အခန်း ၈၃၈
Vol. 56 Ch. 838
အခန်း (၈၃၈) မဟာနတ်ဘုရားစွမ်းရည်၏ ဖန်တီးနိုင်စွမ်းနှင့် မှန်ကောင်းကင်ဘုံကမ္ဘာ အတွင်းဘက်။ (၃)
ရှယန်ယီ အနေဖြင့်လည်း အခြေအနေကို ပေါ့ပေါ့ပါးပါးပင် ကိုင်တွယ်နိုင်သည်ကို တွေ့ရသည်။ သူ၏ လက်ချောင်းများကို လက်သည်းများကဲ့သို့ ကွေးညွှတ်ကာ ဆက်တိုက် တိုက်ခိုက်လိုက်ရာ ကျောက်သား စစ်သည်များ၏ ဦးခေါင်းများမှာ တို့ဟူးတုံးများကဲ့သို့ ကြေမွသွားတော့သည်။
‘အရမ်း အားနည်းတာပဲ...’
စူးချန်ခုန်းက စိတ်ထဲမှ တွေးလိုက်သည်။ ဤကျောက်သား စစ်သည်များသည် သူတို့ သုံးဦးစလုံးအတွက် မည်သည့် ခြိမ်းခြောက်မှုမှ မပေးနိုင်ပေ။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ကျောက်သား စစ်သည် အယောက်သုံးဆယ်နီးပါးမှာ ကြေမွ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
“မြန်မြန် သွားကြရအောင်။ ဒါကို အမြန် ကျော်ဖြတ်လိုက်ကြစို့။ ညီလေး စူး၊ ညီလေးတာ့၊ ဘယ်သူ အဆုံးသတ်ကို အရင်ရောက်မလဲဆိုတာ ကြည့်ကြတာပေါ့။”
သွေးပူလေ့ကျင့်ခန်း လုပ်ရုံမျှပင် မရှိသေးသဖြင့် အနည်းငယ် စိတ်မရှည်သလို ခံစားလိုက်ရသော ဟုန်ကျန်းရှန့်က ချက်ချင်း အော်ပြောလိုက်သည်။ ထိုသို့ ပြောပြီးနောက် ဟုန်ကျန်းရှန့်သည် အရှိန်အပြည့်ဖြင့် စတင် ပြေးထွက်သွားတော့သည်။
ကျောက်တံတားပေါ်တွင် ဆွဲငင်အားကို အမြဲတမ်း တောင့်ခံထားရသည်။ ရှေ့သို့ တိုးသွားလေလေ ဆွဲငင်အားမှာ ပိုမို ပြင်းထန်လာလေ ဖြစ်သလို ကောင်းကင်ရှိ ကြယ်များမှ ကြွေကျလာသော ကျောက်သား စစ်သည်များမှာလည်း ပိုမို အစွမ်းထက်လာကြသည်။
“အစ်ကိုဟုန်၊ အချက်ပြပြီးတာနဲ့ ချက်ချင်း ပြေးထွက်သွားတာကတော့ သိပ်ပြီး မတရားဘူးနော်။”
ရှယန်ယီ၏ မျက်နှာပေါ်တွင် ပြုံးရိပ်တစ်ခု ပေါ်လာသည်။ သူလည်း နောက်ကျမကျန်လိုသဖြင့် လျင်မြန်သော လှုပ်ရှားမှုများဖြင့် နောက်မှ ကပ်လျက် လိုက်ပါသွားသည်။
စူးချန်ခုန်းကတော့ ကူကယ်ရာမဲ့သလို ခေါင်းခါလိုက်သည်။ ၎င်းမှာ အနည်းငယ် ပေါ့ဆရာ ကျသည်ဟု ခံစားရသော်လည်း ဤကျောက်တံတားသည် မှန်ကောင်းကင်ဘုံကမ္ဘာ၏ ပထမဆုံး စိန်ခေါ်မှုသာ ဖြစ်သည်။ အကယ်၍ ဤအဆင့်ကိုပင် အလွယ်တကူ မကျော်ဖြတ်နိုင်ပါက နောက်ထပ် ကံကောင်းမှုများကို မျှော်လင့်နေရန် အကြောင်းမရှိပေ။
