← Chapters

အမြုတေဖွဲ့တည်ခြင်းအဆင့်

Vol. 004 Ch. 154

အမြုတေဖွဲ့တည်ခြင်းအဆင့်

Vol. 004 Ch. 154

ဝမ်လင်းသည် ကျင့်ကြံနေရင်းမှ အပြင်ဘက်သို့ ကြည့်လိုက်သည့် အချိန်တိုင်း သူ၏ အကြည့်များက ပိုပြီး အေးစက် လာသည်။ ထိုစဉ်တွင် ဂူထဲမှ ဆေးနံများက ပျံ့နေလေပြီ။ ဝမ်လင်းက သိုလှောင်အိတ်ကို ဖွင်ကြည့်ပြီး နဂါးအရွတ်ကို ထုတ်ယူလိုက်သည်။

ဤရတနာသည် စွမ်းအား မပြင်းသော်လည်း ပစ်မှတ်ကို ဖမ်းချုပ်ရန်အတွက် အလွန် အသုံးဝင်သည်။

စွမ်းအား ကောင်းသော မီးနည်းစနစ်တစ်ခုက ဤနဂါးအရွတ်ကို လောင်ကျွမ်း နိုင်သကဲ့သို့ ဓားထက်ထက် တစ်လက်ကလည်း ဤနဂါးအရွတ်ကို ဖြတ်တောက် ပစ်နိုင်သည်။ သို့သော်လည်း သူသာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်သွားလျင် ဤနဂါးအရွတ်သည် အလွန် အသုံးဝင်လာမည် ဖြစ်သည်။

အပြင်ဘက်မှ ကျယ်လောင်သော အသံများသည် အလွန် နီးကပ်လာသဖြင့် သူက လီမူဝမ်၏ အခန်းကို ကြည့်လိုက်ပြီး စိတ်ထဲတွင် လေးလဲလာကာ သက်ပြင်း ချလိုက်သည်။

လီမူဝမ်သည် အောက်နှုတ်ခမ်းကို ကိုက်နေပြီး သူမ၏ မျက်လုံးများက နီရဲနေကာ မျက်ရည်များဖြင့် ပြည့်နေလေသည်။ တစ်ဝက်တစ်ပျက် ဝေးကွာခြင်း ကောင်းကင် ဆေးလုံးကို သန့်စင်ရာတွင် ပြီးဆုံးချိန် ရောက်မှ ကျရှုံး သွားခဲ့ရသည်။

အဂ္ဂိရတ် ပညာရှင် တစ်ယောက် အနေဖြင့် သူမသည် အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ဖူးသည်။ သို့သော်လည်း သည်တစ်ကြိမ်လောက် ဆိုးဆိုးဝါးဝါး မခံစားရဖူးပေ။

လီမူဝမ်သည် အပြင်ဘက်တွင် ထိုင်ပြီး ကျင့်စဉ် ကျင့်နေသော ဝမ်လင်းကို ကြည့်ပြီး မျက်ရည်များက စီးကျလာသည်။ သူမသည် ဝမ်လင်းအား ကြည့်လိုက်ပြီးနောက် မိစ္ဆာသွေးနွယ်ကို ထုတ်ယူလိုက်သည်။ သူမသည် ဝေးကွာခြင်း ဆေးလုံးကို သန့်စင်ရာတွင် ကျရှုံးသွားပြီ ဖြစ်သောကြောင့် မိစ္ဆာသွေးနွယ်ဖြင့် နောက်ထပ် တစ်လုံးကို အမြန် ဖော်စပ်ရပေမည်။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာပြီး ဂူကလည်း စတင် ပြိုကျလာသည်။ ဂူမျက်နှာကြက်မှ ကျောက်တုံးများ အောက်သို့ ကျလာပြီး အပြင်ဘက်ရှိ မြူများကလည်း တဖြည်းဖြည်း နည်းပါးလာသည်။

ဝမ်လင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲလာပြီး စိုးရိမ်စိတ်က စတင် ဝင်ရောက်လာသည်။

