အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အခန်း ၁၈၉ - အရန်နှလုံး
တစ်ယောက်တည်း ခရီးသွားနေရသောကြောင့် ချီရွှမ်းစုမှာ အဖော်ဟူ၍ အထီးကျန်မှုသာ ရှိသည်။ အရင်တုန်းက ကျန်းယွဲ့လုနှင့် သူခရီးသွားစဉ်က အချိန်များက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားသည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။ ရှည်လျားသော ခရီးစဉ်က အမြဲတမ်း တိုတောင်းသည်ဟု ထင်ခဲ့ရသည်။ ယခု သူတစ်ယောက်တည်းဖြစ်ပြီး ကျန်းယွဲ့လုကို စတင်၍ လွမ်းဆွတ်မိလာ၏။ သူတို့ ခရီးသွားနေစဉ်အတွင်း အန္တရာယ်များသော အခြေအနေအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရလျှင်တောင် တစ်ကောင်တစ်မြီးမှ မမြင်ရသည့် အခြေအနေထက် အဲ့ဒါကို သူပို၍ သဘောကျသည်။
သုံးရက်ကြာပြီး နောက်ဆုံးမှာ ဆားကန်၏အစပ်ကို ရောက်လာ၏။
ဆားကန်မှာ အစိမ်းရောင် အကွက်အပြောက်က နည်းပါးပြီး အသက်ဓာတ်မရှိသည့် အဝါရောင်သဲကန္တာရပြင်သာ ဖုံးလွှမ်းနေသည်။ အဲ့ဒါက တိတ်ဆိတ်ခြောက်ကပ်၍ လူသူကင်းမဲ့သော ဂိုဘီသဲကန္တာရကို ဖြစ်ပေါ်လာစေသည်။
သို့သော်လည်း ဆားကန်သည် မရဏပင်လယ်နှင့် မတူဘဲ ဆားကန်၏အစပ်နှင့် အနက်ပိုင်းထဲမှာပင် အခြေချနေထိုင်သော လူများနှင့် ရွှေ့ပြောင်းလာသော လူများ ရှိနေဆဲဖြစ်သည်။ ယခုအချိန်မှာ ချီရွှမ်းစု၏ ပထမဦးစားပေးသည် ခရီးသွားလာဖို့အတွက် မြင်းတစ်ကောင် ဝယ်ရန်ဖြစ်သည်။ သူ့မှာ စုထားသော ထိုက်ဖျင်ဒင်္ဂါး ၃၀၀ နှင့် ကျောက်ဖူအန်ထံမှ ရလာသော ထိုက်ဖျင်ဒင်္ဂါး ၅၀၀ ရှိနေသည်။ အဲ့ဒါက သူ့ကို အချိန်တစ်ခုကြာ ထောက်ပံ့ပေးထားနိုင်ပေလိမ့်မည်။
ယခုအချိန်မှာ ချီရွှမ်းစုသည် လက်စားချေဖို့ သို့မဟုတ် သူ့ကိုယ်သူ သတိပေးသည့်အနေဖြင့် ထိုက်ဖျင်ဒင်္ဂါး ၅၀၀ တန်သော ငွေစက္ကူကို သိမ်းထားဖို့ ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။ ရှင်သန်မှုကသာ ပို၍ အရေးကြီးလာသည်။
အနောက်ဘက်ဒေသက အေးခဲနေပြီး တောင်ပိုင်းမှာရှိသော ကျန်းနန်နှင့် ဝူကျိုးတို့ထက် များစွာ ပိုမိုအေးစက်သည်။ ချီရွှမ်းစုမှာ ကိုယ်ခံပညာသိုင်းသမားတစ်ဦးလို အသွင်ပြောင်းလဲထားသည့် သွေးပူကိုယ်ကာယ မရှိလျှင် သူက အေးခဲပြီး သေသွားရနိုင်သည်။
ဤလမ်းကြောင်း၏ တစ်ခုတည်းသော အားသာချက်မှာ တာအိုအဖွဲ့အစည်းမှ လူများသည် ဆင်းရဲဒုက္ခ မခံလိုသောကြောင့် ဤနေရာကို ရောက်ရှိမလာတတ်ပေ။ ဤနေရာသည် ဘိုးဘေးကျောင်းတော်နှင့် သိပ်မကွာဝေးသော်လည်း ဤနေရာမှာ တာအိုဆရာများကို တွေ့မြင်ရခဲသည်။ ထို့ကြောင့် ချီရွှမ်းစုက လက်တလောမှာ ဘေးကင်းလုံခြုံမှု ရှိနေ၏။
ညရောက်သည့်အခါ ချီရွှမ်းစုသည် ကုန်းစောင်းတစ်ခု၏ လေကွယ်ဘက်မှာ အကာအကွယ်ယူလိုက်သည်။ ထို့နောက် သူ့လက်ထဲက မိခင်ကလေးအဆောင်ထဲသို့ ပင်ကိုယ်ချီကို ထည့်သွင်းပြီး အထိအတွေ့ မပူပြင်းသော မီးတောက်များကို ဖြစ်ပေါ်လာစေ၏။ မီးတောက်များထဲမှာ အစ်မချီ၏ မျက်နှာနှင့် ခန္ဓာအပေါ်ပိုင်းက ပေါ်ထွက်လာပြီး ယိမ်းနွဲ့နေသော မီးတောက်များနှင့်အတူ တွန့်လိမ်နေ၏။
အနည်းငယ် တွန့်လိမ်နေသော အစ်မချီ၏ အသံက မီးတောက်များကြားကနေ ထွက်ပေါ်လာသည်။
“ထျန်းယွမ်... နင် အဆင်ပြေရဲ့လား”
“အစ်မချီ... ဘာဖြစ်ခဲ့လဲ ခင်ဗျား သိတယ်မလား”
ချီရွှမ်းစုက မေးလိုက်၏။
အစ်မချီက အရွှန်းဖောက်ကာ ပြောလိုက်သည်။
“ဝေဟင်ပျံသင်္ဘောတစ်စင်း ပျက်ကျသွားတယ်... အဲ့ဒါက နှစ်ပေါင်းများစွာကြာအောင် မဖြစ်ခဲ့တဲ့ ကိစ္စကြီးပဲ... အဲ့ဒီသတင်းက ရက်အနည်းငယ်နဲ့ တစ်လောကလုံးကို ပျံ့နှံ့သွားမယ်ဆိုတာ ပြောနေစရာ လိုသေးလို့လား... ငါ အဲ့ဒါကို ဘယ်လိုလုပ် မကြားဘဲ နေပါ့မလဲ... တစ်သက်မှာ တစ်ခါကြုံရခဲတဲ့ အဲ့ဒီဖြစ်ရပ်မှာ နင်ပါသွားတာကတော့ နည်းနည်း အံ့အားသင့်စရာပဲ... ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး”
ချီရွှမ်းစုက မျက်မှောင်ကြုတ်လိုက်၏။
“အစ်မချီ... ခင်ဗျားကို ကြည့်ရတာ ကျုပ် အသက်ရှင်နေသေးတာကို မအံ့ဩတဲ့ပုံပဲ”
မီးတောက်များကြားမှာ အစ်မချီ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွား၏။
