← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း (၂၃၀)

ဧပရယ်လ ၁၉ရက်၊ စနေနေ့ ၊ ဖုန်းပုကြွယ်၏ နေအိမ်၌ ဖြစ်သည်။

ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ဘေးချင်းယှဉ် ထိုင်နေကြသော ရှောင်တန်၊ ပေါင်တရန်(ဆရာပေါင်) နှင့် ဖုန်းပုကြွယ်၏ အရင်းနှီးဆုံး မိတ်ဆွေသုံးဦးတို့သည် တီဗီဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။ သူတို့ရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင်မူ အပြင်မှ မှာယူထားသော စားစရာများ တောင်လိုပုံနေခဲ့ပြီး ယင်းတို့မှာ ဖုန်းပုကြွယ် စာရေးခြင်းနှင့် တီဗီအစီအစဉ်များတွင် ပါဝင်ခြင်းတို့မှ ရရှိလာသော ဝင်ငွေများဖြင့် ဝယ်ယူထားခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဖုန်းပုကြွယ်သည် ကြည့်ရှုရန် အဆင်သင့်ဖြစ်စေရေးအတွက် သူ့ကွန်ပျူတာ ဟာ့ဒ်ဒစ်ထဲမှ ဗီဒီယိုဖိုင်တစ်ခုကို တီဗီသို့ အဝေးမှ လှမ်း၍ ချိတ်ဆက်ပေးထားခဲ့သည်။ ထိုဖိုင်ထဲတွင် လွန်ခဲ့သော တစ်ပတ်က သူ သွားရောက်ရိုက်ကူးခဲ့သည့် “ငါက စာရေးဆရာတစ်ယောက်ပါ” အစီအစဉ်၏ အပိုင်း ပါဝင်နေခြင်းဖြစ်သည်။

“ဒီအပိုင်းက နောက်အပတ်သောကြာနေ့ကျမှ ထုတ်လွှင့်မှာ၊ ဒါက... အကြမ်းဖျင်း တည်းဖြတ်ထားတဲ့ တစ်နာရီစာ ဗီဒီယိုပဲ၊ နောက်ဆုံး တရားဝင်ထုတ်လွှင့်တဲ့အခါကျရင်တော့ ၄၅ မိနစ်လောက်အထိ တိုသွားလိမ့်မယ်”

ဖုန်းပုကြွယ်သည် ခလုတ်ကို မနှိပ်မီ ရီမုကို မြှောက်ပြလျက် ဆိုလိုက်သည်။

“မင်းတို့ ဒါကို တကယ် ကြည့်ချင်ကြရဲ့လား...”

“အဓိပ္ပာယ်မရှိတာတွေ ပြောမနေစမ်းနဲ့”

ဆရာပေါင်ကြီးက ဆိုသည်။

“မြန်မြန်လုပ်ဟ၊ ငါ့မိန်းမက အိမ်မှာ ညစာစားဖို့ စောင့်နေတာနော်”

ရှောင်တန်ကမူ စိတ်လှုပ်ရှားစွာဖြင့် ဖင်တကြွကြွဖြစ်နေပြီ ဖြစ်သည်။

“ဖွင့်လိုက်စမ်းပါ၊ ကိုယ်သိတဲ့လူတစ်ယောက် တီဗီပေါ်မှာ ဖျော်ဖြေရေးအစီအစဉ်တစ်ခု သွားပြိုင်တာကို မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ”

“ဟူး... ကောင်းပြီလေ”

ဖုန်းပုကြွယ် ပလေးခလုတ်ကို နှိပ်လိုက်တော့သည်။

အိမ်မက်ဆိုးတစ်ခုကဲ့သို့ ထူးဆန်းပြီး ဝေဝါးလှသော ပုံရိပ်များက တီဗီဖန်သားပြင်ပေါ်တွင် စတင်ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ဤဖြစ်စဉ်သည် တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့ပြီး ချက်ချင်းရပ်တန့်သွားခဲ့ရာ ဖိုင်၏ ပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်လေသည်။ ထို့ထက် ယင်းက တီဗီစတေရှင်မှ တရားဝင်ထုတ်လွှင့်သည့် တိပ်ခွေမျိုး မဟုတ်သောကြောင့် တည်းဖြတ်မှု အားနည်းချက်အချို့ ရှိနေခြင်းမှာ သဘာဝကျလှသည်။

မြင်ကွင်းက ထွက်ပေါ်လာခဲ့ပြီး ကင်မရာသည် မြင့်မားသော ထောင့်ချိုးတစ်ခုမှနေ၍ အနီးကပ်နှင့် အဝေးမြင်ကွင်းများကို ဆွဲပြလျက် စင်မြင့်၏ ကျယ်ပြန့်သော မြင်ကွင်းမှတစ်ဆင့် ဗဟိုချက်ဆီသို့ ဦးတည်ရိုက်ကူးလိုက်သည်။