ထိုအချိန်တွင် လီမူဝမ်သည် အခန်းတွင်းမှ ပြေးထွက်လာသည်။ သူမ၏ဆံပင်များက ရှုပ်ပွနေပြီး သူမ၏ မျက်လုံးများကလည်း နီရဲနေသည်။ သူမ၏အသွင်မှာ အလွန် ပင်ပန်းနေသည့်ပုံစံ ပေါက်နေပြီး သူမက ဆေးလုံးကို ဝမ်လင်းအား ပေးလိုက်သည်။ ဝမ်လင်းက လက်ထဲမှ စိတ်စွမ်းအင်များ ပြည့်ဝစွာ ပါဝင်နေသည့် ဆေးလုံးကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။

“ဒါက မိစ္ဆာသွေးနွယ်က လုပ်ထားတဲ့ ဝေးကွာခြင်း ကောင်းကင် ဆေးလုံးပဲ … သူ့ရဲ့အာနိသင်က အရမ်းကြီး မကောင်းပေမဲ့လို့…”

ပြောလို့ မဆုံးသေးခင်မှာတင် ဝမ်လင်းက ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဆေးလုံးက ပါးစပ်ထဲသို့ ရောက်သည်နှင့် ခန္ဓာကိုယ်ထဲရှိ တန်းထျန်းတွင် မီးစတစ်ခု ရောက်နေသကဲ့သို့ ပူလာသည်။

ထိုအခါ ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ် အရည်များကို ထုတ်သောက်ပြီး အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရှိရန် စတင် ကြိုးစားလိုက်သည်။

ဂူတစ်ခုလုံးသည် ပြင်းထန်စွာ လှုပ်ခတ်နေပြီး မျက်နှာကြက်မှ ကျောက်တုံးများက ဆက်တိုက် ဆိုသလိုပင် ကျနေသည်။ အပြင်ဘက်တွင်လည်း မြူများက ပါးလွှာသော အလွှာတစ်ခု စာလောက်သာ ကျန်တော့၏။ လီမူဝမ်သည် အပြင်ဘက်ကို ကြည့်လိုက်ပြီး သူမ၏ဓားပျံကို ထုတ်လိုက်သည်။ သူမက ဝမ်လင်း၏ရှေ့တွင် ရပ်ပြီး ကျလာသည့်ကျောက်တုံးများကို ကာကွယ် ပေးလိုက်သည်။

ချင်ခွန်းသည် တောင်အသေးကို ဝင်္ကပါပေါ်သို့ ဆက်ကာ ဆက်ကာ ဆောင့်ချနေသည်။ တခြား သူများသည်လည်း နည်းလာသည့် မြူများကို ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဝင်္ကပါကို သူတို့၏ ရတနာများဖြင့် တိုက်ခိုက် နေကြလေသည်။

ချင်ခွန်းသည် ရုတ်တရက် ပြုံးလိုက်ပြီး အော်ပြောလိုက်သည်… “ခေါင်းကြီး … ကောင်မလေးကို မင်း ယူနိုင်တယ်… ဒါပေမဲ့ ဝင်္ကပါ ပျက်စီးသွားတာနဲ့ ငါတို့ကို အရင်ဆုံး ကစားဖို့ ခွင့်ပြုပေးရမယ်…”

ခေါင်းကြီးကြီးနှင့် ကျင့်ကြံသူသည် ခဏရပ်လိုက်ပြီး ခါးသက်စွာ ပြုံးကာ ပြန်ပြောလိုက်သည်… “အကြီးအကဲချုပ်က ပြောမှတော့… ငါက ဘယ်လိုလုပ်ပြီး မနာခံဘဲ နေရဲပါ့မလဲ…”