စူးချန်ခုန်းလည်း လှုပ်ရှားလိုက်သည်။ သူသည် မြေပြင်ကို ကျုံ့စေခြင်းစွမ်းရည်ကို အသုံးပြု၍ ကျောက်တံတား၏ အဆုံးသို့ ဦးတည်လိုက်သည်။
“ဘုန်း... ဘုန်း... ဘုန်း”
နှစ်မိုင်ခန့် ခရီးပေါက်တိုင်း ကောင်းကင်မှ ကျောက်သား စစ်သည်များ ကြွေကျလာပြီး ကျောက်တံတားပေါ်သို့ ကျရောက်လာသည်။ ၄င်းတို့မှာ အလွန် လျင်မြန်ကြပြီး ဆွဲငင်အား၏ သက်ရောက်မှုကိုလည်း မခံရပေ။ သူတို့သည် အရှိန်ဖြင့် ပြေးလွှားနေသော သူတို့ သုံးဦးကို ကြားဖြတ် တိုက်ခိုက်ရန် ရှေ့မှ တိုးဝင်လာကြသည်။
“ဖောင်း... ဖောင်း... ဖောင်း”
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် စူးချန်ခုန်းသည် လမ်းတစ်လျှောက်ရှိ ကျောက်သား စစ်သည်များအားလုံးကို အပိုင်းပိုင်း အစစ ဖြစ်အောင် ချေမွပစ်လိုက်သည်။ ၄င်းတို့ တစ်ဦးချင်းစီတွင် သံမဏိကဲ့သို့ မာကျောသော ခန္ဓာကိုယ်များ ရှိကြသော်လည်း စူးချန်ခုန်း၏ ရှေ့တွင်မူ စက္ကူအရုပ်များကဲ့သို့ နုနယ်လှသည်။
ဟုန်ကျန်းရှန့်နှင့် ရှယန်ယီတို့သည်လည်း အရှိန်ကို အနည်းငယ်မျှပင် မလျှော့ဘဲ လမ်းခုလတ်မှ တားဆီးနေသော ကျောက်သား စစ်သည်များကို အလွယ်တကူပင် အနိုင်ယူသွားကြသည်။
“ဒါက... တကယ်ပဲ ဒီလောက် လွယ်တာလား။ ကျောက်တံတားပေါ်မှာ ဒီလောက် လွတ်လွတ်လပ်လပ် ပြေးလွှားနိုင်တယ်လား။”
“အဲဒီ ကြောက်စရာကောင်းတဲ့ ကျောက်သား စစ်သည်တွေက သူတို့လက်ထဲမှာတော့ ကူကယ်ရာမဲ့နေတဲ့ ကလေးလေးတွေလိုပဲ”
ကျောက်တံတား အဝင်ဝတွင် ပိတ်မိနေကြသော သိုင်းပညာရှင်များသည် စူးချန်ခုန်း တို့အဖွဲ့ အရှိန်ဖြင့် ထွက်ခွာသွားပြီး သူတို့၏ ပုံရိပ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့ကြသည်။ မှန်ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာကြသူ အများစုမှာ နိုင်ငံအသီးသီးနှင့် အဓိက ဂိုဏ်းကြီးများမှ ချင်းဝမ်ယွီ ကဲ့သို့သော မူလနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြပြီး သူတို့မှာ ဤစိန်ခေါ်မှုတွင် လုံးဝ ပိတ်မိနေကြခြင်း ဖြစ်သည်။
သို့သော် စူးချန်ခုန်းနှင့် အခြားနှစ်ဦးမှာမူ ကျောက်တံတားပေါ်တွင် အေးအေးလူလူ ပြေးလွှားသွားကြရာ သူတို့၏ အရည်အချင်း ကွာဟချက်မှာ လူတိုင်းအတွက် ထင်ရှားလှသည်။
