အခန်း ၇၅
Vol. 5 Ch. 75
အခန်း (၇၅) – သူ့ရဲ့ ဒီညီမကို စွန့်လွှတ်လိုက်တော့မယ်။
စုယန်ယန်သည် သူမလက်ထဲတွင် ကျောက်ပုစွန်ကို ကိုင်ထားကာ ဘယ်ဘက်သို့ လက်ရွေ့လိုက်သည်။ ထိုမျက်လုံး သုံးစုံသည် သူမရွေ့လျားမှုအတိုင်း ဘယ်ဘက်သို့ လိုက်ပါလာသည်။ သူမလက်ကို ညာဘက်သို့ ပြန်ရွေ့လိုက်သော အခါတွင် သူတို့ရဲ့ အကြည့်တွေကလည်း ညာဘက်သို့ လိုက်ပါလာပြန်သည်။
သူတို့၏ အပြုအမူများသည် စုယန်ယန်အား သဘောကျစေကာ သူမ မျက်ဝန်းများတွင် အပြုံးရိပ်များ ထင်ရှားပေါ်လွင် လာစေခဲ့သည်။ သူမသည် ကျောက်ပုစွန်ကို ဟောက်ချန်ဟွမ်း၏ ပန်းကန်လုံးထဲသို့ အစမ်းသဘောဖြင့် ထည့်ပေးလိုက်သည်။
ဟုတ်တာပေါ့၊ သူတို့အားလုံး အေးအေးဆေးဆေး မထိုင်နိုင်ကြတော့ဘူး။
ချိန်ရှုချင်သည် သူမလည်ချောင်းကို ရှင်းကာ အဓိပ္ပါယ်ပါဝင်သည့် စကားဆိုခဲ့သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ညီမလေးတွေနဲ့ အပြင်ထွက်စားခဲ့ပြီး အခု ငါ့ပါးစပ်ထဲမှာ ခါးသလို ခံစားနေရတယ်။ ငါ့ရဲ့ အစာစားချင်စိတ် ပျောက်ဆုံးနေပုံပဲ”
ချိန်ရှုချင်၏ ထိုအဖွင့်စကားနောက်သို့ စုယုရွှမ်သည်လည်း အလျင်အမြန် လိုက်ပါလာပြီး ဤသို့ ဆိုသည်။
“ကျွန်တော်ရောပဲ။ မကြာသေးမီက ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ ဆွေးနွေးတဲ့အခါ မိတ်ဖွဲ့ဖို့အတွက် အပြင်မှာ စားသောက်ဧည့်ခံရတယ်။ ကျွန်တော် ပါးစပ်ထဲမှာ မသက်မသာဖြစ်စေတဲ့ ခါးသက်တဲ့ အရက်တွေကို အများကြီး သောက်ခဲ့ရတယ်”
မစ်စတာစုသည် သူတို့ပြောဆိုရာ စကားဝိုင်းထဲသို့ ဝင်မပါပေမယ့် သူ့မျက်လုံးတွေကတော့ ကျောက်ပုစွန်ထံမှာ ကော်ကပ်သလို စွဲမြဲနေခဲ့သည်။
စုယန်ယန်သည် သူတို့ကို ကျွေးမွေးရန် စောင့်ဆိုင်းနေသည့် လူသုံးယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမခေါင်းကို ဟောက်ချန်ဟွမ်းဘက်သို့ လှည့်လိုက်သည်။ သူမလက်ဖြင့် အခွံခွာထားသော ကျောက်ပုစွန်ကို သူမမိခင်ဖြစ်သူ၏ ပန်းကန်လုံးထဲသို့ အရင်ဆုံး ထည့်ပေးလိုက်သည်။
“မေမေ ဒီကျောက်ပုစွန်က ငယ်ရွယ်နုပျိုစေပြီး လှပစေတယ်။ ပြီးတော့ အရသာလည်း ရှိတယ်”
