အခန်း ၅၉
Vol. 4 Ch. 59
အခန်း(၅၉) - ဆေးလိပ် လျှော့သောက်သင့်သည်
ရှားကျွင်းရှန့်သည် စုယန်ယန်ကို မှီလာခဲ့ပြီး မဝံ့မရဲ မေးမြန်းလိုက်သည်။ “နင် နျဥ်ချီလွေ့နဲ့ ပြဿနာ တစ်ခုခုများ ရှိနေလို့လား။”
“မရှိပါဘူး”
ရှားကျွင်းရှန့်သည် သူမပြောတာကို မယုံပဲ ဆက်လက်မေးမြန်းပြန်သည်။ “ဒါဆို မင်းတို့နှစ်ယောက် ခုနတုန်းက ဘာပြောနေတာလဲ...”
“ညီမတို့ ဒီအတိုင်း ဟိုဟိုဒီဒီ စကားစမြည်ပြောတာပါ။ သူက ညီမအပေါ် အထင်မှားနေတာမျိုး ရှိနေတယ်ဆိုတာကိုတော့ ညီမ မငြင်းချင်ပါဘူး။ ဒါပေမယ့် ခုနကမှ ညီမတို့ ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။”
စုယန်ယန်၏ စကားများသည် ရိုးရှင်းသော်လည်း အဓိပ္ပါယ်များစွာပါဝင်နေသည်။
အကြောင်းပြချက်မရှိပဲ ပထမဆုံးအကြိမ် တွေ့ဆုံကြတဲ့ သူစိမ်းတွေဆို ဒီလိုရန်လိုနေမှာလဲ။ အထူးသဖြင့် တစ်ဖက်က သူမ ဘယ်သူဆိုတာကို ပြောလိုက်တာနဲ့ သူမရဲ့ နာမည်အပြည့်အစုံနှင့် မိသားစုနောက်ခံအကြောင်းကိုပါ သိရှိနေချိန်မှာပေါ့။
စုယန်ယန်က သူကိုယ်တိုင်နဲ့ ရန်ငြိုးမရှိတာ သေချာသောကြောင့် သူ့ကို တစ်ယောက်ယောက်က ကတုန်းကတိုက်ပြောဆိုထားတာ ဖြစ်ရမယ်။
ရှားကျွင်းရှန့်၏ မျက်လုံးတွေက အနည်းငယ် မှုန်မှိုင်းသွားသော်လည်း နောက်ပိုင်းတွင် သူ ဘာလုပ်ရမလဲဆိုတာကို သိလိုက်သည်။
စုယန်ယန်က ရှားကျွင်းရှန့်ထံ အကြည့်တစ်ချက်ပို့လိုက်ပြီး သူ့ကို သတိပေးလိုက်သည်။ “အစ်ကိုကျွင်းရှန့် အစ်ကိုက ညီမထက် အထက်တန်းစား အသိုင်းအဝိုင်းကို ပိုနှံ့စပ်တယ်မလား။ နျဥ်နဲ့ ချီ မိသားစုအကြောင်းကို အစ်ကို သိတယ်မလား။”
နျဥ်နဲ့ ချီလား။ ရှားကျွင်းရှန့်သည် အချိန်ခဏလောက် စဥ်းစားလိုက်ပြီးနောက် ရုတ်တရတ် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံရပြီး သူ့မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။ “ညီမလေး ဆိုလိုတာက...”
“အစ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး စောစောစီးစီး ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသင့်တယ်။”
“ကြိုတင်ကာကွယ်မှုလား” ရှားကျွင်းရှန့်သည် စက္ကန့်အနည်းငယ်မျှ အေးခဲသွားပြီးနောက် ပြောလိုက်သည်။ “ညီမပြောတာ အမှန်လား။ သူက တကယ်ပဲ...”
