အခန်း ၁၉၃
Vol. 13 Ch. 193
အခန်း (၁၉၃)
အနာဂတ်မျိုးဆက်သစ် ခေါင်းဆောင်လေးတွေကို မွေးဖွားမယ်
ဒီစကားတွေက ရူးသွပ် ရယ်မောနေကြသည့် ပရိသတ်တွေအပေါ် သက်ရောက်မှု မရှိတာ သနားစရာပါပဲ။
[ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့တာက သိပ်မပြင်းထန်ဘူး။ ငါတို့ နားလည်တယ်၊ ငါတို့နားလည်တယ်။]
[ငါတို့ သိပေမယ့် ငါတို့ နှုတ်ဆိတ် နေပါ့မယ်။ ဒီအကြောင်းအရာက လူသိရှင်ကြား ဆွေးနွေးဖို့ မသင့်လျော်ဘူး။ နောက်တစ်ခု...]
[ဒီကားကို ကြည့်လိုက်၊ ခပ်ကြီးကြီးနဲ့ အဝါရောင်လေး၊ မြန်မြန် မောင်းသွားတယ်။ လုံးဝမဆိုးဘူး...]
စုယန်ယန် “...” သူတို့တွေက သူမစကားကို လုံးဝ နားမထောင်ဘူးလို့ ထင်ရတယ်။
စုယန်ယန်သည် သူမက ဒီစကားဝိုင်းကို တိုးမဖောက် နိုင်တာကို မြင်လိုက်ရတော့ ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ဒီအကြောင်းကို ဆက်မပြောတော့ပေ။ သူမသည် ဒုတိယစွပ်ပြုတ် အကြောင်းကို ဆက်လက် ရှင်းပြခဲ့သည်။
သူမ၏ ကိုယ်ကျင့် သိက္ခာကို ဖန်သားပြင်ပေါ်ရှိ တပ်ဖွဲ့က နောက်ဆုံးတော့ အမြစ်ဖြတ် သုတ်သင်ခဲ့သည်။
စုယန်ယန်သည် ပထမစွပ်ပြုတ် အကြောင်းကို ရှင်းပြသည့် အခါမှာ အနည်းငယ် ဘာလုပ်ရမှန်း၊ ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့သော်လည်း ဒုတိယစွပ်ပြုတ် အကြောင်းကို စတင် ပြောဆိုသည့် အခါ လူတွေရဲ့ အတွေးအမြင်တွေကို ဂရုမစိုက်တော့ဘူး။
“ဒါကတော့ စမြိတ်သိုးကလေး ဂျင်းစွပ်ပြုတ်ပါ။ စမြိတ်က သွေးကို အာဟာရ ဖြည့်တင်းပေးပြီး ကိုယ်တွင်း အနှစ်သာရကို ထိန်းညှိ ပေးပါတယ်။ သိုးကလေး အသားဟာ ကျောက်ကပ်ကို အာဟာရ ဖြည့်တင်း ပေးပြီး ဂျင်းကတော့ အအေးမိခြင်းကို သက်သာ စေနိုင်ပါတယ်။ ကျောက်ကပ် ယန်ချို့တဲ့မှု အပေါ် အကျိုးသက်ရောက်မှု အထူးကောင်းမွန်ပါတယ်”
[ကျောက်ကပ် ယန်ချို့တဲ့တာ အတွက်လား။ ငါ အနံ့တစ်ခု ရလိုက်သလိုပဲ...]
[ငါလည်း ရလိုက်တယ်...]
[ငါရောပဲ...]
