← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း ၁၈၁ - ရှေးဟောင်းအင်‌မော်တယ်ရဲ့ နတ်ဘုရားစွမ်းအား

လျှို့ဝှက်အသင်းအဖွဲ့များက ဘာမဆို လုပ်ရဲသည်။ အရင်တုန်းက ရှေးဟောင်းအင်မော်တယ်များသည် ရွှမ်အရှင်မြတ်မရှိသည်ကို အခွင့်ကောင်းယူ၍ ကျောက်စိမ်းနေပြည်တော်ထဲ ခိုးဝင်ကာ လက်ထောက်မဟာအကြီးအကဲနှစ်ဦးနှင့် ပြင်းထန်ကြမ်းထန်စွာ တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းမှာ သူတို့က မဟာယာနဗုဒ္ဓဂိုဏ်းချုပ်၏ အကူအညီဖြင့် ဆုတ်ခွာသွားခဲ့ကြသည်။ အဆိုပါတိုက်ပွဲသည် မဟာဗုဒ္ဓဝါဒနှင့် တာအိုဝါဒကြား စစ်ပွဲအတွက် အားဖြည့်လောင်စာ ဖြစ်ခဲ့သည်။

ထိုကဲ့သို့သော သာဓကများအရ နှစ်ပေါင်းရာချီကြာအောင် တာအိုဂိုဏ်းတော်နှင့် တိုက်ခိုက်နေသော ရှေးဟောင်းအင်မော်တယ်များက အကြောက်အလန့်ကင်းမဲ့၍ သူ့တို့မှာ နောက်လိုက်များစွာ ရှိသောကြောင့် လင်းရှန်းစုန်းကဝေအယူဝါဒဂိုဏ်း၏ လက်စားချေမှုက အံ့အားသင့်စရာ မဟုတ်ပေ။

အဆင့်-၄ ကျိကျိုးတာအိုဆရာအိုကြီးသည် ဖြန့်ထားသော သူ့လက်ချောင်းများဖြင့် ကျန်းလွဲ့လုကို ဖမ်းဆွဲလိုက်၏။ သူ့လက်ကောက်ဝတ်ပေါ်ရှိ ကျောက်စိမ်းဝါဆုတောင်းပုတီးစေ့များက တစ်လုံးပြီးတစ်လုံး လင်းလက်လာသည်။

ကျန်းယွဲ့လုက မတ်တတ်ရပ်ငြိမ်နေပြီး အသေခံမည် မဟုတ်ပေ။ သူမက ပုံသဏ္ဌာန်မဲ့စက္ကူကို စက္ကူကြာပန်းများစွာအဖြစ်ပြောင်းပြီး လူအိုကြီးထံ ပစ်ထုတ်လိုက်၏။ ဤစက္ကူကြာပန်းများက အလွန်တရာမာကျောပြီး ပြင်းထန်သောလေအဟုန်မှာ လွင့်ပါမသွားဘဲ တာအိုဆရာအိုကြီးကို တိတိကျကျ လှည့်ပတ်ကာ မျက်စိဖြင့် မြင်နိုင်သမျှ အဖြူရောင်က ပြန့်ကားသွားသည်။

တာအိုဆရာအိုကြီး၏ လက်ဖဝါးကို ကြွယ်ဝသောရွှေရောင်အော်ရာက လွှမ်းခြုံသွားပြီးနောက် ရွှေရောင်အလင်းစီးကြောင်းတစ်ခုကို ပစ်ထုတ်ကာ စက္ကူကြာပန်းများကို ပြန့်ကျဲသွားစေသည်။ စက္ကူကြာပန်းများက ပျက်စီးမသွားသော်လည်း မူလလမ်းကြောင်းကနေ သွေဖယ်သွားကြသည်။ လူအိုကြီးက ရွှေရောင်အလင်းတန်းဖြင့် ကျန်းယွဲ့လု၏ မျက်နှာကို ဆက်လက်၍ ချိန်ရွယ်လိုက်၏။

ကျန်းယွဲ့လုက မတတ်သာပဲ ဘေးသို့ ရှောင်တိမ်းပေးလိုက်ရသည်။ ရွှေရောင်အလင်းသည် သူမ၏ နောက်ဘက် သင်္ဘောကိုယ်ထည်ကို ထိမှန်ပြီး အပေါက်ကြီးတစ်ပေါက်ဖြစ်ကာ ထိန်းမနိုင်သိမ်းမရလေများက အထဲသို့ တိုးဝင်သွားသည်။

တာအိုဆရာအိုကြီးက ဟက်ကနဲ ရယ်လိုက်၏။

“ကျန်းယီဂိုဏ်းကို အလည်လာတဲ့ ချွမ်ကျန်းဂိုဏ်းကို ကျေးဇူးတင်ရမှာပဲ၊ ယွင်ကျင်းတောင်ကနေ ထွက်ခွာချင်နေတဲ့ အဆင့်မြင့်တာအိုဆရာတွေ အားလုံးက လွန်ခဲ့တဲ့နှစ်ရက်ကပဲ ချွမ်ကျန်းဂိုဏ်းရဲ့ ဝေဟင်ပျံသင်္ဘောနဲ့ လိုက်သွားကြပြီ။ အခုဒီသင်္ဘောပေါ်မှာ အဆင့်မြင့်တာအိုဆရာဆိုလို့ အဆင့်-၄ တွေပဲ ရှိတော့တယ်၊ သူတို့ထဲမှာ မင်းက အ‌တော်ဆုံးပဲ၊ ပြောရရင် ဘယ်သူကမှ ငါ့ကို မတားနိုင်တော့ဘူး၊ ပညာရှိကျန်း မင်းတောင်မှ မရဘူး။ ကြည့်လေ.. တချို့လူတွေက သင်္ဘောခန်းထဲကနေတောင် မထွက်ရဲကြဘူး။”

လက်တစ်ချက်ဝေ့ယမ်းလိုက်သောအခါ စက္ကူကြာပန်းများစွာသည် လိပ်ပြာများကဲ့သို့ ကျန်းယွဲ့လုထံ တဖျပ်ဖျပ်လွင့်လာပြီး စက္ကူဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ သေရေးရှင်ရေးအခိုက်အတန့်မှာ ကျန်းယွဲ့လုသည် ဓားရှည်တစ်လက်ဖြင့် ယုံကြည်မှုရှိနေဆဲဖြစ်သည်။

