အခန်း ၂၆၄
Vol. 18 Ch. 264
အခန်း (၂၆၄)
ပြဿနာက တံခါးလာခေါက်တယ်
စုယန်ယန်သည် ယခင်နေ့တုန်းက မောပန်းနွမ်းနယ် နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူမသည် နောက်တစ်နေ့ ကိုးနာရီ ထိုးခါနီး အချိန်အထိ အိပ်စက် အနားယူခဲ့သည်။
သူမ အိပ်ချင်မူးတူးဖြင့် အိပ်ရာထသည့် အခါတွင် ရင်းနှီးကျွမ်းဝင်နေသော တိုးဖွဖွ ရယ်သံလေးကို ကြားလိုက်ရသည်။ စုယန်ယန်သည် သူမဘေးတွင် တစ်ယောက်ယောက် ရှိနေကြောင်း သိလိုက်ရမှ ခဏတာ အံ့အားသင့်သွားသည်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ နိုးလာသော ဦးခေါင်းသည် အနည်းငယ် လှည့်၍ မရတော့ မသိစိတ်မှ နောက်သို့ ဆုတ်သွားခဲ့သည်။
နားထဲတွင် ကြားနေရသည့် ရယ်သံတွေက ရပ်တန့်သွားပြီးနောက် ရင်းနှီးကျွမ်းဝမ်းသော အသံတစ်ခုက “မင်း နိုးလာပြီလား” လို့ မေးသံကို ကြားလိုက်ရသည်။
ထိုမှသာလျှင် စုယန်ယန် တစ်ယောက် မနေ့တုန်းက ဟောက်ချန်ဟွမ်းနှင့် သူမတို့၏ မင်္ဂလာဆောင်ခဲ့ကြပြီးမှန်း အမှတ်ရမိသွားသည်။ သူမဘေးတွင် လဲလျောင်းနေသော ပုဂ္ဂိုလ်သည် သူမ၏ ခင်ပွန်းသည် ဖြစ်သည်။
စုယန်ယန်သည် ရှက်သွေးဖြာသွားကာ သူမခေါင်းလေးက အသာငုံ့သွားပြီး “မင်္ဂလာနံနက်ခင်းပါ”
“မင်္ဂလာနံနက်ခင်းပါ” ဟောက်ချန်ဟွမ်းက အပြုံးလေးဖြင့် စုယန်ယန်ကို အနမ်းပေးလိုက်သည်။
သူ့ရှေ့က မြင်ကွင်းဟာ အကြိမ်ပေါင်း မရေတွက် နိုင်လောက်အောင် စိတ်ကူးယဉ်ခဲ့ရတဲ့ အရာတစ်ခု ဖြစ်ပေမယ့် သူ လုံးဝ မမျှော်လင့်ရဲခဲ့တဲ့ အရာတစ်ခု ဖြစ်ပေမယ့် အခုတော့ သူ့အိပ်မက်တွေက လက်တွေ့ဖြစ်လာခဲ့ပါပြီ။
စုယန်ယန် တစ်ယောက် အနမ်းခံရပြီးနောက် အနည်းငယ် ငိုက်မျဉ်းနေဆဲ ဖြစ်သည်။ သူမ ရှက်ရှက်နှင့် မနေ့ညက အကြောင်းကို ပြန်မှတ်မိဖို့ အချိန်အတော် ကြာသွားသည်။
“ဘာဖြစ်လို့... ကျွန်မ မနေ့ညက ဘယ်လို အိပ်ပျော်သွားတာလဲ”
“မင်းလည်း အရမ်း ပင်ပန်းထားတာလေ။ မနေ့ညက အလုပ် အရမ်းများတော့ မင်း ရေစည် ဘေးနားမှာ စောင့်ရင်း အိပ်ပျော်သွားတာပဲ”
