← Chapters

သွေးခင်းလမ်း

Vol. 004 Ch. 157

သွေးခင်းလမ်း

Vol. 004 Ch. 157

ရှန့်ကွမ်းမို၏ နဖူးမှ ထွက်လာသော ရွှေရောင် သွေးစက်ကို ဝမ်လင်းက တည်ငြိမ်စွာပင် လက်ဖြင့် ဖမ်းယူလိုက်သည်။

ဝမ်လင်းက ရွှေရောင်သွေးစက်ကို စစ်ဆေးကြည့်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။ သွေးစက်က သူ၏အသိစိတ် ပင်လယ်ထဲတွင် ပေါ်လာသောအခါ ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံဖြင့် ရွှေရောင်သွေးစက်ကို ဝန်းရံလိုက်သည်။ ယခုဆိုလျှင် ရှန့်ကွမ်းမိုအား သတ်ချင်လျှင် အတွေးတစ်ချက်ဖြင့် သတ်နိုင်ပြီ ဖြစ်သည်။

အလားတူစွာပင် ဝမ်လင်း သေဆုံးသွားပါက ရှန့်ကွမ်းမိုသည်လည်း သေဆုံး သွားမည်ဖြစ်၏။

လူတစ်ယောက်၏ ကိုယ်ပိုင် အသိစိတ်သည် အလွန် ထိခိုက်မခံသည့် အရာတစ်ခု ဖြစ်သည်။ တစ်ယောက်ယောက် ကသာ ဝိညာဉ် အဆီအနှစ် သွေးစက်ကို အများကြီး ထိန်းသိမ်းထားပါက ထိုလူ၏ ကိုယ်ပိုင် အသိစိတ်သည် ရှုပ်ထွေး သွားနိုင်သည့် အခြေအနေ တစ်ခုကို ကြုံရလိမ့်မည် ဖြစ်သည်။ ထိုအခါ မခန့်မှန်း နိုင်တော့သည့် အကျိုးဆက်များ ဖြစ်လာနိုင်သည်။

ထို့ကြောင့် လူတစ်ယောက်၏ ဝိညာဉ် အဆီအနှစ် သွေးစက်ကို ရယူထားခြင်းက ယာယီ အတိုင်းအတာ တစ်ခုသာ ဖြစ်၏။ ထို့အတူ ကျင့်ကြံသူ အများစုသည်လည်း တခြားသူများ၏ ဝိညာဉ် အဆီအနှစ် သွေးစက်အား ရယူထားခြင်းကို မပြုလုပ်ကြပေ။

ဝိညာဉ် အဆီအနှစ် သွေးစက်သည် ကျင့်ကြံသူ ကိုယ်တိုင်က ထုတ်ပေးမှသာ ရနိုင်၏။ သို့သော်လည်း အတင်းအကြပ် ထုတ်ယူချင်လျှင် အလွန် စွမ်းအားကောင်းသည့် နည်းစနစ် တစ်ခုကသာ ထုတ်ယူနိုင်လိမ့်မည် ဖြစ်သည်။

ရှန့်ကွမ်းမိုသည် အခြေအနေက မပေးလျှင် မဖြစ်တော့သည့် အခြေအနေကို ရောက်လာ၍သာ ပေးလိုက်ရခြင်း ဖြစ်သည်။ သူကို တပည့်အဖြစ် လက်ခံရန် အသနား ခံတာတောင်မှ ဝမ်လင်း၏ အမူအရာက သူ့ကို အသက်ရှင်ခွင့်ပေးမည့် အရိပ်အယောင် ပေါ်မလာခဲ့ပေ။

ထို့ကြောင့် သူ၏ ဝိညာဉ် အဆီအနှစ် သွေးစက်ကို ထုတ်ယူပြီး ပေးလိုက်ခြင်း ဖြစ်၏။ ဝမ်လင်းက ဝိညာဉ်အဆီအနှစ် သွေးစက်အား လက်ခံသည်ကို မြင်မှ သူ၏စိတ်က အနည်းငယ် တည်ငြိမ်သွား၏။

ဝမ်လင်းက သူ့ကို အေးစက်စွာ ကြည့်ပြီးနောက် မူနန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်… “လမ်းဆက်ပြ…”