“စီဟန်ဓားသိုင်းစဉ်မှာ စိတ်ဝိညာဉ်ရုပ်တု ဆင့်ခေါ်နိုင်တဲ့ နည်းစနစ်တစ်ခုရှိတယ်လို့ ငါသိထားတယ်၊ ဒါပေမဲ့ အဲဒါက နတ်ဆရာရဲ့ စိတ်ဝိညာဉ်ရုပ်တုထက် ပိုသန်မာမလား ငါသိချင်သေးတယ်။”

တာအိုဆရာအိုကြီးက ရယ်မောရင်း သူ့လက်ဖဝါးထဲမှာ ရွှေရောင်နတ်ဘုရားစွမ်းအားကို နောက်တစ်ဖန် စုဖွဲ့နေ၏။

ကျန်းယွဲ့လုက ယာဉ်ဦးစွန်းကုန်းပတ်ပေါ်မှာ လူအိုကြီးနှင့် ရင်ဆိုင်နေသည်ကို ချီရွှမ်းစု တွေ့မြင်ရသော်လည်း သင်္ဘောခန်းထဲကနေထွက်ဖို့ ဝင်္ကပါကို သူ မချိုးဖျက်နိုင် ဖြစ်နေခဲ့သည်။ ဝေဟင်ပျံသင်္ဘောပေါ်ရှိ ဝင်္ကပါက ရေလိုက်ကာတစ်ခုကဲ့သို့ ဖြစ်သည်။ တာအိုဆရာအိုကြီးနှင့် ကျန်းယွဲ့လုသည် ဝင်္ကပါမှာ သေးငယ်သောအဟကြောင်းတစ်ခု ဖန်တီးပြီး လျင်လျင်မြန်မြန် ဖြတ်ကျော်နိုင်သော်လည်း လိုက်ကာက အလိုအလျောက် ပြန်လည်ပိတ်ဆို့သွားသည်။

တာအိုဆရာအိုကြီး၏ ရွှေရောင်အလင်းသည် သင်္ဘောပေါ်မှာ အပေါက်တစ်ပေါက် ပွင့်သွားစေပြီး ဝင်္ကပေါ်မှာ ချက်ချင်းပြန်မဖာထေးနိုင်သည့် ကြီးမားသောအဟတစ်ခု ပေါ်လာမှသာ အခွင့်အရေးကို ချိန်ဆပြီး သင်္ဘောခန်းထဲကနေ မြန်မြန်ဆန်ဆန် သူထွက်လိုက်သည်။

သို့သော် တာအိုဆရာအိုကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်သည်ကို ချီရွှမ်းစု သဘောပေါက်ထားသည်။ ကျန်းယွဲ့လုပင်လျှင် ထိုရွှေရောင်အလင်းကို ထိပ်တိုက်ရင်မဆိုင်ဝံ့ပေ။ ထို့ကြောင့် ချောင်းမြောင်းတိုက်ခိုက်ခြင်းကသာ သူတို့အနိုင်ရဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်သည်။

ဤအချိန်မှာ အဆင့်-၄ တာအိုဆရာအတော်များများသည် သင်္ဘောခန်းထဲကနေထွက်၍ ကုန်းပတ်ပေါ်သို့ ရောက်လာကြသည်။ သူတို့က ကျန်းယွဲ့လုနှင့်အတူ တာအိုဆရာအိုကြီးကို ဝိုင်းပတ်လိုက်ကြ၏။

ဝိုင်းပတ်ခံထားရလျှင်တောင် လူအိုကြီးက လုံးဝ ကြောက်ရွံ့မနေပေ။ သူက ရယ်ရုံသာရယ်ပြီး သူတို့ကို မခံချင်အောင် ဆွပေးလိုက်သည်။

“လာကြစမ်း.. ငါ့ဘဝတစ်လျှောက်လုံး ငကြောက်တစ်ကောင်လို နေလာခဲ့ရတာ.. အခုမှပဲ စိတ်ရှိတိုင်း သောင်းကျန်းနိုင်တော့တယ်.. ငါ့ရဲ့ မကျေနပ်ချက်တွေကို နောက်ဆုံးတော့ မင်းတို့ပေါ် ပုံချလို့ ရပြီပေါ့။”

ဤစကားကိုကြားပြီး အဆင့်-၄ တာအိုဆရာများ၏ မျက်နှာများက တည့်တံ့သွားကြသည်။ သူတို့ရှေ့မှ လူအိုကြီးက သေချင်နေပြီး မသေခင် သူတို့ကိုပါ ငရဲသို့ ရသလောက် ဆွဲခေါ်သွားမည့်သ‌ဘောရှိသည်။

သို့သော် မိစ္ဆာကို မတိုက်ခိုက်ဘဲ ရှောင်ထွက်လျှင် တာဝန်ယူတာဝန်ခံရမည်ဖြစ်သောကြောင့် ကုန်းပတ်ပေါ် ရောက်လာပြီးမှတော့ သူတို့ နောက်မဆုတ်နိုင်တော့ပေ။ ဤအချင်းအရာက ပျံ့နှံ့သွားမည်ဆိုလျှင် သူတို့က အရှက်ကွဲရဦးမည်ဖြစ်သည်။

ကျန်းယွဲ့လုက ခြေတစ်လှမ်းယူ၍ တာအိုဆရာအိုကြီးရှေ့သို့ ခုန်ဝင်လိုက်၏။ လူအိုကြီးက သူ့လက်ကို ဝေ့ယမ်းပြီး စောစောက သူစုဖွဲ့ထားသော ရွှေရောင်အလင်းဖြင့် ကျန်းယွဲ့လုကို ရိုက်ချလ်ိုက်၏။

