နည်းလမ်းများနှင့်ဆိုပါက လွန်ခဲ့သောတစ်လကတည်းက လင်းချန်ကို ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်သည့် နည်းလမ်းပေါင်း မြောက်များစွာ ရှိပေသည်။ ထိပ်တိုက်ရင်ဆိုင်ရသည့် တိုက်ပွဲမျိုးတွင်ပင် ဤမိန်းမစိုးနှင့် အရှေ့ဘက်စခန်း၏ လက်ပါးစေအချို့ ပူးပေါင်းလိုက်မည်ဆိုလျှင် လင်းချန်ကို ဖယ်ရှားပစ်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်မှု ရှိသည်။ သို့သော်လည်း ထိုအချိန်က လပြည့်ည မဟုတ်ခဲ့သဖြင့်...
သိုင်းပြိုင်ပွဲစတင်ခါနီးအချိန်တွင် ဖုန်းပုကြွယ်သည် ချန်လင်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ၏ အသင်းဖော်များနှင့် ပြန်လည်ဆုံတွေ့ကာ သတင်းအချက်အလက်များ ဖလှယ်ခဲ့ကြသည်။ ထို့ပြင် ဗာဂျရာခေါင်းလောင်း၏ အထူးစွမ်းအားကို အသုံးပြု၍ ချောင်ချင်း၏ အထောက်အထားကို အတည်ပြုနိုင်ခဲ့သည်။ ထိုအချိန်မှသာ ဖုန်းပုကြွယ်သည် ချောင်ချင်းနှင့် ဆက်သွယ်ခဲ့ပြီး သူ့စိတ်ကူးကို ပြောင်းလဲစေကာ သူနှင့် ပူးပေါင်း၍ အစီအစဉ်များစွာကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“လင်းချန်၊ ဓားကျိုးလက်ဖက်ရည်ခန်းမက ညီအစ်ကိုကျင်းနဲ့ ညီအစ်ကိုဝမ်တို့ဟာ သတင်းပို့ဖို့အတွက် ငါ့ရဲ့ တံဆိပ်ကိုယူပြီး မတူညီတဲ့ လမ်းကြောင်းနှစ်ခုကနေ မြို့ထဲက ထွက်ခွာသွားကြပြီ”
ချောင်ချင်းက ဆိုသည်။
“စစ်တပ်ကို ဦးဆောင်လာတဲ့ စစ်ဗိုလ်ချုပ်တွေက အရှေ့ဘက်စခန်းရဲ့တံဆိပ်ကို မြင်တွေ့လိုက်ရရင် မိုက်ရူးရဲ လုပ်ရဲကြမှာ မဟုတ်ဘူး၊ သူတို့ ဒီညလာကြတော့မှာ မဟုတ်ဘူး”
သူက အသံကို မြှင့်၍ ပတ်ဝန်းကျင်လမ်းမများပေါ်ရှိ လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
“ဒီနေရာမှာ ရှိနေကြတဲ့သူတွေအားလုံး၊ လင်းချန်က မိစ္ဆာလမ်းစဉ်ထဲကို ကျရောက်သွားခဲ့ပြီ၊ သူ့ရဲ့ မိစ္ဆာသိုင်းပညာက သာမန်သိုင်းပညာတွေနဲ့ ခုခံနိုင်စွမ်း ရှိတာမျိုး မဟုတ်ဘူး၊ တကယ်လို့ မသေချင်ဘူးဆိုရင် ချက်ချင်းပဲ ချန်လင်မြို့ကနေ ထွက်သွားကြပါ၊ လမ်းမှာ ဘယ်သူကမှ မင်းတို့ကို တားဆီးမှာ မဟုတ်ဘူး၊ ကြေးနီတောင်ကုန်းမြို့ထဲကို ဘေးကင်းကင်းနဲ့ ဝင်ရောက်နိုင်လိမ့်မယ်”
ချောင်ချင်း စကားပြောပြီးနောက် နောက်လှည့်လိုက်ပြီး သူ့အနားမှ ပေအနည်းငယ်အကွာတွင် ရှိနေသော ကုန်းစွန်းချန်ကို အထူးတလည် ပြောဆိုလိုက်သည်။
“ဂိုဏ်းချုပ်ကုန်းစွန်း၊ မင်းက ဂိုဏ်းတစ်ခုရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ အခြေအနေအမှန်ကို သိသင့်တယ်၊ ညီအစ်ကိုဖုန်းနဲ့ သူ့ရဲ့အဖွဲ့သာလျှင် ဒီကပ်ဘေးကို ဖြေရှင်းနိုင်လိမ့်မယ်၊ သူ အစောပိုင်းက ပြောခဲ့တဲ့စကားတွေက အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် အခုအချိန်က မင်းလက်စားချေရမယ့် အချိန်မဟုတ်ဘူး”
သူ စကားပြောနေစဉ် ဒုတိယတန်းစားနှင့် တတိယတန်းစားဂိုဏ်းများမှ လူအများအပြားမှာ စတင်ထွက်ပြေးကြသဖြင့် လမ်းမများပေါ်တွင် ဆူညံပွက်လောရိုက်ကာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။ ထိပ်သီးဂိုဏ်းကြီးများမှ ပုဂ္ဂိုလ်များမှာမူ မိမိတို့၏ သိက္ခာကို ငဲ့ကွက်သောကြောင့် ထွက်ခွာလိုကြသော်လည်း အခြားလူငယ်များကဲ့သို့ အလုအယက် ထွက်ပြေးရမည်ကို ရှက်ရွံ့နေကြသည်။ သူတို့သည် ကြေးနီတောင်ကုန်းမြို့သို့ ပြန်ရောက်သည့်တိုင် ထွက်ခွာမှုကို ကြန့်ကြာအောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြပြီး ထိုနေရာသို့ ရောက်မှသာ မိမိတို့၏ အားနည်းချက်များကို ကြွားဝါကြတော့မည်... ယင်းက ပို၍ မြင့်မြတ်လှပေသည်။