ယခုခေတ်တွင် အကြီးစားဖျော်ဖြေရေးအစီအစဉ်များ၏ မီးအလင်းအမှောင်ပညာရှင်များသည် အလွန် ရက်စက်ကြမ်းကြုတ်လှသည်။ အကယ်၍ ပရိသတ်များ၏ မျက်စိကို ပြာဝေအောင် မလုပ်နိုင်ဘူးဆိုရင် သူတို့သည် အပြင်ထွက်ပြီး လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ဖို့တောင် ရှက်နေကြဦးမည် ဖြစ်သည်။ ထို့ကြောင့် ဤအစီအစဉ်ကလည်း ချွင်းချက်မဟုတ်ခဲ့ချေ။ စင်မြင့်ပေါ်ရှိ မီးဆိုင်း မြောက်များစွာတို့သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရွေ့လျားလင်းလက်နေခဲ့ကြပြီး ကင်မရာကလည်း ယင်းကို လိုက်လံရိုက်ကူးနိုင်ရန်အတွက် ပြင်းထန်စွာ လှုပ်ယမ်းနေရသည်။ တစ်ချိန်တည်းမှာပင် ပြိုင်ပွဲဝင်များ ရှိနေသော နေရာတစ်ခုလုံးမှာမူ မှောင်မည်းနေလေသည်။ ပြိုင်ပွဲဝင်ခုနစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦး တစ်မီတာခန့် ကွာဝေးလျက် ဘေးချင်းယှဉ် ထိုင်နေကြပြီး သူတို့ရှေ့တွင် ထိန်းချုပ်ခုံတစ်ခုစီ ရှိနေကြသည်။ မီးအလင်းရောင်များသည် သူတို့အပေါ်သို့ ထူးဆန်းသော ထောင့်ချိုးတစ်ခုမှ ဖြာကျနေခဲ့သဖြင့် ပရိသတ်များအနေဖြင့် ထိုလူခုနစ်ဦး၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း မျက်နှာများကိုတော့ မမြင်တွေ့နိုင်ကြချေ။

တေးဂီတသံ စတင်လာသည်နှင့်အမျှ တင်ဆက်သူတစ်ဦးက စင်မြင့်ပေါ်သို့ လှမ်းဝင်လာခဲ့သည်။ သေမင်းပဟေဠိပြိုင်ပွဲတုန်းက ဂန်နမ်စတိုင်အကဖြင့် စင်ပေါ်တက်လာခဲ့သည့် ထိုဖက်တီးကြီးနှင့် နှိုင်းယှဉ်ပါက ဤတင်ဆက်သူမှာ ပို၍ စတိုင်ကျပေသည်။ သူသည် စမတ်ကျလှသော ဝတ်စုံကို ဝတ်ဆင်ထားပြီး နားကြပ်ကို တပ်ဆင်လျက် စင်မြင့်၏ ဗဟိုချက်ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ သူသည် မတ်တပ်ရပ်ပြီးနောက် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ၊ မီးအလင်းရောင်များ လင်းလက်နေခြင်းက ရပ်တန့်သွားခဲ့ပြီး သူ့အပေါ်သို့သာ အာရုံစိုက်သွားတော့သည်။ တင်ဆက်သူက အနည်းငယ် ဦးညွှတ်လိုက်သည်။

“ကြိုဆိုပါတယ်၊ ကျွန်တော်က ‘စာရေးဆရာ’ ပါ၊ ကျွန်တော်က အစီအစဉ်မှူး ‘အော်စကာ’ ဖြစ်ပါတယ်”

နှစ်စက္ကန့်အကြာတွင် မီးအလင်းရောင်များက စင်မြင့်တစ်ခုလုံးနှင့် ပရိသတ် ထိုင်ခုံနေရာများကိုပါ လင်းထိန်သွားစေခဲ့သော်လည်း ပြိုင်ပွဲဝင်များ၏ ထိုင်ခုံနေရာမှာမူ သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ခုကဲ့သို့ မှောင်မည်းနေဆဲ ဖြစ်သည်။

အော်စကာဆိုသည်မှာ စင်မြင့်ထက်က နာမည်ဝှက်တစ်ခု ဖြစ်ကြောင်း ထင်ရှား၏။ ယခုလိုခေတ်ကြီးတွင် ပရိသတ်များက မည်သည့်ထူးဆန်းသော နာမည်မျိုးကိုမဆို လက်ခံနိုင်ကြသည်။ တင်ဆက်သူအဖြစ် ကျင်းဖူကွေ့ (ချမ်းသာကြွယ်ဝခြင်း)လို့ အမည်ရတဲ့သူမျိုးကို သွားပြီး မငှားရမ်းသရွေ့ပေါ့။

“ကောင်းပါပြီ၊အားလုံးပဲ စိတ်မရှည်စွာနဲ့ စောင့်ဆိုင်းနေကြပြီဆိုတာ ကျွန်တော် သေချာပေါက် သိပါတယ်...”