ဤတစ်ခေါက်မှာ ကျန်းယွဲ့လုက သတိအနေအထားရှိနေသည်။ သူမက အောက်ကိုငုံ့၍ ရှေ့သို့လျှောထွက်ပြီး ရွှေရောင်အလင်းဘေးကနေ ဖြတ်ကျော်ကာ လူအိုကြီးအနား ချဉ်းကပ်သွားသည်။ ထို့နောက် လူအိုကြီး၏ နုလုံးကို စက္ကူဓားဖြင့် ပစ်ထိုးလိုက်၏။ ထို့သို့ဆိုလျှင်ပင် လူအိုကြီး၏ မျက်နှာအမူအယာက မပြောင်းမလဲရှိနေသည်။ ပို၍ပင် ထူးဆန်းသည်မှာ သူ့ဒဏ်ရာကနေ မည်သည့်သွေးမှ ထွက်မလာပေ။

တာအိုဆရာအိုကြီးက ရူးသွပ်စွာ ရယ်မောလိုက်၏။ ရုတ်တရက်.. သူ့ဒွာရပေါက်များကနေ အနက်ရောင်မီးခိုးများ ထွက်လာ၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာက ကြီးမားစွာ ပြောင်းလဲသွားသည်။ သူ့အသက်ဓာတ်အားက ဆုတ်ယုတ်၍ မရဏအော်ရာက ပေါ်ထွက်လာသော်လည်း သူ့ကျင့်ကြံမှုအဆင့်က လျှင်မြန်စွာ တိုးတက်လာပုံရသည်။

အဆင့်-၄ တာအိုဆရာများက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြ၏။

“အစစ်အမှန်အရှင်စစ်မင်ရဲ့ နတ်ဘုရားစွမ်းအားပဲ”

ဤတာအိုဆရာအိုကြီးသည် ရှေး‌ဟောင်းအင်မော်တယ်တစ်ပါးမဟုတ်၊ နှစ်ပါး၏ နတ်ဘုရားစွမ်းအားများကို ပိုင်ဆိုင်ထားမည်ဟု မည်သူကမှ မတွေးမိခဲ့ကြပေ။

တာအိုဆရာအိုကြီး၏ ကျင့်ကြံမှုအဆင့်က သိသိသာသာ တိုးလာသော်လည်း သူက ကောင်းကင်သက်ရှိတစ်ဦး ဖြစ်မလာသေးပေ။ ဤစွမ်းအားအတွက် သူ့ဘဝသက်တမ်းကို အများအပြား လျော့ကျစေခြင်းဖြင့် ကြီးမားသည့်တန်ဖိုးတစ်ခုကို ‌ပေးဆပ်ထားရသည်။ သူက မစဉ်းစားမဆင်ခြင်ဖြင့် အနိုင်ရဖို့ ဘယ်လောက်တောင် စိတ်ပိုင်းဖြတ်ထားသလဲ ပြသနေသည်။

တာအိုဆရာအိုကြီးက လူသေကောင်ပုပ်နံ့ပါသည့် အနက်ရောင်မီးခိုးများကို ရှူထုတ်လိုက်၏။

“ပညာရှိကျန်း... ဘယ်လိုပဲဖြစ်ဖြစ် ငါ့ဘဝက အဆုံးသတ်နေပြီဆိုမှတော့ ငါသေလည်း ကိစ္စမရှိဘူး၊ ဒါပေမဲ့ မင်းကတော့ အရွယ်ကောင်းမှာ သေရမှာ နှမြောစရာပဲ.. နောက်ပြီး မင်းမှာ တောက်ပတဲ့အနာဂတ်ကလည်း ရှိနေသေးတယ်။”

ကျန်းယွဲ့လုက ဓားကို မြန်မြန်ဆန်ဆန်ရုတ်ပြီး နောက်ဆုတ်လိုက်၏။

လူအိုကြီးက လှုပ်ရှားရင်း ပြောလိုက်သည်။

“အစစ်အမှန်စစ်မင်ရဲ့ နတ်ဘုရားစွမ်းအားနဲ့ဆို သေခြင်းရှင်ခြင်းက ငါ့အပေါ်မှာ မူတည်မနေတော့ဘူး.. မင်းတို့တွေထဲ ဘယ်သူကများ ငါ့ကို မြန်မြန်ဆန်ဆန်သေအောင် သတ်ပေးနိုင်မလဲ မသိဘူး။”

အဆင့်-၄ တာအိုဆရာများက ကြမ်းတမ်းသောလေကို ဆန်ပြီး ကုန်းပတ်ပေါ်မှာ မတ်တတ်ရပ်နေကြဆဲဖြစ်သည်။ သူတို့အားလုံးက ကွေ့ကျန်းအဆင့်မှာ ရှိသော်လည်း တာအိုဆရာအိုကြီး၏ နတ်ဘုရားစွမ်းအားမှာ ကြောက်လန့်သွားကြသည်။ မည်သူကမှ စတင်မတိုက်ခိုက်ရဲကြပေ။ ဘယ်လိုပဲဖြစ်ဖြစ် လူအိုကြီးက မကြာခင် သေတော့မည်ဖြစ်ရာ သူတို့အသက်နှင့်ရင်းပြီး တိုက်ခိုက်ဖို့က မတန်ပေ။ ဤအချိန်မှာ ကိုယ်အသက်ကိုယ် စောင့်ရှောက်ဖို့က ဦးစား‌‌ပေး ဖြစ်လာသည်။

တာအိုဆရာအိုကြီးကလည်း တိုက်ခိုက်ဖို့ကို အလောတကြီးရှိမနေဘဲ ရေရွတ်ညည်းညူလိုက်၏။

“တာအိုဂိုဏ်းတော်ကို ငါစဝင်တုန်းက ငါ့မှာ ရည်မှန်းချက်တွေရှိခဲ့တယ်၊ ကောင်းမွန်တဲ့အလုပ်တွေကို လုပ်ချင်ခဲ့တယ်၊ ဒါပေမဲ့ ပဉ္စမမျိုးဆက်မဟာအကြီးအကဲက ဘဝင်မြင့်မောက်မာလွန်းတယ်၊ ဘယ်လိုစော်ကားမှုကိုမှ သည်းမခံဘူး။ ငါ့ဆရာက တစ်ခါလေး စကားပြောမှားသွားတာနဲ့ ရာထူးကနေ လျှောကျပြီး ဝိညာဉ်ငြိမ်းချမ်းရေးဌာနကို အပို့ခံခဲ့ရတယ်။”

“ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲတက်လာတဲ့အချိန် ငါက အရွယ်ကောင်းမှာပဲရှိသေးတယ်.. ဒါပေမဲ့ သူက ပျော့တယ်၊ လက်ထောက်မဟာအကြီးအကဲသုံးဦးကို မထိန်းချုပ်နိုင်ဘူး။ ငါ့ဆရာက ဝိညာဉ်ငြိမ်းချမ်းရေးဌာနကနေ ထွက်ချင်ပေမဲ့ မထွက်နိုင်ခဲ့ဘူး.. သူ စိတ်ပျက်အားငယ်ပြီး သေသွားရတယ်”

“ဒီနေ့ဒီအချိန်ထိ မဟာအကြီးအကဲနေရာက လစ်လပ်နေတုန်းပဲ၊ လက်ထောက်မဟာအကြီးအကဲသုံးဦးကလည်း သြဇာအာဏာကို ဖက်တွယ်ထားကြတယ်.. ဘယ်သူကမှ လက်မလွှတ်လိုကြဘူး။ တာအိုဂိုဏ်းတော်က အထွတ်အထိပ်ကို ရောက်ပြီးတဲ့နောက် စပြီးတော့ ကျဆင်းလာနေပြီ၊ ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလဲ။ ငါက အသက်ကြီးလွန်းနေပြီ၊ တာအိုဂိုဏ်းတော် လဲပြိုတာကို မမြင်လိုက်ရတာ နှမြောစရာပဲ။”

စကားအရှည်ကြီးပြောပြီးနောက် တာအိုဆရာအိုကြီးက သူ့တာအိုဝတ်ရုံကို လှုပ်ခါလိုက်သည်။ မှုန်ရီနေသော သူ့မျက်လုံးများက တင်းမာ၍ ရေသေကဲ့သို့ ငြိမ်သက်နေဆဲဖြစ်သည်။

ကျန်းယွဲ့လုက ဤလူအိုကြီးကို လျှော့မတွက်ရဲဘဲ သူ့ထံသို့ ကန့်လန့်ဖြတ် ခုတ်ပိုင်းချလိုက်၏။

နောက်ခဏ၌ ညိုမှောင်နေသော နတ်ဘုရားစွမ်းအားဖြင့် ပြည့်လျှမ်းနေသည့် ဆင်စွယ်ဓားရှည်တစ်လက်က လူအိုကြီး၏ လက်ထဲမှာ ပေါ်ထွက်လာသည်။ ထို့နောက် သူက ကြမ်းခင်းပေါ်မှာ မတ်တတ်ရပ်နေသော ကျန်းယွဲ့လုထံ ခုန်ဝင်ပြီး ဓားချင်းယှဉ်ခုတ်လိုက်၏။ ကြာပန်းကဲ့သို့ ချီအလွှာများက သူမ၏ ခြေရင်းကနေ ဖြာထွက်သွားသည်။

သူတို့၏ ဓားများက ကျယ်လောင်စွာ ထိခတ်၍ ထိတွေ့ရိုက်ခတ်မှု၏ တုန်ခါလှိုင်းအားဖြင့် လူချင်းပြန်ကွာသွားကြသည်။ လူအိုကြီးက အရိုးဓားကို လွှဲယမ်း၍ ညိုမှောင်နေသောတိမ်စိုင်များကို ဆင့်ခေါ်နေသည်။ လေသံက အော်မြည်၍ အနက်ရောင်ချီများက သည်းထန်သောမိုးလို သူ့ခေါင်းပေါ် သွန်းလောင်းကျဆင်းလာ၏။

ကျန်းယွဲ့လု၏ ဓားကနေ ဓားချီက တလိပ်လိပ်ထိုးတက်ပြီး ၎င်းဖြတ်သွားရာနေရာတိုင်းမှာ အနက်ရောင်တိမ်စိုင်များနှင့် မြူခိုးများက ထိုးခွဲခံလိုက်ရသည်။

လူအိုကြီး၏ ညိုမှောင်နေသောချီနှင့် ကျန်းယွဲ့လု၏ ဓားချီကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်တက်နေသော တာအိုဝတ်ရုံက အငွေ့များ တထောင်းထောင်းထသွားသည်။

သူတို့တိုက်ခိုက်ကြရင်း... တာအိုဆရာအိုကြီး၏ အရိုးဓားသည် ကျန်းယွဲ့လု၏ စက္ကူဓားနှင့် အကြိမ်တစ်ရာထက်မနည်း ထိခတ်မိကြသည်။ အရိုးဓားက အလွန်တရာ စွမ်းအားကြီးမားသော်လည်း ကျန်းယွဲ့လုကို ထိခိုက်အောင်မလုပ်နိုင်ပေ။

တာအိုဆရာအိုကြီးသည် သူ၏ ရွှေရောင်နတ်ဘုရားစွမ်းအားကို အသုံးမပြုသော်လည်း အရိုးဓားကနေ အနက်ရောင်မီးခိုးများက ပန်းထွက်နေသည်။

နောက်ခဏ၌ ကျန်းယွဲ့လုရှေ့မှာ အရာရာတိုင်းက ပျောက်ကွယ်၍ ညိုမှောင်နေသောတိမ်စိုင်များနှင့် အနက်ရောင်မြူခိုးများက ဖုံးလွှမ်းသွား၏။ လူအိုကြီး၏ ဓားထဲမှာ ပုန်းကွယ်နေသည့် စဉ်းစားကြည့်၍ မရနိုင်အောင် အေးစက်နေသော အအေးဓာတ်တစ်ခုက ကျန်းယွဲ့လုရှိရာသို့ တိုးဝင်လာလေသည်။