တစ်စုံတစ်ခုကို အဓိပ္ပါယ် သက်ရောက်နေသော မက်ဆေ့ချ် အများအပြားဟာ ဖန်သားပြင်ပေါ် လွှမ်းမိုး ထားခဲ့သည်။
[တင်ဆက်သူရေ၊ မင်းရဲ့ ခင်ပွန်းနဲ့ ကလေးလေးတွေယူဖို့ စီစဉ်နေတာလား။]
စုယန်ယန်သည် ဒီမက်ဆေ့ချ်ကို မြင်သောအခါ သူမမျက်နှာဟာ ရဲရဲနီစွေး သွားခဲ့သည်။
ဒီနေ့ ကြည့်ရှုနေကြသည့် ပရိသတ်များသည် တကယ့်ကို အပြောရိုင်းပြီး အတွေးတွေကလည်း အလွန် ညစ်ညမ်းလှသည်။
တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ဟောက်ချန်ဟွမ်းသည်လည်း ဒါကို မြင်လိုက်သောအခါတွင် သူ့မျက်နှာ အမူအရာဟာ အုံ့မှိုင်း သွားလေသည်။ ဒီနေ့ သူနှင့်အတူ ရှိနေသည့် ကျိုးယန်ပိုင်သည်လည်း ဒီဒုက္ခကို ခံစားလိုက်ရသည်။
ကံကောင်း ထောက်မစွာ သူသည် အမြန် စိတ်ငြိမ်သွားကာ တီးတိုး ပြောလိုက်သည်။
“ဒီနေ့ စုအိမ်တော်ကို စုမိန်းကလေးရဲ့ ဦးလေး အလည် ရောက်လာမယ်လို့ ကျွန်တော် ကြားသိခဲ့ရတယ်”
ဟောက်ချန်ဟွမ်းက သူ့မျက်ခုံးကို ပင့်ပြီး ဆက်လက် ပြောဆိုရန် အမူအရာပြသည်။
“စုမိန်းကလေးရဲ့ ဦးလေးချိန်နဲ့ အန်တီချင်တို့က လက်ထပ် ထိမ်းမြားထားတာ နှစ်နှစ်ဆယ်နီးပါး ရှိပေမယ့် ကလေးတစ်ယောက်မှ မရသေးဘူး။ စုမိန်းကလေးရဲ့ အရင်က ထုတ်လွှင့်မှုတွေက အမျိုးသမီးတွေရဲ့ သူတို့ ခန္ဓာကိုယ် အခြေအနေကို ထိန်းညှိပေးပြီး ကိုယ်ဝန် ရနိုင်ခြေကို တိုးမြင့်ပေးတဲ့ ဟင်းလျာတွေကို တင်ဆက် ပြသခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီ အကြောင်းအရာတွေကို မူတည်ပြီး စဉ်းစားကြည့်မယ်ဆိုရင် ဒီစွပ်ပြုတ် နှစ်ခုက စုမိန်းကလေးရဲ့ ဦးလေးတို့ စုံတွဲအတွက် ဖြစ်နိုင်ပါလိမ့်မယ်”
သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဟောက်ချန်ဟွမ်း၏ စိတ်အခြေအနေဟာ အနည်းငယ် တိုးတက် ကောင်းမွန် လာခဲ့သည်။
ကျိုးယန်ပိုင်သည် သက်ပြင်းမောကို ခိုးကြောင်ခိုးဝှက် ချလိုက်မိသည်။ ကံကောင်း ထောက်မစွာနဲ့ စုမိသားစု၏ လှုပ်ရှားမှုတွေကို အာရုံစိုက် ထားမိတာက ဒီလိုအရေးကြီးသည့် အခိုက်အတန့်မှာ သူ့အသက်ကို ကယ်တင် လိုက်နိုင်သည်။
တိုက်ဆိုင်စွာပင် ဒီအခိုက်အတန့်မှာပင် စုယန်ယန်က မနေနိုင်တော့ပဲ ချောင်းခပ်ဖွဖွ ဆိုးရင်း ရှက်ကိုးရှက်ကန်း ရှင်းပြလိုက်သည်။
“ဒါက တို့အတွက် မဟုတ်ပါဘူး။ တို့မိသားစုထဲက အကြီးတွေ အတွက်ပါ”
[ဒါက အကြီးတွေ အတွက်ဆိုတော့ ငါ နည်းနည်းလေး စိတ်ပျက် သွားသလိုပဲ။ တင်ဆက်သူက အိမ်ထောင်သည် ဆိုတော့ ကလေးမွေးဖို့ မကြိုးစားချင်ဘူးလား။ ငါက တင်ဆက်သူရဲ့ ခင်ပွန်းသည် မဖြစ်နိုင်ပေမယ့် ငါက တင်ဆက်သူရဲ့ ကလေးတော့ ဖြစ်နိုင်ပါသေးတယ်...]