မမျှော်လင့်ထားသည်က ကျီထုံက ရှေ့သို့ လှမ်းလာပြီး ကုန်းစွန်းချန်ကို ကြင်နာစွာ အကြံပေးလိုက်သည်။
“ဂိုဏ်းချုပ်ကုန်းစွန်း၊ ဒီမိန်းမစိုးချောင် ပြောတာ မှန်ပါတယ်၊ သိုင်းလောကရဲ့ ဖြောင့်မတ်တဲ့လမ်းစဉ်က အခုအချိန်မှာ ပြိုလဲလုနီးပါးအန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတာပါ၊ သခင်လေးဖုန်းကို လင်းချန်ကို ကိုင်တွယ်ဖို့ပဲ အာရုံစိုက်ခွင့်ပေးလိုက်ပါ၊ မင်းနဲ့ သူတို့ကြားက ရန်ငြိုးကို နောက်မှ ဆွေးနွေးလို့ ရပါတယ်၊ မင်းရဲ့ တပည့်တွေကို ဦးဆောင်ပြီး မြို့ထဲကနေ အရင်ဆုံး ထွက်ခွာသွားသင့်တယ်၊ သူတို့ရဲ့ အသက်ကို ကာကွယ်ဖို့က အဓိကပဲလေ”
ကုန်းစွန်းချန်သည် ကျီထုံကို အသိဆုံး ဖြစ်သည်။ ထို့ပြင် သူတို့သည် ရန်သူဟောင်းများ ဖြစ်ကြသည်။ ယခုအချိန်၌ ကျီထုံ၏ စိတ်ထဲတွင် ရှိနေသော တစ်ခုတည်းသော အတွေးမှာ ထွက်ပြေးရန် ဖြစ်ကြောင်း သူကောင်းကောင်း သိပေသည်။ ဤဖြောင့်မတ်လှသည်ဟု ထင်ရသော စကားလုံးများကို အကျဉ်းချုပ်ရမည်ဆိုပါက “ငါ့ကောင်... ငါက မင်းကို ထွက်ပြေးဖို့ လမ်းကြောင်းပေးနေတာနော်၊ မင်းအရင်ပြေးမှ ငါ နောက်က လိုက်ပြေးလို့ရမှာ” ဟူ၏။
“ကောင်းပါပြီ၊ ဂိုဏ်းချုပ်ကျီက ဒီလိုပြောမှတော့...”
ကုန်းစွန်းချန်က ဖုန်းပုကြွယ်ဘက်သို့ လှည့်လိုက်သည်။
“သခင်လေးဖုန်း၊ နှုတ်ဆက်ပါတယ်”
သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏တပည့်များကို လက်ဝှေ့ယမ်းပြလိုက်ကာ သူ့ဇနီးနှင့် ညီငယ်တို့၏ အလောင်းများကိုပင် ဂရုမစိုက်တော့ဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ကျီထုံသည်လည်း နားလည်မှုရှိသောအမူအရာဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး “ရှစ်ထောင့်မျှော်စင်က တပည့်တွေ၊ ငါ့နောက်က လိုက်ခဲ့ကြ...”
ထို့နောက် သူနှင့်အတူ လူတစ်ဒါဇင်ကျော်တို့သည်လည်း အလောတကြီး ထွက်ခွာသွားကြတော့သည်။
အရုဏ်ဦးတစ်ထောင်မျှော်စင်နှင့် ရှစ်ထောင့်မျှော်စင်တို့ နှစ်ခုလုံး နုတ်ထွက်သွားကြသည်ကို မြင်သောအခါ အခြားဂိုဏ်းကြီးများနှင့် တစ်ကိုယ်တည်း လာရောက်ကြသော သိုင်းသမားများလည်း ၎င်းတို့နောက်မှ လိုက်ပါသွားကြသည်။ မိနစ်ပိုင်းအတွင်း လမ်းမများပေါ်၌ လူသူကင်းမဲ့လုနီးပါး ဖြစ်သွားခဲ့ရသည်။
အမိုးပေါ်တွင် ရှိနေသော လင်းချန်သည် ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး ဝင်ရောက်တားဆီးခြင်း မပြုခဲ့ချေ။ ချောင်ချင်းက တော်ဝင်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှာ မဟုတ်ကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် ယနေ့ညအတွက် သူ့အစီအစဉ်က ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း သူ သိရှိသွားရသည်။ ဒေါသတကြီး လိုက်လံသတ်ဖြတ်နေလျှင်လည်း အလကားသာ ဖြစ်လိမ့်မည်။ အနည်းဆုံးတော့ လူထက်ဝက်ခန့်က ထွက်ပြေးလွတ်မြောက်သွားနိုင်သောကြောင့် ဖြစ်သည်။
ထို့ပြင် သူသည် ချောင်ချင်း၊ ဖုန်းပုကြွယ်နှင့် ယခုအချိန်အထိ ထွက်ပေါ်မလာသေးသော ဓားကျိုးလက်ဖက်ရည်ခန်းမ၏ ကျန်လူများကိုလည်း ပေါ့ဆ၍ မရနိုင်ချေ။ ဖုန်းပုကြွယ်သည် သူ့လက်ထဲရှိ ထူးဆန်းသောသေတ္တာကဲ့သို့ အရာမျိုးကို ထပ်မံထုတ်ယူလာမလားကို မည်သူ သိနိုင်မည်နည်း။
“ညီအစ်ကိုလင်း...”