ကျန်းယွဲ့လုက စက္ကူဓားကို ပစ်ထုတ်ပြီး အမြီးဖြန့်ထားသောဒေါင်းတစ်ကောင်လို သူမ၏ နောက်ဘက်မှာ လျှင်မြန်စွာ ဆပွားတိုးလာစေသည်။ သူမ၏ ကိုယ်ကို လှည့်လိုက်စဉ် ဓားရာချီက တစ်ပြိုင်နက်တည်း ရွေ့လျား၍ အဘက်ဘက်သို့ ဓားချီများကို ပစ်ထုတ်လိုက်၏။ ဓားချီက အလွန်တရာထက်ရှ၍ မဖျက်ဆီးနိုင်ဘဲ ညိုမှောင်နေသောတိမ်စိုင်များနှင့် အနက်ရောင်မြူခိုးများကို လွင့်ပြယ်စေကာ တာအိုဆရာအိုကြီးကို တိုက်ခိုက်လိုက်၏။

တစ်ခဏချင်းမှာ.. တာအိုဆရာအိုကြီး၏ ကိုယ်ပေါ်တွင် ဓားဒဏ်ရာသုံးခု ပေါ်လာပြီး အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများကို ထိထားခြင်းဖြစ်သည်။ မင်ကဲ့သို့ နက်မှောင်သော သွေးများက ဒဏ်ရာများကနေ စီးထွက်နေသော်လည်း အစစ်အမှန်အရှင်စစ်မင်၏ နတ်ဘုရားစွမ်းအားကြောင့် လူအိုကြီးက သေဆုံးမသွားပေ။

ထင်မှတ်ထားပြီးသား ရလဒ်ဖြစ်သည်။ ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများကို ကိုင်တွယ်ရသည်က ခက်ခဲလွန်း၏။ ကျန်းယွဲ့လုက စက္ကူဓားဖြင့် လူအိုကြီးကို သတ်နိုင်မည်ဟု တွက်မထားပေ။ သူ့အနားကို ချဉ်းကပ်နိုင်ဖို့ သူ့ကို ချုပ်ထိန်းထားချင်ရုံမျှသာဖြစ်သည်။ ထို့ကြောင့် သူမက သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး လေဟာနယ်ကပ်ဘေးခြောက်ပါးနည်းစနစ်ကို ထုတ်ဖော်လိုက်၏။

လူအိုကြီး၏ နတ်ဘုရားစွမ်းအားသည် လေဟာနယ်ကပ်ဘေးခြောက်ပါးကို မခုခံနိုင်သော်လည်း သူက ကြောက်ရွံ့မနေပေ။ သူက ကျန်းယွဲ့လုကို ကျော်၍ သူမ၏ နောက်ဘက်မှ မလှုပ်မယှက်ရှိနေသော အဆင့်-၄ တာအိုဆရာတချို့ကြည့်ကာ ထေ့ငေါ့လိုက်၏။

“ဘယ်လောက်တောင် ရယ်စရာကောင်းလဲ၊ ဒီမိန်းခလေး ငါနဲ့ တိုက်ခိုက်တာကို မင်းတို့က ဘေးကနေပဲ စောင့်ကြည့်နေကြတယ်။ တာအိုဂိုဏ်းတော်က တကယ့်ကို မျှော်လင့်ချက်မဲ့သွားပြီပဲ။”

သို့သော် သိပ်မကြာခင် တာအိုဆရာအိုကြီးက ထိုအဆင့်-၄ တာအိုဆရာများထံ ရွှေရောင်အလင်းကို ပစ်လွှတ်လိုက်လေသည်။

အခန်း ၁၈၂ - လူသားနှလုံးသား

အဆင့်-၄ တာအိုဆရာများက ဘေးလွတ်ရာသို့ ခုန်ရှောင်လိုက်ကြပြီး ရွှေရောင်အလင်းက ဝေဟင်ပျံသင်္ဘော၏ ကုန်းပတ်ပေါ်မှာ ဆယ်ပေခန့်ကျယ်သော အပေါက်ကြီးတစ်ပေါက်ကို ပွင့်ထွက်သွားစေ၏။ ကုန်းပတ်ပေါ်ရှိ အမျိုးမျိုးသောဝင်္ကပါများကလည်း ထိတွေ့ရိုက်ခတ်မှုမှာ လင်းလိုက်မှိတ်လိုက်ဖြစ်လာသည်။

ဝေဟင်ပျံသင်္ဘောကလည်း ပြင်းထန်စွာ ခါရမ်း၍ သင်္ဘာထဲက လူတိုင်း တုန်လှုပ်နေကြပြီဖြစ်သည်။ ယခုအချိန်တွင် ဝေဟင်ပျံသင်္ဘောက မြေပြင်အထက် ပေပေါင်းထောင်ချီမှာ ရှိနေသည်။ သင်္ဘောပျက်ကျမည်ဆိုလျှင် ဤအမြင့်ကနေ မည်သူမှ ရှင်နိုင်မည် မဟုတ်ပေ။

ဤသည်ကိုကြည့်ရင်း ကုန်းပတ်ပေါ်က အဆင့်-၄ တာအိုဆရာများသည် အမူအယာများ တည်တံ့လာပြီး အမျက်ဒေါသပင် ပါဝင်လာကြသည်။

ကျန်းယွဲ့လုက တာအိုဆရာအိုကြီး၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားသော်လည်း သူက နတ်ဘုရားစွမ်းအားကိုသုံး၍ သူမကို ခါချလိုက်၏။

လူအိုကြီးက လှောင်ပြောင်ထေ့ငေါ့လိုက်သည်။

“ပညာရှိကျန်းက အယူဝါဒမိစ္ဆာတွေကို ဟန်ပြသက်သက်ဖမ်းဖို့လောက်ပဲ လုပ်သင့်တယ်လို့ မင်းတို့တွေတွေးပြီး သူက ငါ့ကို ရန်စမိလိုက်လို့ မင်းတို့တွေ သူ့ကို ဒေါသထွက်နေတာဖြစ်ရမယ်။ အရင်ကလဲ ဒါမျိုးတွေက အမြဲတမ်း ဖြစ်နေခဲ့တာပဲမလား၊ အခု သူက ငါ့ကို ရန်စလိုက်လို့ လူတိုင်းဒုက္ခရောက်ရပြီပေါ့.. မင်းတို့တွေအားလုံး သူ့ကို ကန်ချပစ်ချင်နေမယ်ဆိုတာ ငါလောင်းရဲတယ်၊ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲကွာ။”