[သားရဲကောင်၊ မင်းက တင်ဆက်သူရဲ့ ကလေးက ဘာလို့ ဖြစ်ချင်နေတာလဲ။]
[အပေါ်ထပ်ကလူရေ မင်း ဘာဖြစ်လို့ အရမ်း စိတ်လှုပ်ရှား နေရတာလဲ။ ငါက တင်ဆက်သူရဲ့ သမက် ဖြစ်ချင်တယ်လို့ ပြောလိုက်ရုံပါပဲ။ မင်းက ဘာတွေ တွေးနေတာလဲ။]
[…]
[မင်း ရူးနေလို့ တင်ဆက်သူကို ကလေး မွေးခိုင်းရတာလား။ အကယ်၍ တင်ဆက်သူမှာ ကိုယ်ဝန် ရှိသွားမယ်ဆိုရင် သူမ ကလေးကို ပြုစုပျိုးထောင် ရမယ်လို့ ဆိုလိုလိုက်တာပဲ။ သူမ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ဖို့ အချိန်ပေး နိုင်ပါဦးမလား။ အသေးအဖွဲ ကိစ္စလေးတွေကြောင့် ကြီးကြီးမားမား အဆုံးရှုံးမခံနဲ့။]
[အေးကွ... ငါ ဒါကို မတွေးမိလိုက်ဘူး။]
စုယန်ယန် “...” ဟေး၊ ဒီလောက်ဆို လုံလောက်ပြီ။ ဒီမတိုင်ခင်က နင်တို့ ကလေးမွေးဖို့ ပြောနေကြတယ်။ အခုတော့ ကလေးပြုစု ပျိုးထောင်ဖို့ အကြောင်းတွေကို စပြောနေကြပြီ။ နင်တို့ရဲ့ စိတ်ကူးအတွေးတွေက အရမ်း လျင်မြန်လွန်းလို့ လိုက်မမီနိုင်တော့ဘူး။
ကံကောင်း ထောက်မစွာဖြင့် နောက်ဆုံး ပရိသတ်၏ ‘တင်ဆက်သူမှာသာ ကိုယ်ဝန် ရှိသွားခဲ့ရင် တိုက်ရိုက် ထုတ်လွှင့်မှုကို ဆက်မလုပ် နိုင်လောက်ဘူး’ ဆိုတဲ့ အပြောက လူတိုင်း၏ အတွေးကမ္ဘာကို လှုပ်နှိုး လိုက်နိုင်သည်။ လူတိုင်း သူတို့၏ ပါးစပ်များကို တင်းတင်းစေ့ ပိတ်ကာ စုယန်ယန်၏ မိသားစုမှ အကြီးတွေကို မနာလိုကြောင်း စတင် ပြောဆို လာကြသည်။
[တင်ဆက်သူအိမ်က အကြီးတွေကို ငါ အရမ်း မနာလိုဖြစ်မိတယ်။ တင်ဆက်သူက ကလေး ရနိုင်အောင် ကူညီပေးနိုင်တယ်။ အဟင့်... အဟင့်... ငါ့မှာကျ ဒီလောက် ဂရုစိုက်တတ်ပြီး ချစ်စရာကောင်းတဲ့ မျိုးဆက်သစ်လေး မရှိရတာလဲ။]
***