စုယန်ယန်သည် ထိုစကားကို ကြားလိုက်ရသောအခါ ပို၍ပင် ရှက်ရွံ့သွားခဲ့ရသည်။ သူမသည် သူ့ကို အဖော်ပြုပေးမယ်လို့ ကတိပေးထားခဲ့ပေမယ့် သူမက အရင်ဆုံး အိပ်ပျော်သွားခဲ့သည်။
“ရှင် ကျွန်မကို အိပ်ရာထဲ သယ်လာပေးတာလား”
“အင်း”
စုယန်ယန် တစ်ယောက် ဟောက်ချန်ဟွမ်း၏ မျက်ဝန်းများနှင့် အကြည့်ချင်း မဆုံရဲတော့ပေ။ တကယ်လို့ ဟောက်ချန်ဟွမ်း၏ ခန္ဓာကိုယ်သာ ကောင်းမွန်နေပါက သူမသည် မနေ့ညကနှင့် လုံးဝ ကွဲပြား ခြားနားသော အခြေအနေတစ်ခုဖြင့် နိုးထလာပေလိမ့်မည်။
စုယန်ယန် တစ်ယောက် ပို၍ ပို၍ပင် ရှက်သွေးဖြာ သွားသည်။ “အဟမ်း... မနေ့က ရှင် အချိန်ပြည့်အောင် ဆေးရည်စိမ်ခဲ့ရဲ့လား”
“အင်း” ဟောက်ချန်ဟွမ်းသည် စုယန်ယန် ရှက်နေတာကို သတိပြုမိပြီး သူမအား တမင်တကာ စနောက်ကျီစယ်ခဲ့သည်။ “မင်း မနေ့ညက အိပ်ပျော်နေရင်း စကားတွေ ပြောနေခဲ့သေးတယ်”
စုယန်ယန်တစ်ယောက် အံ့အားသင့်သွားပြီး “ကျွန်မ ဘာတွေ ပြောတာလဲ”
“မင်း ပြောတာက...” ဟောက်ချန်ဟွမ်းက သူ့အသံကို ဆွဲပြောရင်း စုယန်ယန်ရဲ့ သိချင်စိတ် ပြင်းပြလာတာကို စောင့်ဆိုင်းပြီးမှ ဆက်ပြောသည်မှာ “မင်း ကိုယ့်ကို ကြိုက်တယ်။ မင်း ကိုယ့်ကို အရမ်းကြိုက်တယ်။ ဒီကမ္ဘာပေါ်မှာ မင်း အကြိုက်ဆုံးက ကိုယ်ပဲ လို့ မင်း ပြောခဲ့တယ်”
စုယန်ယန် တစ်ယောက် အေးခဲသွားပြီး သူမ အသိပြန်ဝင် လာချိန်တွင် သူမ၏ မျက်နှာမှာ နီမြန်းလာပြန်သည်။
ဟောက်ချန်ဟွမ်းက သူမကို အလွယ်တကူ လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိပဲ အနည်းငယ် ပြုံးကာ “ဒါဆို... မင်းက ကိုယ့်ကို အရမ်းကြိုက်တာပေါ့”
စုယန်ယန်၏ မျက်နှာပေါ်ရှိ အပူချိန်သည် ကြက်ဥတစ်လုံးကို အကျက်ကြော်ရန် လုံလောက်နေပြီ ဖြစ်သော်လည်း သူ့ပြောစကားကို ကြားသောအခါတွင် သူမခေါင်းလေးကို မော့ပြီး သူ့ကိုကြည့်လိုက်သည်။ သူမ ထခုန်ပြီး ဟောက်ချန်ဟွမ်းအပေါ် မှီတွယ်လိုက်သည်။
“ဒါဆို ကျွန်မ ဘာလုပ်ရင် ကောင်းမလဲ။ ကျွန်မရဲ့ ခင်ပွန်းကို ကျွန်မ သဘောကျတာ မှားလို့လား”
ဟောက်ချန်ဟွမ်းသည် သူ့အပေါ်ရှိ ပုဂ္ဂိုလ်လေးကို ကြည့်ရင်း သူ့မျက်နှာပေါ်က စနောက် ကျီစယ်နေတဲ့ အပြုံးက တဖြည်းဖြည်း လျော့ပါးလာသည်။
