အခန်း ၂၆၂
Vol. 18 Ch. 262
အခန်း (၂၆၂)
ကျွန်မက ရှင့်အပိုင်လေ
ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ မမျှော်လင့်ထားသည့် မေးခွန်းကြောင့် ဆွံ့အသွားသည်။ သူ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကိုတောင် မသိတော့ပေ။
စုယန်ယန်သည် ဆေးရည်များကို အချိုးကျ ရောစပ်ပြီးပြီ ဖြစ်သည်။ သူမ လှည့်ကြည့်သည့် အချိန်တွင် ဟောက်ချန်ဟွမ်း တစ်ယောက် ထိုင်မြဲ ထိုင်ဆဲ ဖြစ်နေတာကို မြင်လိုက်ရသည့်အတွက် တခစ်ခစ် ရယ်မောလိုက်သည်။
“ရှင် ကိုယ့်ဖာသာကိုယ် လုပ်လို့ အဆင်မပြေဘူးလား။ ကျွန်မ ရှင့်ကို ကူညီပေးပါရစေ”
ဟောက်ချန်ဟွမ်း တစ်ယောက် အိပ်မက်မှ နိုးထလာပုံ ရသည်။ သူက ရှက်ရွံ့စွာ ပြောသည်၊ “မလိုဘူး၊ ကိုယ် ကိုယ်တိုင်ပဲ လုပ်လိုက်မယ်”
“ရှင်က အရမ်း နှေးလွန်းတယ်။ ကျွန်မ ရှင့်ကို ကူညီလုပ်ကိုင် ပေးပါရစေ”
ဟောက်ချန်ဟွမ်း, “…”
စုယန်ယန်သည် သူ၏ ခုခံလိုမှုကို သတိပြုမိပြီး သူ့ကို နောက်ပြောင်ခဲ့သည်။
“ဒါမှမဟုတ် ရှင် ရှက်နေလို့လား”
ဟောက်ချန်ဟွမ်းတစ်ယောက် ဘာမှ ပြန်မပြောပေမယ့် သူ့နားရွက်လေးတွေက အနီရောင် ပြောင်းသွားသည်။
စုယန်ယန် တစ်ယောက်ကတော့ အပြုံးရိပ်ဟာ မျက်ဝန်းသို့ ရောက်သည်အထိ ပျော်ရွှင်ကြည်နူးနေပြီး တခစ်ခစ် ရယ်လိုက်သည်။
“ကျွန်မတို့က ဇနီးမောင်နှံတွေပဲလေ။ ရှင့်ရဲ့ ဘယ်အပိုင်းကိုများ ကျွန်မ မကြည့်နိုင်မှာလဲဟင်”
ဟောက်ချန်ဟွမ်း “...” သူမ ပြောသည့် စကားက မမှားသော်ငြား သူတို့၏ နေရာတွေများ လွဲသွားတာလား။
အဆုံး၌ ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ စနောက်ကျီစယ်မှု မခုခံနိုင်တော့ပဲ သူမ၏ တောင်းဆိုမှုကို တုံ့ဆိုင်းစွာ သဘောတူ ပေးလိုက်သည်။
ဟောက်ချန်ဟွမ်းသည် ဒီနေ့မင်္ဂလာပွဲတွင် အနောက်တိုင်း ဝတ်စုံ အဖြူရောင်ကို ဝတ်ဆင်ထားပြီး အောက်ခံ အင်္ကျီအရောင်ကလည်း အဖြူရောင် ရှပ်အင်္ကျီပင် ဖြစ်သည်။
စုယန်ယန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ရှပ်အင်္ကျီမှ ကြယ်သီးတွေကို တစ်လုံးချင်း တစ်လုံးချင်း ဖြုတ်နေသည်မှာ ကလေးတစ်ယောက် သူ့ မွေးနေ့လက်ဆောင်ကို စိတ်လှုပ်ရှားစွာ ဖွင့်နေသည့် အတိုင်းပါပင်။ သူမ၏ မျက်ဝန်းတွေက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။
တကယ်တမ်းတွင်လည်း အင်္ကျီအောက်က မြင်ကွင်းက သူမကို စိတ်မပျက်စေခဲ့ပါဘူး။
ဟောက်ချန်ဟွမ်းသည် ပိန်သယောင် ထင်ရသော်လည်း အဆီပို မရှိပဲ ကြွက်သားများသာ ကျစ်ကျစ်လျစ်လျစ် ရှိသော ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတာ ဖြစ်သည်။
အထူးသဖြင့် သူ့လက်မောင်းများတွင် သန်မာသော ကြွက်သားမြောင်းများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်သည်၊ ခန္ဓာကိုယ်အောက်ပိုင်း လှုပ်မရသော်လည်း ဟောက်ချန်ဟွမ်းသည် ခန္ဓာကိုယ် အပေါ်ပိုင်း လေ့ကျင့်ခန်းကို ဘယ်သောအခါမှ စွန့်လွှတ်ခဲ့ခြင်း မရှိပေ။
