← Chapters

အခန်း ၈၃၆

Vol. 56 Ch. 836

အခန်း ၈၃၆

Vol. 56 Ch. 836

အခန်း (၈၃၆) မဟာနတ်ဘုရားစွမ်းရည်၏ ဖန်တီးနိုင်စွမ်းနှင့် မှန်ကောင်းကင်ဘုံကမ္ဘာ အတွင်းဘက်။ (၁)

အထက်အဆင့် နိုင်ငံကြီး သုံးခုအနက် တစ်ခုဖြစ်သော ကောင်းကင် နတ်ဘုရား အင်ပါယာ၏ အုပ်ချုပ်သူ ဖြစ်သည့်အားလျော်စွာ ကောင်းကင် နတ်ဘုရားသည် တိုင်းတာ၍မရနိုင်သော အစွမ်းကို ပိုင်ဆိုင်ထားပြီး လူသား ကိုးနိုင်ငံရှိ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်အတန်းများထဲတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။ ကုလေ့ဆိုသည်မှာ သူကိုယ်တိုင် ဘွဲ့ထူး အပ်နှင်းထားသော နတ်ဘုရား စစ်သူကြီး တစ်ဦး ဖြစ်သည်။

ရွှေရောင် ဝတ်စုံနှင့် လူက စိတ်ဝင်တစားဖြင့် “တာ့ဝူဖုန်းက ဘယ်လောက်အထိ ခရီးပေါက်မလဲဆိုတာ ငါ သိချင်မိတယ်။ ဟန်ယွမ်တို့လည်း မှန်ကောင်းကင်ဘုံကမ္ဘာထဲကို ဝင်သွားကြပြီ။ သူတို့တွေ တစ်ခုခု ရလာကြလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်” ဟု ပြောဆိုသည်။

စူးချန်ခုန်းက ကုလေ့ကို သတ်ခဲ့သော်လည်း ကောင်းကင် နတ်ဘုရားသည် စူးချန်ခုန်း အပေါ် လက်စားချေရန် အစီအစဉ် မရှိပေ။ သူ၏ အဆင့်အတန်းနှင့်ဆိုလျှင် မျိုးဆက်သစ် လူငယ်တစ်ဦးကို ရန်ရှာခြင်းမှာ သိက္ခာကျစရာ ဖြစ်လိမ့်မည်။ ကုလေ့တိုက်ပွဲတွင် သေဆုံးရခြင်းမှာ သူ၏ ခွန်အားနည်းသောကြောင့်သာ ဖြစ်ပြီး ရတနာ လုပွဲတွင် စူးချန်ခုန်းက သတ်ခဲ့ခြင်း ဖြစ်သဖြင့် အပြစ်တင်စရာ မရှိပေ။ အဓိက အကြောင်းရင်းမှာ ဤနေရာသည် မဟာမီးလျှံအင်ပါယာ၏ နယ်မြေ ဖြစ်နေသောကြောင့် ဖြစ်သည်။ မီးလျှံဧကရာဇ် ကိုယ်တိုင် ရောက်ရှိနေချိန်တွင် ပဋိပက္ခကို မလိုအပ်ဘဲ မဖန်တီးလိုပေ။

ကောင်းကင် နတ်ဘုရား အင်ပါယာသည်လည်း ၄င်းတို့၏ ထိပ်တန်း မူလနယ်ပယ် သိုင်းပညာရှင် များကို မှန်ကောင်းကင်ဘုံကမ္ဘာသို့ စေလွှတ်ထားပြီး ဖြစ်ရာ ၄င်းတို့ထဲတွင် သူ၏ ထူးချွန်သော သားမြေးများလည်း ပါဝင်သည်။ ယခု သူတို့ လုပ်ရန်မှာ ငြိမ်သက်စွာ စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။

“ဒီကောင်လေးရဲ့ အပေါ်မှာ သွေးနတ်ဘုရား မျိုးစေ့ရဲ့ အရှိန်အဝါ ရှိနေတာလား။ သူက ငါတို့ဂိုဏ်းသားတွေကို သတ်ခဲ့တာပဲ။”

ထိုအချိန်တွင် တိမ်တိုက်များ၏ အခြားတစ်ဖက်၌ ဆံပင်နီနှင့် အမျိုးသမီး တစ်ဦးသည် ဖြူဆွတ်ဆွတ် တိမ်တိုက်တစ်ခုပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်။ ဆံပင်နီ အမျိုးသမီးသည်လည်း မှန်ကောင်းကင်ဘုံကမ္ဘာ၏ အဝင်ဝသို့ ချဉ်းကပ်လာသူများကို သတိပြုမိလိုက်သည်။ သူ၏ မျက်လုံးများသည် စူးချန်ခုန်းထံသို့ ကျရောက်သွားပြီး သူ၏ ဆံပင်နီများမှာ အနည်းငယ် လှုပ်ရှားသွားကာ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။