အဲဒါက တကယ့်ကို ရယ်စရာဖြစ်သည်။ လင်းရှန်စုန်းကဝေဂိုဏ်းက လက်စားချေလိုသည်။ သို့သော် ဤကိစ္စမှာ ကျန်းယွဲ့လုကို အပြစ်တင်လို့ မရပေ။ မည်သို့ပင်ဆိုစေ သူမသည် ကိုယ်ကျိုးအတ္တအတွက် လင်းရှန်စုန်းကဝေဂိုဏ်းကို ရန်စခဲ့ခြင်း မဟုတ်ပေ။ သူမသည် သူတို့နှင့် အမှတ်မထင် ကြုံတွေ့ခဲ့ရုံသာဖြစ်သည်။

တာအိုဂိုဏ်းတော်က လျှို့ဝှက်အသင်းအဖွဲ့များကို ချေမှုန်းချင်သည့်အတွက် ကျန်းယွဲ့လုက အမိန့်အတိုင်း လိုက်နာခဲ့ခြင်းသာဖြစ်သည်။ သို့သော် ရလဒ်အနေဖြင့် လင်းရှန်စုန်းကဝေအယူဝါဒက အငြိုးအတေးကြီးပြီး သင်္ဘောပေါ်က လူတိုင်းအပေါ် သက်ရောက်လာသည်။ သူများကိစ္စမှာ ဝင်ရောက်စွက်ဖက်သည့်အတွက် လူအများစုက ကျန်းယွဲ့လုကို အပြစ်တင်လိုသော်လည်း အဓိကတရားခံက လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းပင် ဖြစ်သည်ကို သူတို့ မေ့နေကြသည်။

ဥပဒေမဲ့အယူဝါဒအဖွဲ့ဝင်များက ဘာကိုမှ ဂရုမစိုက်တတ်သည်ကို သူတို့သိရှိထားသောကြောင့်လည်းဖြစ်သည်။ ထို့သို့ဖြင့် သူတို့သည် တာအိုရောင်းရင်း ကျန်းယွဲ့လုအပေါ်သာ အပြစ်ဖို့လိုက်ကြ၏။

ကုန်းပတ်ပေါ်က အဆင့်-၄ တာအိုဆရာများနှင့် သင်္ဘောခန်းထဲက အခြားသူများသည် ဘေးမှာထွက်ရပ်ပြီး သူတို့ကိုယ်သူတို့ ကာကွယ်ဖို့သာ ဂရုစိုက်ကြသည်။ သူတို့တတ်နိုင်သည်မှာ ဤဖြစ်ရပ်အတွက် ကျန်းယွဲ့လုကို တိတ်တဆိတ် အပြစ်တင်နေကြခြင်းသာ။

ကျန်းယွဲ့လုက အဲဒါကို သိရှိသော်လည်း ဂရုစိုက်မနေပေ။ လျှို့ဝှက်အသင်းအဖွဲ့များကို ချေမှုန်းသုတ်သင်ရာတွင် ဤလူများက သူမ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုလျှင်ပင် နောင်လာနောင်သားများက အသိအမှတ်ပြုကြပေလိမ့်မည်။

ဤအချိန်မှာ လူအိုကြီးကို ချောင်းမြောင်းတိုက်ခိုက်ဖို့ အခွင့်အရေးရှာနေသော ချီရွှမ်းစုသည် သင်္ဘောခန်းထဲကနေ ထွက်လာပြီဖြစ်သည်။ သူက ပြင်းထန်သောလေအဟုန်မှာ ဒယီးဒယိုင်ဖြင့် မနည်းပင် ခြေကုပ်ယူနေရသည်။ ရှေ့ကိုတက်ရင်း ဓားတိုချင်းယွမ်ကိုထုတ်ကာ ကျန်းယွဲ့လုနှင့် ဘေးချင်းယှဉ်ရပ်လိုက်၏။

ကျန်းယွဲ့လုက မျက်မှောင်ကြုတ်လိုက်၏။ သူမကို ဒြပ်စင်ငါးမျိုးချီဒိုင်းကာက ကာကွယ်ပေးထားပြီး ရှင်းရှင်းလင်းလင်း စကားပြောနိုင်နေသေးသည်။ သူမက တင်းမာသောလေသံဖြင့် အမိန့်ပေးလိုက်၏။

“အထဲကို ပြန်ဝင်နေစမ်း”

ချီရွှမ်းစုက နာခံမှုမရှိဘဲ နှုတ်ဆိတ်‌နေ၏။ ကျန်းယွဲ့လုသည် အစစ်အမှန်အရှင်စစ်မင်၏ နတ်ဘုရားစွမ်းအားကိုသာ အသုံးပြုနေသည့် တာအိုဆရာအိုကြီးနှင့် ယှဉ်နိုင်ရုံသာရှိသည်။ တာအိုဆရာအိုကြီးက နတ်ဘုရားစွမ်းအားနှစ်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းမည်ဆိုလျှင် ကျန်းယွဲ့လုအနေဖြင့် သူ့ကို နိုင်တော့မည် မဟုတ်ချေ။

တာအိုဆရာအိုကြီးက သေရမည်ကို ဂရုမစိုက်ဘဲ မသေခင် ရသလောက် အပါခေါ်သွားချင်ရုံသာဖြစ်သည်။ ထို့ကြောင့်လည်း အဆင့်-၄ တာအိုဆရာအုပ်စုက လူအိုကြီးကို ရှိန်နေကြခြင်းဖြစ်၏။ တာအိုဆရာအိုကြီး၏ နတ်ဘုရားစွမ်းအား တတ်နိုင်သမျှမြန်မြန်ကုန်သွားဖို့ မျှော်လင့်ရင်း ထိုအချိန်ကိုသာ သူတို့စောင့်လိုကြသည်။