ဝမ်လင်းသည် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ အကြီးအကဲအား ပထမဆုံး သတ်လိုက်သည့် အချိန်ကတည်းက တစ်ဂိုဏ်းလုံးကို ရှင်းပစ်ရန် စိတ်ကူးထား၏။ သူက တပည့် တစ်ယောက်ကို သတ်ခဲ့လျှင် ကိစ္စကြီး မဟုတ်သော်လည်း အကြီးအကဲ တစ်ယောက်ကို သတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က သူ့အား ကျိန်းသေ လိုက်ရှာကြမည် ဖြစ်သည်။ ဝမ်လင်းသည် ယခုအချိန်တွင် ရွာမှ ထွက်လာသည့် ခပ်နုံနုံ တောသားလေး တစ်ယောက် မဟုတ်တော့ပေ။

ထန်းလီကို သတ်ပြီးသည့် နောက်တွင် သူ့ဘဝက အများကြီး ပြောင်းလဲ သွားခဲ့ရသည်။ သူက တစ်ယောက်ကို သတ်မိလျှင် နောက်ထပ် ၁၀ယောက်ကိုလည်း သတ်ကောင်း သတ်ပစ် ရနိုင်သည်။ ထို့အတူ ၁၀ယောက်ကို သတ်သည့် အတွက် တစ်ဂိုဏ်းလုံး ကိုလည်း ရှင်းပစ်သင့်လျှင် ရှင်းပစ် ရပေလိမ့်မည်။

တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်း တစ်ခုလုံးကို ရှင်းပစ်ခြင်း အားဖြင့် အနာဂတ်တွင် ဖြစ်လာနိုင်သည့် ပြဿနာများ ကိုလည်း ရှင်းပြီးသား ဖြစ်သွား ပေလိမ့်မည်။

ဝမ်လင်းသည် လီမူဝမ်ကို ဆွဲခေါ်ပြီး အရှေ့သို့ လျင်မြန်စွာ ပျံသန်း လိုက်သည်။ တစ်ချိန်တည်းမှာပင် ဆွဲငင်အား နည်းစနစ်ဖြင့် မူနန်နှင့်မူပေအား ရှေ့သို့ တွန်းပို့လိုက်၏။

ညီအစ်ကို နှစ်ယောက်၏ မျက်နှာများက ဖြူရော် သွားသော်လည်း ဘာမှ ပြန်မပြောရဲကြပေ။ ထို့ကြောင့် သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းလိုက်ကြပြီး တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်း ရှိရာသို့ ဦးဆောင် ခေါ်သွားလိုက်သည်။

ရှန့်ကွမ်းမိုကတော့ နဖူးမှ ချွေးစက်များကို သုတ်လိုက်ပြီး သူတို့နောက်သို့ အလျင်အမြန် လိုက်သွားလိုက်၏။ သူက စိတ်ထဲတွင် ကျိန်ဆဲ လိုက်သော်လည်း မျက်နှာတွင်တော့ မည်သည့် အမူအရာမှ ပေါ်မလာချေ။ မိစ္ဆာကောင်က သူ့အား သတ်ပစ်ရန် အတွေး ပေါ်လာမည်ကို သူ အလွန် ကြောက်ရွံ့နေသည်။

“သေဆုံးခြင်းမန္တန်… ဒီမိစ္ဆာကောင်လေး သုံးတာ သေဆုံးခြင်းမန္တန်ပဲ ဖြစ်ရမယ်… ဆရာပြောခဲ့ဖူးတဲ့ အတိုင်းဆိုရင် ဒီနည်းစနစ်က အရမ်း ကြောက်ဖို့ ကောင်းတယ်… ပြီး‌တော့ သူ့ရဲ့ နောက်ခံကလည်း မရိုးရှင်းလောက်ဘူး…”

ရှန့်ကွမ်းမိုသည် ဝမ်လင်းအား စိတ်ထဲတွင် အကဲဖြတ်နေရင်း ဝမ်လင်းကို မသိမသာ ကြည့်လိုက်သည်။

လီမူဝမ်သည် သူ၏စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။ ဝမ်လင်းသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်ခဲ့စဉ်က ပြောခဲ့သည့်အတိုင်း သက်သေပြနိုင် လိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

