အခန်း ၁၉၄
Vol. 13 Ch. 194
အခန်း (၁၉၄)
ကြိုဆိုညစာစားပွဲ
စုယန်ယန်သည် ဖန်သားပြင် အပြည့် သူမရဲ့ ဆွေမျိုးညာတိ ဖြစ်ချင်နေကြသည့် ကြည့်ရှုသူများကို ကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးက အနည်းငယ် တွန့်ကွေး သွားပေမယ့် ဘာမှ မပြောခဲ့ချေ။
ဒီတိုက်ရိုက် ထုတ်လွှင့်မှုဟာ စုယန်ယန်၏ တိုက်ရိုက် ထုတ်လွှင့်မှု မှန်သမျှမှာ အချိန် အကြာဆုံးပင်။ စုယန်ယန်သည် နောက်ဆုံး ဟင်းပွဲကို ပြင်ဆင်ပြီးချိန်အထိ သုံးနာရီလောက် ကြာမြင့်ခဲ့သည်။
တိုက်ရိုက် ထုတ်လွှင့်မှုမှာ ချက်ပြုတ်ထားသော နျဉ်ချီလွေ့နှင့် ဟောက်ချန်ဟွမ်းတို့ အတွက် ဟင်းပွဲများကို ထုပ်ပိုးပြီး ချိန်တွင် သူမ ပြိုလဲကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သူမ၏ စိတ်ထဲမှ အတွေးများသည်လည်း အခုအချိန်မှာ မရေမတွက် နိုင်လောက်အောင် များပြားနေခဲ့သည်။ ဒီအခြေအနေကို ဆက်မထိန်းနိုင်တော့ဘူး။ သူမ၏ ကန့်သတ်ချက်ကို မရောက်မီ ဒီဝန်ထုပ်ဝန်ပိုးကို လျှော့ချရမယ်။
အဲ့ဒီမတိုင်ခင်မှာ သူမ မဟာမိတ်တွေကို အရင်ရှာဖွေရမယ်။
စုယန်ယန် အတွေးထဲသို့ ပထမဆုံး ဝင်ရောက်လာသူမှာ သူမ ဦးငယ်လေးချိန်ပင် ဖြစ်ပြီး သူမတို့သည် သွေးသားရင်းချာ ဆွေမျိုးတွေ ဖြစ်ကြသည်။
ပြောကြတာက တူဖြစ်သူသည် ဦးလေးနှင့် တူသည်။ စုယုရွှမ်ကို ကြည့်လိုက်သည်နှင့် စုယန်ယန်ရဲ့ ဦးငယ်လေးချိန်က မည်ကဲ့သို့ လူမျိုး ဖြစ်တယ် ဆိုတာကို ပြောပြနိုင်သည်။
သူတို့သည် ရုပ်ရည်ချင်း ဆင်တူတယ် မဆိုနိုင်သော်လည်း သူတို့၏ အကျင့်စရိုက် စိတ်နေစိတ်ထားတို့မှာ ဆင်တူလှသည်။
သူတို့သည် အပေါ်ယံတွင် ကြင်နာ နွေးထွေးတတ်ပုံ ပေါ်သော်ငြား တကယ်တမ်း သူတို့ရဲ့ အတွင်းစိတ်ကတော့ ဒေါသထွက်လွယ်ပြီး သူတို့၏ ချစ်ရသူများအား အလွန်အမင်း အကာအကွယ် ပေးတတ်ကြသည်။ အပြင်မှာ ဘယ်လောက်ပဲ ကြီးကျယ် ခမ်းနားနေပါစေ အိမ်မှာတော့ မိသားစုဆန်တဲ့ နူးညံ့နွေးထွေးသော ယောက်ျားသားများပင် ဖြစ်ကြသည်။
ချင်ရွှယ်ရူ ကဲ့သို့ပင် ချိန်ကျွင်းဟောင်သည် အိမ်ထောင်ကျပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေမယ့် သားသမီး မထွန်းကားခဲ့သောကြောင့် အစ်မဖြစ်သူ၏ သားသမီးများကို ကိုယ့်သားသမီး ရင်းများအဖြစ် ဟိုးယခင်ကပင် မှတ်ယူထားခဲ့သည်။