ချီရွှမ်းစု ရှေ့သို့ ထွက်မလာလျှင် မည်သူကမှ သူမအတွက် ရှေ့ထွက်ရပ်တည်ပေးမည် မဟုတ်ပေ။ ချီရွှမ်းစုက ဆုံးဖြတ်ချပြီးသွားသည်နှင့် ခေါင်းမာလွန်းသည်ကို ကျန်းယွဲ့လု ကောင်းကောင်းနားလည်ထားပြီး ဘာမှမတတ်နိုင်ဘဲ သက်ပြင်းသာ ချလိုက်တော့၏။

တာအိုဆရာအိုကြီးက အသံထွက်ကာ ရယ်လိုက်၏။

“ငါ့မှာ မြေးတွေရှိမယ်ဆိုရင် မင်းတို့အရွယ်လောက်ဖြစ်လိမ့်မယ်၊ နောက်ဆုံးတော့ ငါနဲ့တိုက်ခိုက်ဖို့ ခလေးနှစ်ယောက်ပဲ ထွက်လာကြတယ်။ တာအိုဂိုဏ်းတော်က ဒီလိုဖြစ်လာပြီလား၊ ဒါဆို အရင်တုန်းက ကွန်ဖြူးရှပ်ကျောင်းတော်နဲ့ ဘာများကွာခြားတော့မှာလဲ။ အနည်းဆုံးတော့ ရွှမ်အရှင်မြတ်က လူငယ်တွေကို အလေးထားဖို့ အမြော်အမြင်ရှိခဲ့သားပဲ။”

ကျန်းယွဲ့လုက တည်တံ့စွာဖြင့် ပြောလိုက်၏။

“တာအိုဂိုဏ်းတော်က ဘယ်လိုပုံစံပဲဖြစ်လာဖြစ်လာ.. ဒါက ရှင်သစ္စာဖောက်ရမယ့် အကြောင်းပြချက် မဟုတ်ဘူး။”

တာအိုဆရာအိုကြီးက ဘာမှပြန်မပြောပေ။

ကျန်းယွဲ့လုက ဆက်ပြောလိုက်၏။

“တာအိုဂိုဏ်းတော်ကို ရှင် မကြိုက်ရင် ကျိဝေခန်းမမှာ နှုတ်ထွက်စာတင်လို့ ရတာပဲ၊ သူတို့ရဲ့ ရှင့်ရဲ့ အဆင့်ကိုပဲ ဖြုတ်လိုက်လိမ့်မယ်၊ ရှင် လွတ်လပ်သွားမယ်။ ဒါပေမဲ့ အခု ရှင်က တာအိုဆရာဆိုတဲ့ သရုပ်သကန်ကို မစွန့်ဘဲ လျှို့ဝှက်အသင်းအဖွဲ့တစ်ခုဆီ ဝင်ရောက်ခဲ့တယ်။ ဒါက သစ္စာဖောက်တစ်ယောက်ရဲ့ အဓိပ္ပာယ်ပဲ။”

ချီရွှမ်းစု၏ မျက်နှာက အနည်းငယ် တွန့်သွား၏။

တာအိုဆရာအိုကြီးက ငြင်းဆန်ခြင်းမရှိဘဲ သဘောတူလက်ခံကာ ခေါင်းညိတ်ပြလိုက်၏။

“မှန်ပါတယ်.. မင်းက လောကကို စိတ်ပျက်နေတယ်ဆိုရင် အဲဒါကို ပိုကောင်းလာအောင် ကြိုးစားသင့်တယ်လို့ ရွှမ်အရှင်မြတ် ပြောခဲ့ဖူးတယ်၊ အဆိုးမြင်ဝါဒီက ဒီလောကကို ပိုပြီးဆိုးလာစေဖို့ပဲရှိတဲ့အတွက် မင်းက ထိုင်ပြီး ညည်းညူနေလို့ပဲ မရဘူး။”

“ငါ ငယ်ငယ်တုန်းကတော့ အပြောင်းအလဲတွေကို ဖန်တီးဖို့ စဉ်းစားနေခဲ့ဖူးတယ်၊ ငါ မလုပ်နိုင်တော့ဘူးလို့ သိလိုက်တဲ့အချိန်မှာ ငါ့ရဲ့ ငယ်ရွယ်နုပျိုမှုက ပျောက်ဆုံးသွားပြီ။ ငါ့ရဲ့အကျင့်ဟောင်းတွေကိုတောင် မပြောင်းနိုင်ခဲ့ဘူး၊ ငါ့ရဲ့ စိတ်ပျက်အားငယ်မှုကို မင်းနားလည်မှာ မဟုတ်ပါဘူး။”

“ဟုတ်တယ်.. မင်းမှာ တောက်ပတဲ့အနာဂတ်ရှိနေလို့ အဲဒါက ဘယ်လိုပုံစံမျိုးလဲ မင်းနားလည်မှာ မဟုတ်လောက်ဘူး၊ မင်းမှာ လောကကို ပြောင်းလဲနိုင်တဲ့အစွမ်း ရှိနေတာကိုး ဒါပေမဲ့ ငါ့မှာတော့ မရှိဘူး။ မင်းပြောတာတွေက မှန်ကောင်းမှန်ပါလိမ့်မယ်၊ ဒါပေမဲ့ မင်း ငါ့ကို ထိန်းချုပ်လို့ မရဘူး။ ငါက သစ္စာဖောက်တစ်ယောက် ဟုတ်တယ်ဆိုတော့ရော မင်းဘာလုပ်နိုင်လဲ၊ ငါက အညတရမို့လို့ ငါ့နာမည်ကိုတောင် ဘယ်သူကမှ မှတ်မိနေမှာ မဟုတ်ဘူး။”

“လူတစ်ယောက် စိတ်ချမ်းသာဖို့အတွက် ချမ်းသာကြွယ်ဝပြီး သြဇာအာဏာရှိနေဖို့ မဖြစ်မနေ မလိုပါဘူး၊ အရေးအကြီးဆုံးက မျှော်လင့်ချက်ပဲ။ မဟာယာနဗုဒ္ဓဝါဒီတွေကို တမလွန်ဘဝအပေါ် မျှော်လင့်ချက်ထားကြတယ်။ မိဘတွေကတော့ သားသမီးတွေအပေါ် မျှော်လင့်ချက်ထားကြတယ်။ ဘဝက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ.. မျှော်လင့်ချက်ရှိနေသရွေ့ အသက်ဆက်ရှင်နိုင်လိမ့်မယ်။ ဒါပေမဲ့ မျှော်လင့်ချက် မရှိတော့ဘူးဆိုရင်တော့....”