စုယန်ယန်က သူ့ကို အဓိပ္ပါယ်ပြည့်ဝတဲ့ အပြုံးဖြင့် ကြည့်လိုက်သည်။ သူမသည် သူမေးလိုက်တာကို အတည်မပြုသလို ငြင်းလည်း ငြင်းပယ်ခြင်း မရှိပေ။
ရှားကျွင်းရှန့်က သူ့စိတ်ထဲတွင် မသေချာ မရေရာသလို ခံစားလိုက်ရသည်။ “ဘယ်လို... ဘယ်လိုလုပ်ပြီး ညီမက သိနေတာလဲ။”
“ညီမမျက်စိနဲ့ မြင်တယ်လို့ပြောရင် အစ်ကို ယုံနိုင်မလား။”
“ညီမမျက်စိနဲ့ အဲ့တာကို မြင်နိုင်တာလား” ရှားကျွင်းရှန့်က သူမကို သံသယအကြည့်ဖြင့် ကြည့်လိုက်မိသည်။
သူလည်း နျဥ်ချီလွေ့နှင့် နီးနီးကပ်ကပ် ရပ်နေခဲ့သော်လည်း ဘာမှမမြင်ခဲ့ပေ။ သူ့အသားအရေက ပန်းနုရောင်သန်းနေပြီး သူ့မျက်လုံးအောက်တွင် အမည်းရောင်အကွင်းတွေတောင်မှ မရှိခဲ့ပါဘူး။ စုယန်ယန်က သူဖျားနာနေတာကို ဘယ်လိုလုပ်ပြီး မြင်ခဲ့တာလဲ။
“ဒါဆိုရင် အစ်ကိုခန္ဓာကိုယ်ကိုရော ညီမလေး ဘာလို့ မစစ်ဆေးပေးတာလဲ။ အစ်ကို့မှာ... နျဥ်ချီလွေ့လိုမျိုး မဖော်ပြနိုင်စွမ်းတဲ့ ရောဂါမျိုး ရှိလား။”
စုယန်ယန်သည် သူ့မေးခွန်းကို ကြားလိုက်တာနဲ့ နောက်သို့ ပြန်လှည့်ကြည့်ပြီး ရှားကျွင်းရှန်းကို သေသေချာချာ ကြည့်လိုက်သည်။ သူမက အပြုံးခပ်ဖျော့ဖျော့ဖြင့် ပြောလိုက်သည်။ “အစ်ကိုက ကျန်းမာရေးကောင်းပါတယ်၊ ဒါပေမယ့် အစ်ကိုအသည်းမှာ အပူတွေများနေတယ်။ ညတိုင်း အရက်မသောက်နဲ့။ ပြီးတော့ နောင်အနာဂတ်မှာ ဆေးလိပ်သောက်တာကိုလည်း လျှော့ပါ။ အကယ်၍ အစ်ကို ဆေးလိပ်ဖြတ်လိုက်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ။”
ရှားကျွင်းရှန့်သည် စိတ်လှုပ်ရှားချိန် သို့မဟုတ် စိတ်ဖိစီးချိန်တိုင်း ဆေးလိပ်တစ်လိပ်လောက် သောက်တတ်တဲ့အကျင့်ရှိသည်။ သူက နည်းနည်းပါးပါးပဲ သောက်သည့်အတွက် သူက ဒါကို စိတ်ထဲ မထားခဲ့ဘူး။
သို့ရာတွင် သူက အရေးပေါ် ပရောဂျက်တစ်ခုကြုံတိုင် သို့မဟုတ် ပိုခက်ခဲတဲ့အလုပ်တစ်ခုနဲ့ ရင်ဆိုင်ရချိန်တိုင်းမှာ ဆေးလိပ်အနည်းငယ်ခန့် သောက်တတ်လေ့ရှိသည်။
လူအနည်းငယ်ခန့် သူ့ရဲ့ ထိုအကျင့်ကို သိရှိထားကြပြီး စုယုရွှမ်ကလည်း ထိုသူများထဲမှ တစ်ယောက်ပင်ဖြစ်သည်။