“နင်... တော်တော် နှလုံးသားမဲ့တဲ့ ကောင်စုတ်ပဲ... ငါက နင့်ကို သေစေချင်နေတယ်လို့ ထင်လို့လား”
“ကျုပ်ပြောတာ အဲ့လိုမဟုတ်ဘူး”
ချီရွှမ်းစုက ရှင်းပြလိုက်သည်။
“အဲ့လောက်အမြင့်ကနေ ပြုတ်ကျရင် ကျုပ်အနေနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးလို့ ပုံမှန်လူတွေက တွေးမိမှာပဲ... ကျုပ် ခင်ဗျားကို ရုတ်တရက် ဆက်သွယ်တဲ့အခါ ခင်ဗျားက အံ့အားသင့်ပြီး ဝမ်းသာသင့်တာပေါ့... ဒါပေမဲ့ အခုကြည့်ရတာ ကျုပ် အသက်ရှင်တာကို ခင်ဗျားက သိထားပြီးသားလို ထူးထူးခြားခြား တည်ငြိမ်နေတဲ့ပုံပဲ”
“ဪ... အဲ့ဒါလား”
အစ်မချီက မလုံမလဲဖြင့် ပြောလိုက်၏။
“နင် အသက်ရှင်မယ်လို့ ငါ အတော်လေး မျှော်လင့်ထားတာပေါ့... ဘာပဲပြောပြော နင်က နတ်ဘုရားတွေရဲ့ ကာကွယ်မှုနဲ့ ကောင်းချီးပေးခံရတဲ့ ကလေးပဲ... ကံဇာတာတွေ… နက္ခတ်တွေ အားလုံးကလည်း…”
“ပေါက်တတ်ကရတွေ မပြောပါနဲ့တော့”
ချီရွှမ်းစုက သူမကို ဖြတ်ပြောလိုက်၏။
“အစ်မချီ... ကျုပ် အရိပ်အမြွက်ပြနေတာကို ခင်ဗျား မသိသလို ဟန်ဆောင်မနေပါနဲ့... တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ... အဲ့ဒါက ချင်းဖျင်အသင်းက ကျုပ်ကို ပြုလုပ်ပေးခဲ့တဲ့ ခန္ဓာအသွင်ပြောင်းလဲမှုနဲ့ ပတ်သက်နေလား... ပြီးတော့ ကျုပ်တို့ရဲ့ ဆက်သွယ်မှုကို ဘေးက ဝင်္ကပါတွေက ဟန့်တားနှောင့်ယှက်လို့ မကြားရတော့သလိုလည်း မလုပ်ပါနဲ့... ဒီနေရာက ဘာဝင်္ကပါမှ မရှိတဲ့ ကျက်တီးမြေပဲ”
ဤနေရာအရောက်မှာ အစ်မချီက ဆက်လက်၍ မကြားချင်ယောင် မဆောင်တော့ပေ။ သူမက အင်တင်တင်ဖြင့် ပြောလိုက်၏။
“ဟုတ်ပြီလေ... ပြောရရင် အဲ့ဒါက နည်းနည်းတော့ ပတ်သက်နေတယ်”
“နည်းနည်းပဲလား”
ချီရွှမ်းစုက မေးလိုက်သည်။
အစ်မချီက ပြောလိုက်၏။
“အဲ့ဒါက ထူးဆန်းတယ်ဆိုတာ ငါ ရှာတွေ့ခဲ့တယ်... နင် အသက်ပြန်ရှင်လာအောင် ချင်းဖျင်အသင်းက နင့်ရဲ့ခန္ဓာကို အသွင်ပြောင်းလဲပေးခဲ့တယ်... အတိအကျပြောရရင် နင့်ရဲ့ခန္ဓာက ဖြည်းဖြည်းချင်းပဲ ကုသနိုင်မယ့် မေ့မျောနေတဲ့ အခြေအနေကို ဝင်ရောက်သွားရမှာ”
“ဒါပေမဲ့ နင် မသေခင် ထိခိုက်ခံစားခဲ့ရတဲ့ ဒဏ်ရာတွေရဲ့ ပြင်းထန်မှု အတိုင်းအတာပေါ် မူတည်ပြီး ပြန်လည်ပြုပြင်ရမယ့် အချိန်တစ်ခု လိုအပ်တယ်... နင်က တစ်စစီ ဖျက်ဆီးခံရမယ်… မီးရှို့သတ်ခံရမယ်ဆိုရင်တော့ မဖြစ်နိုင်တော့ဘူးပေါ့... နင့်ရဲ့ခန္ဓာကိုယ်က အတော်လေး ပုံမပျက်ရှိနေရဦးမယ်... ငါ့ရဲ့ တွက်ချက်မှုအရဆိုရင် နင် သတိရလာပြီး ငါ့ကို ဆက်သွယ်ဖို့ သုံးလလောက် ကြာလိမ့်မယ်... နင် ရက်နည်းနည်းနဲ့ ပုံမှန်အတိုင်း ဘယ်လိုလုပ် ပြန်ဖြစ်လာတာလဲ”
ချီရွှမ်းစုက တစ်စုံတစ်ရာကို ချက်ချင်းပင် အမှတ်ရသွားပြီး မဝံ့မရဲဖြင့် မေးလိုက်သည်။
“အဲ့ဒါက ရွှမ်ကျောက်စိမ်းနဲ့ ပတ်သက်နေမလား”
“နင် နောက်ထပ် ရွှမ်ကျောက်စိမ်းတစ်ပိုင်း ရထားတာလား”
အစ်မချီက မေးလိုက်၏။
“အဲ့ဒါ ဘယ်တုန်းကလဲ”
ချီရွှမ်းစုက ယွီလန်ဘုရားကျောင်းမှာ ဖြစ်ပျက်ခဲ့သည့်အရာကို အကြမ်းဖျင်း ပြန်ပြောပြလိုက်၏။ ဤအကြောင်းကို ကြားရပြီးနောက် အစ်မချီက ချီရွှမ်းစု၏ မေးခွန်းကို မဖြေဘဲ မေးလိုက်သည်။
“နင် အဲ့ဒီတုန်းက အဲ့ဒီအကြောင်း ငါ့ကို ဘာလို့ ပြောမပြခဲ့တာလဲ”
သူက ပြန်ဖြေလိုက်၏။
“ကျုပ် အဲ့ဒီအချိန်တုန်းက ချင်းရှောင်နဲ့ ရှိနေတာ... ခင်ဗျားနဲ့ ဆက်သွယ်ဖို့ အချိန်မရခဲ့ဘူး”
အစ်မချီက ဖိပြောလိုက်၏။
“နင် ယွင်ကျင်းတောင်ကို ရောက်တော့ရော... အဲ့ဒီမှာ လုံလောက်တဲ့ အချိန်ရှိတယ် မဟုတ်ဘူးလား... တာကျန်းစံအိမ်က မိခင်-ကလေးအဆောင် သုံးတာကိုတော့ ပိတ်ပင်ထားလောက်မှာ မဟုတ်ပါဘူး”
ချီရွှမ်းစုက မလုံမလဲ ခံစားသွားရ၏။
“ကျုပ်နဲ့ တွေ့ဖို့ လီချင်းနုကို ခင်ဗျား လွှတ်လိုက်တုန်းက ခင်ဗျား အဲ့ဒီအကြောင်း သိပြီးသွားပြီလို့ ကျုပ် ထင်နေတာ”
အစ်မချီက နှာတစ်ချက်မှုတ်လိုက်၏။
“တခြားလမ်းကြောင်းတွေကနေ ငါ သဲလွန်စ ရမရဆိုတာက ငါ့ကိစ္စပဲ... ဒါပေမဲ့ နင် ငါ့ကို ပြောမယ် မပြောဘူးက နင့်ရဲ့ရွေးချယ်မှုပဲ... အဲ့ဒါက မတူဘူး... နင်က ဒီလောက်တောင် နှလုံးသားမဲ့တတ်လာပြီပဲ... နင်က မိန်းမရတာနဲ့ နင့်အမေကို ဘယ်လိုတောင် မေ့နိုင်တာလဲ... မဟုတ်သေးပါဘူး... သူက နင့်မိန်းမတောင် မဟုတ်သေးဘူး... ဒါပေမဲ့ နင်က ငါ့ကို စွန့်လွှတ်လိုက်ပြီပေါ့လေ”
