အခန်း ၁၇
Vol. 2 Ch. 17
အခန်း(၁၇) - ချစ်စရာကောင်းသည့်ရုပ်ပုံများမရှိသည့် လူအိုကြီး
စုယန်ယန်သည် သူမမျက်ခုံးတွေကို အနည်းငယ် ပင့်လိုက်ပြီး သူမစိတ်ထဲတွင် အစီအစဉ်တစ်ခု ရေးဆွဲလိုက်သည်။
ကူရှောက်ယန်သည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း သူမထံမှ တုံ့ပြန်မှုကို မရရှိခဲ့ပါ။ သူက စိတ်သက်သာရာ ရသွားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် တစ်စုံတစ်ခုကို လက်လွတ်လိုက်ရသလို ခံစားလိုက်ရသည်။
‘မစ္စစုက သခင်လေးကို တကယ် သဘောကျနေတာ ဟုတ်လား မဟုတ်ဘူးလား’
စုယန်ယန် အိမ်သို့ပြန်ရောက်ချိန်တွင် စနစ်မှပေးအပ်ထားသော မြေကွက် ဆယ့်ငါးကွက်တွင် ဆေးဖက်ဝင် အပင်သုံးမျိုးစလုံးကို စိုက်ပျိုးဖို့ ပြင်ဆင်ခဲ့သည်။
မနက်ဖြန် နံနက်တွင် ဆေးဖက်ဝင် အပင်တစ်သုတ်ကို ရိတ်သိမ်းနိုင်ရန် သေချာအောင် လုပ်ပြီးနောက် အစေ့တချို့ကိုထုတ်ယူကာ သူမခြံဝင်းမှ ယာခင်းထဲတွင် ကြဲချစိုက်ပျိုးလိုက်သည်။
သူမ ဒါတွေအားလုံး ပြုလုပ်ပြီးချိန်တွင် အချိန်အတော်လေး လင့်နေခဲ့ပြီ။
စုယန်ယန်သည် အချိန်ကို တွက်ချက်ပြီးနောက် အစီအစဉ် ချခဲ့သည်။ သူမသည် ညစာကို အလျင်အမြန် စားသောက်ပြီးနောက် ဟောက်ချန်ဟွမ်းကို နှောင့်ယှက်ဖို့ သူမအခန်းထဲကို အမြန်ပြန်ပြေးသွားသည်။
ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ရှင် ရှိလား? (ကြောင်လေး စိုးရိမ်တကြီး လှိမ့်နေသော ပုံဖြင့်)]
ဟောက်ချန်ဟွမ်းသည် သူမ၏ ပွင့်လင်းဗြောင်ကျသော ID နာမည်ကိုမြင်ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် အလင်းများစွာ မထိတွေ့ခဲ့သည့် သူ့ရဲ့ဖြူဖျော့ပြီး မကျန်းမာသည့် မျက်နှာပေါ်တွင် အနီရောင် ခပ်ဖျော့ဖျော့လေး သန်းလာခဲ့သည်။
ဟောက်: [ဘာဖြစ်လို့လဲ?]
ဒီကမ္ဘာပေါ်မှာ ယန်ယန်က ရှင့်ကို အချစ်ဆုံးပဲ: [ကျွန်မ ရှင့်ကို လွမ်းနေလို့ (ဝက်ဝံလေး ပွေ့ဖက်တာကို လိုချင်နေသည့်ပုံဖြင့်)]
ဘာကြောင့်မှန်းမသိ သူ ဓာတ်ပုံကိုမြင်လိုက်တာနဲ့ ဟောက်ချန်ဟွမ်း၏ ပထမဦးဆုံး အတွေးမှာ စုယန်ယန်က သူ့ဘီးတပ် ကုလားထိုင်ဘေးမှာ ထိုင်ပြီး သူ့ကိုကြည့်နေတဲ့ အချိန်ကို ပြန်မြင်ယောင်မိသည်။
မသိစိတ်အရ သူသည် ပွေ့ဖက်သည့်ပုံကို ပြန်လည် ပေးပို့ချင်သော်လည်း သူက သူ၏ဝန်ထမ်း မဟုတ်သူနှင့် ဘယ်တော့မှ စကားပြောခန်းတွင် ပြောဆိုဖူးခြင်း မရှိသည့် လူအိုကြီးတစ်ယောက် ဖြစ်သောကြောင့် သူ့တွင် ချစ်စရာကောင်းသော ပုံများ တစ်ခုလေးတောင် မရှိပါလေ။
သူ့ဖုန်းကို အထက်အောက် အပြန်အလှန် ဆွဲချကြည့်လိုက်ပြီးနောက် ဟောက်ချန်ဟွမ်း၏ လက်မှာ အေးခဲသွားပြီး အခြားစကားပြောခန်း တစ်ခုကို ဖွင့်လိုက်သည်။
“ဖူး…”
ကူရှောက်ယန်၏ ဆန့်ကျင်ဖက်တွင် ထိုင်နေသော ယုကျစ်ယန်သည် စားပွဲခင်းကို လျင်မြန်စွာ ဆွဲယူပြီး ကာကွယ်လိုက်သော်လည်း ဒီဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ခြင်း မရှိခဲ့ပါ။
“ကူ... ရှောက်... ယန်...”