ချိန်ရှုချင်သည် အလွန် ပျော်ရွှင်သွားပြီး အောင်ပွဲခံနေသည့် ဒေါင်းတစ်ကောင်လို အခြားသူများကို ခေါင်းမော့ လှည့်ပတ် ကြည့်ရှုလိုက်သည်။ ဒီမိသားစုတွင် သူမ၏ ရာထူးကို ထုတ်ဖော်ပြသပြီးနောက် သူမသည် အနီရောင်နဲ့ အဖြူရောင်သန်းသော ကျောက်ပုစွန်အသားကို ကောက်ကိုင်ကာ သူမပါးစပ်ထဲသို့ ထည့်သွင်းလိုက်သည်။
တစ်ချက် ကိုက်စားလိုက်ရုံဖြင့် သူမသည် အရသာရှိလှသော အဆီအနှစ် အရသာကို ခံစားမိသွားခဲ့သည်။
“ဒါက စားလို့ကောင်းလိုက်တာ”
“စားလို့ကောင်းရင် များများစား”
စုယန်ယန်သည် နောက်ထပ် ကျောက်ပုစွန် တစ်ကောင်ကို ကောက်ကိုင်ကာ အခွံနွှာရင်း ပြောလိုက်သည်။ အချိန်တိုလေး အတွင်းမှာပင် လူတိုင်းရဲ့ အကြည့်တွေက သူမလက်တွေထံ အကြည့်ရောက် လာပြန်သည်။
ချိန်ရှုချင်သည် ပထမနေရာကို အနိုင်ရပြီးနောက် ဘေးတွင် ထိုင်နေပေမယ့် မစ်စတာစုသည် အငယ်နှစ်ယောက်နောက်တွင် ကျန်ရစ်မည်ကို စိုးရိမ်တုန်လှုပ် သွားမိခဲ့သည်။
ဇနီးသည်ထက် ခြေတစ်လှမ်း နောက်ကျတယ် ဆိုတာက ကျိုးကြောင်း ဆီလျော်ပေမယ့် သမီးလေးရဲ့ နှလုံးသားထဲတွင် သူ့နေရာက အခြားလူငယ် နှစ်ဦးနဲ့ မယှဉ်နိုင်ဘူးဆိုရင်၊ ဒါက တကယ်ပဲ...
ကံကောင်းထောက်မစွာဖြင့် စုယန်ယန်သည် သူ့အား စိတ်မပျက်စေခဲ့ပါ။ ဒုတိယအကြိမ် အခွံနွှာထားသည့် ကျောက်ပုစွန်ကို မစ္စတာစု၏ ပန်းကန်လုံးထဲသို့ စုယန်ယန်က ထည့်ပေးခဲ့သည်။
မစ်စတာစုသည် သက်ပြင်း တစ်ချက်ချကာ သူ့အဖိုးတန် သမီးလေးက သူ့အတွက် အခွံနွှာပေးထားသော ကျောက်ပုစွန်ကို ပျော်ရွှင်စွာ ကောက်ယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ ထည့်စားလိုက်သည်။
အနားပတ်ဝန်းကျင်မှာ လူတွေသာ မရှိခဲ့ရင် ဒီကျောက်ပုစွန်ကို ၃၆၀ ဒီဂရီ ဓာတ်ပုံရိုက်ပြီး သိုးပေါက်ကလေးလို သမီးလေး မရှိသည့် သူ့အတန်းဖော်ဟောင်းများအား မနာလိုဖြစ်စေရန် သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွင် တင်လိုက်မည်ဖြစ်သည်။
သူ့မိဘတွေ အသီးသီး ကျောက်ပုစွန်တွေ ကိုယ်စီ ရရှိသွားသည့် အခါမှာ စုယုရွှမ်သည် သူ့ကိုယ်သူ စိတ်ထိန်းချုပ် ထားရသည်။
သူ့ညီမလေးရဲ့ နှလုံးသားထဲတွင် သူ့နေရာက မကြာသေးမီကမှ တွေ့ဆုံဖူးသည့် လူရိုင်းတစ်ယောက်ထက် နိမ့်ကျနေမည်ကို သူ ပြင်းထန်စွာ ငြင်းဆိုခဲ့သည်။