ဖုန်းပုကြွယ်က မော့ကြည့်ကာ ပြောဆိုလိုက်သည်။
“ချန်နင်က သူ့ရဲ့ ရည်မှန်းချက်ကြောင့် မင်းလှုံ့ဆော်တာကို ခံခဲ့ရပြီး သိုင်းလောကမှာ ကပ်ဘေးတစ်ခု ဖြစ်စေခဲ့တယ်၊ သိုင်းလောကနဲ့ အစိုးရကြား အပြန်အလှန် ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုတဲ့ ရေရှည်စည်းကမ်းကို ချိုးဖောက်ခဲ့တာပဲ၊ သူကိုယ်တိုင်လည်း မကြာခင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်လို့ မင်းကို ကူညီနိုင်တော့မှာ မဟုတ်ဘူး၊ ပြီးတော့ မင်းကလည်း အခု သိုင်းလောကတစ်ခုလုံးရဲ့ ရန်သူဖြစ်သွားပြီဆိုတော့ နန်းတော်ထဲက အခြားအင်အားစုတွေကလည်း မင်းကို လက်ခံကြမှာ မဟုတ်ဘူး”
သူက လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်သည်။
“အခု မင်းအတွက်ရှိနေတဲ့ တစ်ခုတည်းသော လမ်းကြောင်းကတော့... နာမည်ဝှက်နဲ့ နေထိုင်ပြီး တောင်ပေါ်ကို ဆုတ်ခွာသွားဖို့ပဲ”
“ဟွန့်... ဆုတ်ခွာရမယ် ဟုတ်လား”
လင်းချန်၏ မျက်နှာပေါ်ရှိ အနက်ရောင်မိစ္ဆာအငွေ့အသက်များက ပိုမို၍ ပြင်းထန်လာခဲ့ပြန်သည်။
“ဖုန်းပုကြွယ်၊ ငါ ဘယ်လိုလမ်းမျိုးကို လျှောက်လှမ်းမလဲဆိုတာ မင်းကို ပြောပြမယ်...”
လင်းချန်က အထီးကျန်ဆန်စွာ ပြန်လည်ဖြေကြားလိုက်သည်။
“ပထမဆုံးအနေနဲ့၊ ငါ မင်းနဲ့ ဒီအဓိပ္ပာယ်မရှိတဲ့ မိန်းမစိုးကို ချက်ချင်း သတ်ပစ်မယ်၊ ပြီးရင် ဒီကိစ္စကို သိထားပြီး ချန်နင်ကို ဖြုတ်ချဖို့ ကြိုးစားနိုင်တဲ့ နန်းတော်ထဲက အရာရှိတွေအားလုံးကို လိုက်သတ်မယ်၊ ပြီးရင်တော့ ငါ သူနဲ့ အပေးအယူကိစ္စကို ဆက်လုပ်ဆောင်မှာပဲ...”
သူ့မျက်နှာက ခက်ထန်သွား၏။
“အဆိုးဆုံးအခြေအနေကတော့၊ ငါဂိုဏ်းတစ်ခုချင်းစီကို အလည်သွားရုံပဲပေါ့၊ သူတို့ရဲ့ သိုင်းကျမ်းတွေကို အပ်နှံပြီး ငါ့ကိုသခင်အဖြစ် အသိအမှတ်ပြုတဲ့သူတွေက အသက်ရှင်ခွင့်ရမယ်၊ ငြင်းဆန်သူတွေရဲ့ ဂိုဏ်းတွေကိုတော့ အမြစ်ပြတ် သုတ်သင်ပစ်မယ်”
သူက အလွန်တည်ငြိမ်သော လေသံဖြင့် ဆိုသည်။
“ဒါက အချိန်နဲ့ အင်အား နည်းနည်းပိုကုန်သွားရုံပဲရှိမှာ၊ ငါ့လမ်းကြောင်းကို မင်းတို့ တားဆီးနိုင်မှာ မဟုတ်ဘူး”
“ဒါဆိုတော့လည်း... တခြားနည်းလမ်း မရှိတော့ဘူးပေါ့...”
ဖုန်းပုကြွယ်က ဆိုသည်။ သူသည် သူ၏ စက်သေနတ်ငယ်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး အိတ်ထဲမှ ဒြပ်ဆွဲအားဆန့်ကျင်လက်နက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ မီးခြစ်ဘူးနှင့် ဝါးလုံးသဏ္ဌာန် ဘောလုံးငယ်တစ်ခုကို ထုတ်ယူလိုက်လေသည်။ သူသည် ဝါးဘောလုံးကို မီးညှိလိုက်ပြီး လက်နက်ကို အသုံးပြု၍ ကောင်းကင်ထက်သို့ ပစ်တင်လိုက်တော့သည်။
ထိုလုပ်ရပ်က အဝေးတွင် ရှိနေသော သူ့အသင်းဖော်များအား အချက်ပြလိုက်ခြင်း ဖြစ်ကြောင်း သေချာလှသည်။ သို့သော်လည်း လင်းချန်သည် ဤကမ္ဘာပေါ်တွင် စနိုက်ပါရိုင်ဖယ်ဟုခေါ်သော လက်နက်မျိုးရှိကြောင်း မသိရှိချေ။ ဖုန်းပုကြွယ် အကူအညီ တောင်းခံနေခြင်း ဖြစ်သည်ဟုသာ သူ ထင်မှတ်လိုက်သည်။
နှစ်စက္ကန့်အကြာတွင် မီတာရာပေါင်းများစွာ အကွာအဝေးမှ သေနတ်သံတစ်ချက်က ကောင်းကင်ယံကို ဖြတ်သန်းကာ ထွက်ပေါ်လာတော့သည်။
ရီရူယွီသည် ဦးခေါင်းကို ဦးတည်၍ မပစ်ခတ်ခဲ့ချေ။ ထို့ထက် သူမ၏ သေနတ်ပစ်စွမ်းရည်မှာ ပြည့်စုံအဆင့် A-level သို့ ရောက်ရှိမနေသေးသောကြောင့် ဖြစ်သည်။ ဦးခေါင်းကို ဦးတည်ပစ်ခတ်မည်ဆိုပါက လွဲချော်သွားနိုင်ခြေ ၄၀ ရာခိုင်နှုန်းခန့် ရှိပေသည်။ သူမ၏ လက်နက်သည် အလွန်ကောင်းမွန်ပြီး ပစ်ခတ်မှု အကွာအဝေး၊ ထောင့်ချိုး၊ လေတိုက်နှုန်း နှင့် လရောင်၏ မြင်ကွင်းတို့က အဆင်ပြေနေသော်လည်း ဤကဲ့သို့ဒုတိယအကြိမ် အခွင့်အရေးမျိုး ထပ်မံရရှိမည် မဟုတ်ချေ။ ပထမဆုံးသော ပစ်ခတ်မှုကသာ အောင်မြင်ရန် အလွယ်ကူဆုံး ဖြစ်ပေသည်။ ဤကဲ့သို့ ရေရှည်တိုက်ခိုက်မှုမျိုးကို ခံလိုက်ရပြီးနောက် ပြိုင်ဘက်သည် သေချာပေါက် သတိပြုမိသွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤပစ်ခတ်မှုက လွဲချော်၍ မဖြစ်ချေ။ ခန္ဓာကိုယ် (ရင်ဘတ်) ကို ဦးတည်ပစ်ခတ်ခြင်းကသာ စိတ်အချရဆုံး ဖြစ်ပေသည်။ ဤပစ်ခတ်မှုက ဘော့စ်ကို ဒဏ်ရာရစေနိုင်သရွေ့ နောက်ဆက်တွဲ တိုက်ခိုက်မှုအားလုံး လွဲချော်သွားစေဦးတော့ ယင်းက ထိုက်တန်ပေသည်။