ကူရှောက်ယန်က သူ့ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အခက်အခဲ အချို့ဖြင့် တောင်းပန်စကား ဆိုလိုက်သည်။
“အဟွတ်... အဟွတ်... အဟွတ် တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ငါမြင်လိုက်တဲ့ဟာကို ငါမယုံကြည်နိုင်လောက်အောင် ဖြစ်သွားလို့ပါ။ သခင်လေးက တကယ်ပဲ... ငါ့ကို သူက ချစ်စရာကောင်းတဲ့ ရုပ်ပုံလေးတွေ ပို့တဲ့နည်းကို မေးထားတယ်”
“ချစ်စရာကောင်းတဲ့ ရုပ်ပုံတွေလား” ကျိုးယန်ပိုင်နဲ ယုကျစ်ယန်တို့ နှစ်ယောက်သား တစ်ချိန်တည်းမှာပင် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။
“သူ့ဖုန်းကို တစ်ယောက်ယောက် ခိုးသွားတာလား’
“အဲ့တာ ဖြစ်နိုင်တယ်”
ကူရှောက်ယန်က အဲ့ဒီစကားကို ခေါင်းညိတ် ထောက်ခံလိုက်ကာ သတိထားပြီး ပြန်မေးလိုက်သည်။
“သခင်လေးလား”
ဟောက်: [ဟမ့်]
ကူရှောက်ယန်သည် ချက်ချင်း မတ်တပ် ထရပ်လိုက်သည်။
“ကြည့်စမ်း။ သူ့ဖုန်းက အခိုးခံရတာ မဟုတ်ဘူး။ အဲ့တာက သခင်လေးဆိုတာ သေချာတယ်”
အခြားနှစ်ယောက် “…”
“ငါ အခု ဘာလုပ်ရမလဲ”
“တကယ်လို့ သခင်လေးက မင်းကို တစ်ခုခု ပို့ခိုင်းတာဆိုရင် သူ တောင်းတဲ့အတိုင်း ပို့ပေးလိုက်။ သူ့မှာ အကြောင်းပြချက် ရှိရမယ်။ မေးခွန်းတွေ အများကြီး မေးမနေနဲ့”
ကူရှောက်ယန်က သူပြောတာကို ကြားလိုက်ရတော့ ဒီစကားက အဓိပ္ပါယ်ရှိတယ်လို့ ထင်မြင်ယူဆမိတဲ့အတွက် သူ့မှာရှိသမျှ ချစ်စရာကောင်းတဲ့ ရုပ်ပုံတွေ အကုန်လုံးကို တစ်ပြိုင်နက် ပို့ပေးလိုက်သည်။
သို့သော်လည်း ကူရှောက်ယန်သည် သူ၏ ရာနှင့်ချီသော ချစ်စရာကောင်းတဲ့ ရုပ်ပုံများတွင် အထူးအမိုက်စားနှင့် မျက်လုံးပြူးစရာ ရုပ်ပုံ အနည်းငယ်ရှိနေတာကို လုံးလုံး မေ့လျော့သွားခဲ့သည်။
ဟောက်ချန်ဟွမ်းသည် သူ့ဖုန်း အဆက်မပြတ် တုန်ခါနေသည့်အသံကို ကြားလိုက်ရချိန် ချစ်စရာကောင်းတဲ့ ရုပ်ပုံတွေကို လက်ခံရရှိနေခြင်းဖြစ်ကြောင်း သိသောကြောင့် ကူရှောက်ယန်နှင့် သူ့ရဲ့ စကားပြောခန်းကို အမြန်ပြန်လာခဲ့သည်။