ဤနေရာအရောက်မှာ အစ်မချီက စိတ်ထိခိုက်မှုဖြင့် သူမ၏ မျက်နှာကို လက်ဖြင့်အုပ်ပြီး ဆက်ပြောလိုက်၏။
“အာ… ငါ လူမှားပြီးတော့ ယုံကြည်မိခဲ့တာ ကန်းနေခဲ့လို့ပဲ… တစ်ယောက်ယောက်ကတော့ ငါ အိုမင်းလာတဲ့အခါ ပြန်ပြီး စောင့်ရှောက်မယ်လို့ တွေးထားတာ… ဒါပေမဲ့ နင်က ဒီလောက်တောင် ကျေးဇူးမသိတတ်ဘဲ ကျန်းမိသားစုလို ကျောထောက်နောက်ခံကို ရှာတွေ့သွားတာနဲ့ ငါ့ကို စွန့်လွှတ်လိုက်လိမ့်မယ်လို့ ထင်မထားဘူး… အဲ့လိုဆိုမှတော့ သူ့နောက်ကို လိုက်သွားပါလား”
ချီရွှမ်းစုက ကူကယ်ရာမဲ့သည့်ပုံပေါ်နေသော်လည်း အစ်မချီအတွက် လုံးဝ စိတ်မကောင်းဖြစ်မနေပေ။ သူ့မှာ တောင်းပန်ဖို့ စိတ်ကူးလည်း မရှိပေ။ မိဘများသည် သားသမီးများအတွက် အကောင်းဆုံး စံနမူနာဟူသော စကားရှိသည်။ ချီရွှမ်းစု ကောင်းကောင်း သရုပ်ဆောင်တတ်ခြင်းမှာ အစ်မချီထံမှ သင်ယူထားခြင်းဖြစ်၏။
အစ်မချီက စိတ်ထိခိုက်ခံစားရမှုနှင့် ဒေါသကို အကြောင်းပြကာ သူတို့၏ ဆက်သွယ်မှုကို ဖြတ်တောက်ပစ်ဖို့ ကြံနေသည်ကို ကြည့်ပြီး ချီရွှမ်းစုက အလောတကြီး ဖြတ်ပြောလိုက်၏။
“ခင်ဗျား စကားလမ်းကြောင်းပြောင်းပြီး ကျုပ်မေးတာကို ရှောင်နိုင်မယ်လို့ မစဉ်းစားနဲ့... ခင်ဗျား ကျုပ်ကို ဒီတစ်ခါတော့ လှည့်စားလို့ မရဘူး... ခင်ဗျား အားလုံးကို ရှင်းရှင်းလင်းလင်း သိထားတာပဲ... ကျုပ် အဲ့ဒါကို အလွတ်ပေးမှာ မဟုတ်ဘူး... ခင်ဗျား ကျုပ်နဲ့ ဘယ်တော့မှ ထပ်မတွေ့တော့ဘူးဆိုရင်လည်း ထားလိုက်တော့... မဟုတ်ရင်တော့ ခင်ဗျားကို တွေ့တာနဲ့ ကျုပ် နားပူနားဆာတိုက်နေဦးမှာပဲ”
အစ်မချီက မျက်နှာကို အုပ်ထားသည့်လက်ကို ချလိုက်ရ၏။ သူမ၏ မျက်လုံးထောင့်ကို ပွတ်ပြီး မကျေမနပ်ဖြင့် ပြောလိုက်၏။
“နင်က အခုတော့ ဒီလိုပြောလာပြီပေါ့လေ... နင့်အမေ ငိုနေတာကို တွေ့တဲ့အချိန်မှာ ဘယ်လိုတောင် လျစ်လျူရှုထားနိုင်ရတာလဲ”
အစ်မချီသည် သူ့ကို သူမ၏ ခေါင်းကိုင်သားဟု သူမ၏ မိတ်ဆွေများအား ပြောပြထားသည်ကို ချီရွှမ်းစု မှတ်မိသွား၏။ အဲ့ဒါနှင့်ပတ်သက်၍ သူ့မှာ မကျေနပ်တာ မရှိပေ။ တကယ်တော့ သူတို့၏ ဆက်ဆံရေးသည် မွေးစားအမေနှင့် မွေးစားသား၏ ဆက်ဆံရေးနှင့် ဆင်တူသည်။
သူ့ဆရာနှင့် အစ်မချီသည် မရှိတော့သည့် သူ့မိဘများ၏ နေရာကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးခဲ့သည်ကို ချီရွှမ်းစု ဝန်ခံရပေမည်။ သို့သော် ဤတစ်ခေါက်မှာတော့ ချီရွှမ်းစုက အလျှော့မပေးပေ။
“သူ့သားရှေ့မှာ သရုပ်ဆောင်ပြီး လှည့်စားနေတဲ့ မိခင်မျိုး ကျုပ် ဘယ်တုန်းကမှ မတွေ့ဖူးဘူး”
သူတို့နှစ်ယောက်သည် မီးတောက်များကြားကနေ တစ်ယောက်ကိုတစ်ယောက် အတန်ကြာအောင် စိုက်ကြည့်နေကြ၏။ နောက်ဆုံးမှာတော့ အစ်မချီက အရင်ဆုံး အလျှော့ပေးလိုက်သည်။
“ကဲ... ကောင်းပြီလေ... ငါ ရှင်းပြမယ်... နင်ပြန်ပြီး ရှင်သန်လာတာက ရွှမ်ကျောက်စိမ်းနဲ့ ချင်းဖျင်အသင်းနဲ့ ပတ်သက်ဆက်စပ်နေတယ်”
ဤသည်မှာ ချီရွှမ်းစု ခန့်မှန်းထားပြီးသားအရာ ဖြစ်သည်။ သူက အံ့အားသင့်မသွားဘဲ ထပ်မံ၍ မေးလိုက်၏။
“ဒါဆို ချင်းဖျင်အသင်းက ကျုပ်ကို တကယ်တမ်း ဘာလုပ်ခဲ့တာလဲ”
အစ်မချီက ပြန်ဖြေလိုက်၏။
“အရင်တုန်းက နင့်ရဲ့နှလုံး ထိုးဖောက်ခံခဲ့ရတုန်းက နင့်ကို ငါ့ဘာသာငါ ကယ်လို့မရတော့ဘူး... အဲ့ဒါကြောင့် ချင်းဖျင်အသင်းဆီ ခေါ်သွားပြီး နင့်ကိုကယ်ဖို့ သူတို့ကို အကူအညီ တောင်းခဲ့ရတယ်... တကယ်တော့ သဘောတရားက မရှုပ်ထွေးဘူး... နင့်ရဲ့နှလုံးကို ကုလို့မရတော့တဲ့အတွက် သူတို့က နင့်ခန္ဓာကိုယ်ထဲမှာ နှလုံးအသစ်တစ်ခုကို ထည့်သွင်းပေးခဲ့ကြတယ်”
ချီရွှမ်းစုက ထိတ်လန့်သွား၏။ ရေကန်မှာ သူ သတိရလာစဉ်က နှလုံးခုန်သံ မရှိသည်ကို အမှတ်ရသွား၏။ သူက ရင်ဘတ်ကို အလိုလိုစမ်းပြီး စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။
“ဒါဆို ကျုပ်က နှလုံးမရှိတဲ့ လူလား”
“ဘယ်ဟုတ်ပါ့မလဲ... နင် နေကောင်းလာပြီး နှလုံးခုန်သံ မရှိဘူးဆိုရင် တခြားသူတွေက အလွယ်တကူ သံသယဝင်လာမှာပေါ့... အဲ့ဒါဆိုရင် ကိစ္စတွေက ပိုပြီးတော့ ရှုပ်ထွေးကုန်လိမ့်မယ်”