လင်းချန်သည် အစောပိုင်းက သဏ္ဌာန်ဟင်းလင်းပြင်သိုင်းကို စတင်ကျင့်ကြံစဉ်အချိန်၌ ချီသွေးကြောများ ဖောက်ပြန်မှုကို ခံစားခဲ့ရပြီး အတွင်းစိတ်မိစ္ဆာ၏ ဝါးမြိုခြင်းခံခဲ့ရသဖြင့် သူ၏ စရိုက်က သိသိသာသာ ပြောင်းလဲသွားခြင်း ဖြစ်သည်။ သူ၏ အဓိက ပင်မအသိစိတ်အထက်တွင် ပိုမိုမြင့်မားသော နတ်ဘုရားအသိစိတ်တစ်ခု ရှိနေခဲ့ပြီး ယင်းကား သဏ္ဌာန်မဲ့မိစ္ဆာသခင်ဖြစ်ပေသည်။ တစ်ခါတစ်ရံတွင် လင်းချန်၏ ကိုယ်ပိုင်အသိစိတ်က သူ့ကိုယ်သူ မကာကွယ်နိုင်သည့် အချိန်မျိုး၌ ထိုမိစ္ဆာအသိစိတ်က ဝင်ရောက်ကူညီလေ့ ရှိသည်။
လပြည့်ညသည် မိစ္ဆာသခင်၏ စိတ်ဆန္ဒနှင့် စွမ်းအားတို့ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အချိန်ဖြစ်သောကြောင့် ဤရုတ်တရက် သေစေနိုင်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရသောအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်စွမ်းအင်အကာအကွယ်တစ်ခု ပေါ်ထွက်လာပြီး စနိုက်ပါကျည်ဆန်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။
သို့သော်လည်း အမြန်နှုန်းနှင့် စွမ်းအား နှစ်ခုစလုံးတွင်မူ ဤကျည်ဆန်က ရှေးဟောင်းလက်နက်များထက် သိသိသာသာ သာလွန်ပေသည်။ ခဏတာမျှ ရပ်တန့်သွားပြီးနောက် ကျည်ဆန်သည် စွမ်းအင်အကာအကွယ်ကို ဖောက်ထွက်သွားခဲ့ပြီး လင်းချန်၏ ရင်ဘတ်ထဲသို့ ဝင်ရောက်သွားတော့သည်။
စိတ်မကောင်းစရာက... နှလုံးသားနေရာကို ထိမှန်သွားခြင်း ဖြစ်သည်။
...
ကောင်းကင်တစ်ခုလုံးတွင် တိမ်များထူထပ်နေခဲ့ပြီး လေတိုက်ခတ်ခြင်း မရှိဘဲ နှင်းပွင့်အနည်းငယ်သာ တိတ်ဆိတ်စွာ ကျဆင်းနေခဲ့သည်။
လွန်ခဲ့သော နှစ် ၃၀က။
သာယာလှသော မနက်ခင်းတစ်ခုတွင် လူရိပ်နှစ်ခု (တစ်ဦးက အဘိုးအိုဖြစ်ပြီး တစ်ဦးက ကလေးငယ်ဖြစ်သည်) တို့သည် ယဲ့မိသားစုအိမ်တော်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့ကြသည်။
ထိုကလေးငယ်သည် အသက် ၁၀နှစ်ပင် မပြည့်သေးသည့် ပုံစံမျိုးရှိပြီး ဝတ်ဆင်ထားသော အင်္ကျီနှင့် ဘောင်းဘီတို့မှာ ဟောင်းနွမ်းစုတ်ပြတ်နေခဲ့သည်။ သူ၏ မျက်နှာနှင့် လက်များသည် အအေးဒဏ်ကြောင့် နီရဲနေခဲ့သော်လည်း သူ့မျက်လုံးများထဲတွင်မူ အသက်အရွယ်ထက် ကျော်လွန်သော စိတ်ပိုင်းဖြတ်မှုများကို မြင်တွေ့နိုင်ပေသည်။
ထိုကလေးငယ်၏ ဘေးတွင်မူ တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေသော အဘိုးအိုတစ်ဦး ရှိနေခဲ့သည်။
“ငါတို့ ရောက်ပြီ၊ ချန်အာ”
အဘိုးအိုက ရပ်တန့်လိုက်သည်။ သို့သော်လည်း သူက ကလေးငယ်၏ လက်ကို လွှတ်မပေးခဲ့ချေ။
ငယ်ရွယ်သော လင်းချန်လေးသည် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော ကျန်ရှိတော့သည့် သူ့ဆွေမျိုးသားချင်းကို မော့ကြည့်ကာ ကလေးသံဖြင့် မေးမြန်းလိုက်သည်။
“အဘိုး၊ သားကို လာကြည့်ဦးမှာလားဟင်”
အဘိုးဖြစ်သူက ခေါင်းကို ခါယမ်းလိုက်သည်။
“အဘိုးက အရမ်း... အရမ်းဝေးတဲ့ နေရာတစ်ခုကို သွားရတော့မှာ၊ ဒါကြောင့် မြေးလေးဆီကို လာကြည့်နိုင်တော့မှာ မဟုတ်ဘူး”
သူသည် သူ့ဘဝ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကာ သူ့တွင် နေ့ရက်များစွာ မကျန်တော့ကြောင်း သိရှိနေခဲ့သဖြင့် မြေးဖြစ်သူကို ယဲ့မိသားစုဆီသို့ ပို့ဆောင်ပေးခြင်းက သူ၏ နောက်ဆုံးဆန္ဒ ဖြစ်ပေသည်။
“ဒါဆိုရင်... ချန်အာ အဘိုးနဲ့အတူ လိုက်ခဲ့မယ်၊ သား ယဲ့မိသားစုဆီမှာ သိုင်းမသင်ချင်တော့ဘူး”
ငယ်ရွယ်သော လင်းချန်လေး၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာခဲ့ရသည်။ သူသည် သူနှင့် သက်တူရွယ်တူ ကလေးများထက် ပိုမိုရင့်ကျက်သော်လည်း ကလေးတစ်ယောက်သာ ဖြစ်နေသေး၏။
အဘိုးဖြစ်သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေးဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“ချန်အာ၊ အဲ့ဒီလို စကားမျိုးကို နောက်တစ်ခါ ထပ်မပြောပါနဲ့...”