စုယန်ယန်ပြောတာကို ကြားတော့ သူ့စိတ်ထဲမှာ စုယုရွှမ်ကို သွားမြင်ယောင်မိပြီး စုယုရွှမ်က စုယန်ယန်အား ဒီအကြောင်းကို ပြောပြထားတာလားလို့ တွေးခဲ့မိသည်။ လူအများစုသည် သူတို့သူငယ်ချင်းများ၏ နေထိုင်မှုပုံစံအကြောင်းကို သူတို့အစ်မ၊ညီမများအား ပြောပြလေ့ရှိကြလား။
ဒီခေါင်းစဥ်က ဒီနေရာတွင် အဆုံးသတ်သွားခဲ့ပြီး ဆက်လက် မလုပ်ဆောင်တော့ပါ။
စုယန်ယန်သည် ရှားကျွင်းရှန့်က သူမကို အပြည့်အဝ မယုံကြည်ကြောင်းကို သိရှိခဲ့ပြီး ဒါက နျဥ်ချီလွေ့ကို လက်စားချေရာတွင် သေးငယ်သော အခန်းကဏ္ဏတစ်ရပ်အဖြစ် အသုံးပြုနိုင်ပါသည်။
သူက ဒါကို အပြည့်အဝ မယုံကြည်ရင်တောင် သူ့စိတ်ထဲမှာတော့ သံသယတော့ ဝင်နေပြီ။ နျဥ်ချီလွေ့ရဲ့ ဝိသေသလက္ခဏာတွေက သာမန်လူတစ်ယောက်လို ဖြစ်နေသရွေ့တော့ သူ သတိထားမိမှာ မဟုတ်ဘူး။
နျဥ်နဲ့ ချီ မိသားစုများက ဝမ်ကျင့်ဖျင်နှင့် နျဥ်ချီလွေ့ကို ဘာပဲဖြစ်ဖြစ် ကူညီပေးလိမ့်မည်။ တစ်ဖက်တွင်မူ ဒါက ဇာတ်လိုက်အရှိန်အဝါနှင့် ဇာတ်ကြောင်းကို နဂိုအတိုင်း ပြန်မဖြစ်အောင် လုပ်ရပေမည်။ အခြားတစ်ဖက်တွင် သူတို့သည် ဝမ်ကျင့်ဖျင်ကို ကြည့်ရှုစောင့်ရှောက်ပေးရန် သူ့သေဆုံးခါနီး အမှာစကားကြောင့် နျဥ်ချီလွေ့ သေဆုံးသွားပြီးနောက် ဝမ်ကျင့်ဖျင်အပေါ် သူတို့သဘောထား ပြောင်းလဲသွားခြင်း ဖြစ်နိုင်သည်။
အဆုံး၌ သေလွန်ပြီးသောသူတို့၏ စကားများသည် သက်ရှိထင်ရှားရှိသူများ၏ စကားထက် ပိုလေးနက်သည်။ အကယ်၍ နျဥ်ချီလွေ့သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် သူ့မိသားစုက အခြားသူတစ်ဦးနှင့် ပတ်သက်ဆက်နွယ်နေသော အပြင်လူတစ်ဦးအတွက် ရပ်တည်ပေးနိုင်ကြမည်လား။
ထို့အပြင် နျဥ်ချီလွေ့သည် ဝမ်ကျင့်ဖျင်၏ အစစ်အမှန်မျက်နှာကို မြင်ရပြီး သူမသည် တခြားအမျိုးသားတစ်ဦးအတွက် ဘာမဆိုလုပ်ပေးချင်ကြောင်း သိရှိပြီး သူ့မိသားစုကိုပင် ထိခိုက်နစ်နာအောင် လုပ်ချင်ကြောင်း သိလိုက်ရလျှင်ပင် သူက သူမရဲ့ သစ္စာရှိခွေးလေးအဖြစ် ဆက်လက်ရှိနေဦးမလား။
ဒါကိုတွေးရင်း စုယန်ယန်သည် သိပ်မဝေးတော့မည့် အနာဂတ်ကို မှန်းဆကြည့်မိသည်။