သို့သော်လည်း ဤလောက၌ အရာများစွာရှိပြီး သင် မကြာခင် ဖြစ်ပျက်မည့် အရာကို ပြောဆိုနိုင်ခြင်း မရှိပေ။ တတိယ ကျောက်ပုစွန်ကို အခွံနွှာပြီး နောက်တွင် စုယန်ယန်သည် သူမအစ်ကိုကြီးအား အကြည့်တစ်ချက်မျှပင် မပေးအပ်ခဲ့ပါ။ သူမရဲ့လက်တွေက ဟောက်ချန်ဟွမ်းရဲ့ ပန်းကန်လုံးထံသို့ ပုံမှန်အတိုင်း ဆန့်ထုတ်လိုက်သည်။
စုယုရွှမ်၏ မျက်နှာ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက ပြင်းထန်စွာ ဖျားနာနေသည့် လူမမာကဲ့သို့ ပြင်းပြင်းထန်ထန် ချောင်းဆိုး ပြလိုက်သော်လည်း ဟောက်ချန်ဟွမ်းရဲ့ ပန်းကန်လုံးထဲသို့ တတိယမြောက် ကျောက်ပုစွန်ကို ထည့်ပေးနေခြင်းအား မကာကွယ်နိုင်ခဲ့ပေ။
စုယုရွှမ်သည် အံ့အားသင့် သွားခဲ့သည်။ သူက သူ့နန်းပုလ္လင်ကို ဆုပ်ကိုင်ထားဖို့ ဆုံးရှုံးသွားပြီ။
စုယန်ယန်က သူ့ကို သံသယ အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ သူမက စိုးရိမ်စွာ မေးမြန်းလိုက်သည်။
“အစ်ကိုကြီး နင် အအေးမိနေတာလား။ ဘာလို့ ရုတ်တရက် ချောင်းအရမ်း ဆိုးနေရတာလဲ”
ရှုံးနိမ့်မည်မှန်း သိသည့် တိုက်ပွဲကို တိုက်ခိုက်နေသည့် စုယုရွှမ်သည် “ငါလည်း ကျောက်ပုစွန်ကို စားချင်တယ်” လို့ ဖျော့တော့စွာ ထုတ်ပြောခဲ့သည်။
“အအေးမိနေရင် ပင်လယ်စာ မစားတာ အကောင်းဆုံးပဲ”
စုယုရွှမ်သည် အမြီးတက်နင်းခံရသည့် ကြောင်တစ်ကောင်ကဲ့သို့ ထခုန်ကာ ချက်ချင်း တုံ့ပြန် ပြောဆိုလိုက်သည်။
“ဟင့်အင်း၊ ငါလည်း ကျောက်ပုစွန်ကို အခုချက်ချင်း အရမ်းစားချင်နေတယ်”
စုယန်ယန်သည် သူ့ကို စိတ်မရှည်စွာ ကြည့်လိုက်ပြီး “အိုး၊ ဒါဆိုရင်လည်း အစ်ကိုကြီး ကိုယ်တိုင် ကျောက်ပုစွန်ကို အခွံနွှာလိုက်ပေါ့”
အကယ်၍ သူ ဒါကို စားချင်ရင် သူ့ဖာသာသူ ဒါကို စားနိုင်တယ်။ အဆုံး၌ သူသည် အရွယ်ရောက်ပြီးသူဖြစ်သည်။ သူက ဘာလို့ မှားယွင်းခံနေရတဲ့ ပုံစံမျိုး လုပ်နေရတာလဲ။
စုယုရွှမ်သည် သူ့ညီမဖြစ်သူထံမှ မကျေနပ်သည့် အကြည့်ကို လက်ခံရရှိခဲ့သည်။ သူ့လည်ချောင်းထဲတွင် ဆန်တက်လာသည့် သွေးများကို ပြန်မျိုချလိုက်သည်။
သူ့ရဲ့ ဒီညီမကို စွန့်လွှတ်လိုက်တော့မယ်။
***