ငယ်ရွယ်သော လင်းချန်လေး၏ မျက်နှာပေါ်တွင် မျက်ရည်များ ချက်ချင်း စီးကျလာခဲ့တော့သည်။ သူသည် ခွဲခွာရမည့်အချိန် ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိနေခဲ့သည်။
“ဟူး...”
အဘိုးဖြစ်သူက သက်ပြင်းချလိုက်ပြီး “အဘိုးမှာ ပိုက်ဆံလည်းမရှိဘူး၊ အာဏာလည်းမရှိဘူး၊ မြေးလေးကို ဘာမှ မပေးနိုင်ခဲ့ဘူး...”
လူအိုကြီးသည် စကားပြောနေရင်း လည်ချောင်းသံများ တုန်ခါနေကာ သူ့မျက်လုံးများထဲတွင်လည်း ခါးသီးမှုများနှင့် အကူအညီမဲ့မှုများ ပြည့်နှက်နေလေသည်။
လင်းချန်၏ မိဘများသည် သိုင်းလောကထဲတွင် သာမန်လူများသာ ဖြစ်ကြသည်။ ယုတ္တိဗေဒအရ လင်းချန်၏ နောက်ခံအရဆိုပါက သူသည် ယဲ့မိသားစု၏ တပည့်တစ်ယောက် ဖြစ်လာရန် မည်သည့်နည်းနှင့်မျှ အရည်အချင်း မပြည့်မီချေ။ သို့သော်လည်း သူ့မိဘနှစ်ဦးစလုံးမှာ လွန်ခဲ့သော လအနည်းငယ်က ဂိုဏ်းအသီးသီးတို့၏ ‘ကြာစိမ်းဂိုဏ်း’ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။ လင်းချန်၏ အဘိုးမှာလည်း အသက်ကြီးရင့်ကာ ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးကို လူလားမြောက်အောင် မွေးမြူနိုင်စွမ်း မရှိခဲ့ချေ။
လင်းမောင်နှံသည် သိုင်းလောကအတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြသဖြင့် သိုင်းလောကသားများအနေဖြင့် သူတို့၏ အမိမဲ့အဖမဲ့ကလေးငယ်ကို လမ်းမပေါ်တွင် အအေးမိသေဆုံးသွားမည်ကို ဘယ်သူမှ ဒီအတိုင်း စောင့်ကြည့်မနေနိုင်ကြချေ။ ထို့ကြောင့် ယဲ့မိသားစုက ချွင်းချက်အနေဖြင့် လင်းချန်ကို တပည့်အဖြစ် လက်ခံပေးခဲ့ခြင်း ဖြစ်သည်။
နှင်းပွင့်များက ဆက်လက်၍ ကျဆင်းနေဆဲ ဖြစ်သည်။
အဘိုးဖြစ်သူက ငယ်ရွယ်သော လင်းချန်လေး၏ လက်ကို လွှတ်ပေးလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်သည်။
“မြေးလေးရဲ့ အဖေနဲ့ အဘိုးဟာ သာမန်ဘဝတွေကိုပဲ ဖြတ်သန်းခဲ့ရတာ၊ အရာအားလုံးအတွက် ကိုယ်ဘာသာ တိုက်ခိုက်ခဲ့ရတာ ဖြစ်တယ်၊ ဘဝတစ်ခုလုံး ရုန်းကန်ခဲ့ပြီးတဲ့နောက်တော့ အဘိုးတို့ဟာ အခြားသူတွေ ခိုင်းစေတဲ့အတိုင်း လုပ်ဆောင်ရတဲ့ သာမန် အစေခံနယ်ရုပ်လေးတွေထက် မပိုခဲ့ပါဘူး၊ ငါတို့ သေသွားတဲ့အခါကျရင် ဘယ်သူကမှ ငါတို့ကို မှတ်မိနေကြမှာ မဟုတ်ဘူး”
သူက သက်ပြင်းချလိုက်ပြီး “ဟူး... ဒါတွေအားလုံးက ကံကြမ္မာပါပဲ”
အဘိုးဖြစ်သူက ယဲ့မိသားစုအိမ်တော်၏ တံခါးဝနှင့် ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။
“ချန်အာ၊ ယဲ့မိသားစုက သိုင်းလောကမှာ နံပါတ်တစ်ပဲ၊ မြေးလေးသာ သိုင်းပညာကို ကြိုးကြိုးစားစား ကျင့်ကြံပြီး ဖြောင့်မတ်တဲ့လူတစ်ယောက် ဖြစ်အောင် နေထိုင်မယ်ဆိုရင် အနာဂတ်မှာ သေချာပေါက် ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ရရှိလိမ့်မယ်၊ မြေးလေးရဲ့ မိဘတွေ အသက်နဲ့လဲပြီး ရယူပေးခဲ့တဲ့ ဒီအခွင့်အရေးကို တန်ဖိုးထားပါ”
သူသည် ထိုနေရာတွင် စကားကို ရပ်တန့်လိုက်ပြီး သူ၏မြေးဖြစ်သူ စိတ်ပြောင်းသွားမည် သို့မဟုတ် စိတ်ဝေဝါးသွားမည်ကို စိုးရိမ်သဖြင့် ပြောချင်သော စကားလုံးအားလုံးကို ပြန်လည်မျိုသိပ်လိုက်လေသည်။