“သူက စဦး စိတ်ဝိညာဉ် အဆင့်အောက်မှာ ပြိုင်ဘက်ကင်း ကျင့်ကြံသူ အစစ်အမှန်ပဲ…”

သူမသည် လွန်ခဲ့သည့် နှစ်များက နတ်ဆိုးပင်လယ် အတွင်းသို့ ဝင်လာစဉ်က အကြောင်းများကို ပြန်တွေးကြည့်သော အခါ ယခုအချိန်တွင် အိပ်မက်လို ဖြစ်နေသည်။ အရာအားလုံးက ယခင်ကနှင့် လုံးဝ ပြောင်းလဲ သွားလေပြီ။

လီမူဝမ်သည် ယခင်က ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ် သန့်စင်ခြင်း ကိုသာ ပြုလုပ်ခဲ့၏။ သူမ သွားသည့် နေရာတိုင်း သူမ၏အစ်ကိုက လိုက်ပါ ပေးခဲ့သည်။ သူမ၏အစ်ကို ဘေးမှာ ရှိနေသည့် အချိန်တိုင်းတွင် မည်သည့် အန္တရာယ်ကြီးများနှင့်မှ မကြုံရဖူးပေ။

ဆေးဖော်စပ် သန့်စင်ခြင်းနှင့် ဝင်္ကပါ အစီအရင် ပညာရပ်တွင် သူမက ပါရမီရှိသောကြောင့် ဂိုဏ်းမှ အကြီးအကဲများက သူမအား ချစ်ခင်ကြပြီး ဂိုဏ်းထဲတွင်လည်း သူမက အလွန် ကျော်ကြားသည့် အလှပဂေး တစ်ယောက် ဖြစ်သည်။ သူမနှင့်မျိုးဆက်တူ အများအပြားက သူမကို လိုက်ခဲ့ကြ သော်လည်း မည်သူကမှ သူမ၏ အသည်းနှလုံးကို ခုန်အောင် မလုပ်နိုင်ခဲ့ပေ။

သူမသည် ဝမ်လင်းနှင့် ပထမဆုံး တွေ့ခဲ့စဉ်က စွန်းယိုချိုက်နှင့် ပတ်သက်၍ သူ့ကို အထင်မှားခဲ့ဖူး၏။ ယခုအချိန်တွင် ထိုအကြောင်းအား ပြန်တွေးမိသောအခါ သူနှင့်သူမတို့ တိုက်ခိုက်ခဲ့ကြပါက သူမ၏ အစ်ကိုသည်လည်း သူ၏ပြိုင်ဘက် မဖြစ်နိုင်ပေ။

ယခုအချိန်တွင် ဝမ်လင်းအပေါ် သူမ၏ နားလည်မှုနှင့် ဆိုလျှင် သူမတို့ တိုက်ခိုက်ခဲ့ကြပါက သူတို့အားလုံးသည် ဝမ်လင်း၏ သတ်ဖြတ်ခြင်းကို ခံကြရမည် ဖြစ်သည်။ အလွန်လှပသော သူမတောင်မှ သတ်ခံရမည် ဖြစ်သည်။ အလှအပသည် ဝမ်လင်း၏ အပေါ်ကို အကျိုး သက်ရောက်မှု မရှိပေ။

“သူက နှလုံးသား မရှိတဲ့လူပဲ…”

လီမူဝမ်သည် ဝမ်လင်းအား ကြည့်ပြီး သက်ပြင်း ချလိုက်သည်။ သူမနှင့် ရှိနေစဉ် ကာလတစ်လျှောက်တွင် သူမအား မတော်မတရား လုပ်မည့် အကြံတစ်ခုမှ မရှိဘဲ သူ၏မျက်လုံးထဲတွင် သူမသည် သူ့အား ဆေးဖော်စပ်ပေးမည့် ဆေးမီးဖို တစ်ခု အဖြစ်သာ သတ်မှတ်ထား၏။

လီမူဝမ်၏ နှလုံးသားထဲတွင် ခါးသက်မှု တစ်ခုကို ခံစားလိုက်ရသည်။ ထိုခါးသက်မှု တဖြည်းဖြည်း ကြီးမားလာပြီး သူမ၏ ကိုယ်ထဲသို့ စီးဝင်သွား၏။ ထိုအခါ ဝမ်လင်းက လီမူဝမ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