အော်စကာက လှည့်လာပြီး ပြိုင်ပွဲဝင်များ၏ ထိုင်ခုံနေရာဘက်သို့ လက်ကို မြှောက်ပြလိုက်သည်။

“ဒီနေ့ရဲ့ ပြိုင်ပွဲဝင် ခုနစ်ယောက်ထဲက ခြောက်ယောက်ကိုတော့ ပြီးခဲ့တဲ့အပိုင်းမှာ မိတ်ဆွေတို့ မြင်တွေ့ခဲ့ကြပြီး ဖြစ်ပါတယ်၊ ကြည့်ရှုသူအများစုကတော့ သူတို့ရဲ့ အရိပ်တွေကို ကြည့်ရုံနဲ့တင် မှတ်မိနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်...”

“ဟင်၊ ဒီလူက ဘာဖြစ်လို့ သူ့ရဲ့ ဒုတိယမြောက် စာကြောင်းကို ‘အားလုံးပဲ စိတ်မရှည်စွာနဲ့ စောင့်ဆိုင်းနေကြပြီဆိုတာ ကျွန်တော်သိပါတယ်’ လို့ စပြောရတာလဲ”

တီဗီကို ကြည့်နေသော ရှောင်တန်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ တရားဝင် ထုတ်လွှင့်တဲ့ဗားရှင်းမှာ အော်စကာက အဲ့ဒီစာကြောင်းကို မပြောခင် စပွန်ဆာတွေရဲ့ နာမည်စာရင်း အရှည်ကြီးကို အရင်ဖတ်ရမှာမို့လို့ပဲ”

ဖုန်းပုကြွယ်က ရှင်းပြလိုက်သည်။

“အခုလိုမျိုး ကြိုတင်ရိုက်ကူးထားတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေမှာ အဲ့ဒီအပိုင်းတွေကို ပုံမှန်အားဖြင့် သီးခြားရိုက်ကူးလေ့ ရှိကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနာမည်တွေကို ရှင်းရှင်းလင်းလင်း ဖတ်ဖို့လိုသလို အချိန်ကိုလည်း ထိန်းချုပ်ဖို့ လိုတာကြောင့် အကြိမ်ပေါင်းများစွာ ပြန်ရိုက်ရနိုင်လို့ပဲ”

သူက ခဏရပ်တန့်လိုက်ပြီးနောက် ဆက်ပြော၏။

“ကြော်ငြာတွေ လာပြီးတိုင်းမှာလည်း စပွန်ဆာတွေ သတ်မှတ်ပေးထားတဲ့ ကြော်ငြာစာသားတွေကို ကြားညှပ်ပြီး ဖတ်ရသေးတယ်၊ အဲ့ဒါက ပြက်လုံးတစ်ခုစာလောက် ရှည်လျားတယ်၊ အဲ့ဒီအရာတွေကိုကျ တိုက်ရိုက်ရိုက်ကူးမှုထဲမှာ မထည့်ထားဘဲ အားလုံးကို သီးခြားရိုက်ကူးထားတာ”

“အော်... အဲ့ဒီလိုကိုး... အစီအစဉ်မှူး လုပ်ရတာလည်း မလွယ်ပါလား”

ရှောင်ဆန်က သက်ပြင်းချလိုက်သည်။

“ဟေ့”

ထိုအချိန်တွင် ဆရာပေါင်က ဘေးမှနေ၍ သတိပေးလိုက်သည်။

“အခု ပြိုင်ပွဲဝင်တွေကို မိတ်ဆက်ပေးတော့မှာ၊ တိတ်တိတ်နေကြတော့”

ဖန်သားပြင်ပေါ်တွင် ပထမဆုံးပြိုင်ပွဲဝင် ရှိနေသောနေရာ၌ မီးအလင်းရောင်များ ဖြာကျလာခဲ့သည်။ သူသည် မျက်မှန်တပ်ထားသော လူငယ်တစ်ဦးဖြစ်ပြီး အသက်သုံးဆယ်ဝန်းကျင်ခန့် ရှိကာ အနည်းငယ် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်ပြီး သာမန်ဝတ်စုံကိုသာ ဝတ်ဆင်ထား၏။

အော်စကာသည် သူ့ဝတ်စုံအိတ်ကပ်ထဲမှ ကတ်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ပြိုင်ပွဲဝင်များကို မိတ်ဆက်ပေးရန် စတင်တော့သည်။ သူသည် သူတို့၏ ကလောင်အမည်များကိုသာ အသုံးပြု၍ မိတ်ဆက်ပေးခြင်း ဖြစ်သည်။