ချင်ခွန်းသည် တောင်အသေးကို ထိန်းချုပ်နေရင်း ထပ်ပြောလိုက်သည်… “ဒီကောင်စုတ်လေးက အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်ပဲ ရှိသေးတယ် ဆိုပေမဲ့ … သူ့မှာ အမြုတေ ဖွဲ့တည်ခြင်း အဆင့်တစ်ယောက်ကို သတ်နိုင်တဲ့ နည်းစနစ် ရှိနေတယ် … သူ့နောက်ကြောင်းက မရိုးရှင်းနိုင်ဘူး… ဒါပေမဲ့လည်း ဒီနေ့တော့ သူက ကျိန်းသေသေရမှာပဲ…”

ထို့နောက် သူ၏မျက်လုံးက ရုတ်တရက် တောက်ပသွားပြီး စိတ်ထဲမှ တွေးလိုက်သည်… “သူ့ရဲ့ အပြာရောင် မီးတောက်က အရမ်းစွမ်းတယ်… အဲဒါက ကျိန်းသေ ရှားပါးတဲ့ ရတနာဖြစ်ရမယ်…”

ခေါင်းကြီးကြီးနှင့် ကျင့်ကြံသူ၏ မျက်နှာသည် သုန်မှုန်နေသည်။ ဂူထဲမှ မိန်းကလေးကို မြင်လိုက်ချိန်တွင် အရမ်း လိုချင်သွားသည့် အတွက် ထိုမိန်းကလေးသည် သူ၏ မိန်းကလေးဟု ပြောလိုက်ခြင်း ဖြစ်သည်။ သူ့စိတ်ထဲတွင်လည်း တခြားသူများက သူနှင့်ယှဉ်ပြီး လုယူမည် မဟုတ်ဟု တွေးထားသော်လည်း မိန်းကလေးများကို စိတ်မဝင်စားတတ်သည့် အကြီးအကဲချုပ် ကလည်း လိုချင်နေလိမ့်မည်ဟု ထင်မထားမိချေ။ ထို့ကြောင့် သူ၏ဒေါသကို ထွက်ပေါက်ပေးရန် ဝင်္ကပါကိုသာ ပြင်းပြင်းထန်ထန် တိုက်ခိုက် လိုက်တော့သည်။

ယခုအချိန်တွင် မြူများကလည်း အလွန်ပါးလွှာနေပြီး တစ်ကောင်တည်းသာ ကျန်တော့သည့် မီတာ ၁၀၀၀ကျော်သည့် နဂါးကြီးသည် မီတာ၃၀ကျော်သာ ကျန်တော့၏။ ထိုအခါ ချင်ခွန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ တောင်အသေးက မူလပုံသဏ္ဌာန် တံဆိပ်အဖြစ်သို့ ပြန်ပြောင်းသွားပြီး ခွန်ဆန်း၏ လက်တွင်းသို့ ပြန်ရောက်သွား၏။

ချင်ခွန်းသည် ကြုံးဝါးလိုက်ပြီး နဂါး၏အနီးသို့ ခုန်ပျံသွားကာ လျှပ်စစ်ပိုက်ကွန် တစ်ခုကို ဖန်တီးပြီး နဂါးကို အုပ်လိုက်သည်။ ထိုနောက် သူက ကျယ်လောင်စွာ ရယ်မောပြီး အော်ပြော လိုက်သည်… “ပေါက်ကွဲစမ်း…”

ထိုအခါ မြူများဖြင့် ပြုလုပ်ထားသည့် နဂါးကြီးသည် နာကျင်စွာ အော်ဟစ်ပြီး ပျောက်ကွယ် သွား၏။ ဝင်္ကပါသည် အစွမ်းထက်သော်လည်း အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၁၀ယောက်၏ ၃ရက်ကြာ မရပ်မနား တိုက်ခိုက်မှု အောက်တွင် ပျက်စီး သွားရသည်။

လီမူဝမ်ကသာ ဆေးလုံးကို မသန့်စင်ဘဲ ဝင်္ကပါကို ထိန်းချုပ်နေပါက ဝင်္ကပါသည် ဤကဲ့သို့ အလွယ်တကူ ပျက်စီး သွားလိမ့်မည် မဟုတ်ပေ။