အစ်မချီက ခေါင်းခါပြလိုက်၏။
“ပြတ်တောက်သွားတဲ့ ခြေလက်တွေက ပြန်ထွက်လာနိုင်တယ်... ဒါပေမဲ့ အချိန်ယူရတယ်... အဲ့လိုမျိုးပဲ… နှလုံးကလည်း ပြန်ပြီးတော့ ထွက်လာနိုင်တယ်... ဒါပေမဲ့ အချိန်တော့ ယူရတယ်”
“ဒါပေမဲ့ လူတွေက နှလုံးခုန်တာ မရှိရင် သေသွားရလိမ့်မယ်... အဲ့ဒါကြောင့် နင့်နှလုံးက ဖြည်းဖြည်းချင်း ပြန်ထွက်လာပြီး သူ့ဘာသာသူ ကုသနေတဲ့ အချိန်မှာ နင့်ရဲ့အသက်ဓာတ်ကို ထိန်းသိမ်းထားဖို့ နှလုံးနေရာမှာ တခြားတစ်ခုနဲ့ အစားထိုးထားရတယ်... နင့်ရဲ့နှလုံး ပြန်ထွက်လာတာနဲ့ အဲ့ဒါကို ပြန်ပြီးတော့ အသုံးပြုနိုင်တယ်”
ချီရွှမ်းစုက ရုတ်တရက် နားလည်သဘောပေါက်သွား၏။
“အဲ့ဒါကြောင့် ကျုပ်က စမ်းသပ်စစ်ဆေးမှု အတော်များများကို ဖြတ်ကျော်ခဲ့ရတာလား”
“တကယ်တော့ နင့်နှလုံး ဘယ်လို ပြန်ကောင်းလာတယ်ဆိုတာ သူတို့ စစ်ဆေးကြည့်ဖို့ လိုတယ်လေ”
အစ်မချီက မထူးဆန်းသော အရာတစ်ခုလို ပြောလိုက်၏။
ချီရွှမ်းစုက ထပ်မေးလိုက်သည်။
“ဒါဆို နှလုံးကို ယာယီအစားထိုးထားတဲ့ အဲ့ဒီဟာက ဘာလဲ”
အစ်မချီက ဖြေပေးလိုက်၏။
“ချင်းဖျင်အသင်းက အဲ့ဒါကို အရန်နှလုံးလို့ ခေါ်တယ်... ခန်းမသခင် မရှိတဲ့အခါ လက်ထောက်ခန်းမသခင်က ခန်းမသခင်နေရာကို ယူထားရသလိုမျိုးပဲ... နင့်ရဲ့နှလုံး အပြည့်အဝ ပြန်ကောင်းလာတာနဲ့ ငါတို့က အဲ့ဒါကို နဂိုနေရာမှာ ပြန်ထားပေးရလိမ့်မယ်”
ချီရွှမ်းစုမှာ ခန့်မှန်းချက်တချို့ ရှိလာ၏။ သူက အလျင်အမြန် မေးလိုက်သည်။
“ဒါဆို အဲ့ဒီအရန်နှလုံးက အခု ဘယ်နေရာမှာလဲ”
“နင့်ခန္ဓာကိုယ်ထဲမှာပဲပေါ့”
အစ်မချီက ဤမျှအထိ နုံအရကောင်းလားဟူသော ပုံစံဖြင့် ချီရွှမ်းစုကို ကြည့်လိုက်၏။
“ငါတို့က အဲ့ဒီအရန်နှလုံးကို ထုတ်ယူဖို့ နင့်ကို ထပ်ပြီး ခွဲစိတ်ဦးမယ်လို့ ထင်လို့လား”
ချီရွှမ်းစုက သူ့နှလုံးကို စမ်းပြီး ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။ သူက နောက်ပြန် လဲကျမတတ် ဖြစ်သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်သည်။ ပင့်သက်ကိုရှိုက်ပြီး မေးလိုက်၏။
“ပြောရမယ်ဆိုရင် ဒီတစ်ခေါက် ကျုပ် မသေခဲ့တာက အဲ့ဒီအရန်နှလုံးကြောင့်လား”
“အဲ့ဒါက ရွှမ်ကျောက်စိမ်းကြောင့်ဆိုလည်း ဟုတ်တယ်... နင် ရထားတဲ့ အဲ့ဒီရွှမ်ကျောက်စိမ်းအပိုင်းက အသက်ဓာတ်ကို ကိုယ်စားပြုတယ်”
အစ်မချီက ရှင်းပြလိုက်၏။
“ရွှမ်ကျောက်စိမ်းရဲ့ စွမ်းအားက အရန်နှလုံးကိုလည်း ပြောင်းလဲပေးခဲ့တယ်... နင် မေ့မျောနေတုန်းက အရန်နှလုံးက ရပ်တန့်သွားတဲ့ နင့်နှလုံးနေရာကို အစားထိုးယူပြီး ရွှမ်ကျောက်စိမ်းရဲ့ အသက်ဓာတ်ကို နင့်ရဲ့ခန္ဓာကိုယ်အနှံ့ ပို့လွှတ်ပေးခဲ့တယ်... အဲ့ဒါကြောင့် နင့်ရဲ့ဒဏ်ရာတွေက သက်သာပျောက်ကင်းလာတာပဲ... အဲ့ဒါကြောင့်လည်း နင်က ဒီလောက် အချိန်တိုအတွင်းမှာ လူကောင်းတစ်ယောက်လို ပြန်ဖြစ်လာတာ”
ချီရွှမ်းစုက မယုံကြည်နိုင် ဖြစ်နေသေးသည်။
“အဲ့ဒါက ကောင်းကင်ဘုံရဲ့ နိယာမတွေကို ကျော်လွန်တဲ့ တကယ့်အစစ်အမှန် အနုပညာလက်ရာတစ်ခုလား”
“နင်က အပြင်လောကကို မမြင်ဖူးသေးဘူးပဲ”
အစ်မချီက အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်သည်။
“တာအိုဂိုဏ်းတော်ရဲ့ ဟွာရှန်ခန်းမကလည်း အဲ့ဒါကို လုပ်နိုင်တာပဲ... ဒါပေမဲ့ အဲ့ဒါက ကုန်ကျစရိတ်များလွန်းတယ်... နင့်လိုမျိုး အဆင့်နိမ့်တာအိုဆရာတွေက ဒီလိုမျိုး အထူးအခွင့်အရေးတွေကို ခံစားခွင့်မရှိဘူး... ကောင်းကင်သက်ရှိတွေဖြစ်တဲ့ အဆင့်မြင့်တာအိုဆရာတွေကလည်း သူတို့ရဲ့ အသက်ကို ကယ်တင်ဖို့ ဒီလိုမျိုး နည်းလမ်းတွေကို လိုအပ်မှာ မဟုတ်ဘူး... အဲ့လိုမျိုး ဒဏ်ရာတွေက သူတို့အတွက် ဘာမှမဟုတ်ဘူး”
ချီရွှမ်းစုက သူ့စိတ်ကို စုစည်းပြီး သတိထားကာ မေးလိုက်သည်။
“အဲ့ဒါက ကုန်ကျစရိတ်များတယ်လား... ခင်ဗျားက အဲ့ဒီဆေးဖိုးဝါးခကို အရင်စိုက်ထားပေးပြီး ကျုပ်ကို ကူညီပေးခဲ့တာလား”
အစ်မချီက သူ့ကို မျက်လုံးစွေကြည့်လိုက်၏။
