အခန်း ၂၀၄
Vol. 14 Ch. 204
အခန်း (၂၀၄) – စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု
စုယန်ယန်သည် တစ်ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် မေးလိုက်သည်။
“သူတို့နှစ်ယောက်က စင်ပေါ်မှာ စကားများ ရန်ဖြစ်တာလား”
“ဟုတ်တယ်၊ ဒါပေမယ့် ရိုက်ကူးနေချိန် ဖြစ်တာ မဟုတ်ဘူး။ ရိုက်ကူးရေးပြီးမှ သူတို့ စကားများ ရန်ဖြစ်ကြတာ”
စုယန်ယန်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီး ညည်းညူ လိုက်သည်။
“အဲ့ဒီအချိန်တုန်းက ရိုက်ကွင်းမှာ ကင်မရာတွေက မှတ်တမ်း တင်နေတုန်းလား။ ဒါမှမဟုတ် စီစီတီဗီ မှတ်တမ်းရော ရှိလား”
“ရှိလိမ့်မယ်။ အစ်ကို အဲ့တာကို စစ်ဆေးကြည့်ရှုဖို့ စီစဉ်နေပြီ”
အဆုံး၌ သူတို့ ကုမ္ပဏီမှာ ဒီအစီအစဉ်ရှိုးတွင် ရင်းနှီးမြှုပ်နှံ ထားသောကြောင့် စောင့်ကြည့်ရေး ဗီဒီယိုမှတ်တမ်း ရယူတာက ပြဿနာ မဖြစ်သင့်ပေ။
ထို့အပြင် သူတို့ရဲ့ အနုပညာရှင်ထံမှာ ကိစ္စတစ်ခုခု ဖြစ်သွားခဲ့သည်၊ ဒါ့ကြောင့် အစီအစဉ် ရိုက်ကူးရေးအဖွဲ့မှ သူတို့အား ဖြေရှင်းချက် တစ်ခုခု ပေးသင့်သည်။
“အစ်ကို စောင့်ကြည့်ရေး ဗီဒီယိုမှတ်တမ်း ရလာတဲ့အခါ ညီမကို ဗီဒီယိုမိတ္တူတစ်ခု ပို့ပေးပါဦး၊ ဝမ်ကျင့်ဖျင်ရဲ့ အမြင်ကနေ ရရင် ပိုကောင်းမယ်”
စုယန်ယန်က ဒီလို တောင်းဆိုမှုကို ပြုလုပ်လိုက်သည့်အခါ ရှားကျွင်းရှန့်သည် မသင်္ကာစရာ ကောင်းသည့် တစ်ခုခု ရှိသလို ခံစားလိုက်ရသည်။
“ကောင်းပြီ၊ အစ်ကို တတ်နိုင်သမျှ အမြန်ဆုံးရအောင် လုပ်ပေးမယ်”
“ဟုတ်”
စုယန်ယန် ပြန်ဖြေသည်။ အချိန်အတော် ကြာအောင် ဘာမှ မကြားရတော့ သူမ အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့သည်။ စုယန်ယန်က သူ့ကို မေးသည်။
“တခြား ဘာပြောစရာ ရှိသေးလဲ၊”
“ယိုယွီရှစ်က ဆေးရုံတင်ထားရတယ်။ ညီမလေး သူ့ကို သတင်းသွားမေးချင်လား”
ရှားကျွင်းရှန့်၏ စကားကို ကြားကြားချင်း စုယန်ယန်၏ ပထမဆုံး အတွေးကား ‘ဒီအနုပညာရှင်ရဲ့ နောက်ခံက ဘာလဲ။ သူမ ဆေးရုံတက် နေရတာကြောင့် သူဌေးက သူမကို ကိုယ်တိုင်ကိုယ်ကျ လူနာသတင်း သွားမေးဖို့ လိုအပ်လို့လား’
“သူမရဲ့နောက်ခံက ဘာလဲ”
“သူ့အစ်မက ယိုကျင်းယွီပဲ၊ သူတို့က ညီအစ်မရင်းတွေ ဆိုတာ အစ်ကို ဒီနေ့မှ သိခဲ့ရတယ်”
“ယိုကျင်းယွီလား” စုယန်ယန်သည် ဒီနာမည်ကို အနည်းငယ် ရင်းနှီးနေသည်ဟု ထင်သည်။ အချိန်အတော်ကြာအောင် တွေးပြီးမှ သူမ နောက်ဆုံး၌ အမှတ်ရသွားခဲ့သည်...