စုယန်ယန်သည် ဤမြင်ကွင်းကို မြင်သောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ ရှက်ရွံ့သွားတာ ဖြစ်သည်။ သို့ရာတွင် ဟောက်ချန်ဟွမ်း၏ ခြေထောက်များမှာ နှစ်ပေါင်းများစွာ မလှုပ်ရှားသောကြောင့် အနည်းငယ် ကျုံ့သွားသည်ကို တွေ့လိုက် ရသောအခါတွင် သူမ၏ ရှက်သည့် စိတ်နေရာမှာ ချက်ချင်းပင် စိတ်နှလုံးနာကျင်မှု အစားထိုး သွားခဲ့သည်။
ဟောက်ချန်ဟွမ်း၏ ခြေထောက်များကို ပွတ်သပ်နေရင်း သူမ၏ မျက်ဝန်းတွေ နီရဲလာခဲ့သည်။ သူမ၏ လှုပ်ရှားမှုများသည် နုနယ်သော တစ်စုံတစ်ခုကို ထိတွေ့ကိုင်တွယ် နေသလိုမျိုး သတိထား ကိုင်တွယ်နေတာ ဖြစ်သည်။
ဟောက်ချန်ဟွမ်းသည် သူ့ခြေထောက်တွေကို လူတွေ သနားသလို ကြည့်တာကို သဘောမကျပေမယ့် စုယန်ယန်၏ ဝမ်းနည်းနာကျင်နေတဲ့ အကြည့်တွေကို မြင်လိုက်ရသည့် အခါမှာတော့ သူသည်လည်း ဝမ်းနည်းသွားခဲ့မိသည်။
သူက စုယန်ယန်၏ လက်ကို ဆွဲယူပြီး အက်ရှရှအသံဖြင့် ပြောသည်၊ “မင်း ကိုယ့်ကို ဆက်ထိ နေဦးမယ်ဆိုရင် ကိုယ် မင်းကို အခကြေးငွေ ကောက်ခံရတော့မယ်”
စုယန်ယန် တစ်ယောက် ကြက်သေ သေသွားကာ မျက်ခုံးပင့်လိုက်သည်။
“ဘာ အခကြေးငွေလဲ”
“ကိုယ့်မျက်နှာကို ထိရင်၊ ကိုယ့်နဖူးကို ထိရင်၊ ကိုယ့်နှုတ်ခမ်းကို ထိရင် အဲ့လိုမျိုးတွေကိုပေါ့။ တကယ်လို့ မင်း ကိုယ့်ကို အခကြေးငွေ မပေးနိုင်ဘူးဆိုရင်၊ ကိုယ့်ကို မင်းကိုယ်တိုင်နဲ့ ပြန်ပေးဆပ် နိုင်ပါတယ်”
စုယန်ယန်သည် ပထမ စကား အနည်းငယ်ကို ကြားသောအခါတွင် ဒီပေးချေမှု နည်းလမ်းကို ကြားရတာ နည်းနည်းလောက် ရင်းနှီးနေသလို ခံစားရသည်။ သူမ ဟက်ဟက်ပက်ပက် ရယ်မောလုနီးပါး ဖြစ်သွားရသည်။
သူမ အရင်က ပြောခဲ့ဖူးသည့် ဗွီဗွီအိုင်ပီ... အိုင်ပီ ဖောက်သည်အတွက် ပေးအပ်သည့် အထူးဝန်ဆောင်မှုနဲ့ မတူနေဘူးလား။
“အခကြေးငွေ အများကြီး သွင်းထားပြီး ဆုံးရှုံးသွားမှာကို ရှင် မကြောက်ဘူးလား”
“ဆုံးရှုံးတာလား”
“ဒါပေါ့” စုယန်ယန်က ဟောက်ချန်ဟွမ်းကို နမ်းရန် အစပြုခဲ့သည်။
“ကျွန်မက ရှင့်အပိုင်လေ။ ရှင်က အဲ့တာကို လဲလှယ်ဖို့ ရှင့် ကိုယ်ပိုင်ပစ္စည်းတွေကို ပြန်အသုံးပြုနေတယ်။ အဲ့တာ ဆုံးရှုံးသွားတယ်လို့ ရှင် မထင်ဘူးလား”
ဟောက်ချန်ဟွမ်း၏ အမူအရာမှာ ပျော့ပျောင်းသွားသည်။
အခန်းတွင်းက နွေးနေသော်လည်း အချိန်အတော်ကြာ ထိုင်နေရသည့်အတွက် အနည်းငယ် အေးနေသလို ခံစားရသည်။ စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ ခြေထောက်တို့ကို ထိတွေ့ကိုင်တွယ်နေခြင်းအား ရပ်တန့်လိုက်ပြီး “ကျွန်မ ရှင့်ကို ကူညီပေးပါရစေ” လို့ တီးတိုးပြောလိုက်သည်။
“မလိုဘူး” စုယန်ယန်၏ သေးသွယ်သော လက်မောင်းလေးများ၊ ခြေထောက်များနှင့် နှိုင်းယှဉ်လျှင် ရေစည်က အတော်လေး မြင့်နေသေးသည်။ ဟောက်ချန်ဟွမ်းသည် သူ့ကိုယ်အလေးချိန်ကို သူသာ သိသဖြင့် ဘီးတပ် ကုလားထိုင်ကို ဖိလိုက်သည်။
သူ၏ ဘီးတပ်ကုလားတိုင်သည် ဝယ်သူ စိတ်တိုင်းကျ ပြုလုပ်ထားသည့် ထုတ်ကုန် ဖြစ်သည်။ ဟောက်ချန်ဟွမ်းသည် သူ့ပတ်ဝန်းကျင်တွင် လူများစွာ ရှိနေခြင်းကို မနှစ်သက်သည့်အပြင် ကိစ္စအားလုံးကို ပြီးမြောက်စေရန် တခြားသူတွေကို အားကိုးဖို့ရန် မကြိုက်နှစ်သက်ပေ။ ဒါက သူ့ကို သာမန် လူတစ်ယောက် မဟုတ်ဘူးလို့ သူ့ကို အမှတ်ရစေလိမ့်မည်။
***