“အဲ့လိုမျိုးပဲ ဆိုပါတော့... ချင်းဖျင်အသင်းက ကုန်ကျစရိတ်အများစုကို စိုက်ပေးထားရတုန်းပဲ… အဲ့ဒါကြောင့် နင် ချင်းဖျင်အသင်းကနေ မထွက်ခင် နင့်ရဲ့အကြွေးတွေကို ပြန်ဆပ်ဖို့လိုတယ်... အဲ့ဒါကြောင့် နင့်ရဲ့အကြွေးတွေကို မှတ်မိနေအောင် ငါ နင့်ကို ရွှေသွန်းဓားဆိုတဲ့ အမည်ဝှက် ပေးထားတာပဲ... ရှင်းရှင်းပြောရရင်တော့ ချီရွှမ်းစု... နင် ငါ့အပေါ်မှာ တင်နေတဲ့ အကြွေးတွေကို ပြန်ဆပ်ရလိမ့်မယ်။”
အခန်း ၁၉၀ - ဖေးလုံတည်းခိုခန်း
ဆားကန်က တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဘေးဘီဝဲယာမှာ လူသူကင်းမဲ့သော သဲမြေပြင်နှင့် ကြမ်းတမ်းသော ပိုပလာသစ်ပင်များကလွဲလျှင် တခြားမည်သည့်အရာကိုမှ တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။ ချီရွှမ်းစုသည် နေ့ဘက် နေပူထဲမှာ ခရီးသွားပြီး ညဘက်မှာ အိပ်စက်ရမည့်အစား ချီကို ကျင့်ကြံနေသည်။
တကယ်တော့ တစ်ယောက်တည်း ခရီးသွားလာခြင်းက မလွယ်ကူပေ။ ကောင်းကင်သက်ရှိများသာ ဘာကိုမှ ဂရုမစိုက်ဘဲ လှည့်လည်သွားလာနိုင်ကြသည်။ သာမန်ခရီးသွားများသည် တစ်ယောက်တည်းသွားခြင်းဖြင့် အထီးကျန်မှုနှင့် ပင်ပန်းနွမ်းလျမှုကို သည်းခံရပေမည်။
သို့သော် အထီးကျန်မှုမှာ အားသာချက်လည်း ရှိသည်။ စိတ်အာရုံ ပျံ့လွင့်မှုမရှိဘဲ သူတို့၏ရည်မှန်းချက်ကို အပြည့်အဝ အာရုံစိုက်နိုင်သည်။ ချီရွှမ်းစုက မြောက်ဘက်ကို ဦးတည်သွားသည်။ ညတိုင်းမှာ သူက လေလွင့်ကျင့်ကြံသူများ၏ ကျင့်စဉ်နည်းလမ်းများကို သုံးပြီး သူ၏ကိုယ်တွင်းအင်္ဂါများကို ထိန်းညှိခြင်း၊ တရားထိုင်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းများကို ပြုလုပ်သည်။
ရွှမ်ကျောက်စိမ်းနှင့် ဆေးဝါးသေရည်ကြောင့် ချီရွှမ်းစုသည် သူ၏အလယ်ဒါန်ထျန်မှာ လှည့်ပတ်နေသည့် ချီများကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။ သူ၏ ကျင့်ကြံမှုကလည်း ခုန်ပေါက်၍ မြင့်တက်လာ၏။ ယခုအချိန်တွင် နောက်ဆုံးအဟန့်အတားကို မချိုးဖျက်နိုင်သေးသော်လည်း သူက မြင့်မြတ်သန္ဓေလောင်းနယ်ပယ်နှင့် ခြေတစ်လှမ်းပြီးတစ်လှမ်း ပိုမိုနီးကပ်လာပြီ ဖြစ်သည်။
ချီရွှမ်းစုသည် ခြောက်ရက်ကြာ ခရီးသွားပြီးနောက် ဆားကန်၏အစပ်ကို ရောက်လုနီးပါးဖြစ်လာ၏။ သို့သော်လည်း ကောင်းကင်အရောင်က ရုတ်တရက် ပြောင်းလဲသွားသည်။ ကြီးမားသော သဲမုန်တိုင်းတစ်ခုက ချဉ်းကပ်လာနေပြီဖြစ်သည်။ ချီရွှမ်းစုသည် သဲမုန်တိုင်းကို အံမတုနိုင်သည့်အတွက် ခိုလှုံစရာ နေရာတစ်ခုကို တတ်နိုင်သမျှမျှမြန်မြန် ရှာဖွေရပေမည်။
သိပ်မကြာခင် ခပ်လှမ်းလှမ်းမှာ လွှင့်ထူထားသည့် ကြီးမားသော အလံတစ်ခုကို တွေ့မြင်သွား၏။ အလံရွက်ပေါ်မှာ ဖေးလုံတည်းခိုခန်း ဟူ၍ ကြီးမားသော စာလုံးကို ရေးထိုးထားသည်။
ဂိုဘီသဲကန္တာရမှာ တည်ရှိသော တည်းခိုခန်းများသည် မြို့ကြီးများမှာ တွေ့ရသော ထိုက်ဖျင်တည်းခိုခန်းနှင့် အတော်လေး ကွာခြားသည်။ သိပ်သည်းဆ မြင့်မားသော မြေစေးဖြင့် ပြုလုပ်ထားသည့် အဆောက်အအုံမှာ အထပ်နှစ်ထပ် ပါရှိသည်။ အပြင်ဘက်မှာ သောင်းပြောင်းထွေလာ ပစ္စည်းများနှင့် မြင်းများထားရန် ခြံဝင်းနှစ်ခု ရှိလေသည်။ သဲမုန်တိုင်းတချို့သည် အဆောက်အအုံများကိုပင် ဖျက်ဆီးပစ်နိုင်သောကြောင့် ကန္တာရထဲမှ တည်းခိုခန်းအများစုမှာ ခိုလှုံစရာ မြေအောက်ခန်းများ ရှိတတ်သည်။
အလံတိုင်ကို ခြံဝင်း၏အလယ်မှာ စိုက်ထူထား၏။ ချီရွှမ်းစုက တည်းခိုခန်းထဲသို့ ဝင်ရောက်လာသည်။ ကန္တာရထဲရှိ သန်မာသော လေနှင့် သဲတို့ကြောင့် ပြတင်းပေါက်များကို အလွန်သေးငယ်စွာ ပြုလုပ်ထားပြီး ယခုအချိန်တွင် ဧည့်ကြိုခန်းက အတော်လေး မှောင်နေသည်။ ဤနေရာသည် မြို့ကြီးများက နာမည်ကြီးဆိုင်များနှင့် မတူဘဲ မိသားစုတစ်နိုင်တစ်ပိုင် ဆိုင်ငယ်လေးဖြစ်သည်။
ဆိုင်ရှင်နှင့် သူ့ဇနီးက ကောင်တာနောက်ဘက် အမှောင်ရိပ်ထဲမှာ မတ်တတ်ရပ်နေကြ၏။ ဆိုင်ရှင်က ပိန်ပိန်ပါးပါးဖြစ်ပြီး သူ့ခန္ဓာကိုယ်နှင့် အတော်လေး ချောင်ချိသည့် ခပ်ပွပွဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ့ဇနီးသည် ရှိသင့်သည့် နေရာများမှာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ် ရှိထားသည့် ပြည့်ပြည့်ဖြိုးဖြိုး မိန်းမတစ်ဦး ဖြစ်သည်။