“ယိုလက်ဝတ် ရတနာအုပ်စုရဲ့ အထွေထွေ မန်နေဂျာကို ပြောတာလား။ သူမက ဒုတိယ သခင်မလေးယို့လား”
“....အင်း”
စုယန်ယန်သည် ငိုရမလား ရယ်ရမလား တကယ် မသိတော့ပေ။ နဉ်ချီလွေ့ တစ်ယောက်တည်းကပင် လုံလောက်နေပြီ၊ အခု နောက်ထပ် ဒုတိယ သခင်မလေးယို့ပါ ရှိနေပြီ။ သူမ၏ ကုမ္ပဏီက အတတ်ဘဝတုန်းက ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့လား။ ဒါမှမဟုတ် ချမ်းသာခြင်း နတ်ဘုရားကို စော်ကားခဲ့မိလို့လား။
“ညီမတို့ အင်တာတိန်းမန့် ကုမ္ပဏီက ကျားတွေ နဂါးတွေ ပုန်းခိုနေတာပဲ”
ရှားကျွင်းရှန့်သည်လည်း အနည်းငယ် ခိုကိုးရာမဲ့သလို ခံစားလိုက်ရသည်။ အကယ်၍ သူမသာ သာမန် အနုပညာရှင် တစ်ဦး ဆိုပါက သူမကို လူနာသတင်း မေးသွားဖို့ သူကိုယ်တိုင်သာ သွားဖြစ်မည် ဖြစ်သည်။ သို့သော် ယိုယွီရှစ်က ယိုမိသားစုမှ ဖြစ်နေ၍ သူ့အနေအထားမှာ အနည်းငယ် အားနည်းနေသလို ဖြစ်သွားလိမ့်မည်။
“ဒါဆိုရင် ဘယ်လိုလုပ်မလဲ...”
“အဆင်ပြေပါတယ်၊ ညီမ သွားကြည့်လိုက်မယ်။ ညီမလည်း ဒီဂန္တဝင် သံမဏိ မိန်းမပျိုကို တစ်ချက်လောက် မြင်တွေ့ကြည့်ချင်တယ်”
ယိုမိသားစုသည် လက်ဝတ်ရတနာ လောကတွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး သူတို့၏ ယခုမျိုးဆက်တွင် သမီးနှစ်ဦးသာ ရှိသည်။ အကြီးဆုံးသမီး ယိုကျင်းယွီသည် အစောပိုင်း ကတည်းက သူမ မိဘများ နှင့်အတူ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ဖို့ လိုက်ပါလာခဲ့ပြီး ကုမ္ပဏီနှင့် လက်ဝတ်ရတနာ လုပ်ငန်းတွင် နှစ်အနည်းငယ် အတွင်း ခြေကုပ် ရယူနိုင်ခဲ့သည်။
အမျိုးသမီးများသည် လက်ဝတ် ရတနာများအပေါ် မွေးရာပါ စိတ်အား ထက်သန်မှုရှိပြီး ဒီအကြီးဆုံး သခင်မလေးယို့သည် အမျိုးသားတွေနှင့် နှိုင်းယှဉ်လျှင်ပင် သူမ၏ စွမ်းဆောင်နိုင်မှုက မနိမ့်ကျတာကြောင့် သူမကို “စီးပွားရေး သံမဏိ မိန်းမပျို” ဟုခေါ်သည်။
သူမညီမလေး၏ ကျော်ကြားမှုနှင့် နှိုင်းယှဉ်ရင် ဒီဒုတိယ သခင်မလေးယိုသည် ပို၍ နှိမ့်နှိမ့်ချချ နေထိုင်တတ်ပြီး သူမအကြောင်း အပြင်လောကတွင် ကောလာဟလများ မရှိသလောက်ပင်။