ဝင်္ကပါ ပျက်စီးသွားသည်နှင့် စုတ်ပြုတ်နေသော ဂူတစ်လုံး ပေါ်လာသည်။ အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၁၀ယောက်သည် ဂူရှေ့သို့ အလျင်အမြန် သွားလိုက်၏။ သူတို့သည် ဂူနှင့် မီတာ၂၀အကွာသို့ ရောက်သည်နှင့် ကောင်းကင်မှ လျှပ်စီးကြောင်းများ ကျဆင်းလာသည်။ လျှပ်စီးကြောင်းမျာသည် မပြင်းထန်သော်လည်း အများကြီး ဖြစ်နေသည့်အတွက် သူတို့ကို ခြိမ်းခြောက် နေသည်။

ထိုဝင်္ကပါများသည် ဝမ်လင်းချထားသည့် အခြေခံဝင်္ကပါများ ဖြစ်သဖြင့် အမြုတေဖွဲ့တည်ခြင်း အဆင့်များ၏ ဒေါသအောက်တွင် တစ်ခုပြီးတစ်ခု ဆက်တိုက် ပျက်စီးလာသည်။

ချင်ခွန်းသည် ယခုအချိန်တွင် ဘာမှဝင်မလုပ်ဘဲ အေးစက်စွာ ကြည့်နေလေသည်။ သူ၏ပစ်မှတ်သည် အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ဂျူနီယာ ဖြစ်သည်။ ထိုဂျူနီယာ ထွက်လာသည်နှင့် ဖမ်းနိုင်စေရန် လျှပ်စစ်ပိုက်ကွန်ကိုလည်း လက်ထဲတွင် အသင့်ပြင်ထား၏။

ဝင်္ကပါအားလုံး ပျက်စီးသွားသည့် အချိန်တွင် အလွန်လှပ သိမ်မွေ့သော ပုံရိပ်လေးတစ်ခု ဂူဝတွင် ပေါ်လာသည်။

သူမ၏ အဝတ်အစားများက သာမန် အဝတ်အစားများသာ ဖြစ်သော်လည်း သူမ၏အသွင်က အလွန်နန်းဆန်ပြီး ကြော့ရှင်း လှပနေသည်။ သူမ၏ အသားရေက ဖြူဝင်းနေပြီး ပါးမို့လေက ရဲသည်။ ထို့ကြောင့် သူမ၏ အသွင်အပြင်သည် မည်သူ့၏ရင်ခုန်သံကိုမဆို မြန်သွားစေနိုင်သည်။

ချင်ခွန်းတောင်မှ ခဏတာ ငေးမိ သွားသော်လည်း သူက အလျင်အမြန် သူမ၏နောက်သို့ ကျော်ကြည့် လိုက်သည်။ သို့သော်လ ဂူတစ်လုံးသည် မှောင်နေသဖြင့် ဘာကိုမှ မမြင်နိုင်ချေ။

လီမူဝမ်သည် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူ ၁၀ယောက်အား ကြည့်ပြီး လက်ကို ဝှေ့ယမ်းကာ သားရဲတစ်ရာ ဆေးမီးဖိုကို ထုတ်ယူ၍ ပြောလိုက်သည်… “စီနီယာတို့က ဒါအတွက် လာတာလား…”

ချင်ခွန်းသည် မသိမသာ ပြုံးလိုက်သည်။ ဝမ်လင်းကို အစကတည်းက လိုက်ခဲ့သည့် ခွန်ဆန်းကို ကြည့်ပြီး သူ ရယ်မောပြီး ပြောလိုက်သည် … “ဒီကောင်လေးမှာ အဆင့်၅ ဆေးမီဖို ရှိမယ်လို့ ငါ မထင်ခဲ့ဘူး… သားရဲတစ်ရာ ဆေးမီးဖိုကို အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်သိန်းရှိမှ ဝယ်လို့ရလိမ့်မယ်… မင်းမှန်တယ်… ငါတို့ရဲ့ ရည်ရွယ်ချက်က ဒီဆေးမီးဖိုပဲ … ကောင်မလေး… ဆေးမီးဖိုကို ငါတို့ လက်ထဲ ပေးလိုက်ပါ…”