သူမသည် သူ့ကို ကြိုက်နှစ်သက်ကြောင်း ရဲရဲဝင့်ဝင့် ပြောလိုက်သော်လည်း သူမရဲ့ နီရဲနေသော မျက်နှာလေးက သူမကို သစ္စာဖောက် နေခဲ့သည်။ သူမလေးသည် သူမ၏ ပိုင်နက်နယ်မြေကို စောင့်ကြပ်နေသော ကြောင်လေးကဲ့သို့ ကြောက်ရွံ့မှုကို မပြသပဲ အမွှေးတွေ ထောင်ကာ မာန်မီနေတဲ့အတိုင်းပါပင်။
ဟောက်ချန်ဟွမ်း၏ နှုတ်ခမ်းထောင့်စွန်းလေးတွေက ကွေးညွှတ်သွားကာ “အင်း၊ မင်း ပြောတာ မှန်တယ်။ ကိုယ် မင်းကို ကြိုက်တယ်”
စုယန်ယန် တစ်ယောက် ဟောက်ချန်ဟွမ်း၏ စနောက်ကျီစယ်ခြင်း ခံလိုက်ရတာကို သဘောမပေါက်မီ တစ်ခဏတာမျှ ကြက်သေ သေနေခဲ့သည်။ သူမသည် ရှက်ရွံ့ပြီး ဒေါသပါ ထွက်သွားခဲ့သည်။ “ရှင်...”
သူမ၏ ပြောစကား မဆုံးခင်မှာပင် အပြင်ဖက်ကနေ အခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်တာကို မြင်လိုက်ရသည်။
“သခင်လေး၊ သခင်မလေး၊ အိပ်ရာ နိုးကြပြီလား။ ဦးလေးကျန်းက ကျွန်တော့်ကို မေးနေတယ်...”
ယုကျစ်ယန်၏ ရွှင်မြူးနေသော အသံက တရစပ် ထွက်ပေါ်လာပြီး အခန်းတွင်းရှိ မြင်ကွင်းကို ဗလာအကြည့်ဖြင့် စိုက်ကြည့်ရင်း သူ့စကားသံတွေ ပြတ်တောက်သွားသည်။
စုယန်ယန်၏ မျက်လုံးတွေက ပြူးကျယ်သွားကာ မဖိတ်ခေါ်ပဲ ရောက်လာသည့် ဧည့်သည်ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ သူမ ဘာမှ ပြန်မပြောမီမှာပင် ယုကျစ်ယန်သည် ရေနွေးပူဖြင့် အပက်ခံလိုက်ရသလို တံခါးကို ဘန်းခနဲ ပိတ်ချလိုက်သည်။
“ကျွန်တော် ဘာမှ မမြင်ပါဘူး။ ဆက်လုပ်ကြပါ၊ ဆက်လုပ်ကြပါ...”
ထိုသို့ အော်သံကို ကြားလိုက်ရပြီးနောက် တံခါးအပြင်ဖက်ကနေ ယုကျစ်ယန်တစ်ယောက် ပြေးထွက်သွားသော အသံကိုပါ ကြားလိုက်ရသည်။ ဒီလူက ကြီးမားသော အမှားတစ်ခုကို ကျုးလွန်မိကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်မိပြီး အခင်းဖြစ်ပွားရာ နေရာမှ ချက်ချင်းဆိုသလို ထွက်ပြေးသွားခဲ့သည်။
စုယန်ယန် တစ်ယောက် ပြောစရာ စကား ပျောက်ရှသွားသည်။
ဟောက်ချန်ဟွမ်း, “…”
***