“ပြိုင်ပွဲဝင် နံပါတ်တစ် ရွှမ်ထျန်းစုန့်ဖြစ်ပါတယ်၊ သူက သိုင်းလောကမှာ အွန်လိုင်းစာရေးဆရာတစ်ဦးအဖြစ် လူသိများပြီး အခု အသက်၃၂ နှစ် ရှိပါပြီ၊ သူက စုစုပေါင်း စာလုံးရေနှစ်သန်းကျော်ရှိတဲ့ အွန်လိုင်းဝတ္ထုရှည် ဆယ်ပုဒ်ကို ရေးသားခဲ့ပြီး ဖြစ်ပါတယ်၊ သူ့လက်ရာတွေက အလွန်လူကြိုက်များပြီး ဂိမ်းတွေ၊ ရုပ်ရှင်တွေ၊ တီဗီဇာတ်လမ်းတွဲတွေအဖြစ် ပြန်လည် ဆန်းသစ်ခံခဲ့ရပါတယ်... သူက တစ်နှစ်ကို ဝင်ငွေ ဆယ်သန်းကျော်ရရှိတဲ့ နည်းပါးလှတဲ့ စာရေးဆရာတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်၊ အယ်ဒီတာရဲ့ မှတ်ချက်ကတော့ ‘ကျွမ်းကျင်လှတဲ့ အရေးအသား၊ ပြည့်စုံလှတဲ့ ဇာတ်ကောင်စရိုက်၊ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကွက်၊ ယနေ့ခေတ်ရဲ့ နံပါတ်တစ် အွန်လိုင်းသိုင်းဝတ္ထုဆရာကြီး’ ဖြစ်ပါတယ်”

အစီအစဉ်မှူး စကားပြောပြီးနောက် စက္ကန့်အနည်းငယ်မျှ ရပ်တန့်လိုက်ရာ ဒါရိုက်တာ၏ ညွှန်ကြားချက် မလိုဘဲ ပရိသတ်များက အလိုအလျောက် လက်ခုပ်တီး အားပေးလိုက်ကြသည်။

ထို့နောက် ဒုတိယမြောက်ပြိုင်ပွဲဝင် ရှိနေသောနေရာ၌ မီးလင်းလာခဲ့ပြန်သည်။ သူသည်လည်း ခန္ဓာကိုယ်အချိုးအစား အလတ်စားရှိသော လူငယ်တစ်ဦးဖြစ်ပြီး ရွှမ်ထျန်းစုန့်ထက် အသက်အနည်းငယ် ပိုကြီးပုံရသည်။ မျက်မှန်နှင့် ဝတ်စားဆင်ယင်မှုတို့ကလည်း သူ့ကို ပိုမိုရင့်ကျက်သောပုံစံမျိုး ပေါက်နေစေသည်။

“ပြိုင်ပွဲဝင် နံပါတ်နှစ် ဖန်ပိန့် ဖြစ်ပါတယ်၊ အွန်လိုင်းစာရေးဆရာတစ်ဦးအဖြစ် လူသိများပြီး အခု အသက် ၃၃ နှစ် ရှိပါပြီ၊ သမိုင်းကြောင်းဆိုင်ရာ ဝတ္ထုရှည်ငါးပုဒ်ကို ရေးသားခဲ့သူ ဖြစ်ပါတယ်၊ အယ်ဒီတာရဲ့ မှတ်ချက်ကတော့ ‘မြောက်များစွာသော ဗဟုသုတများ၊ ကြီးကျယ်ခမ်းနားတဲ့ စာရေးဟန်နဲ့ သူ့လက်ရာတွေထဲက နက်နဲတဲ့အဓိပ္ပာယ်များ၊ တကယ့်ကို... သူ့ရဲ့ ဉာဏ်ပညာထဲမှာ ရှေးဟောင်းကျမ်းစာပေါင်း အမြောက်အများရှိနေပြီး အတိတ်နဲ့ ပစ္စုပ္ပန်ရဲ့ ပုံပြင်တွေကို ရေးသားနိုင်သူ ဖြစ်တယ်’ ဖြစ်ပါတယ်ခင်ဗျာ”

ဖန်ပိန့်သည်လည်း အလားတူပင် ပြင်းထန်လှသော လက်ခုပ်သံများနှင့် အားပေးသံများကို ရရှိခဲ့သည်။

အော်စကာက ဆက်လက်၍

“ပြိုင်ပွဲဝင် နံပါတ်သုံးကတော့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးများ ဖြစ်ပါတယ်၊ အွန်လိုင်းစာရေးဆရာတစ်ဦးအဖြစ် လူသိများပြီး စံချိန်တင်ထားသူတစ်ယောက် ဖြစ်ပါတယ်၊ သူက အသက် ၁၈ နှစ်ကတည်းက စာတွေ စတင်ရေးသားခဲ့တာဖြစ်ပြီး သူ့လက်ရာအများစုက မြို့ပြစိတ်ကူးယဉ်သိုင်းအမျိုးအစားတွေ ဖြစ်ပါတယ်၊ သူဟာ ဆယ်နှစ်အတွင်းမှာ စာလုံးရေ ၂၇ သန်းကျော်ကို ရေးသားခဲ့ပြီး တစ်ရက်မှ မပျက်ကွက်ခဲ့ပါဘူး၊ အဓိက မိုဘိုင်းဖတ်ရှုမှု ပလက်ဖောင်းတွေပေါ်မှာ အရောင်းရဆုံးဇယားကို အမြဲတမ်း ဦးဆောင်ထားနိုင်သူ ဖြစ်ပါတယ်၊ အယ်ဒီတာရဲ့ မှတ်ချက်ကတော့ ‘ရိုးရှင်းပြီး ကျွမ်းကျင်လှတဲ့ စာရေးဟန်၊ ဇာတ်ကွက်ရဲ့ စည်းချက်နဲ့ တင်းအားတွေကို ဆွဲကိုင်နိုင်စွမ်း ရှိသူ၊ ကြိုးစားအားထုတ်တတ်တဲ့ ပါရမီရှင်ကြီး’ ဖြစ်ပါတယ်ခင်ဗျာ”