ငယ်ရွယ်သော လင်းချန်လေးသည် သူ့အဘိုး၏ ကျောပြင်ကို ကြည့်ကာ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေခဲ့ရသည်။ သူသည် ၁၀နှစ်ပင် မပြည့်သေးသည့် ကလေးတစ်ယောက်သာ ဖြစ်သော်လည်း အလွန်ကြီးမားပြီး လေးလံလှသော ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နေရပြီ ဖြစ်သည်။
မျက်ရည်များက ဝမ်းနည်းမှုများကို ဆေးကြောပေးနိုင်သော်လည်း မျက်ရည်များကပင် သယ်ဆောင်မသွားနိုင်သော ဝမ်းနည်းမှုများကိုမူ ရယ်မောခြင်းဖြင့် မြှုပ်နှံထားနိုင်ပေသည်။
နောက်ဆုံးတွင် လင်းချန်သည် သူ့မျက်ရည်များကို ပြတ်ပြတ်သားသား သုတ်လိုက်ပြီး အတင်းအကျပ် ပြုံးလိုက်လေသည်။
“အဘိုး၊ စိတ်မပူပါနဲ့၊ ချန်အာက အနာဂတ်မှာ သေချာပေါက် အောင်မြင်တဲ့သူတစ်ယောက်ဖြစ်အောင် လုပ်ပါ့မယ်၊ ဒီကမ္ဘာပေါ်မှာ နံပါတ်တစ်၊ အဆင့်အမြင့်ဆုံးသိုင်းပညာရှင်ကြီး ဖြစ်လာစေရမယ်၊ အဘိုး ဘယ်လောက်ပဲ ဝေးဝေးကို သွားပါစေဦးတော့၊ ချန်အာရဲ့ နာမည်က အဲ့ဒီနေရာအထိ ပျံ့နှံ့သွားစေရမယ်”
သူ လှည့်ထွက်လိုက်ပြီး ရှေ့သို့ လျှောက်လှမ်းသွားကာ သူ့ကံကြမ္မာကို ပြောင်းလဲပေးမည့် တံခါးကို ခေါက်လိုက်တော့သည်။
...
“ဟူး... ဟူး...”
လင်းချန်သည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ပြီး သူ့ဘယ်ဘက်ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ ထိုနေရာတွင် ကြီးမားမှောင်မိုက်နေသော အပေါက်ကြီးတစ်ခု ပေါ်ထွက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုဒဏ်ရာသည် သွေးချင်းချင်းနီနေခဲ့ပြီး သွေးများနှင့် အသားစအချို့က သူ့ရင်ဘတ်ထဲမှ အဆက်မပြတ် ပန်းထွက်နေကာ သူ့ခြေထောက်အောက်ရှိ အုတ်ကြွပ်ပြားများပေါ်သို့ လွင့်စင်ကျရောက်နေခဲ့သည်။
ရီရူယွီအသုံးပြုခဲ့သည်မှာ အချင်းကြီးမားသော စနိုက်ပါရိုင်ဖယ် ဖြစ်သောကြောင့် ထိုရိုင်ဖယ်မှ ထွက်ပေါ်လာသော ကျည်ဆန်များကို သံပြားတစ်ခုတည်းနှင့်ပင် တားဆီးနိုင်စွမ်း မရှိချေ။ သာမန် သွေးသားခန္ဓာကိုယ်ဆိုလျှင်မူ ဆိုဖွယ်မရှိတော့ပေ။ ရီရူယွီ၏ ကင်းထောက်အဖြစ် လုပ်ဆောင်ပေးနေသော ရီရူလီကလည်း (ခေတ်မီ စနိုက်ပါအဖွဲ့များတွင် ပုံမှန်အားဖြင့် လူနှစ်ဦး ပါဝင်လေ့ရှိပြီး ကင်းထောင်သမားက မိမိကိုယ်ကို ကာကွယ်ရန်အတွက် အလိုအလျောက်လက်နက်တစ်ခုနှင့် မှန်ပြောင်းတစ်ခုကို ကိုင်ဆောင်ထားလေ့ရှိသည်) မှန်ပြောင်း (ရီရူယွီ ဆိုင်မှ ဝယ်ယူခဲ့သော ပစ္စည်းတစ်ခု ဖြစ်သည်) မှတစ်ဆင့် လင်းချန်၏ ဒဏ်ရာကို မြင်တွေ့လိုက်ရသဖြင့် ရုတ်တရက် အော်ဟစ်လိုက်လေသည်။
“အောင်မြင်ပြီ၊ သေစေနိုင်တဲ့ ဒဏ်ရာပဲ”
ချောင်ချင်း၊ ရှန်ဖေး၊ စုထန်၊ မြောင်ရှောင်ချင်း နှင့် လုချင်းနင်တို့အားလုံး ဆွံ့အမှင်တက်သွားကြရပြီး ထိုနေရာတင် ကြက်သေသေနေခဲ့ကြကာ လင်းချန်၏ ရင်ဘတ်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာသော ထိုကြောက်မက်ဖွယ်ကောင်းလှသည့် ဒဏ်ရာကြီးကို အံ့အားသင့်စွာ စိုက်ကြည့်နေကြတော့သည်။
“ဟီး... ဟီးဟီး... ဟားဟားဟား...”