ဆံပင်နီ အမျိုးသမီး၏ အာရုံခံနိုင်စွမ်းနှင့်ဆိုလျှင် စူးချန်ခုန်း၏ အပေါ်တွင် ရှိနေသော သွေးနတ်ဘုရား မျိုးစေ့ အရှိန်အဝါကို သိရှိနိုင်သည်။ သူ၏ တပည့်အချို့မှာ အဆက်အသွယ် ပြတ်တောက်သွားပြီး အသတ်ခံခဲ့ရရာ ထိုဝတ်စုံနက်နှင့် လူ၏ လက်ချက်ဖြစ်ကြောင်း အမျိုးသမီးက နားလည်လိုက်သည်။ သို့သော် ထိုအမျိုးသမီးမှာ အခြား မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ပေ။ သူ့အတွက်မူ တပည့်အချို့ သေဆုံးသွားခြင်းမှာ အရေးမကြီးပေ။ သူ အလိုချင်ဆုံး အရာမှာ မဟာနတ်ဘုရား မျိုးစေ့သာ ဖြစ်သည်။ ထိုအရာကို မရရှိမီ မလိုအပ်ဘဲ ရှုပ်ထွေးမှုများကို မဖန်တီးလိုပေ။

‘ပြီးခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်လုံးလုံး ငါက သွေးနတ်ဘုရား သူငယ်ကို ပျိုးထောင်ဖို့ အားထုတ်ခဲ့တာ ဒီအချိန်အတွက်ပဲ။ သူ ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်တယ်’ သူမက စိတ်ထဲတွင် ရေရွတ်လိုက်သည်။

မဟာနတ်ဘုရားမျိုးစေ့ကို ရယူရန်အတွက် သူမသည် ကြီးမားသော တန်ဖိုးကို ပေးဆပ်ကာ မှန်ကောင်းကင်ဘုံကမ္ဘာသို့ ဝင်ရောက်ရန် ထိပ်တန်း မူလနယ်ပယ် သိုင်းပညာရှင် တစ်ဦးကို အထူး ပျိုးထောင်ခဲ့သည်။ ထိုသူမှာ အခြားသော ဒေသခံများထက် အဆပေါင်းများစွာ သာလွန်သော အခွင့်အလမ်းများ ရှိနေမည်မှာ သေချာသည်။

‘ငါသာ မဟာနတ်ဘုရား မျိုးစေ့ကို ရပြီး ဂိုဏ်းချုပ်ကို ဆက်သနိုင်မယ်ဆိုရင် သူက ငါ့ကို အလွန်ထူးကဲတဲ့ ခန္ဓာကိုယ်သစ် တစ်ခု ဖန်တီးပေးဖို့ သေချာပေါက် ကူညီလိမ့်မယ်။ နတ်ဘုရား ပုံစံများကို ရေးထွင်းနိုင်ပြီး နတ်ဘုရား ခန္ဓာကိုယ်ကို တည်ဆောက်နိုင်တဲ့ အဆင့်ကို ရောက်ဖို့က မခက်ခဲတော့ဘူး။’

ဆံနီ အမျိုးသမီး၏ မျက်လုံးထဲတွင် ပြင်းပြသော အလိုဆန္ဒများ ရှိနေသည်။

“မင်းတို့အားလုံး သတိထားကြ... မှန်ကောင်းကင်ဘုံကမ္ဘာက အရမ်း အန္တရာယ်များတယ်။ ငါကိုယ်တော် အရင်က ဝင်တုန်းကတောင် နောက်ဆုတ်ခဲ့ရတယ်။ အတွင်းက အန္တရာယ်က ကိုယ့်ရဲ့ ကျင့်ကြံမှု အဆင့်နဲ့ တိုက်ရိုက် အချိုးကျတယ်။ အဆင့်မြင့်လေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုက ခက်ခဲလေပဲ။ မင်းတို့ တစ်ယောက်ချင်းစီက မူလနယ်ပယ်ထဲမှာ အထူးချွန်ဆုံးတွေ ဖြစ်ကြလို့ အဝေးကြီးအထိ သွားနိုင်မယ့် အခွင့်အရေး ရှိနိုင်တယ်” ဟု ရှယန်လုံက စူးချန်ခုန်းနှင့် အခြားသူများကို အသံပို့ဆက်သွယ်၍ အကြံပေးလိုက်သည်။