ဟင်းသီးဟင်းရွက်နှင့်သီးနှံများသည် အသက် ၂၈ နှစ်ရှိပြီး အတော်အတန် ချောမောခန့်ညားသူ ဖြစ်သဖြင့် ပရိသတ်အများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ ထွက်ပေါ်လာသည့် အချိန်မှစ၍ ပရိသတ်များထဲမှ အားပေးသံများ ဆူညံစွာ ပေါက်ကွဲထွက်ပေါ်လာရသည်။

“ပြိုင်ပွဲဝင် နံပါတ်လေး၊ ပြီးတော့ ကျွန်တော်ရဲ့ တစ်ယောက်တည်းသော အမျိုးသမီးပြိုင်ပွဲဝင် မော့ပုရှန် ဖြစ်ပါတယ်၊သူ့အသက်ကတော့... လျှို့ဝှက်ချက်တစ်ခုပါခင်ဗျာ”

အော်စကာက ထိုစာကိုဖတ်ပြီး ကင်မရာကို ကြည့်၍ပြုံးပြလိုက်ရာ ပရိသတ်များထဲမှ ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။

မော့ပုရှန်သည် ဆံပင်ကို မြင်းမြီးပုံစံ စုချည်ထားပြီး တည်ငြိမ်သောမျက်နှာနှင့် သွယ်လျသော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမသည် အလွန်အမင်း လှပလွန်းသည် မဟုတ်သော်ငြား မိတ်ကပ်လိမ်းခြယ်ထားသည့်အခါ၌မူ ကင်မရာရှေ့တွင် အတော်အတန် ကြည့်ကောင်းနေလေသည်။

“သူဟာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက စာတွေ စတင်ရေးသားခဲ့တာဖြစ်ပြီး ဝတ္ထုခြောက်ုပုဒ်ကို ရေးသားခဲ့ပြီး ဖြစ်ပါတယ်၊ သဘာဝလွန်၊ စိတ်ကူးယဉ်၊ မြို့ပြ၊ အချစ်၊ ဂိမ်း နဲ့ သမိုင်းကြောင်း စတဲ့အမျိုးအစားခြောက်မျိုးလုံးကို စာအုပ်အဖြစ် တရားဝင်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်၊ သူဟာ ပြီးခဲ့တဲ့နှစ်က ဝင်ငွေအကောင်းဆုံး အမျိုးသမီး စာရေးဆရာမတစ်ဦး ဖြစ်ခဲ့ပါတယ်”

အော်စကာက ဆက်ပြော၏။

“အယ်ဒီတာရဲ့ မှတ်ချက်ကတော့ ‘နူးညံ့သိမ်မွေ့လှတဲ့ စာရေးဟန်၊ စွယ်စုံရတဲ့ ချဉ်းကပ်မှုပုံစံ၊ တကယ့်ကို ပါရမီရှင်မလေးတစ်ဦးဖြစ်ပြီး ဒါနဲ့ ထိုက်တန်ပေတယ်’ လို့ဖြစ်ပါတယ်ခင်ဗျာ”

ပရိသတ်များထဲမှ လက်ခုပ်သံများ ထပ်မံ၍ ဆူညံစွာ ထွက်ပေါ်လာခဲ့ပြန်သည်။ မော့ပုရှန်၏ အမာခံပရိသတ်အရေအတွက်မှာ ရှေ့ကပြိုင်ပွဲဝင်များနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း အမျိုးသား ပရိသတ်အများစုကမူ သူမကို သူတို့၏ ဒုတိယမြောက် အကြိုက်ဆုံးစာရေးဆရာမအဖြစ် သတ်မှတ်ထားကြသည်။

အခြားပြိုင်ပွဲဝင်တစ်ဦး၏ ထိုင်ခုံနေရာ၌ မီးလင်းလာခဲ့ပြန်ရာ နံပါတ်ငါးသည်လည်း အသက် ၃၀ ဝန်းကျင်ခန့်ရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် စတိုင်ကျသော အနက်ရောင်ဆံပင်ပုံစံ ညှပ်ထားပြီး အခန်းထဲတွင် နေကာမျက်မှန်ကို တပ်ဆင်ထားကာ အတော်အတန် သန်မာထွားကျိုင်းပုံရသည်။