လင်းချန်၏ မျက်နှာပေါ်တွင် သွေးများ စီးကျနေသော်လည်း သူက ရယ်မောနေဆဲ ဖြစ်သည်။
“ဒါက ဒဏ်ရာအသေးအမွှားလေးပါ၊ ဟဲ... အဟွတ်...”
သူက သွေးတစ်လုပ်ကို ထပ်မံ အန်ထုတ်လိုက်သည်။
“ဟင်းလင်ပြင်က ပုံသဏ္ဌာန်မရှိဘူး၊ အမြဲတမ်း ပြောင်းလဲနေတာ၊ ငါ့ရဲ့ နတ်ဘုရားအဆင့် သိုင်းပညာက ပြည့်စုံနေတာပဲ၊ ဒီလိုဒဏ်ရာအသေးအမွှားလေးက ငါ့ကို ဘယ်လိုလုပ် နာကျင်အောင် လုပ်နိုင်မှာလဲ... အဟွတ်...”
သူက သူ့ဒဏ်ရာကို လက်ဖြင့် အုပ်လိုက်ပြီး သူ့အတွင်းအားဖြင့် ပြန်လည်ကုသရန် ကြိုးစားနေဆဲ ဖြစ်သည်။ သို့သော်လည်း စိတ်မကောင်းစရာက ဤဒဏ်ရာသည် အတွင်းအားဖြင့် ပြန်လည်ကုသနိုင်သည့် ဒဏ်ရာမျိုး မဟုတ်တော့ချေ။
“အဆင်ပြေပါတယ်၊ အဆင်ပြေသွားမှာပါ... ငါ မင်းတို့ကို မကြာခင် သတ်နိုင်တော့မှာပဲ... ငါ လုပ်စရာတွေ အများကြီး ကျန်သေးတယ်... ပြီးတော့...”
သူ သူ့ဘာသာ ရေရွတ်လိုက်ပြီး အသံက ပိုမိုတိုးညှင်းသွားခဲ့သည်။
လင်းချန်၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် ရှိနေသော ခရမ်းပုတ်ရောင် မိစ္ဆာအငွေ့အသက်များက သူ့ကိုယ်ပေါ်သို့ ပြန်လည်စုစည်းသွားခဲ့သည်။ သူသည် ထိုမိစ္ဆာစွမ်းအင်များကို အသုံးပြု၍ အတင်းအကျပ် အားစိုက်ကာ အမိုးပေါ်မှ ခုန်ချလိုက်ပြီး ဖုန်းပုကြွယ်နှင့် ချောင်ချင်းတို့ရှိရာ ဘက်သို့ တရွတ်တိုက်လှမ်းလာခဲ့ကာ နှုတ်မှလည်း ရေရွတ်နေခဲ့သည်။
“ငါက ကမ္ဘာပေါ်မှာ နံပါတ်တစ်ပဲ၊ ငါက အဆင့်အမြင့်ဆုံး သိုင်းပညာရှင်ကြီး ဖြစ်လာရမယ်...”
“ဒါက မင်းအမြဲတမ်း လိုက်လံရှာဖွေနေခဲ့တဲ့... မင်းရဲ့ အိမ်မက်လား”
ဖုန်းပုကြွယ်က ပြုံးလျက် မေးမြန်းလိုက်သည်။ မတော်တဆ အခြေအနေမျိုးအတွက် သူသည် သေမင်းဖဲချပ်ကို ထုတ်ယူထားဆဲ ဖြစ်သည်။ ဤကာလအတွင်း ပြန်လည်ကောင်းမွန်လာပြီးနောက် သူသည် ဒိုင်းကာဖဲချပ်ကို ထပ်မံ အသုံးပြုနိုင်စွမ်း ရှိနေပြီဖြစ်သည်။
“မင်းက ဒါကို ရယ်စရာလို့ ထင်နေတာလား”
လင်းချန်က သူ့နောက်တွင် သွေးကွက်များကို ချန်ထားခဲ့ရင်း ဖြည်းညှင်းစွာ ချဉ်းကပ်လာလေသည်။
“ငါတို့အားလုံးက အိမ်မက်တွေ... မိုက်မဲတဲ့အိမ်မက်တွေကို မက်နေကြတာပါပဲ”
ဖုန်းပုကြွယ်က လွမ်းမောဖွယ်ရာ လေသံဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“အဲ့ဒါက ဘာမှားလို့လဲ”
သူက လေးနက်စွာဖြင့် “မင်းရဲ့ ဇွဲလုံ့လကိုတော့ ငါတကယ် လေးစားမိပါတယ်၊ ပြီးတော့ မင်းရဲ့ နည်းလမ်းတွေကိုလည်း ငါ မမုန်းပါဘူး၊ ဒါပေမဲ့ စိတ်မကောင်းစရာ သတင်းတစ်ခုကတော့... မင်းရဲ့ အားနည်းချက်က မင်းကို ကျရှုံးအောင် ဖန်တီးလိုက်တာပဲ”
“ဟား... မင်း ငါ့ကို ဘာပြောလိုက်တာ...”
