အခန်း ၅၇
Vol. 4 Ch. 57
အခန်း(၅၇) - သစ္စာရှိ အချစ်တော်ခွေးလေး
“ဥက္ကဌရှားနဲ့အတူ လမ်းလျှောက်လာတဲ့ မိန်းကလေးက ဘယ်သူလဲ။ ငါ ဘာဖြစ်လို့ သူမကို အရင်က မမြင်ဖူးတာလဲ။”
“သူမက ငါတို့ကုမ္ပဏီက အမျိုးသမီး အနုပညာရှင်အသစ်တစ်ယောက် ဖြစ်နိုင်မလား။”
“နင် အတွေးလွန်နေပြီ။ အမျိုးသမီး အနုပညာရှင်အသစ်ဆို ဥက္ကဌရှားက ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးမယ်လို့ နင်ထင်လား။”
“ပြောရခက်တယ်။ အထက်တန်းစား မိသားစုတစ်ခုရဲ့ သမီးတစ်ယောက်က ပျင်းရိပြီး အပျော်သဘောနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ပွဲဦးထွက်ချင်တာမျိုးလည်း ဖြစ်နိုင်တယ်လေ။ ဒီလိုသာဓကမျိုး မရှိတာလည်း မဟုတ်ဘူးလေ။”
နျဥ်ချီလွေ့က ကုမ္ပဏီအဓိကဝင်ပေါက်မှ ဝင်ဝင်ချင်းမှာပင် အရှေ့ကောင်တာမှ မိန်းကလေးအချို့ ပြောနေသည့် စကားများကို ကြားလိုက်ရသည်။ သူက မျက်မှောင် အနည်းငယ်ကြုတ်သွားမိပေမယ့် ဘာမှမပြောပဲ သူ့အေးဂျင့်နှင့်အတူ အပေါ်ထပ်သို့ တက်သွားခဲ့သည်။
ဒီကမ္ဘာကြီးတွင် အချို့သောအရာများက တိုက်ဆိုင်လွန်းလှသည်။ ဓာတ်လှေကားတံခါးမှ ထွက်လာသည့်အချိန်တွင် အရှေ့ကောင်တာက မိန်းကလေးတွေ ဆွေးနွေးနေကြတဲ့ အကြောင်းအရင်းကို သူ တွေ့သွားခဲ့သည်။
“ဥက္ကဌရှား” နျဥ်ချီလွေ့၏အေးဂျင့်က သူ့သူဌေးကို ချက်ချင်း သတိပြုမိသွားပြီး အရင်ဆုံး နှုတ်ဆက်လိုက်သည်။
ရှားကျွင်းရှန့်က ခေါင်းညိမ့်ပြပြီး စီးပွားရေးဆန်တဲ့လေသံဖြင့် မေးလိုက်သည်။ “ရှီမိသားစုက အပ်ထားတဲ့ ကြော်ငြာအတွက် ရိုက်ကူးရေး ပြီးသွားပြီလား။”
“ဟုတ်ကဲ့ ကျွန်တော်တို့ ရိုက်ကူးပြီးသွားပါပြီ” နျဥ်ချီလွေ့က ရှားကျွင်းရှန့်နှင့် အတော်ရင်းနှီးပုံရကာ “ဒါက...” လို့ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ဒါက ကိုယ့်သူငယ်ချင်းရဲ့ ညီမငယ်လေးလေ။ သူက ကိုယ်တို့ကုမ္ပဏီမှာ အလုပ်သင်ဆင်းဖို့ စိတ်ဝင်စားလို့ သူမကို အရင်ဆုံး ကုမ္ပဏီတဝိုက် လိုက်ပြနေတာ။ ယန်ယန် ဒါက အစ်ကိုတို့ကုမ္ပဏီက စင်တင်ပေးထားတဲ့ တက်သစ်စကြယ်ပွင့် နျဥ်ချီလွေ့လေ။”