“နားလည်ပါပြီ” စူးချန်ခုန်း၊ ဟုန်ကျန်းရှန့်နှင့် ရှယန်ယီတို့သည် လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။ သိုင်းဝိဇ္ဇာသူတော်စင်များပင် သေဆုံးခဲ့ဖူးသော မှန်ကမ္ဘာ ဟင်းလင်းပြင် သည် ပေါ့ပေါ့တန်တန် သဘောထားရမည့် နေရာမဟုတ်ပေ။

“နောက်တစ်ခုက မင်းရဲ့ ဝမ်းကွဲအစ်ကို ရှယန်ရှိုးတို့အဖွဲ့က လဝက်ကတည်းက မှန်ကောင်းကင်ဘုံကမ္ဘာထဲကို ဝင်သွားကြပြီ။ မင်းတို့ အထဲရောက်ရင် သတင်းအချက်အလက်တွေ ရဖို့ သူ့ကို ဆက်သွယ်ကြည့်နိုင်တယ်” ဟု ရှယန်လုံက ရှယန်ယီကို မှာကြားလိုက်သည်။ ရှယန်ယီကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြသည်။

“သွားကြစို့”

နောက်ဆုံးတွင် စူးချန်ခုန်း၊ ဟုန်ကျန်းရှန့်နှင့် ရှယန်ယီတို့သည် အသက်ကို ပြင်းပြင်းရှူကာ လိမ်ဖည်နေသော ဝင်ပေါက်ကြီးဆီသို့ လှမ်းတက်လိုက်ကြသည်။ စူးချန်ခုန်း ဝင်ပေါက်ကို ဖြတ်ကျော်လိုက်သည့် ခဏမှာပင် အချိန်ကာလများ လျင်မြန်စွာ ကုန်ဆုံးသွားသည့် ဝဲဂယက် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ နှစ်ပေါင်း ထောင်သောင်းချီ ကုန်ဆုံးသွားသလို ခံစားရသော်လည်း ခဏချင်းသာ ဖြစ်သည်။

ပတ်ဝန်းကျင် ကြည်လင်သွားသောအခါ စူးချန်ခုန်းသည် ရှုခင်းများ လုံးဝ ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ ကောင်းကင်ယံတွင် ကြယ်တာရာများ လင်းလက်နေပြီး ကြီးမားလှသော ကြယ်ကြီးများသည် လက်တစ်ကမ်းတွင် ရှိနေသယောင် ထင်ရသော်လည်း ကောင်းကင်အထက် အဝေးကြီးမှာ ရှိနေကြသည်။ ကျယ်ပြန့်ပြီး ကြီးမားလှသော ကျောက်သား တံတားကြီးတစ်ခုသည် နဂါးတစ်ကောင်ကဲ့သို့ ကွေ့ကောက်နေပြီး အဆုံးကို မမြင်ရပေ။

‘ဒါက မှန်ကောင်းကင်ဘုံကမ္ဘာလား။ သိုင်းဝိဇ္ဇာသူတော်စင်ရဲ့ မဟာနတ်ဘုရား အစွမ်းနဲ့ ဖန်တီးထားတဲ့ လျှို့ဝှက်နယ်မြေပေါ့...’ စူးချန်ခုန်း သည် ရှေ့ရှိ အံ့ဖွယ် မြင်ကွင်းကို ကြည့်ကာ အံ့ဩမိသွားသည်။

ထိုကျောက်တံတား၏ အောက်တွင် လူအများအပြား စုဝေးနေကြသည်ကို စူးချန်ခုန်း မြင်လိုက်ရသည်။ တစ်ဦးချင်းစီတွင် အစွမ်းထက်သော အရှိန်အဝါများ ရှိကြပြီး အားလုံးနီးပါးမှာ မူလနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြကာ ရာနှင့်ချီ၍ ရှိနေသည်။

‘ဒါတွေက မှန်ကောင်းကင်ဘုံကမ္ဘာထဲကို ရောက်နေကြတဲ့ တခြား သိုင်းပညာရှင်တွေလား။’ ဟု စူးချန်ခုန်း က စိတ်ထဲတွင် တွေးလိုက်သည်။

“ဒီမှန်ကောင်းကင်ဘုံကမ္ဘာက တကယ်ပဲ လူအများကြီးကို ဆွဲဆောင်နိုင်တာပဲ။ သူတို့ထဲမှာ အတော်များများက မူလနယ်ပယ် အထွတ်အထိပ် အဆင့်ကိုတောင် မရောက်ကြသေးဘူး” ဟု ဟုန်ကျန်းရှန့်က ဆိုသည်။

“သာမန် သိုင်းပညာရှင်တွေ အတွက်တော့ ဒါက တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးလေ” ရှယန်ယီ သက်ပြင်းချရင်း ပြောလိုက်သည်။