“မစိုးရိမ်ပါနဲ့ … ဒီကိစ္စတွေ ရှင်းပြီးတာနဲ့ ဟိုဖန် အဖွဲ့အစည်း ဆီကို ပြန်ပို့ပေးမှာပါ…”

လီမူဝမ်၏ မျက်နှာလေးသည် ပိုမို ဖြူရော်သွားပြီး အောက်နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ် လိုက်သည်။

မကြာမီ ရှေ့မှ ဦးဆောင် သွားနေသည့် နှစ်ယောက်သည် ရုတ်တရက် ရပ်တန့် သွား၏။ သူတို့၏ရှေ့ရှိ မြူထဲမှ အရိပ်၁၀၀ကျော်က တဖြည်းဖြည်း ပေါ်လာသောကြောင့် သူတို့၏ အမူအရာများက သုန်မှုန်နေသည်။ ထိုလူ၁၀၀ကျော်၏ မျက်လုံးများက ဝမ်လင်း၏ ခေါင်းပေါ်မှ ‘အပြစ်ပေးခြင်း’ ဆိုသည့် စာလုံးကို လိုချင် တပ်မက်စိတ်များဖြင့် ကြည့်နေကြ၏။ သို့သော်လည်း ထိုလိုချင်စိတ်ထဲတွင် စိုးရွံ့မှု အနည်းငယ်တော့ ရှိနေလေသည်။

ဝမ်လင်းက ထိုအုပ်စုကို ကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်… “ဆက်သွား… တားရဲတဲ့သူရှိရင် သတ်ပစ်လိုက်…”

ရှန့်ကွမ်းမိုသည် ဤအခြေအနေက သူလုပ်ရမည့် အလုပ်အတွက် အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်ကြောင်း နားလည်၏။ သူက မူနန်နှင့်မူပေ၏ ရှေ့သို့ ခုန်ဝင်သွားပြီး ရှေ့မှ လူအားလုံးကို ပြုံးပြကာ ပြောလိုက်သည်… “ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်က အမှိုက်တစ်စု… နားထောင်ပါ… ငါတို့ရဲ့လမ်းကို ပိတ်ရဲတဲ့သူ မှန်သမျှ သေရမယ်…”

သူတို့က ရှေ့သို့ ဆက်သွားသောအခါ ကျင့်ကြံသူ အားလုံးသည် သူတို့၏လမ်းမှ ဖယ်ပေး လိုက်ကြသည်။ မည်သူကမှ အရင်ဆုံး ရှေ့ထွက်ပြီး တားရန် အစီအစဉ် မရှိကြချေ။

ဝမ်လင်း၏နောက်မှ အလောင်း ၁၀လောင်း ကလည်း သူတို့၏ ခန္ဓာကိုယ်များကို တုန်ယင် သွားအောင် လုပ်နိုင်စွမ်း ရှိနေသည်။ သူတို့က ဝမ်လင်းကို သတ်ဖြတ်ရန် ကြိုးစားချင်တာ တောင်မှ ထိုအလောင်းများကို မြင်ပြီး တုံ့ဆိုင်း သွားကြလိမ့်မည် ဖြစ်သည်။

သို့သော်လည်း နတ်ဆိုး တစ်သောင်း သတ်ဖြတ်ခြင်း အမိန့်တော် ပေါ်လာသည့် သတင်းက အလွန် လျင်မြန်စွာဖြင့် ပျံနှံ့သွားပြီး ဖြစ်သည်။ မကြာမီ နန်ဒူမြို့၏ ကီလိုမီတာ ၁၀သန်း အတွင်းရှိ လူတိုင်းက ထိုသတင်းကို သိသွားကြ၏။ တဖြည်းဖြည်းနှင့် ကောင်းကင်ပေါ်တွင် ကျင့်ကြံသူများက ပို၍ များပြားလာသည်။