စုယန်ယန်သည် သူမ၏ ကုမ္ပဏီမှာ ပုန်းခိုနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒီနေ့ရက်များ၌ ချမ်းသာကြွယ်ဝသော မိသားစုမှ မျိုးဆက်သစ်များမှာ ဖျော်ဖြေရေး နယ်ပယ်ထဲ ဝင်ရောက်ဖို့ ရေပန်းစားနေတာ ဖြစ်နိုင်တာများလား။
သို့သော် ယိုယွီရှစ်၏ အထောက်အထားက သူမအား အခြားအရာ တစ်ခုကို သတိရစေသည်။
မူရင်းစာအုပ်တွင် ဝမ်ကျင့်ဖျင်သည် ယိုယွီရှစ်နှင့် သူမ နောက်ကွယ်ရှိ အေဂျင်စီမှ သူမအား ဒီအဖြစ်အပျက် ပြီးနောက် ပြဿနာ ရှာမည်ကို စိုးရိမ်ကာ ဟောက်ရှောက်ဖုန်းအား ဒီအကြောင်းကို ပြောပြခဲ့သည်။
ဟောက်ရှောက်ဖုန်းက ဝမ်ကျင့်ဖျင်ကို အကြံဉာဏ်တစ်ခု ပေးခဲ့သည်၊ သူမ ယိုယွီရှစ်ထံသို့ လူနာသတင်း မေးသွားသည့်အခါ သတင်းထောက်များကိုပါ ခေါ်ဆောင် သွားခိုင်းခဲ့သည်။
ကင်မရာများစွာ ရှေ့တွင် ဝမ်ကျင့်ဖျင်က ယိုယွီရှစ်ကို နှိမ်ချစွာ တောင်းပန်စကား ဆိုခဲ့ပြီး စစ်မုန့်ယွီ အတွက်ပါ ကိုယ်စား တောင်းပန်ခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ယိုယွီရှစ်သည်လည်း ယဉ်ယဉ်ကျေးကျေး မပြုမူနိုင်တော့ပေ။
အဆုံး၌ လူတွေဟာ အားနည်းသူတွေကို သဘာဝအတိုင်း ဘက်လိုက်ကြသည်။ ယိုယွီရှစ်က သူမကို ခွင့်လွှတ်ဖို့ ငြင်းပယ်ခဲ့ပါက၊ သူမသည် သူမ၏ နစ်နာသူပုံရိပ်ကို ဆုံးရှုံး သွားလိမ့်မည်။
ပြတ်ပြတ်သားသား ပြောရရင် ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ လှောင်ပြောင်မှုပင်။
‘လူများက မင်းကို တောင်းပန်ရင် မင်းက သူတို့ကို ခွင့်လွှတ် ပေးလိုက်မယ်ဆိုရင် မင်းက ကြင်နာတတ်တဲ့ ဇာတ်ကောင်အဖြစ် သတ်မှတ်ခံရလိမ့်မယ်။ အကယ်၍ မင်းက သူတို့ကို ခွင့်မလွှတ်ပေးဘူး ဆိုရင် မင်းကို ပုံကြီးချဲ့သူလို့ သတ်မှတ် ခံရလိမ့်မယ်’
ဝမ်ကျင့်ဖျင်သည် ယိုယွီရှစ်ကို ဝန်ခံစကား ပြောဆိုပြီး သူမ၏ တောင်းပန်မှုကို လက်ခံပေးဖို့ အတင်းအကြပ် တွန်းအား ပေးခဲ့သော်လည်း သူမစိတ်ထဲတွင် သူမ၏ လုပ်ရပ်များအတွက် စက်ဆုပ် ရွံရှာခဲ့မိသည်။
***