ဆိုင်ရှင်က ချီရွှမ်းစုကို ကြည့်ပြီး မှင်တက်သွား၏။ ကန္တာရထဲမှာ နှစ်ပေါင်းများစွာကြာအောင် တည်းခိုခန်းတစ်ခု ဖွင့်ထားနိုင်သည့်အတွက် ဆိုင်ရှင်က သာမန်လူ မဟုတ်ပေ။ သူ့မှာ လျှို့ဝှက်ဆန်းကြယ် စွမ်းရည်တချို့ ရှိထားပြီး လူတစ်ယောက်၏ အော်ရာကို ထွင်းဖောက်မြင်နိုင်သည်။ ထို့ကြောင့် ချီရွှမ်းစုမှာ သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာ ရှိသည်ကို ဆိုင်ရှင်က တစ်ချက်ကြည့်ရုံနှင့် ပြောနိုင်သည်။
လူတစ်ယောက်က အသက်များစွာကို သတ်ဖြတ်ဖူးလျှင် သူ့မှာ သတ်ဖြတ်ခြင်းအော်ရာတစ်ခုက အလိုအလျောက် ရှိလာပေလိမ့်မည်။ ဥပမာအားဖြင့် အသက်မွေးဝမ်းကျောင်းအတွက် တိရစ္ဆာန်များစွာကို သတ်ဖြတ်ရသော သားသတ်သမားများမှာလည်း သန်မာသော သတ်ဖြတ်ခြင်းအော်ရာတစ်ခု ရှိသည်။ ထို့ကြောင့် သာမန်သရဲတစ္ဆေများက သူတို့အနားကို ချဉ်းကပ်နိုင်လိမ့်မည် မဟုတ်ပေ။ ဝါရင့်လူသတ်သမားတစ်ဦးမှာလည်း ဆိုးယုတ်စိတ်ဝိညာဉ်များကို တွန်းလှန်ထုတ်နိုင်သည့် သတ်ဖြတ်ခြင်းအော်ရာ ရှိလေသည်။
ချီရွှမ်းစု၏ ချုပ်တည်းထားသော သတ်ဖြတ်ခြင်းအော်ရာကို ခပ်ဖျော့ဖျော့ အနီရောင်အဖြစ်သာ ဆိုင်ရှင်က တွေ့မြင်နိုင်သည်။ သို့သော်လည်း သူက ထဲထဲဝင်ဝင် မခွဲခြားနိုင်ပေ။ ထိုသို့ဖြင့် ဤလူငယ်က လက်သင်တစ်ဦးမဟုတ်ဘဲ အတွေ့အကြုံရှိ ခရီးသွားတစ်ဦးဖြစ်ကြောင်း ဆိုင်ရှင်က သိလိုက်သည်။
ဤအချိန်မှာ ဆိုင်ရှင်မိန်းမက ကောင်တာနောက်ကနေ ထွက်လာပြီး ချီရွှမ်းစုကို နှုတ်ဆက်လိုက်၏။
“လူကြီးမင်း... တည်းခိုဖို့ နေရာတစ်ခု ရှာနေတာပါလား”
ချီရွှမ်းစုသည် ဧည့်ကြိုခန်းထဲမှ ဧည့်သည်တစ်အုပ်စုကို သတိထားမိသော်လည်း သူတို့က ထောင့်တစ်နေရာမှာ ထိုင်နေကြသည်။ ယခု အပြင်ဘက်က မှောင်နေပြီး အထဲမှာလည်း မီးအိမ်များ မရှိသည့်အတွက် သူတို့က မှောင်ရိပ်ထဲမှာ ကောင်းကောင်းအောင်းနေနိုင်သည်။
ဤလူအုပ်စုသည် အနက်ရောင် ပိတ်ဦးထုပ်များ၊ ရွှေချည်ငွေချည် ပန်းထိုးဝတ်ရုံများနှင့် အရာရှိဖိနပ်များကို ဝတ်ဆင်ထားကြသည်။ သူတို့က လက်နက်များကိုလည်း ကိုင်ဆောင်ထားကြ၏။
သူတို့က ဖီးနစ်စိမ်းတပ်ဖွဲ့ ဖြစ်လေသည်။
ဧည့်ကြိုခန်းထဲမှာ တပ်သား ၂၀ကျော်ရှိပြီး သူတို့က စားပွဲဝိုင်း သုံးဝိုင်းခွဲပြီး ထိုင်နေကြသည်။ သူတို့၏ခေါင်းဆောင်က စားပွဲတစ်ဝိုင်းမှာ တစ်ယောက်တည်း ထိုင်နေသည့် ဆံဖြူလူအိုကြီးတစ်ယောက် ဖြစ်သည်။ သူက လက်ကျဉ်း အစိမ်းရောင်ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ပြီး ကြေးဖီးနစ်ခေါင်းခါးပတ်ကို ပတ်ထားသည်။ သုံးပေသာသာ ရှည်သော သူ့ဆေဘာကို ခါးမှာ ချိတ်ဆွဲထားလေသည်။ သူ့ဆေဘာကို ဓားအိမ်ထဲ ထည့်ထားသော်လည်း ပုံသဏ္ဌာန် သိသာနေ၏။ ဆေဘာ၏ ကျောရိုးက ဖြောင့်စင်းပြီး အသွားကိုသာ အနည်းငယ် ကွေးညွှတ်ထားသည်။
၎င်းသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ စံသတ်မှတ် ဝတ်စုံဖြစ်သည်။
ချီရွှမ်းစုက ဖီးနစ်စိမ်းတပ်သားတစ်အုပ်စုကို ကြည့်နေစဉ် ဆံဖြူလူအိုကြီးကလည်း ချီရွှမ်းစုကို ပြန်ကြည့်ပြီး မေးလိုက်သည်။
“ခင်ဗျားက တာအိုဂိုဏ်းတော်ကလား”
သူ့အဝတ်အစားများသည် ကျောက်စိမ်းနေပြည်တော်မှာသာ ရောင်းသည့် အဝတ်များ ဖြစ်သည့်အတွက် သူ၏ သရုပ်သကန်ကို ခန့်မှန်းဖို့ လွယ်သွားသည်ကို ချီရွှမ်းစုက သိထားသည်။ သို့သော်လည်း သူ၏ တခြားအဝတ်အစားများက ကျန်းယွဲ့လု၏ မှော်သိုလှောင်ပစ္စည်းထဲ ပါသွားပြီး လတ်တလော သူ့မှာ လဲလှယ်စရာ တခြားဝတ်စုံ မရှိပေ။ ထို့ကြောင့် သူက မရေမရာသာ ဖြေပေးလိုက်၏။
“ကျုပ် တောင်းပန်ပါတယ်... ပြောပြလို့ မဖြစ်လို့ပါ”
ဆံဖြူလူအိုကြီးက တွေးတွေးဆဆဖြင့် ခေါင်းညိတ်ပြီး ထပ်မံ၍ မမေးတော့ပေ။
ချီရွှမ်းစုက ဆိုင်ရှင်မိန်းမကို ကြည့်ပြီး ပြောလိုက်သည်။
“ကျုပ် အိပ်ခန်းတစ်ခန်းနဲ့ အရက်ဖြူတစ်ပိုင်း လိုချင်တယ်... ရေလုံးဝ မရောပါနဲ့... နောက်ပြီး အမဲနှပ်တစ်ပွဲလည်း လိုချင်တယ်... ခင်ဗျားတို့မှာ အမဲသားမရှိဘူးဆိုရင် သိုးသားဆိုလည်း ရတယ်”
(ဤဇာတ်လမ်းမှာ တစ်ပုလင်းက တစ်လီတာဖြစ်ပြီး တစ်ပိုင်းဆိုတာက လီတာဝက်ပါ။)
ဆိုင်ရှင်မိန်းမက တုံ့ပြန်ပြောဆိုလိုက်၏။