လမ်းတစ်လျှောက်တွင် ကျင့်ကြံသူ အုပ်စုများနှင့် တစ်အုပ်ပြီး တစ်အုပ် တွေ့နေရသဖြင့် ဝမ်လင်းတို့လူစု၏ အမြန်နှုန်းက လျော့ကျ လာရသည်။ တဖြည်းဖြည်းနှင့် ဝမ်လင်းက သည်းမခံနိုင်တော့ပေ။ သူ့ကို ကြည့်နေသည့် မျက်လုံးများတွင် လောဘစိတ်များ ပြည့်လျှံနေသဖြင့် သူတို့အားလုံးကို သတ်ပစ်ချင် လာသည်။

သူတို့၏ နောက်တွင်လည်း သတ်ဖြတ်ချင် စိတ်များနှင့် ပြည့်နေသည့် ကျင့်ကြံသူများ ကလည်း လိုက်လာသည်။

မူနန်နှင့်မူပေ၏ စိတ်ထဲတွင် တဖြည်းဖြည်း တုန်လှုပ် လာသည်။ လမ်းတစ်လျှောက်တွင် သူတို့ထက်မြင့်သည့် ကျင့်ကြံသူများနှင့်ပါ တွေ့ခဲ့ရသည်။ တချို့ မြေခွေးအိုကြီးများသည် ထိုအုပ်စုထဲတွင် မျက်နှာမပြဘဲ သူတို့၏နောက်မှ လိုက်လာသည်ကိုလည်း သိနေသည်။

သူတို့သာ မဟုတ် ရှန့်ကွမ်းမိုသည်လည်း တုန်လှုပ် လာသည်။ သည်အတိုင်းသာ ဆက်သွားလျှင် နန်ဒူမြို့ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံး ပေါင်းမိသွားပြီး စတင် တိုက်ခိုက် လာနိုင်သည်။ နောက်ပိုင်းတွင် စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများပါ ပေါ်လာကောင်း ပေါ်လာနိုင်သည်။

ကျင့်ကြံသူများသည် သူတို့ အနီးအနားတွင် တဖြည်းဖြည်း များပြားလာသဖြင့် လီမူဝမ်က အနည်းငယ် ထိတ်လန့် လာသော်လည်း ဝမ်လင်းကို ကြည့်ပြီး နောက်တွင် သူမစိတ်ထဲတွင် ပြန်လည် တည်ငြိမ်သွား၏။

ဝမ်လင်း၏ မျက်လုံးများက ပိုပြီး အေးစက်လာကာ သည်းမခံနိုင်တော့သည့် ဟန်ဖြင့် သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး အားလုံးကို အေးစက်သည့် အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။

“အသက် ၃ရှိုက်စာ အချိန်ကုန် သွားတာနဲ့ ဒီနားမှား ရှိတဲ့ လူအားလုံး သေရမယ်…”

ထို့နောက် သူက မျက်လုံး မှိတ်လိုက်သည်။ အသက် တစ်ရှိုက်စာ ပြီးနောက် သူက မျက်လုံးကို ဖွင့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အနီရောင် လျှပ်စီးများဖြင့် ပြည့်နေ၏။ သူက လီမူဝမ်၏ လက်မောင်းကို ကိုင်ထားရာမှ ခါးဆီသို့ ပြောင်းလိုက်သည်။ နူးညံ့သည့် အထိအတွေ့ကို ခံစားမိသော်လည်း ကြည်နူးရန် အချိန်မရှိသဖြင့် သူက နောက်သို့ ချက်ချင်း ဆုတ်လိုက်၏။

ထိုအခါ ဂျိနယ်ပယ်နတ်ဘုရား စိတ်အာရုံသည် ဝရုန်းသုန်းကား ပေါက်ကွဲလာပြီး သူ၏ပါးစပ်မှ ရွှေရောင်အလင်း တစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုရွှေရောင် အလင်းသည် အကြိမ်ရေ အနည်းငယ်ခန့် လက်သွားပြီးနောက် ပျောက်ကွယ် သွား၏။

ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံ၏ သတ်ကွင်း အတွင်းရှိ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်အားလုံးသည် နာကျင်သည့် အမူအရာများဖြင့် အော်ဟစ်ပြီး ချက်ချင်း သေဆုံးသွားကြ၏။ ကျန်သည့် ကျင့်ကြံသူများသည် အလွန် ကြောက်လန့် တုန်လှုပ်သွားပြီး နောက်သို့ အလျင်အမြန် ဆုတ်ကြသည်။