“ပြိုင်ပွဲဝင် နံပါတ်ငါးကတော့ ‘ငါစင်ပေါ်ကို တက်ချင်တယ်’ ပါတဲ့၊ အွန်လိုင်းဝတ္ထုဆရာတစ်ဦးဖြစ်ပြီး လူသိများတဲ့ အားကစားမဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာလည်း ဖြစ်ပါတယ်၊ အားကစားအကြောင်းအရာတွေကို အခြေခံထားတဲ့ ဝတ္ထုတို ၂၃ ပုဒ်ကို ရေးသားခဲ့သူဖြစ်ပြီး အဓိကအားဖြင့် လက်တွေ့ဆန်တဲ့စတိုင်မျိုး ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ဇာတ်ကွက်တွေကို သေသေသပ်သပ် ဖန်တီးလေ့ရှိပါတယ်၊ သူက ကြွယ်ဝတဲ့ အသက်မွေးဝမ်းကျောင်းဗဟုသုတတွေကို ပိုင်ဆိုင်ထားပြီး အားကစားဝါသနာရှင်တွေရဲ့ အထူး တန်ဖိုးထားခြင်းခံရသူ ဖြစ်ပါတယ်”

အော်စကာက “အယ်ဒီတာရဲ့ မှတ်ချက်ကတော့ ‘နက်နဲမှုရှိတဲ့ စာရေးဆရာ၊ အတွေးအခေါ်ရှိတဲ့ လက်ရာတစ်ခု၊ အလားတူဇာတ်လမ်းတွေထဲမှာ ငြင်းပယ်လို့မရအောင် ထူးချွန်ထက်မြက်သူ ဖြစ်တယ်’ ဖြစ်ပါတယ်ခင်ဗျာ”

လက်ခုပ်သံများအပြီးတွင် ပြိုင်ပွဲဝင်နံပါတ်ခြောက် ပေါ်ထွက်လာခဲ့သည်။ သူသည် ရွှမ်ထျန်းစုန့်နှင့် အတော်လေး ဆင်တူလှပေသည်။ ရုပ်ရည်နှင့် အမူအရာမှစ၍ ဝတ်စားဆင်ယင်မှုစတိုင်အထိ အားလုံးနီးပါးတူညီနေသော်လည်း သူက အသက်အနည်းငယ် ပိုကြီးပုံရသည်။

“ပြိုင်ပွဲဝင်နံပါတ်ခြောက် ဆိုဒါ ဖြစ်ပါတယ်၊ အွန်လိုင်းစာရေးဆရာတစ်ဦးအဖြစ် လူသိများပြီး သရဲနှင့် သဘာဝလွန်ဇာတ်လမ်းတွေကို အထူးရေးသားသူဖြစ်ပြီး ဝတ္ထုခုနစ်ပုဒ်ကို ရေးသားခဲ့ပြီး ဖြစ်ပါတယ်၊ တစ်ပုဒ်ချင်းစီက ဂန္ထဝင်မြောက်ပြီး လုပ်ငန်းခွင်အတွင်းမှာရော အပြင်မှာပါ နာမည်ကျော်ကြားလှပါတယ်၊ ဒီနေ့ခေတ်ရဲ့ သည်းထိတ်ရင်ဖိုဆရာကြီးတစ်ယောက်အဖြစ် လူသိများသူ ဖြစ်ပါတယ်”

အော်စကာက “အယ်ဒီတာရဲ့ မှတ်ချက်ကတော့ ‘ဆိုဒါ ရေးသားခဲ့တဲ့ဇာတ်လမ်းတိုင်းက စာဖတ်သူတွေရဲ့ နှလုံးသားထဲက အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုတွေကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိတယ်၊ ဇာတ်ကွက်တွေကို သေသပ်စွာဖန်တီးထားပြီး ထူးခြားတဲ့အနုပညာမြောက်မှုကို ပြသနေတာ ဖြစ်တယ်၊ သည်းထိတ်ရင်ဖို ဆရာကြီးဆိုတဲ့ ဘွဲ့နာမနဲ့ တကယ်ကို ထိုက်တန်လှပါတယ်’ ဖြစ်ပါတယ်”

“အိုး၊ လာတော့မှာလား”

ယင်းကို မြင်တွေ့လိုက်ရသောအခါ ရှောင်တန်က စိတ်လှုပ်ရှားသွား၏။ အဘယ်ကြောင့်ဆိုသော် အစ်ကိုကြွယ်ပေါ်လာတော့မှာ ဖြစ်သောကြောင့်ပင်။

ရုတ်တရက် ကင်မရာက ဆွဲပြလိုက်ပြီး အော်စကာကို အနီးကပ် ရိုက်ကူးလိုက်သည်။

“လူကြီးမင်းတို့ ခင်ဗျာ၊ သတ္တမမြောက်ပြိုင်ပွဲဝင်ကတော့ ဒီရာသီရဲ့ လူသစ်တစ်ယောက် ဖြစ်ပါတယ်၊ ဒီစင်မြင့်က ရက်စက်လှပါတယ်ဗျာ၊ ရာသီတိုင်းမှာ တစ်ယောက်ယောက်က ဖယ်ရှားခံရမှာဖြစ်ပြီး ဒီရာသီရဲ့ လူသစ်တွေ ဖယ်ရှားခံရနိုင်ခြေက ၅၀ ရာခိုင်နှုန်းအထိ မြင့်မားလှပါတယ်...”