“လူကြီးမင်း... မစိုးရိမ်ပါနဲ့... ကျွန်မတို့ဆိုင်က သေးငယ်ပေမဲ့ ရိုးသားမှု ရှိပါတယ်... အရက်ထဲကို ရေရောတာမျိုး ကျွန်မတို့ ဘယ်တော့မှ မလုပ်ပါဘူး”
စကားပြောရင်း ဆိုင်ရှင်မိန်းမက ကောင်တာနောက်ဘက်မှာရှိသော သေရည်အိုးကြီးထဲကနေ သံဖြူကရားတစ်ခုထဲသို့ သေရည်တစ်ပိုင်းကို မြန်မြန်ဆန်ဆန် လောင်းထည့်ပေးလိုက်သည်။ ထို့နောက် ဆိုင်ရှင်က တစ်ဖက်ကိုလှည့်ပြီး အသားချက်ရန် မီးဖိုခန်းထဲကို ဝင်သွားသည်။
ချီရွှမ်းစုက ကရားကို ယူပြီး မေးလိုက်သည်။
“အားလုံးပေါင်း ဘယ်လောက်ကျလဲ”
“အခန်းခ ရူယီဒင်္ဂါး ၇၀၊ သေရည်က ရူယီဒင်္ဂါး ၄၂၊ အမဲသားက ရူယီဒင်္ဂါး ၅၆ ကျပါတယ်... အားလုံးကိုပေါင်းပြီး ဖြည့်တွက်လိုက်ရင် ရူယီဒင်္ဂါး ၁၈၀ ကျပါလိမ့်မယ်”
ဆိုင်ရှင်မိန်းမက ကျသင့်ငွေကို တွက်ချက်ပြီးသွားပြီဖြစ်သည်။
ချီရွှမ်းစုက ငွေဒင်္ဂါးအသေးနှစ်ပြားကို ကောင်တာပေါ် တင်ပေးလိုက်သည်။
“၂၀၀ ယူလိုက်... ပြန်မအမ်းနဲ့တော့”
ဆိုင်ရှင်မိန်းမက ငြင်းဆန်ခြင်းမရှိပေ။ သူမက ရူယီဒင်္ဂါး ၂၀၀တန်သော ထိုက်ဖျင်ဒင်္ဂါးအသေးနှစ်ပြားကို ယူပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
ချီရွှမ်းစုက စားသောက်ပြီးမှ အပေါ်ကို တက်မည်ဟု တွေးပြီး အနားယူဖို့ အလောတကြီး ရှိမနေပေ။
သိပ်မကြာခင် တည်းခိုခန်းတံခါးကို အပြင်ကနေ ရုတ်တရက် တွန်းဖွင့်လိုက်သည်။ ပြင်းထန်သော လေနှင့်သဲများက ဧည့်ကြိုခန်းထဲကို ဝင်ရောက်လာ၏။ ထို့နောက် လူတစ်အုပ်စုက ဖြည်းဖြည်းချင်း ဝင်ရောက်လာကြလေသည်။
ဤလူအုပ်စုက ထူးဆန်းပြီး လူပေါင်းစုံ ရောနှောပါဝင်နေ၏။ ကွန်ဖြူးရှပ် စာပေသမားတစ်ဦး၊ တာအိုဆရာတစ်ဦး၊ ဘုန်းကြီးတစ်ဦးနှင့် အရပ်ဝတ်အမျိုးသမီးတချို့ ဖြစ်သည်။
ဆံဖြူလူအိုကြီးက ဤလူအုပ်စုကို ကြည့်ပြီး သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။ ထူးဆန်းသော ဤလူအုပ်စုသည် ကောင်းကင်ဘုံနန်းတော်ဟုခေါ်သော လျှို့ဝှက်အသင်းအဖွဲ့တစ်ခုမှ ဖြစ်သည်။
ကောင်းကင်ဘုံနန်းတော်ကို လှည့်စားတတ်သော လူလိမ်တစ်အုပ်စုဖြင့် ဖွဲ့စည်းထားပြီး သူတို့သည် တာအိုဂိုဏ်းတော်၊ မဟာယာနဗုဒ္ဓဂိုဏ်း၊ ကွန်ဖြူးရှပ်ကျောင်းတော်၊ နတ်ဆရာဂိုဏ်းနှင့် အနောက်တိုင်း မွန်မြတ်သန့်စင်နန်းတော်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးမည်ဟု ကြွေးကြော်ထားသည်။ သူတို့သည် ကွန်ဖြူးရှပ်ကျောင်းတော်နှင့် တာအိုဂိုဏ်းတော်က ခေါင်းဆောင်များ မလုပ်နိုင်ခဲ့သည့် ဘာသာကြီးသုံးခု ပေါင်းစည်းမှုကို ဖော်ဆောင်ပေးမည်ဟုလည်း ကြွေးကြော်ထားသည်။
သို့သော် ကျိကွမ်းအသင်း၊ ကံကြမ္မာအယူဝါဒဂိုဏ်း၊ လင်းရှန်စုန်းကဝေဂိုဏ်းတို့နှင့် မတူသည်မှာ ကောင်းကင်ဘုံနန်းတော်သည် သွေးယဇ်ပူဇော်မှုများ၊ သက်ရှိဝိညာဉ်များနှင့် ပူဇော်ပသစွမ်းအားတို့ကို မလိုအပ်ပေ။ သူတို့က ငွေကြေးအသပြာကိုသာ ပိုမိုနှစ်သက်သဘောကျသည်။ သူတို့သည် လူပေါင်းသိန်းချီကို လိမ်လည်လှည့်စားပြီး ဥစ္စာဓနနှင့် ငွေကြေးအသပြာကို အရူးအမူး စုဆောင်းကြသည်။
ထိုသို့ဖြင့် တိုင်းပြည်များနှင့် အများလူထုကို ပျက်စီးထိခိုက်မှု ဖြစ်စေသော ဤလျှို့ဝှက်အသင်းအဖွဲ့ကို အင်ပါယာနန်းတော်က အဓိကထား ချေမှုန်းသုတ်သင်နေသည်။ လက်တုံ့ပြန်သည့်အနေဖြင့် ကောင်းကင်ဘုံနန်းတော်သည် ပုန်ကန်ထကြွမှု အတော်များများကို စတင်ခဲ့သော်လည်း သူတို့အများစုက ဝတ်ရုံနက်များကို မယှဉ်နိုင်ကြပေ။ ထို့ကြောင့် ဖီးနစ်စိမ်းတပ်ဖွဲ့နှင့် ကောင်းကင်ဘုံနန်းတော်ကြား ဆက်ဆံရေးက မီးနှင့်ရေကဲ့သို့ ဖြစ်သည်။
သူတို့၏ ယုံကြည်မှုများကို ခိုးယူပြီး တာအိုနတ်ဘုရားများကို အမည်ဖျက် ပြောင်းလဲပစ်သည့်အတွက် တာအိုဂိုဏ်းတော်ကလည်း ကောင်းကင်ဘုံနန်းတော်ကို သဘောမကျပေ။ တာအိုဝါဒမှာ ရှေးဦးမူလ တာအိုဘိုးဘေးသည် အမြင့်မားဆုံး ကြည်ညိုလေးစားမှုကို ရရှိသည်။ ကောင်းကင်ဧကရာဇ်နှင့် အခြားသော နတ်များပင် ရှေးဦးမူလ တာအိုဘိုးဘေး၏ အောက်မှာ ရပ်တည်ရသည်။
သို့သော်လည်း ကောင်းကင်ဘုံနန်းတော်က အင်ပါယာနန်းတော်ကို အတုခိုးပြီး နတ်ဘုရားနန်းတော်ကို ဖွဲ့စည်းထားသည်။ ဤနန်းတော်မှာ ကျောက်စိမ်းဧကရာဇ်က အန္တိမခေါင်းဆောင်ဖြစ်ပြီး ရှေးဦးမူလ တာအိုဘိုးဘေး၊ မဟာယာနဗုဒ္ဓနှင့် အခြားသော ယုံကြည်ကိုးကွယ်မှုများမှ နတ်ဘုရားများ အပါအဝင် အခြားသော နတ်များအားလုံးကို မှူးမတ်များနှင့် ဝန်ကြီးများအဖြစ် လျှော့ချထားသည်။