မထင်မှတ်ပဲ မြင်တွေ့လိုက်ရသည့် နောက်ထပ်ရုပ်ပုံက ဧရာမကြွက်သားများနှင့် ကြေးညိုရောင် သန်းနေသည့် အသားအရေရှိသည် ကာယဗလမောင်က ဘာဘီရုပ်လေးတွေ ဝတ်ဆင်သကဲ့သို့ ဇာဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် လက်ကိုင်ပဝါလေးကို ကိုင်ကာ ဝှေ့ယမ်းပြရင်း ပြည့်တန်ဆာအိမ်က အမျိုးသမီးတွေကဲ့သို့ ကိုယ်ဟန်ပြဆွဲဆောင်နေသည့် ရုပ်ပုံပင် ဖြစ်လေသည်။ ထိုရုပ်ပုံ၏ဘေးတွင် “ဒီကိုလာပါ... ဒီကိုလာပါ” ဟု ရေးသားထားသည့် ရောင်စုံစာသားလေးပင် ပါဝင်နေသေးသည်။
ထိုရုပ်ပုံ၏အောက်ဘက်တွင် ကာတွန်းဇာတ်ကောင်လေးက ဆိုးဆိုးရွားရွား လဲကျချင်ယောင် ဆောင်ကာ မြေကြီးပေါ်ကို သူ့မျက်နှာအပ်ထားရင်း “ကလေးလေး လဲကျသွားပြီ။ ကလေးလေးကို ထစေချင်ရင် အနမ်းပေးရမယ်၊ ပွေ့ဖက်ပေးရမယ်၊ ပြီးတော့ အပေါ်ကို ပင့်မြှောက်ပြီး ချီပေးရမယ်...”
“...” ဟောက်ချန်ဟွမ်း အံ့အားသွားမိသည်။ သူ အများအားဖြင့် အတော်လေး ယုံကြည်အားကိုးရတဲ့သူက ဒီလို လျှို့ဝှက်တဲ့ အကျင့်စရိုက်မျိုး ရှိတာလား။
ဟောက်ချန်ဟွမ်း၏ မျက်ခုံးတွေက အနည်းငယ် တုန်ရီသွားသည်။ အချိန်အတန်ကြာအောင် ပေးပို့လို့ အဆင်ပြေမည့် ရုပ်ပုံတွေကို ရှာကြည့်ပြီးနောက်တွင် ထိုရုပ်ပုံပေါင်း တစ်ရာကျော် အတွင်းမှ ပုံမှန်ရုပ်ပုံတစ်ခုကို ရှာတွေ့ခဲ့ပြီး စုယန်ယန်ထံသို့ ပေးပို့လိုက်သည်။
စုယန်ယန်သည် သူ့ထံမှ အချိန်အတန်ကြာအောင် အဖြေမရရှိသဖြင့် သူမ အရမ်းပွင့်လင်းလွန်းသောကြောင့် သူ ထိတ်လန့်သွားတာလားလို့ အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။
ထိုအကြောင်းအရာကို ဖြည့်စွက်ပြင်ဆင်ဖို့ တခြားအရာ တစ်ခုခုကိုပြောရန် အစပျိုးတော့မည့် အချိန်တွင် စကားပြောခန်းတွင် ရုပ်ပုံတစ်ခု ပေါ်လာသည်။
ထိုရုပ်ပုံက အသက်လေးဆယ်ဝန်းကျင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် သူ့ရဲ့ ငါးနှစ် ခြောက်နှစ်အရွယ် သမီးလေးကို အနမ်းပေး၊ ပွေ့ဖက်ပြီး ပင့်မြှောက်ကာ ချီပိုးနေသည့် ပုံလေးဖြစ်လေသည်။
စုယန်ယန် “...” ဒီလို သမားရိုးကျဆန်လွန်းတဲ့ အဘိုးကြီးတွေ အသုံးပြုတဲ့ရုပ်ပုံက ဒီလိုမျိုးပါလား။
***