ချိန်ရှုချင်နှင့် တခြားသူများ သူ့ကို လာကြိုတာကို တွေ့လိုက်ရတာနှင့် သူ့ဇနီးသည် အကြောင်းကို မမေးမြန်းပဲ ကလေးနှစ်ယောက် ဘာဖြစ်လို့ အတူ မပါလာတာလဲ ဆိုတာကို အရင် မေးမြန်းခဲ့သည်။
ပထမတော့ ချိန်ရှုချင်နှင့် တခြားသူများက ဇာတ်ကြောင်း တစ်ခုလုံးကို ပြောပြချင်ပေမယ့် သူက ခရီးအရှည်ကြီး ထွက်လာရတာကို တွေးမိတော့ “သူတို့မှာ လုပ်စရာ ကိစ္စလေးတွေ ရှိနေလို့ပါ” လို့ ဝိုးတိုးဝါးတား ပြန်ဖြေခဲ့သည်။
ချိန်ကျွင်းဟောင်သည် ဒီစကားကို သံသယ ဝင်သွားပေမယ့် အများကြီး မမေးနေတော့ဘူး။ သူ စုအိမ်တော်သို့ ရောက်ရောက်ချင်းမှာပင် သွားရည်ယိုကျလောက်ဖွယ် အစားအသောက်တွေရဲ့ မွှေးရနံ့ကို ရှူရှိုက်မိခဲ့သည်။
“ဒီအနံ့က ဘာလဲ။ အရမ်းအရသာရှိမယ့်ပုံပဲ”
ချိန်ရှုချင်နှင့် တခြားသူများ၏ မျက်လုံးတွေဟာ တလက်လက် တောက်ပလာပြီး “အဲ့တာ ယန်ယန် ချက်ပြုတ် ပြင်ဆင်နေတာ ဖြစ်နိုင်တယ်” လို့ ခပ်ပြုံးပြုံး ဆိုလိုက်သည်။
“ဟင်းချက်တာလား” ချိန်ကျွင်းဟောင်က သူ့ဇနီးလေးထံမှ သူ့အဖိုးတန် တူမလေးက မကြာသေးမီကမှ အချက်အပြုတ်ကို လေ့လာသင်ယူခဲ့ပေမယ့် သူမ၏ ဟင်းချက်လက်ရာက အတော်လေး ကောင်းမွန်ကြောင်း ကြားသိခဲ့ရသည်။
စားချင်စိတ် ပျောက်ဆုံးနေ၍ ကိုယ်အလေးချိန် ကျသွားသော သူ့ဇနီးလေးဟာ အခုအချိန် ပြန်တွေ့ရတော့ အရင်ကထက် ကိုယ်အလေးချိန် မြန်မြန် ပြန်တက် လာပုံရပြီး အသားအရောင်ကပါ ပိုမိုကောင်းမွန် လာခဲ့သည်။
ဒါပေမယ့် ချိန်ကျွင်းဟောင်ဟာ ဒီမွှေးရနံ့ကို ကိုယ်တိုင်ကိုယ်ကျ ရရှိပြီးနောက်မှာတော့ မိန်းမော နေမိခဲ့သည်။
ဒီအချိန်တွင် စုယန်ယန်သည်လည်း အမှိုက်များကို ရှင်းလင်းပြီးနောက် မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
“ဦးလေးချိန်” စုယန်ယန်သည် အပြေးလာပြီး သူ့ဦးလေးကို ဖက်တွယ် လိုက်သည်။
“ဦးလေး ခရီးထွက်ရတာ ပင်ပန်းလာလား။ သမီး ဦးလေးကို ကြိုဆိုဖို့ ဟင်းပွဲအချို့ ချက်ပြုတ် ပြင်ဆင်ထားတယ်။ ကိစ္စ အထွေအထူး မရှိရင် အရင်ဆုံး စားလိုက်ရအောင်”