ပြောပြီးသည်နှင့် သူက လက်လှမ်းပြီး ဆေးမီးဖိုကို ယူလိုက်သည်။ ဤနေရာတွင် ရှိသည့် လူအားလုံးသည် သားရဲတစ်ရာ ဆေးမီးဖို၏ တန်ကြေးကို သိနေကြသည်။ ထို့ကြောင့် သူက မည်သူမှ မလှုပ်ရှားခင် အရင် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။

ဝမ်လင်းကို အစကတည်းက လိုက်ခဲ့ကြသည့် ခွန်ဆန်းနှင့် တခြား အကြီးအကဲ တစ်ယောက်သည် လက်နှစ်ဖက်ကို ဆုပ်ပြီး ပြောလိုက်သည် … “အကြီးအကဲချုပ် … ဒီဆေးမီးဖိုက ငါတို့ နှစ်ယောက်ရဲ့ဟာပါ … အကြီးအကဲချုပ်က ကူညီပေးတဲ့အတွက် အနာဂတ်မှာ ငါတို့က အကြီးအကဲချုပ်ဆီကို လက်ဆောင် ပို့ပေးပါ့မယ်…”

ချင်ခွန်၏ အကြည့်က ဆေးမီးဖိုဆီမှ ဖယ်လိုက်ပြီး မသိမသာ ခေါင်းညိတ် လိုက်သည်။ ခေါင်းကြီးကြီးနှင့် ကျင်ကြံသူက လူယုတ်မာ အပြုံး ပြုံးလိုက်ပြီး လီမူဝမ်ကို လက်ဖြင့် ဆွဲလိုက်သည်… “ကောင်မလေး… မင်းက ဒီမှာ ငါ့ရဲ့ရောင်းရင်းတွေကို ပြုစုပေးပြီးရင် မင်းက ငါ့ရဲ့ ကျင့်ကြံခြင်းအကူ ဖြစ်လာလိမ့်မယ်…”

လီမူဝမ်၏ မျက်နှာသည် ချက်ချင်း ဖြူရော် သွား၏။ သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ပြင်လိုက်စဉ် ခေါင်းကြီးကြီးနှင့် ကျင့်ကြံသူသည် ရုတ်တရက် မချိမဆံ့ဖြင့် စူးရှစွာ အော်လိုက်သည်။

သူက သွေးတစ်လုတ် အန်ထုတ်ပြီး သူ၏ ဒွါရအပေါ်များမှ သွေးများ စီးကျလာကာ သူ၏ခန္ဓာကိုယ်က အားတစ်ခုခုဖြင့် တွန်းထုတ် ခံလိုက်ရသကဲ့သို့ နောက်သို့ လွင့်ပျံ ထွက်သွား၏။ သို့သော်လည်း မြေပေါ်သို့ မကျခင်မှာတင် နောက်ထပ် အားတစ်ခုက သူ့ကို ပြန်ဆွဲယူလိုက်သည်။ ထို့နောက် သူ၏ခေါင်းက ပေါက်ကွဲသွားပြီး သူ၏ ရွှေအမြုတေက လီမူဝမ်ကို ဖြတ်ကာ ဂူထဲသို့ ဝင်သွား၏။

“အခုကစပြီး ငါက စဦးစိတ်ဝိညာဉ် အဆင့်အောက်မှ အသန်မာဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်သွားပြီ … ဒီနေရာမှာ စဦး စိတ်ဝိညာဉ်အဆင့် မရှိတဲ့အတွက် မင်းတို့အားလုံး သေလို့ရပြီ…”