ကျန်းယွဲ့လုက ဆွံ့အသွား၏။ သူ့ဘဝနှင့် ကိုယ်ကျင့်တရားကို လျစ်လျူရှုလိုက်သည့် ဤလူအိုကြီးကို သူသတ်ရပေတော့မည်။

ချီရွှမ်းစုကလည်း ကျန်းယွဲ့လုနှင့် အလိုလို စိတ်သဘောတူညီချက်ရရှိပြီး တစ်ချိန်တည်းမှာ ရှေ့တက်လိုက်ကြ၏။ ကျန်းယွဲ့လုက ဓားကိုကိုင်ပြီး လူအိုကြီးထံ ခုန်ဝင်လိုက်၏။ တာအိုဆရာအိုကြီးက သူမ၏ တိုက်ခိုက်မှုကို တာဆီးတော့မည့်ဆဲဆဲမှာ ချီရွှမ်းစုသည် မကြာသေးခင်ကမှ သင်ယူထားသည့် တာယန်စိတ်ဝိညာဉ်ဓားသိုင်းကိုသုံးကာ သူ့ဓားတိုကို ရှေ့ကနေ ဝင့်လိုက်၏။ သို့သော် ဓားတိုသည် တာအိုဆရာအိုကြီး၏ နောက်ကနေ ပေါ်ထွက်လာပြီး နောက်ကျောကနေ နှလုံးကို ထိုးစိုက်လိုက်၏။

ထိုတိုက်ခိုက်မှုက ပျက်စီးထိခိုက်မှုများစွာ မဖြစ်စေဘဲ တာအိုဆရာအိုကြီးက ခဏမျှ အေးစက်တောင့်တင်းသွားရုံသာဖြစ်သည်။ ကျန်းယွဲ့လုက ဤအခိုက်အတန့်ကို အမိအရဖမ်းပြီး လူအိုကြီး၏ နှလုံးကို ဓားဖြင့် ပစ်ထိုးလိုက်သည်။ ဓားချီက သူ့ခန္ဓာကို ထိုးဖောက်၍ ကိုယ်တွင်းအင်္ဂါများကို ပြင်းပြင်းထန်ထန် ပျက်စီးသွားစေသည်။ တည့်တည့်တိုက်ခိုက်ခံရသော နှလုံးကလည်း ကြေမွသွား၏။

သို့သော် တာအိုဆရာအိုကြီးက မသေသေးပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အတော်လေးထူးဆန်းသည့် အနက်ရောင်မြူခိုးများက လွှမ်းခြုံသွားသည်။

ကျန်းယွဲ့လုက လက်မလျှော့ဘဲ လူအိုကြီး၏ နဖူးကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ သို့သော် လူအိုကြီးက အရိုးဓားကို ခပ်မြန်မြန်လွှဲကာ လက်ဝါးရိုက်ချက်ကို တားဆီးလိုက်၏။ သူမ၏ လက်ချောင်းများက အရိုးဓားနှင့် ထိတွေ့သောအခါ ဒြပ်စင်ငါးမျိုးချီဒိုင်းကာက ခန့်မှန်းရခက်စွာ ကန်ထွက်လာပြီး အရိုးဓားကို ခတ်ထုတ်လိုက်၏။ ထို့နောက် ကျန်းယွဲ့လုက လူအိုကြီးကို ရင်ဘတ်ကို ရိုက်ချလိုက်သည်။

လူအိုကြီးက ဒူးထောက်ကျပြီး ဒွာရပေါက်များကနေ သွေးများစီးကျလာသော်လည်း ကျန်းယွဲ့လုက စိတ်ချလက်ချ ဖြစ်မသွားပေ။ သူမက ဓားကို ခပ်မြန်မြန်ရုပ်ပြီး နောက်ဆုတ်လိုက်၏။

လူအိုကြီးက မသေသေးသည့်အပြင် သူ့ခန္ဓာက မီးစွဲသွားသည့်အလား အနက်ရောင်ချီများက ပို၍ စီးထွက်လာသည်။ ဤအခိုက်အတန့်မှာ သူ့ကို အနက်ရောင်မီးခိုးများက လုံးဝလွှမ်းခြုံသွားပြီဖြစ်သည်။

ဤနတ်ဘုရားစွမ်းအားသည် ဝူလော၏ နတ်ဘုရားစွမ်းအားနှင့် လုံးဝ ကွဲပြားနေသည်။

အစစ်အမှန်အရှင်စစ်မင်က ကံကြမ္မာကို ထိန်းချုပ်သူ ဖြစ်သည်။ အစစ်အမှန်အရှင်စစ်မှန်၏ နတ်ဘုရားစွမ်းအားနှင့်ဆိုပါက ထိုနတ်ဘုရားစွမ်းအား မကုန်ဆုံးသေးသရွေ့ ထိုလူက သေမည်မဟုတ်ပေ။ ထို့ကြောင့်ပင် အဆင့်-၄ တာအိုဆရာများက လူအိုကြီးကို တိုက်ခိုက်ဖို့ ဝန်လေးနေကြခြင်းဖြစ်သည်။

သူတို့က လူအိုကြီးကို ကမူးရှူးထိုး သွားရောက်တိုက်ခိုက်မည်ဆိုလျှင် သူတို့၏ အသက်များကို အလကားသက်သက် ဆုံးရှုံးရပေလိမ့်မည်။ ထို့ကြောင့် ဉာဏ်ကောင်းသော ရွေးချယ်မှုမှာ သူတို့ကိုယ်သူတို့ ကာကွယ်ပြီး လူအိုကြီး၏ နတ်ဘုရားစွမ်းအား ကုန်ဆုံးသည့်အထိ သို့မဟုတ် တာအိုဂိုဏ်းတော်က စစ်ကူရောက်လာသည့်အထိ စောင့်နေရန်ဖြစ်သည်။

All Chapters