ကျင့်ကြံသူ အများစုသည် သူတို့၏ စိတ်စွမ်းအင်များ အားလုံးကို အသုံးပြုပြီး နောက်သို့ အလျင်အမြန် ဆုတ်ပြေး ကြသော်လည်း အဝေးသို့ မရောက်ခင်မှာတင် ရွှေရောင် အလင်းတစ်ခုက လက်သွားပြီး သူတို့၏ခေါင်းများ ပေါက်ကွဲ သွားကြ၏။

ဝမ်လင်း၏ မျက်နှာက အေးစက်နေပြီး ရက်စက်သည့် အမူအရာနှင့် ရှိနေသည်။ သူ၏ အေးစက်နေသော မျက်လုံးများက ဒွါရ အပေါက်များမှ သွေးများ စီးကျပြီး အော်ဟစ်ကာ သေဆုံးသွားသည့် ကျင့်ကြံသူများကို တစ်ယောက်ပြီး တစ်ယောက် ကြည့်နေလေသည်။

ကောင်းကင်ပေါ်မှ ခန္ဓာကိုယ်တစ်ခု ပြုတ်ကျသွားတိုင်း နဂါအရွတ်မှ ကြိုးတစ်ချောင်း ခွဲထွက်လာပြီး သူနောက်သို့ ဆွဲယူသွား၏။

ဝမ်လင်းသည် ကျန်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်များကို ဆက်မသတ်တော့ဘဲ သူ၏အဓိက ပစ်မှတ်များ ဖြစ်သည့် အမြုတေ ဖွဲ့တည်ခြင်း အဆင့်များဆီသို့ အလျင်အမြန် ပျံသန်း သွားလိုက်သည်။

ထိုအချိန်တွင် ထွက်ပြေးနေသည့် ကျင့်ကြံသူ၏ အားလုံး၏ ခေါင်းထဲတွင် လိုချင် တပ်မက်စိတ်များက အမှုန်အမွှားလေးပင် မကျန်တော့ချေ။ လိုချင် တပ်မက်စိတ်၏ နေရာတွင် ကြောက်လန့်မှုက အစားထိုး နေရာယူ သွား၏။ ဝမ်လင်းသည် လူတစ်ယောက် သတ်လိုက်တိုင်း သူ၏ခေါင်းပေါ်မှ ‘အပြစ်ပေးခြင်း’ ဆိုသည့် စာလုံးက တဖြည်းဖြည်း သွေးရောင်ပိုပြီး တောက်လာသည်။

ထွက်ပြေးနေသည့် ကျင့်ကြံသူ အားလုံးသည် ရွှေရောင် အလင်းကို လွန်စွာ ကြောက်ရွံ့ သွားကြ၏။ ရွှေရောင် အလင်းတစ်ချက် လက်သွားတိုင်း ကျင့်ကြံသူ တစ်ယောက်က ထူးဆန်းစွာ သေဆုံးနေသည်။

တစ်နာရီ အတွင်းတွင် ထွက်ပြေးသည့် ကျင့်ကြသူ အများစုသည် သလင်းကျောက် ဓားဖြင့် သတ်ခံရပြီး မြောက်မြားလှသော ကျင့်ကြံသူများသည် ဝမ်လင်း၏ ဂျိနယ်ပယ်ဖြင့် သေဆုံး သွားခဲ့ရသည်။

ဝမ်လင်း၏ နောက်ရှိ နဂါးအရွတ်တွင်လည်း အလောင်း တစ်ထောင်ကျော် ရှိသွားပြီ ဖြစ်သည်။

ထိုအချိန်တွင် ဝမ်လင်းတို့နှင့် ကီလိုမီတာ တစ်ထောင်ကျော် အကွာအဝေးရှိ နေရာတစ်ခုတွင် ကျင့်ကြံသူ ၇ယောက်၊ ၈ယောက်ခန့် ရှိနေသည်။ သူတို့သည် တစ်ယောက်မှ စကား မပြောကြသော်လည်း သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများက ပိုမို တိုးပွားလာသည်။

***

All Chapters