အမှန်တော့ မူလနယ်ပယ် သိုင်းပညာရှင် အများအပြားအတွက် ထိပ်သီး ပန်းသုံးပွင့်အဆင့်သို့ ရောက်ရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်သည်။ ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာပြီး လုံလောက်သော အရင်းအမြစ်များဖြင့် ကောင်းကင်သွေးကြော ဆယ့်နှစ်ခုလုံးကို ဖွင့်နိုင်ခဲ့လျှင်ပင် စိတ်ဝိညာဉ်သိုင်းပညာနယ်ပယ်ကို မသိနိုင်ဘဲ ဓာတ်ငါးပါး စိတ်အာရုံ ပင်လယ်တွင် ဆုံစည်းခြင်း ကို မပြုလုပ်နိုင်ပါက အောင်မြင်မှု ရလိမ့်မည် မဟုတ်ပေ။ မူလဓာတ်ငါးပါး သိုင်းပညာရှင် အဆင့်သို့ရောက်ရှိသူများ အတွက်ပင် ထိုအဆင့်မှာ ၄င်းတို့၏ စွမ်းဆောင်ရည် အကန့်အသတ် ဖြစ်နေတတ်သည်။

သိုင်းဝိဇ္ဇာသူတော်စင် အဆင့်အတန်းကို ရရှိရန် ဆိုသည်မှာ ယောင်လို့ပင် မတွေးဝံ့စရာ ဖြစ်သည်။ ထို့ကြောင့် မဟာ နတ်ဘုရား အစွမ်း သိုင်းဝိဇ္ဇာသူတော်စင် ချန်ရစ်ခဲ့သည့် မှန်ကောင်းကင်ဘုံကမ္ဘာတွင် လူအများစုမှာ မဟာ နတ်ဘုရား မျိုးစေ့ကို ရရန်ပင် မရည်မှန်းဝံ့ကြပေ။ အကယ်၍ အနည်းငယ်မျှသော အကျိုးကျေးဇူးကို ရရှိပြီး အဆင့်အနည်းငယ် တက်လှမ်းနိုင်ပါက သူတို့အတွက် ကျေနပ်စရာ ဖြစ်နေလေပြီ။

သို့သော် သူတို့မှာ မိမိတို့၏ အသက်ကို လောင်းကြေးထပ်ထားကြရခြင်း ဖြစ်ပြီး ခြေလှမ်းတစ်လှမ်း မှားသည်နှင့် သင်္ဂြိုဟ်မည့် နေရာပင် မရှိဘဲ သေဆုံးသွားနိုင်ပေသည်။

“ညီလေးတာ့”

ထိုအချိန်တွင် အသံတစ်ခုက စူးချန်ခုန်း၏ နားထဲသို့ ရောက်ရှိလာသည်။ မော့ကြည့်လိုက်သောအခါ ကျောက်တံတား အဝင်ဝတွင် လူတစ်ယောက်က သူ့ကို အံ့အားသင့်စွာ လှမ်း၍ လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။

“ချင်းဝမ်ယွီ”

ထိုလူကို မှတ်မိသွားသောအခါ စူးချန်ခုန်း လည်း အံ့အားသင့်သွားသည်။ ထိုသူမှာ ပထမတန်းစားဂိုဏ်းတစ်ခုဖြစ်သော ချင်းယွမ် ဂိုဏ်း၏ ဂိုဏ်းချုပ် ချင်းဝမ်ယွီပင် ဖြစ်သည်။ စူးချန်ခုန်းသည် ယခင်က ဝိညာဉ်ဆေးဝါး အမျိုးမျိုးကို ဝယ်ယူစဉ်က သူ့ကို သိရှိခဲ့ခြင်း ဖြစ်ပြီး နှစ်ဦးသား အဆင်ပြေစွာ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်။

စူးချန်ခုန်းကို မြင်လိုက်ရသောအခါ ချင်းဝမ်ယွီမှာ အတိုင်းအထက်အလွန် အံ့အားသင့်သွားသည်။ စူးချန်ခုန်းက ချီကန်းကို အနိုင်ယူသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရစဉ်ကပင် စူးချန်ခုန်းမှာ သာမန်လူ မဟုတ်ကြောင်း ချန်းဝမ်ယွီ ခံစားခဲ့ရသည်။ အမှန်တကယ်ပင် အချိန်တိုအတွင်းမှာပင် စူးချန်ခုန်းသည် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ထူးခြားသော တိုက်ခိုက်ရေးစွမ်းဆောင်ရည်များကို ရရှိခဲ့ကာ မဟာမီးလျှံအင်ပါယာ အတွင်း သိုင်းဝိဇ္ဇာသူတော်စင် အောက်တွင် နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ် တင်စားခြင်း ခံခဲ့ရသည်။

All Chapters