“ဒီကျယ်ပြန့်လှတဲ့ ကမ္ဘာကြီးထဲမှာ တကယ့်ကို အစွမ်းထက်တဲ့လူတွေ အများကြီး ရှိတာပဲ... ငါလည်း တစ်နေ့မှာ ဒီထက်မြင့်တဲ့ အဆင့်ကို တက်လှမ်းပြီး ပိုပြီး ကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို မြင်ချင်မိတယ်။”
သိုင်းပညာရှင် အများအပြားမှာ ရှုပ်ထွေးသော ခံစားချက်များကို ခံစားလိုက်ရသည်။ အန္တရာယ်များလှသော မှန်ကောင်းကင်ဘုံကမ္ဘာသို့ စွန့်စားဝင်ရောက်ရဲသူတိုင်းသည် ရှေ့သို့ ဆက်လက် တိုးတက်လိုသည့် သန္နိဋ္ဌာန် ရှိကြသူများ ဖြစ်သည်။ သို့သော် သူတို့မှာ ကျောက်တံတားကိုပင် မကျော်ဖြတ်နိုင်ကြသဖြင့် သူတို့၏ နှလုံးသားထဲတွင် ခံစားရသော ရိုက်ခတ်မှုမှာ ကြီးမားလှသည်။
စူးချန်ခုန်း၊ ဟုန်ကျန်းရှန့်နှင့် ရှယန်ယီတို့သည် လမ်းတစ်လျှောက်ရှိ အတားအဆီး အားလုံးကို ချေမွဖျက်ဆီးရင်း ပြေးလွှားခဲ့ကြသည်။ ဆယ်မိုင်၊ နှစ်ဆယ်မိုင်၊ သုံးဆယ်မိုင်... စူးချန်ခုန်း၏ အာရုံခံစားမှုအရ သူသည် မိုင်တစ်ရာနီးပါး အရှိန်ပြင်းပြင်း ပြေးလွှားခဲ့ပြီးနောက် နောက်ဆုံးတွင် ကျောက်တံတား၏ အဆုံးသို့ ရောက်ရှိခဲ့သည်။
ကျောက်တံတား၏ အဆုံးတွင် လိမ်ဖည်နေသော ဝင်ပေါက်ကြီးတစ်ခု ရှိနေသည်။
“သွားကြစို့”
တွေဝေမနေဘဲ သုံးဦးစလုံးသည် လိမ်ဖည်နေသော ဝင်ပေါက်အတွင်းသို့ တစ်ပြိုင်နက်တည်း တိုးဝင်လိုက်ကြသည်။
ရှေ့ရှိ ရှုခင်းများမှာ ပြောင်းလဲသွားပြီး စူးချန်ခုန်းသည် သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားကာ အထက်သို့ လွင့်မျောသွားသလို ခံစားလိုက်ရသည်။ မျက်လုံးများ ပြန်လည် ကြည်လင်လာသောအခါ စူးချန်ခုန်းသည် မညီမညာသော မြေပြင်ပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တွင် ကျောက်ဆောင်များသာ ရှိပြီး သစ်ပင်တစ်ပင်မျှပင် မရှိဘဲ စွန့်ပစ်ထားသော ကြယ်တစ်လုံးပေါ်သို့ ရောက်နေသကဲ့သို့ ရှိသည်။
ကျောက်ဆောင် အမျိုးမျိုးပေါ်တွင် လူရိပ်အချို့သည် မျက်လုံးများကို မှိတ်ကာ တိတ်ဆိတ်စွာ တရားထိုင်နေကြသည်။ သူတို့ ရောက်လာတာကို အာရုံခံမိသောအခါ ထိုလူများသည် မျက်လုံးများကို ဖွင့်၍ စူးချန်ခုန်း တို့ကို ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်သန်းသွားကြတော့သည်။