သူက တင်းမာလှသော အခြေအနေတစ်ခုကို ဖန်တီးလိုက်ပြီး လူတိုင်းကို လူသစ်က မည်သူဖြစ်ကြောင်း ပိုမိုသိရှိလိုစိတ် ပြင်းပြလာအောင် လုပ်ဆောင်လိုက်သည်။

“သူက ဒီစင်မြင့်ပေါ်မှာ ဆက်ရှိနေနိုင်မလား၊ ဒါမှမဟုတ် ခဏတာ လင်းလက်သွားတဲ့ ဥက္ကာပျံတစ်ခုလိုပဲ ဖြစ်သွားမလား၊ ကျွန်တော်တို့ စောင့်ကြည့်လိုက်ရအောင်လားဗျာ...”

ဗုံသံတစ်ချက်ထွက်ပေါ်လာခဲ့ပြီး မီးဆိုင်းများ ရူးသွပ်စွာဝှေ့ယမ်းသွားခဲ့ကာ နောက်ဆုံးတွင် နေရာတစ်ခုလုံး မှောင်မည်းသွားခဲ့ပြီး ဗုံသံက ချက်ချင်းရပ်တန့်သွားကာ မီးအလင်းရောင်က ဖုန်းပုကြွယ်အပေါ်သို့သာ ကျရောက်သွားခဲ့သည်။

ဖုန်းပုကြွယ်သည် ငါးသေတစ်ကောင်၏ မျက်လုံးများကဲ့သို့သော မျက်လုံးများဖြင့် ကင်မရာကို ပျင်းရိစွာ စိုက်ကြည့်နေခဲ့သော်လည်း ပရိသတ်များထဲမှ အားပေးသံများနှင့် လက်ခုပ်သံများ ဆူညံစွာ ပေါက်ကွဲထွက်ပေါ်လာနေဆဲ ဖြစ်သည်။

“တကယ်တော့ ရိုက်ကူးနေတဲ့အချိန်တုန်းက ပရိသတ်တွေနဲ့ ပြိုင်ပွဲဝင်တွေက စတူဒီယိုထဲကို တစ်ပြိုင်တည်း ဝင်ခဲ့ကြတာဖြစ်လို့ ငါပေါ်လာတာကို စောစောကတည်းက မြင်ခဲ့ကြပြီးသားပဲ”

ဖုန်းပုကြွယ်က တီဗီရှေ့တွင် စိတ်ပျက်လက်ပျက်ဖြင့် ရှင်းပြလိုက်သည်။

“သူတို့ရဲ့ တုံ့ပြန်မှုတွေက မကောင်းဆိုးဝါးတစ်ကောင်ကို မြင်တွေ့လိုက်ရသလိုမျိုး ဖြစ်နေတာက ရိုက်ကွင်းဒါရိုက်တာရဲ့ ညွှန်ကြားချက်ကြောင့်ပဲ၊ လက်တွေ့က ငါ့ကို ဘယ်သူမှ မမှတ်မိရင်တောင် ဒါက စင်မြင့်ရဲ့ အကျိုးသက်ရောက်မှုကို ထိခိုက်စေမှာ မဟုတ်ဘူး”

ဆရာပေါင်က ဆိုသည်။

“လာစမ်းပါ၊ သူတို့ မင်းကို ဘယ်လို မိတ်ဆက်ပေးလဲဆိုတာ နားထောင်ကြည့်ရအောင်”

ဖန်သားပြင်ပေါ်တွင် အော်စကာသည် ပရိသတ်များ၏ တုံ့ပြန်မှုများ ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် ပြောလိုက်သည်။

“ဝိုး... ပြိုင်ပွဲဝင် နံပါတ်ခုနစ်က တကယ့်ကို ငယ်သေးတဲ့ပုံပါပဲ”

သူသည် ရိုက်ကူးခြင်းမပြုမီက ဖုန်းပုကြွယ်နှင့် စကားအနည်းငယ် ပြောဆိုခဲ့ဖူးသော်လည်း ယခုအချိန်တွင် သူ့ကို စတွေ့လိုက်ရသကဲ့သို့ ဟန်ဆောင်နေရခြင်း ဖြစ်သည်။

“ကျွန်တော်တို့... ကြည့်ရှုသူတချို့ကတော့ သူ့ကို မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်၊ တချို့ကလည်း သူ့ဝတ္ထုတွေကို ဖတ်ဖူးကြပေမယ့် လူကိုယ်တိုင်တော့ တစ်ခါမှ မြင်ဖူးကြမှာ မဟုတ်ပါဘူး၊ ဒါဆိုရင်... သူက ဘယ်သူများ ဖြစ်နေမလဲ”

ဤစိတ်လှုပ်ရှားစရာ အခြေအနေကို အလုံအလောက်တည်ဆောက်ပြီးနောက် အဖြေကို ထုတ်ဖော်ရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အော်စကာသည် ကတ်ပြားကို ထုတ်ယူ၍ ဖတ်ရှုလိုက်သည်။

