အခန်း ၂၆၁
Vol. 18 Ch. 261
အခန်း (၂၆၁)
“မင်္ဂလာဦးည”
စုယွဲ့ထင်က ဟောက်ချန်ဟွမ်းကို ခဏလောက် စိုက်ကြည့်ရင်း နောက်ဆုံးတွင် ရိုးသားစွာ ရယ်မောလိုက်သည်။
“ငါ မင်းရဲ့ ပင်ကို အကျင့်စရိုက်ကို သဘောကျတယ်။ ယန်ယန်က မျက်စိကောင်းတယ်။ အနည်းဆုံးတော့ သူမက တာဝန်ကျေတဲ့သူမျိုးကို ရွေးထားတာပဲ။ သမီးရဲ့ အန်တီလေးအနေနဲ့ ငါ စိတ်ချနိုင်ပြီ”
ချိန်ရှုချင်နှင့် အခြားသူတွေက သူမ၏ ပြောစကားကို ကြားသောအခါ စိတ်သက်သာရာ ရပြီး အခုမှပဲ သက်ပြင်း ချနိုင်တော့သည်။
“ကလေးတွေက သူတို့ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်း ရှိကြတယ်။ လူကြီးတွေ ဝင်ရောက် စွက်ဖက်ဖို့ဆိုတာ မလွယ်ကူဘူး။ အခု ငါတို့ ပြောတာကို အသုံးမဝင်ဘူးလို့ မထင်နဲ့။ နောင်အနာဂတ်မှာ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ဘယ်လိုဦးဆောင်ရမလဲ ဆိုတာကို စဉ်းစားပါ”
“ဒါက အမှန်တရားပဲ” စုယွဲ့ထင်က စုယန်ယန်ကို တစ်ချက် ကြည့်လိုက်သည်။
“နင် ဒါကို ကြားတယ်မလား။ နင် လက်ထပ်ပြီးပြီ ဆိုတော့ နင့်ဘဝကို နင်ကိုယ်တိုင် တည်ဆောက် ရတော့မယ်။ နင့်ကြောင့် နင့်မိဘတွေကို စိတ်ပူရအောင် မလုပ်ရဘူး”
“သမီး သိပါပြီ”
အဲ့ဒီ နောက်ပိုင်းမှာတော့ ထိုအမျိုးသမီးတွေ အကြောင်း ဘယ်သူမှ ထပ်မပြောကြတော့ဘူး၊ ဒါပေမယ့် ဒါက ဒီကိစ္စ ပြီးသွားပြီလို့ မဆိုလိုပါဘူး။
ဟောက်ချန်ဟွမ်းက သူတို့ကို ဒေဝါလီ ခံရအောင် မလုပ်ရင်တောင် မစ္စတာစုနှင့် တခြားသူတွေက သူတို့ သမီလေးကို ရောင်းစားတယ်လို့ အတင်းအဖျင်း ပြောတဲ့ အမျိုးသမီးတွေကို သည်းမခံနိုင်ဘူး။ သူတို့သည် ဒီကိစ္စအတွက် အနှေးနှင့် အမြန်ဆိုသလို ပြန်ပေးဆပ်ရမည် ဖြစ်သည်။
ဟောက်ချန်ဟွမ်း၏ ခြိမ်းခြောက်မှုက အလုပ် ဖြစ်ကောင်း ဖြစ်နိုင်သည် သို့မဟုတ် ပင်လယ်ထဲသို့ ပစ်ချခံရပြီး ငါးစာကျွေးခံမှာကို စိုးရိမ်တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည် ဒီပြဿနာကို ဆက်လက် လှုံ့ဆော်ရန် ဘယ်သူမှ မစွန့်စားရဲကြတော့ပေ။
ပွဲပြီးတာနဲ့ ဧည့်သည်တွေ အကုန် လူစုခွဲကုန်ကြသဖြင့် စိတ်ပျက်စရာ ဘာကိစ္စမှ မရှိတော့ဘူး။
မစ်စတာစုနှင့် တခြားသူတွေက နောက်ဆုံးမှာမှ လင်းရှောင်ချီးနှင့် အခြားသော သတို့သမီးအရံတွေ နှင့်အတူ မကျေမနပ်ဖြစ်ပြီး ထွက်ခွာ သွားခဲ့ကြသည်။
ကြင်စဦး ဇနီးမောင်နှံဟာ နောက်ဆုံး၌ အတူသီးသန့်နေဖို့ အခွင့်အရေး ရခဲ့သည်။
စုယန်ယန်သည် ပျော့ပျောင်းသော ခုတင်ပေါ် လူးလိမ့်နေရင်း ရုတ်တရက် ဟောက်ချန်ဟွမ်းကို လှည့်ကြည့်လိုက်သည်။
သူမ အိပ်ရာပေါ်မှ လူးလဲထကာ ဟောက်ချန်ဟွမ်း အပေါ်တွင် ထိုင်လိုက်သည်။ သူမသည် သူ့လည်တိုင်ကို ရေဘဝဲတစ်ကောင်လို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး ပြောသည်။