ရှားကျွင့်ရှန်းက စုယန်ယန်ကို တစ်ချက်ကြည့်ရင်း ထိုသို့မိတ်ဆက်ပေးလိုက်သည်။ စုယန်ယန်က သူတို့မြှင့်တင်ပေးထားသော ပုဂ္ဂိုလ်က ကြယ်အရည်အသွေး ပိုင်ဆိုင်ထားတယ်လို့ မြင်မလားဆိုတာကို သူ သိချင်နေခဲ့သည်။
စုယန်ယန်က သူမပါးစပ်ကို အနည်းငယ် လှုပ်လိုက်သည်။ သူ့အတွင် ကြယ်အရည်အသွေးနှင့် ကြယ်ပွင့်တစ်ပွင့်ဖြစ်ရန် အလားအလာများကို အမှန်တကယ် ပိုင်ဆိုင်ထားတာကို သူမ မငြင်းနိုင်သော်လည်း သူက ချိန်ကိုက်ဗုံးတစ်လုံးဖြစ်မည့် အခွင့်အလမ်းက ပိုများနေသည်။
ဒီချိန်ကိုက်ဗုံးပြဿနာကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင် ဒီချိန်ကိုက်ဗုံးက သူမတို့ကုမ္ပဏီ၏ အရင်းအမြစ်များကို အချိန်တိုအတွင်း ဆုံးရှုံးသွားစေရုံသာမက အခြားပြဿာများကိုလည်း ထွက်ပေါ်လာစေနိုင်သည်။
“ယန်ယန်လား” စုယန်ယန်က ဘာမှမပြောမီ နျဥ်ချီလွေ့က အံ့သြတုန်လှုပ်စွာ ပြောလိုက်မိသည်။ “မင်းက စုမိသားစုရဲ့ သခင်မလေး စုယန်ယန်လား။”
“ချီလွေ့ မင်း ယန်ယန့်ကို သိတာလား”
နျဥ်ချီလွေ့က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ရင်း အဓိပ္ပါယ်ခွဲခြားလို့ မရနိုင်တဲ့ လေသံဖြင့် စကားဆိုသည်။ “ငါ ဒီကုမ္ပဏီနဲ့ နှစ်အနည်းငယ်လောက် စာချုပ်ချုပ်ဆိုထားတော့ ငါ ဆက်နေရမယ်။ စာချုပ်မချုပ်ခင် ပိုင်ရှင်မိသားစုအကြောင်းကို မစုံစမ်းမိလိုက်တာနဲ့ ငါက အတော်လေး ရူးမိုက်ပြီး ချိုမြိန်တဲ့အရာနဲ့ ကြုံတွေ့လိုက်ရပြီ။” (TN: ရူးမိုက်ပြီးချိုမြိန်တဲ့အရာက တစ်စုံတစ်ဦးကို ရည်ညွှန်းပြောဆိုလေ့ရှိသော အွန်လိုင်းဘန်းစကားတစ်ခုဖြစ်ပြီး အများအားဖြင့် မကောင်းသော ရည်ရွယ်ချက်မရှိပဲ လူတိုင်းအပေါ် အကောင်းမြင်တတ်သော မိန်းကလေးတစ်ဦးကို ရည်ညွှန်းသည်။)
စုယန်ယန်က သူမစိတ်ထဲတွင် တုံ့ပြန်ပြောဆိုလိုက်သည်။ ‘မင်းကရော ရူးမိုက်ပြီး ချိုမြိန်တဲ့အရာ မဟုတ်ဘူးလား။ သူမ အရင်ဘဝတုန်းက သူက ဝမ်ကျင့်ဖျင်ရဲ့ နောက်လိုက်ခွေးများထဲမှ တစ်ကောင်ဖြစ်ခဲ့တယ်။ သူက သူမ၏စိတ်ဆန္ဒနဲ့ စိတ်ကူးယဥ်မှုများကို လက်တွေ့ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သော သူမ၏ ထိပ်တန်းခွေးတစ်ကောင်ဖြစ်ပြီး နောက်ဆုံးတွင် သူနဲ့ သူ့မိသားစု နှစ်စုတို့ကိုပါ အနစ်နာခံခိုင်းခဲ့သည်။ ထိုကဲ့သို့သောလူတစ်ယောက်က သူ့ကိုယ်သူ လှောင်ပြောင်ဖို့ အဲဒီအသုံးအနှုန်းကို သုံးဖို့ကိုတောင် အရည်အချင်း ပြည့်မီပါရဲ့လား။