“ပြိုင်ပွဲဝင် နံပါတ်ခုနစ်ကတော့ ပုကြွယ် ဖြစ်ပါတယ်၊ နာမည်ကျော် စုံထောက်ဝတ္ထုဆရာတစ်ဦး ဖြစ်ပြီး အွန်လိုင်းမီဒီယာတွေ၊ မဂ္ဂဇင်းတွေနဲ့ သတင်းစာတွေမှာ အခန်းဆက်ဖော်ပြခြင်းခံခဲ့ရတဲ့ စုံထောက်ဝတ္ထု ၁၂ ပုဒ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်၊ သူ့ရဲ့ စာရေးဟန်က ဆန်းကြယ်တယ်၊ ဟာသဉာဏ်ရွှင်တယ်၊ ပြီးတော့ ကိုယ်ပိုင်ဟန်ကို ပိုင်ဆိုင်ထားပါတယ်၊ စာလုံးရေ ဘယ်လောက်ပဲရှိရှိ ဇာတ်ကွက်တွေကတော့ အမြဲတမ်းဆန်းပြားလှပြီး မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေလေ့ ရှိပါတယ်”

အော်စကာက ကတ်ပြားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး “ပြိုင်ပွဲဝင် ပုကြွယ်၊ ခင်ဗျားက ကျွန်တော်တို့ အစီအစဉ်ရဲ့ နောက်ကွယ်က အယ်ဒီတာသုံးယောက်ရဲ့ ပူးပေါင်းထောက်ခံမှုကြောင့် ရောက်လာခဲ့တာ ဖြစ်တယ်၊ သူတို့အားလုံးက ခင်ဗျားရဲ့ ပရိသတ်တွေပဲ”

“အော်... ကျွန်တော်သိပြီ...”

ဖုန်းပုကြွယ်က ပြီးစလွယ် ပြန်လည်ဖြေကြားလိုက်သည်။

အော်စကာက ဆက်လက်၍ “ကျွန်တော်တို့ အစီအစဉ်ရဲ့ ပုံမှန်ထုံးစံအရ ရာသီတိုင်းမှာ လူသစ်တစ်ယောက်က ဒီအပိုင်းအတွက် ခေါင်းစဉ်တစ်ခု ပေးရလေ့ရှိပါတယ်”

သူသည် ဖုန်းပုကြွယ်၏ ထိန်းချုပ်ခုံရှိရာသို့ လျှောက်လာလေသည်။

“ပုကြွယ်၊ ခင်ဗျားစဉ်းစားဖို့အတွက် အချိန်သုံးမိနစ် ရပါမယ်၊ ကျွန်တော်တို့ ကြော်ငြာလေး ခေတ္တစောင့်ကြည့်ကြရအောင်လားဗျာ”

“မင်း ဘာရွေးလိုက်တာလဲ”

ရှောင်တန်က တီဗီရှေ့မှနေ၍ မေးလာသည်။

ဖုန်းပုကြွယ်က ပြန်မဖြေဘဲ ဖန်သားပြင်ကိုသာ လက်ညှိုးထိုးပြလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဗားရှင်းမှာ ကြော်ငြာများပါဝင်မနေဘဲ အော်စကာ၏ နောက်ထပ် စာကြောင်းကိုလည်း သီးခြားစီ ရိုက်ကူးထားသောကြောင့် ရိုးရှင်းသော မြင်ကွင်းအကူးအပြောင်းတစ်ခုမှတစ်ဆင့် အဖြေကို တိုက်ရိုက်ထုတ်ဖော်ပြသလိုက်ခြင်းကြောင့် ဖြစ်သည်။

အော်စကာသည် ဖုန်းပုကြွယ်ဘေးတွင် ရတ်တပ်ရပ်လိုက်ပြီး သူ ထိန်းချုပ်ခုံပေါ်တွင် ရေးသားထားသော စာလုံးများကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ဖုန်းပုကြွယ်အား ထူးဆန်းသောအကြည့်များဖြင့် ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်လေသည်။

“ကောင်းပါပြီ၊ ကျွန်တော်တို့ ‘ငါက စာရေးဆရာတစ်ယောက်ပါ’ အစီအစဉ်ရဲ့ ဒီအပိုင်းအတွက် ပုကြွယ်ပေးထားတဲ့ ခေါင်းစဉ်က ဘာဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်...”

အော်စကာသည် မည်သို့ပင်ဆိုစေကာမူ ပရော်ဖက်ရှင်နယ် အစီအစဉ်မှူးတစ်ဦး ဖြစ်ပေသည်။ ဖုန်းပုကြွယ် ရေးသားထားသော စာသားများက မည်မျှပင် အဓိပ္ပာယ်မရှိပါစေ အော်စကာအနေဖြင့် သူ၏တည်ငြိမ်မှုကို မျက်နှာပြင်ပေါ်တွင် ထိန်းသိမ်းထားရမည် ဖြစ်သည်။

သူ၏လက်ဝှေ့ယမ်းပြမှုနှင့်အတူ ဖုန်းပုကြွယ် ရေးသားထားသော စာသားများက ဖန်သားပြင်ပေါ်တွင် ထွက်ပေါ်လာတော့သည်။

“စိတ်ကြိုက် ဝေဖန်နိုင်ပါသည်”

All Chapters