အေးစက်သော အသံတစ်ခုနှင့်အတူ အနက်ရောင် ပုံရိပ်တစ်ခုက ဂူထဲမှ ထွက်လာသည်။

သူ၏ အမူအရာက လုံးဝ အေးစက်နေပြီး မျက်လုံးများက ရက်စက်သည့် အကြည့်ကို ဖော်ဆောင် နေသည်။

ဝမ်လင်းကို ကြည့်ရင်း အားလုံး၏ စိတ်ထဲတွင် ကြောက်လန့်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုကြောက်လန့်မှုသည် သူတို့၏ဝိညာဉ်ထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဝမ်လင်း၏ အသံကြောင့် သူတို့၏ ဝိညာဉ်များက ပျက်စီးလုနီးပါး ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး မိုးခြိမ်းသံကဲ့သို့ သူတို့၏နားထဲသို့ ဝင်သွားလေပြီ။

ဖုလင်း၏ ဝိညာဉ်သည် ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံကြောင့် အစကတည်းက ဒဏ်ရာရထား၏။ သူက ထိုဒဏ်ရာကို ဖိနှိပ်ထား နိုင်ခဲ့သော်လည်း အပြည့်အဝ ပြန်မကောင်းသေးပေ။ ယခုအချိန်တွင် သူ၏ဝိညာဉ်က အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး သွေးများ အန်ထုတ်ကာ မြေပေါ်သို့ လဲကျသွား၏။ ထို့ကြောင့် တစ်ချက်နှစ်ချက် တွန့်ပြီး သူ၏ ဒွါရအပေါက်များမှ သွေးများ စီးကျလာသည်။

ချင်ခွန်း၏ စိတ်ထဲတွင် အလွန် တုန်လှုပ်သွားသည်။ ထိုတုန်လှုပ်မှုကြောင့် သူ၏လက်ထဲမှ လျှပ်စစ်ပိုက်ကွန်သည် ပြိုကွဲသွား၏။ သူသည် ကြောက်လန့်တကြားဖြင့် နောက်ဆုတ်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ မီးတောက်ပြာကို လိုချင်သည့် စိတ်များသည်လည်း အစအနပင် မကျန်အောင် ပျောက်သွားလေပြီ။

သူသည် နန်ဒူမြို့ရှိ အမြုတေဖွဲ့တည်ခြင်း အလယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ဤကဲ့သို့ တစ်ခါမှ သူ့စိတ်ထဲတွင် မကြောက်လန့်ဖူးပေ။ သူသည် အမြုတေ ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့် သို့မဟုတ် နတ်ဆိုးပင်လယ်၏ အတွင်းပိုင်းမှ တမန်တော်နှင့် တွေ့ခဲ့ဖူးတာတောင်မှ သူတို့ကို ကြောက်လန့်ရမည်ဟု စိတ်ထဲ မခံစားခဲ့ရပေ။

သူ့အတွက် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ကြောက်လန့်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက တခြားသူများကို စောင့်ဆိုင်း မနေဘဲ အရင်ဆုံး ထွက်ပြေးရန် ကြိုးစား လိုက်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူသာ လွတ်မြောက်အောင် မပြေးနိုင်ပါက သေသွားလိမ့်မည် ဆိုသော ခံစားချက် ကိုလည်း ရနေသည်။

ကျန်သည့် သူများကလည်း မျက်စိပျက်၊ မျက်နှာပျက်နှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဖုလင်း၏ ထူးဆန်းစွာ သေဆုံးမှုနှင့် အကြီးအကဲချုပ်၏ ချက်ချင်း ထွက်ပြေး သွားခြင်းကြောင့် သူတို့သည်လည်း ခန္ဓာကိုယ်တွင်းရှိ စိတ်စွမ်းအင်များကို နှိုးဆွပြီး အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေး သွားကြသည်။ သူတို့သည် အနည်းငယ်မျှ နှေးသွားလျှင် ဝမ်လင်း၏သတ်ဖြတ်ခြင်းကို ခံရမှာ အလွန် ကြောက်လန့် နေကြသည်။

***

All Chapters