သူ့ကို မိုက်မဲလှသော ချိုမြိန်သည့်အရာလေးဟု ဆိုခြင်းသည် “မိုက်မဲလှသော ချိုမြိန်သည့်အရာလေး” ဟူသော စကားလုံးကို စော်ကားခြင်းပင် ဖြစ်ပေလိမ့်မည်၊ ဟုတ်တယ်ဟုတ်။
စုယန်ယန်နှင့် နျဥ်ချီလွေ့သည် ဒီနေ့မတိုင်မီအချိန်ထိ ဒီဘဝတွင် သိကျွမ်းဖူးခြင်း မရှိခဲ့ပေ။ နျဥ်ချီလွေ့က သူမအပေါ် ဘာကြောင့် ဒီလောက်ရန်လိုနေရတာလဲ။
တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ နျဥ်ချီလွေ့နှင့် ဝမ်ကျင့်ဖျင်တို့သည် တွေ့ဆုံခဲ့ပြီး ဖြစ်လိမ့်မည်။ ဒါတင်မကသေးပဲ ဝမ်ကျင့်ဖျင်က သူ့ကို သူမရဲ့ သစ္စာရှိပိုးပမ်းသူဖြစ်အောင် ဦးနှောက်ဆေးကြောခဲ့ပြီးတာ ဖြစ်နိုင်တယ်။
အဲတာ ဖြစ်နိုင်တယ်။ မူရင်းလက်ရာမှာပဲဖြစ်ဖြစ် အတိတ်ဘဝတုန်းကပဲဖြစ်ဖြစ် နျဥ်ချီလွေ့သည် ဝမ်ကျင့်ဖျင်၏ သစ္စာရှိခွေးလိမ္မာလေးဖြစ်ပြီး သူက ဝမ်ကျင့်ဖျင်ကို စွဲလန်းရူးသွပ်ကြတဲ့ အပိုဇာတ်ရံမင်းသားခြောက်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
အပေါ်ယံမှာတော့ သူက နာမည်ကြီး အမျိုးသား အနုပညာရှင်တစ်ယောက် ဖြစ်သည်။ တကယ်တော့ သူက နျဥ်နဲ့ ချီ အိမ်တော်နှစ်ခုရဲ့ အသည်းကျော် သခင်လေးဖြစ်သည်။
ဒီသခင်လေးသည် ဝမ်ကျင့်ဖျင်၏ ဖြူစင်၊ ကြင်နာတတ်ပြီး ဟန်ဆောင်မှုကင်းသော ပုံရိပ်တို့ကို အကောင်းမြင် မှတ်ထင်ထားခဲ့သည်။
သူတို့ရဲ့ ဆက်ဆံရေးက နားမလည်နိုင်လောက်အောင်ပါပဲ။ တစ်နှစ်ခွဲအကြာတွင် နျဥ်ချီလွေ့သည် ပြင်းထန်စွာ နာမကျန်းဖြစ်ခဲ့ပြီးနောက် သူ လက်မလွှတ်နိုင်သောအရာမှာ သူ့မိသားစုနှင့် သူငယ်ချင်းများ မဟုတ်ခဲ့ပေ။ အဲဒီအစား လအနည်းငယ်သာ သိရှိခဲ့သည့် ဝမ်ကျင့်ဖျင်ကိုပင်ဖြစ်သည်။ သူက ဝမ်ကျင့်ဖျင်ကို အရမ်းဂရုစိုက်ပြီး သူ သေဆုံးပြီးနောက် သူမကို ကြည့်ရှုစောင့်ရှောက်ပေးရန် သူ့မိသားစုကို တောင်းဆိုခဲ့ပါသည်။
အရင်ဘဝတွင် နျဥ်ချီလွေ့၏ သေခါနီးဆန္ဒကြောင့် ဝမ်ကျင့်ဖျင်နှင့် ဟောက်ရှောက်ဖုန်းတို့သည် အခက်အခဲများစွာမှ လွတ်မြောက်ခဲ့ကြသည်။ မျိုးမွယ်စုတစ်စုလုံး၏ ပံ့ပိုးမှုဖြင့် သူတို့ကို ပြဿနာများစွာကြားမှ အကြိမ်ကြိမ် ကယ်တင်ပေးခဲ့သည်။