“ဒါပေမယ့် ကြိုးစားမှုက ထိုက်တန်ပါတယ်။ ဒီနေ့ကစပြီး ကျွန်မတို့တွေ တရားဝင် ဇနီးမောင်နှံတွေ ဖြစ်လာကြပြီ”
ဟောက်ချန်ဟွမ်း တစ်ယောက် နှလုံးခုန်နှုန်း မြန်ဆန်သွားပြီး စုယန်ယန်၏ ခါးလေးကို ပွေ့ဖက်ကာ “အင်း” လို့ ပြောလိုက်သည်။
“ရှင် မပျော်ဘူးလား”
စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ ခံစားချက်ကို သတိထားမိကာ သူ့ကို မော့ကြည့် လိုက်သည်။
ဟောက်ချန်ဟွမ်းက သူမမျက်နှာလေးကို သူ့လက်ခုံဖြင့် ထိတွေ့လိုက်ပြီး ပြုံးလိုက်သည်။
“မဟုတ်ပါဘူး၊ ကိုယ် အရမ်းပျော်တယ်”
“ဒါပေမယ့် ရှင့် စိတ်အခြေအနေ သိပ်မကောင်းဘူးလို့ ကျွန်မ ဘာလို့ ထင်နေတာလဲ။ ရှင့်ခန္ဓာကိုယ် တစ်ခုခု မှားနေလို့လား”
ဟောက်ချန်ဟွမ်းက ခေါင်းခါ လိုက်ပြန်သည်။ တစ်ခဏတာမျှ တိတ်ဆိတ်ပြီးနောက် “ဒီညက ကိုယ်တို့ မင်္ဂလာဦး ညလေ၊ ဒါပေမယ့် ကိုယ် ဘာမှ မလုပ်နိုင်ဘူး”လို့ တောင်းပန်စကား ဆိုခဲ့သည်။
စုယန်ယန်သည် ပြဿနာ၏ အဓိက အကြောင်းအရင်းကို နားလည် သဘောပေါက် သွားပြီးနောက် တစ်ခဏတာမျှ ကြက်သေ သေသွားသည်။ သူမက ဟက်ဟက်ပက်ပက် ရယ်မော လိုက်မိသည်။
“ကျွန်မတို့ ဘာမှ လုပ်လို့ မရဘူးလို့ ဘယ်သူ ပြောလဲ။ ကျွန်မတို့ အများကြီး လုပ်နိုင်တယ်”
“ဟမ်...”
“ရှင့်ကို ကျွန်မ ပြင်ဆင်ခိုင်းတဲ့ စည်ပိုင်းကို ပြင်ဆင် ထားပြီးပြီလား”
“ပြင်ဆင်ထားပြီးပြီ”
“ဘယ်မှာလဲ”
“ရေချိုးခန်းထဲမှာ”
ဟောက်ချန်ဟွမ်းသည် စုယန်ယန် တစ်ယောက် ဒီစည်ပိုင်းကို ရေစိမ်ဖို့ အသုံးပြုလိုကြောင်း ပြောတာကို ကြားလိုက်ရသောအခါတွင် သူမသည် ရေချိုးကန်ကို အသုံးပြုရတာ မကြိုက်ဖူးလို့ ထင်ခဲ့သည်၊ ဒါ့ကြောင့် မူလရေချိုးခန်းထဲတွင် အခန်းငယ် တစ်ခု ခွဲထုတ်ပြီး ပုတီးစေ့ ကန့်လန့်ကာဖြင့် ကာပေးရန် ခိုင်းစေခဲ့သည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းအပေါ်မှ ခုန်ဆင်းကာ ရေချိုးခန်းထဲသို့ ပြေးသွားခဲ့သည်။
အခန်းငယ်ထဲမှ စည်ပိုင်းကို ရှာတွေ့ပြီးနောက် သူမ၏ မျက်ဝန်းများက တောက်ပလာပြီး သူမ အစောပိုင်းက ပြင်ဆင်ထားသော ဆေးရည်တွေကို လောင်းထည့်လိုက်သည်။
“မင်း ဘာလုပ်နေတာလဲ” ဟောက်ချန်ဟွမ်း တစ်ယောက် ဒီကို ရောက်လာသောအခါမှာ ဒီမြင်ကွင်းကို မြင်လိုက်ရသည်။
စုယန်ယန်က အပြုံးလေးဖြင့် သူ့ကို လက်ယပ် လှမ်းခေါ်သည်။
“ဒီကိုလာခဲ့၊ ကျွန်မ ရှင့် အဝတ်အစားတွေကို ကူချွတ်ပေးမယ်”
“ကိုယ့်အဝတ်အစားတွေကို ချွတ်ရမှာလား”
ဘီးတပ်ကုလားထိုင်ကို ဆုပ်ကိုင်ထားသော ဟောက်ချန်ဟွမ်း၏ လက်များက ရုတ်တရက် ရပ်တန့် သွားသည်။
အခြား တစ်ဖက်တွင်မူ စုယန်ယန် တစ်ယောက်ကတော့ သူ့မျက်နှာအမူအရာ ပြောင်းလဲ သွားတာကို သတိမမူမိပေ။
“ရှင့် အဝတ်တွေကို မချွတ်ပဲ ရှင် စည်ပိုင်းထဲ ဘယ်လို ဝင်ထိုင်မှာလဲ။ ရှင် အဝတ်အစားတွေနဲ့ ရေစိမ်တတ်တဲ့ အကျင့်ရှိတယ်လို့ ကျွန်မကို မပြောနဲ့နော်”
***