လင်းချန်သည် စကားလုံးများကိုပင် ခက်ခက်ခဲခဲ ထွက်နေရပြီ ဖြစ်သည်။
ဖုန်းပုကြွယ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
“သေချာတာပေါ့ မင်းက အားနည်းတယ်လေ၊ အားနည်းလွန်းလို့ မင်းရဲ့ ကိုယ်ပိုင်အတွင်းမိစ္ဆာစိတ်ကိုတောင် အောင်နိုင်စွမ်း မရှိဘူး၊ မင်းက ပိုမိုကြီးမားတဲ့ စွမ်းအားကို ရဖို့အတွက် အဲ့ဒီအရာကိုပဲ အမှီပြုဖို့ ရွေးချယ်ခဲ့တာ”
သူ စကားပြောနေရင်း သူ့အိတ်ထဲမှ ရွှေရောင်လက်ကိုင်ပါပြီး ဆန်းပြားစွာ ထုဆစ်ထားသော အနက်ရောင်ခေါင်းလောင်းတစ်ခုကို ထုတ်ယူလိုက်သည်။
“မနေ့ကညက တောင်ပေါ်မှာရှိတဲ့ တစ္ဆေသရဲတွေတောင်မှ မင်းအနားကို မကပ်ရဲဘဲ အဝေးမှာပဲ နေခဲ့ကြတာ၊ အဲ့ဒီအချိန်တုန်းက မင်းစိတ်ထဲမှာ ဘာသံသယမှ မရှိခဲ့ဘူးလား”
သူက ဗာဂျရာခေါင်းလောင်းကို မြှောက်ကိုင်လိုက်သည်။
“မင်းရဲ့ဝိညာဉ်က ပျက်စီးသွားခဲ့ပြီ၊ တကယ်လို့ မင်းဒီနေ့ ဒီနေရာမှာ မသေခဲ့ရင်တောင်မှ နောက်ထပ် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ မင်းရဲ့ အတွင်းမိစ္ဆာစိတ်ရဲ့ လုံးဝဝါးမြိုခြင်း ခံရမှာဖြစ်ပြီး လမ်းလျှောက်နေတဲ့ အလောင်းကောင်တစ်ကောင် ဖြစ်သွားမှာပဲ”
သူက ခဏရပ်တန့်လိုက်သည်။
“ဒီခေါင်းလောင်းက မင်းရဲ့ အဆုံးအဖြတ်ပဲ၊ တကယ်လို့ အစောပိုင်းက တိုက်ခိုက်မှု လွဲသွားခဲ့ရင်တောင်မှ ဝန်ကြီးချုပ်နဲ့ ငါတို့ ပူးပေါင်းလိုက်မယ်ဆိုရင် မင်းအနိုင်ရဖို့ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး”
ဖုန်းပုကြွယ်သည် ဗာဂျရာခေါင်းလောင်းကို နှစ်ချက်မျှ လှုပ်ခါလိုက်ရာ သူ့အနားမှ သုံးမီတာခန့် အကွာအဝေးတွင် ရှိနေဆဲဖြစ်သော လင်းချန်သည် မမြင်နိုင်သော စွမ်းအားတစ်ခုကြောင့် ချက်ချင်းဒူးထောက်ကျသွားတော့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်စွမ်းအင်များမှာ သေခါနီး သားရဲတစ်ကောင်ကဲ့သို့ ရူးသွပ်စွာ ပေါက်ကွဲထွက်လာလေသည်။
“ဟား... အား... အား”
လင်းချန်က ခါးသီးစွာ ရယ်မောလိုက်ပြီးနောက် ညဉ့်ခေါင်ယံအတွင်း ပဲ့တင်ထပ်သွားစေလောက်သည့် ဟိန်းဟောက်သံရှည်ကြီးကို ထုတ်ဖော်လိုက်လေသည်။ ယင်းက ကမ္ဘာကြီး၏ အကူအညီမဲ့မှုနှင့် ဆိတ်သုဉ်းမှုများကို ဖော်ပြနေသကဲ့သို့ ရှိနေပေသည်။
လုချင်းနင်၊ စုထန်နှင့် မြောင်ရှောင်ချင်းတို့ပင် သနားဂရုဏာသက်မိသော မျက်နှာအမူအရာများကို ထုတ်ဖော်ပြသမိကြသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အနက်ရောင် မြူခိုးများမှာ လုံးဝ ပြယ်လွင့်သွားခဲ့ပြီး လင်းချန်၏ မျက်နှာက လူသေကဲ့သို့ ဖြူလျော်သွားကာ သူ့မျက်လုံးများထဲတွင်လည်း ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။
“ညီအစ်ကိုဖုန်း... မင်းက ငါ့ကို တကယ်ပဲ သူရဲကောင်းတစ်ယောက်လို့ ထင်တာလား”
ဖုန်းပုကြွယ်က ပြန်မဖြေခဲ့ချေ။ သူသည် လက်တစ်ဖက်ကိုသာ ဆန့်ထုတ်လိုက်ပြီး လက်ဝါးကို အပေါ်သို့ လှန်လျက် သူ့ဘေးဘက်ရှိ လူသူကင်းမဲ့နေသော လမ်းမကြီးကို ညွှန်ပြကာ လှောင်ပြုံးပြုံးလိုက်လေသည်။
မိမိကိုယ်ကိုယ် သူရဲကောင်းများ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် သူရဲကောင်းများဟု သတ်မှတ်ထားကြသော လူများဖြင့် ပြည့်နှက်နေခဲ့ဖူးသည့် ဤလမ်းမကြီးပေါ်တွင် ယခုအချိန်၌ ရူးသွပ်နေသူတစ်ဦးနှင့် မိန်းမစိုးတစ်ဦးသာ ကျန်ရှိတော့သည်။
“ဟားဟားဟား... ဟားဟားဟားဟား...”
လင်းချန်သည် နောက်သို့ လဲကျသွားပြီး ပက်လက်လှန်လျက် အထိန်းအကွပ်မဲ့စွာ ရယ်မောနေတော့သည်။ နောက်ဆုံးတွင် သူသည် စိတ်သက်သာရာရစွာဖြင့် မျက်လုံးများကို ပိတ်လိုက်ပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုကို ဆင်မြန်းလျက် တိုးညှင်းသော လေသံဖြင့် ရေရွတ်လိုက်လေသည်။
“ဒါက ကံကြမ္မာပါပဲလေ...”