ချင်းဖျင်အသင်းတော်လိုပင် ကောင်းကင်ဘုံနန်းတော် အဖွဲ့ဝင်များကလည်း နာမည်ဝှက်များကို သုံးကြသည်။ သူတို့၏ နာမည်ဝှက်များသည် များသောအားဖြင့် အမျိုးမျိုးသော နတ်များကို အစွဲပြုကာ ယူထားခြင်းဖြစ်သည်။
ကောင်းကင်ဘုံနန်းတော်သည် တာအိုဂိုဏ်းတော်၏ လက်ထောက်မဟာအကြီးအကဲ သုံးဦးကိုလည်း တုပပြီး ကောင်းကင်အရာရှိမင်း၊ မြေကမ္ဘာအရာရှိမင်းနှင့် ရေအရာရှိမင်း ဟူသော အရာရှိမင်း သုံးပါးကို ဖွဲ့စည်းထားသည်။
တာအိုဝါဒမှာ ပွဲတော်ကြီး သုံးခုရှိပြီး အမည်အားဖြင့် ကောင်းကင်နတ်မင်း၏ မွေးနေ့ဖြစ်သော ၁လပိုင်း ၁၅ရက်နေ့ ရှန့်ကွမ်ပွဲတော်၊ မြေကမ္ဘာနတ်မင်း၏ မွေးနေ့ဖြစ်သော ၇ပိုင်း ၁၅ရက်နေ့ ကျုံးယွမ်ပွဲတော်နှင့် ရေနတ်မင်း၏ မွေးနေ့ဖြစ်သော ၁၀ပိုင်း ၁၅နေ့ ရှယွမ်ပွဲတော်တို့ ဖြစ်သည်။
ကောင်းကင်ဘုံနန်းတော်သည် ဤနတ်မင်းသုံးပါးကို အစွဲပြုပြီး သူတို့ကို အရာရှိမင်းသုံးဦးဟု အမည်ပြန်ပေးထားခြင်း ဖြစ်သည်။ သူတို့၏ ရဲတင်းမှုနှင့် မဆင်မခြင်လုပ်တတ်ခြင်းက အကန့်အသတ်မရှိပေ။
ထို့ကြောင့်လည်း ကောင်းကင်ဘုံနန်းတော်က များသောအားဖြင့် တာအိုဂိုဏ်းတော်ကို ရန်မစရဲပေ။ သူတို့သည် တာအိုအဖွဲ့အစည်းမှာ တဗူးဖြစ်သော တာအိုနတ်များကို ယူပြီး နာမည်ဖျက်ထားသည်။ သို့သော်လည်း တာအိုဂိုဏ်းတော်သည် အတွင်းပိုင်း ယှဉ်ပြိုင်တိုက်ခိုက်မှုများနှင့် ရှေးဟောင်းအင်မော်တယ်များနှင့် ပတ်သက်ဆက်စပ်သည့် လျှို့ဝှက်အသင်းအဖွဲ့များနှင့် လုံးပမ်းနေရပြီး ကောင်းကင်ဘုံနန်းတော်ကို ချေမှုန်းသုတ်သင်ဖို့ အချိန်မရခဲ့ပေ။ တကယ်တော့ ကောင်းကင်ဘုံနန်းတော်သည် တာအိုဝါဒကို မလေးမစားပြုမူရုံသာမက မဟာယာနဗုဒ္ဓဝါဒကိုလည်း တူညီစွာ ပြုလုပ်ထားသည်။
တည်းခိုခန်းထဲသို့ ဝင်ရောက်လာသော ဤလူအုပ်စုက သိပ်ပြီး ခြိမ်းခြောက်ဖွယ်ရာ မကောင်းပေ။ သူတို့သည် တာအိုနတ် ၁၂ပါးဖြစ်သော ဟိတ်ဟန်သိပ်မရှိသည့် တင်းခြောက်ပါးနှင့် ကျားခြောက်ပါး၏ အမည်များကို ယူထားကြသည်။ တင်းခြောက်ပါးသည် ယင်နတ်ဘုရားမများဖြစ်ပြီး အမည်အားဖြင့် တင်းမောင်၊ တင်းယီ၊ တင်းဝေ၊ တင်းယို၊ တင်းဟိုင်နှင့် တင်းချောင်တို့ ဖြစ်သည်။ ကျားခြောက်ပါးသည် ယန်နတ်ဘုရားများ ဖြစ်ပြီး အမည်အားဖြင့် ကျားကျိ၊ ကျားရှု၊ ကျားရှန်၊ ကျားဝူ၊ ကျားချန်နှင့် ကျားယင်တို့ ဖြစ်သည်။
ဤလူစု၏ ခေါင်းဆောင်က ကျားရှန်ဖြစ်သည်။ သူက တည်းခိုခန်းကို အကဲခတ်ကြည့်ပြီး သူ့အကြည့်က ချီရွှမ်းစုအပေါ်မှာ ခဏမျှ ရပ်တန့်၍ နောက်ဆုံး ဆံဖြူလူအိုကြီးပေါ်သို့ ရောက်ရှိသွားသည်။
ဆံဖြူလူအိုကြီးက ထိုင်၍ အရက်သောက်နေဆဲဖြစ်သည်။
ကျားရှန်က အက်ကွဲနေသော အသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ငါတို့က လင်းယုန်ခြေသည်း တစ်အုပ်စုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး... ဒီလိုဆိုမှတော့လည်း သူတို့ကို အပြင်ဘက် နှင်းတောထဲ ပစ်ထုတ်လိုက်ရုံပေါ့”
ဆံဖြူလူအိုကြီးက တည်ငြိမ်စွာ ပြောလိုက်၏။
“မင်းတို့က တော်တော်ကို ရဲတင်းနေကြတာပဲ”
ကျားရှန်က မျက်လုံးကို မှေးကျဉ်းပြီး ဆံဖြူလူအိုကြီးကို ကြည့်လိုက်၏။
“ငါ့ကို အမှတ်အသားတစ်ခု ပေး”
ဆံဖြူလူအိုကြီးက သူ့လက်ထဲက သေရည်ခွက်ကို ချပြီး ပြောလိုက်သည်။
“ငါက ဖီးနစ်စိမ်းတပ်ဖွဲ့ရဲ့ တပ်မှူးတစ်ဦးမို့လို့ ဗန်းစကား မပြောဘူး... ငါ့နာမည်က စွေ့ဖန်”
ချက်ချင်းပင် ဖီးနစ်စိမ်းတပ်သားများ အားလုံးက သူတို့၏ ဓားရိုးများနှင့် သေနတ်များကို ကိုင်ဆွဲလိုက်ကြသည်။ ကျားရှန်၏ နောက်ဘက်မှ လူများကလည်း ဓားများ၊ လှံများ၊ တစ်ဖက်သွားဓားများ၊ လှံပုဆိန်များနှင့် သေနတ်များ အပါအဝင် သူတို့၏လက်နက်များကို ကိုင်ဆွဲလိုက်ကြ၏။
နှစ်ဖက်စလုံးက အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေကြသည်။
ချီရွှမ်းစုက ပါဝင်ပတ်သက်ဖို့ စိတ်ကူးမရှိဘဲ ဘေးတစ်ဖက်သို့ ဆုတ်ကာ သေရည်ကို ဖြည်းဖြည်းချင်း သောက်နေသည်။