စုယုရွှမ်သည် စုယန်ယန် နောက်မှ ပန်းကန်ပြား နှစ်ပြားကို ကိုင်ရင်း ထွက်လာရာ လူအချို့ရဲ့ အကြည့်တွေက ရုတ်တရတ် လင်းလက် လာတာကို တွေ့လိုက်ရသည်။
မီးဖိုချောင် အပြင်ဘက်တွင် အနံ့သာ ရပြီး မစားရသေးသော သူ ဖြတ်သန်းခဲ့ရသည့် ညှဉ်းပန်း နှိပ်စက်မှုကို ဘုရားသခင်သာ သိနိုင်ပါသည်။
“အားလုံး ပြန်ရောက်ပြီပဲ။ ညစာ စားရအောင်”
ချိန်ရှုချင်နှင့် တခြားသူတွေက ညစာ ဆိုသော စကားလုံးကို ကြားလိုက်သည်နှင့် သူတို့မှာ ချက်ချင်း ဆိုသလိုပင် ရောက်လာ ကတည်းက ကြယ်ပွင့် တစ်ပွင့်လို ဆက်ဆံ ခံနေရသော ချိန်ကျွင်းဟောင်ကို လျစ်လျူရှု လိုက်ကြပြီး သူတို့ဟာ အစာကျွေးဖို့ စောင့်နေသော ကြက်လေးများလို ထမင်းစားပွဲမှာ စုရုံးလာကြသည်။
ချိန်ကျွင်းဟောင် “???”
ဒီလူများ၏ ပုံစံကို အသား မကျသေးသော ချိန်ကျွင်းဟောင်သည် နောက်ဆုံး၌ သူ့ယောက်ဖ ဖြစ်သူက သူ့ကို ထမင်းစားပွဲသို့ ဆွဲခေါ်သွားတာကို ခံလိုက်ရသည်။
သို့သော် မီးဖိုချောင်ထဲမှ မွှေးကြိုင်သော ဟင်းပွဲပန်းကန်များ အဆက်မပြတ် ထွက်လာတာကို မြင်လိုက် ရသောအခါတွင် ဒီလူတွေက ဘာကြောင့် ဒီလောက် အပြောင်းအလဲ မြန်တာလဲ ဆိုတာကို ခဏအတွင်းမှာပင် နားလည် သဘောပေါက် သွားခဲ့သည်။
ချိန်ကျွင်းဟောင်သည် ဒီမွှေးရနံ့တွေကိုရပြီး သွားရည်မကျပဲ မနေနိုင်တော့ပေ။ ချိန်ရှုချင်နှင့် တခြားသူများမှာ စုယန်ယန်၏ အခြားသော ဟင်းပွဲလက်ရာများကို မြည်းစမ်းဖူးသော်လည်း ဒီဟင်းပွဲတွေကို မြင်လိုက်သည်နှင့် ချက်ချင်း ဗိုက်ဆာလာကြသည်။
ဟင်းပွဲတွေအပြင် စွပ်ပြုတ်များပါ ပါရှိသည်။
ဒီနေ့ လုပ်စရာ အများကြီး ရှိသဖြင့် စုယန်ယန်သည် အချိန်ကုန် သက်သာစေရန် တစ်ခါတည်း လူတိုင်း လုံလောက်စွာ စားနိုင်မည့် အိုးအကြီးကြီးဖြင့် ချက်ပြုတ်ခဲ့သည်။ စတူးဟင်းအိုးကြီး တစ်အိုးဆို မိသားစုထဲက လူတိုင်းကို တစ်ယောက် တစ်ပန်းကန်စီ တည်ခင်း နိုင်ပါသည်။
တစ်ချိန်တည်းမှာပင် ပြဿနာ မရှိအောင် လုပ်နိုင်ပြီး သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုမှာ ကြုံတွေ့ခဲ့ရသည့် လှောင်ရယ်စရာ အဖြစ်ကို ရှောင်ရှား နိုင်လိမ့်မည်။
***