အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အခန်း ၁၈၃ - ဝူလော
တာအိုဆရာအိုကြီးက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။ အစစ်အမှန်အရှင်စစ်မင်၏ နတ်ဘုရားစွမ်းအား ကုန်ဆုံးသွားမည်ကို ဂရုမစိုက်သည့်အလား သူက အလောတကြီး ရှိမနေချေ။
အစစ်အမှန်အရှင်စစ်မင်၏ နတ်ဘုရားစွမ်းအားသည် ဘဝနှင့် သေဆုံးခြင်းကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည်။ တိုက်ခိုက်သူမှာ အစစ်အမှန်အရှင်စစ်မင်နှင့် ယှဉ်နိုင်သော ကျင့်ကြံမှုအဆင့် မရှိသရွေ့ ဘယ်လို ပျက်စီးထိခိုက်မှုကမှ ဤနတ်ဘုရားစွမ်းအားကို ကုန်ဆုံးစေနိုင်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် အဆင့်-၄ တာအိုဆရာများက တိုက်ပွဲထဲမှာ ဝင်မပါလိုကြခြင်း ဖြစ်သည်။ ဤပြဿနာကို ရှာခဲ့သည့်သူက ကျန်းယွဲ့လု ဖြစ်သောကြောင့် သူမကသာ အကျိုးဆက်ကို တစ်ယောက်တည်းခံယူပြီး အခြားသူများအား မငြိစွန်းစေသင့်ဟု သူတို့က တွေးထားကြ၏။
တာအိုဆရာအိုကြီးသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းမှ သူ၏ရောင်းရင်းအဖွဲ့ဝင်များကို သတ်ဖြတ်သည့်အတွက် ကျန်းယွဲ့လုကို လက်စားချေချင်သည်ဟု ဆိုသော်လည်း သူမကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုထားသည်။ ဒါ့အပြင် ဘေးကနေ စောင့်ကြည့်နေသည့် အဆင့်-၄ တာအိုဆရာများကိုလည်း သူက ထပ်တလဲလဲ လှောင်ပြောင်နေခဲ့၏။
ဤလူအိုကြီးသည် သူ့တစ်ဘဝလုံး တာအိုအဖွဲ့အစည်းမှာ ရှင်သန်နေထိုင်လာခဲ့သည်။ သူက နောက်ဆုံး မျှော်လင့်ချက် ကုန်ဆုံးသွားသည့်အချိန်မှာ လျှို့ဝှက်အသင်းအဖွဲ့တစ်ခုသို့ ဝင်ရောက်ခဲ့လျှင်တောင် ဆယ်စုနှစ်များစွာကြာ အရိုးစွဲလာခဲ့သော တာအိုဝါဒ သင်ကြားပြသမှုများနှင့် အလေ့အကျင့်များကြောင့် သူက အခြေခံအားဖြင့် တာအိုဆရာတစ်ဦး ဖြစ်နေဆဲပင်။
တာအိုဆရာအိုကြီးက လှောင်ရယ်လိုက်၏။
“ပညာရှိကျန်း... ငါ မင်းကိုသတ်ဖို့ အလောတကြီး မရှိပါဘူး... မင်းကို လက်စားချေတာက ကြုံကြိုက်တဲ့ တာဝန်တစ်ခုပဲ... ငါ့ရဲ့အဓိကတာဝန်က ဒီဝေဟင်ပျံသင်္ဘောကို ဖျက်ဆီးပြီး တာအိုဂိုဏ်းတော်ကို တုန်လှုပ်သွားစေဖို့ပဲ”
လူတိုင်း၏ အမူအရာက ပြောင်းလဲသွားကြသည်။
ဝေဟင်ပျံသင်္ဘော ဖျက်ဆီးခံရမည်ဆိုလျှင် သူတို့က လေပေါ်ပျံနိုင်သည့် ကောင်းကင်သက်ရှိများ မဟုတ်သရွေ့ မည်သူကမှ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
ကျန်းယွဲ့လုက အော်ပြောလိုက်၏။
“ဝေဟင်ပျံသင်္ဘောက ကြီးကြပ်ရေးမှူးကို အခုပဲ အရေးပေါ် ဆင်းသက်ခိုင်းလိုက်”
တာအိုဆရာအိုကြီးက လှောင်ပြုံးပြုံးလိုက်၏။
“အခုမှတော့ နောက်ကျသွားပြီ”
ဤအချိန်မှာ အဆင့်-၄ တာအိုဆရာတစ်ဦးက အော်ပြောလိုက်၏။
“အားလုံးပဲ ဘာကိုစောင့်နေကြတာလဲ... မင်းတို့ ဒီနေရာမှာ အသေခံကြမလို့လား”
ထိုအခါမှ အဆင့်-၄ တာအိုဆရာများသည် နောက်ဆုံးမှာ တာအိုဆရာအိုကြီးကို ဝိုင်းပတ်လာကြ၏။ သို့သော်လည်း တာအိုဆရာအိုကြီး ပြောသည့်အတိုင်း နောက်ကျသွားပြီဖြစ်၏။
ယခင်က တာအိုဆရာအိုကြီးသည် သူ၏ ရွှေရောင်နတ်ဘုရားစွမ်းအား အလင်းတန်းကို သုံးပြီး ယာဉ်ဦးစွန်းမှာ အပေါက်တစ်ပေါက် ဖြစ်စေပြီး ဝေဟင်ပျံသင်္ဘော၏ ဝင်္ကပါကို ဖျက်ဆီးနေခဲ့သည်။ အဲ့ဒါက အမှတ်တမဲ့ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ ဝေဟင်ပျံသင်္ဘောကို အရေးပေါ် မဆင်းသက်နိုင်အောင် တွက်ချက်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပုံမှန်အခြေအနေမှာဆိုလျှင် ဝေဟင်ပျံသင်္ဘော၏ ကြီးကြပ်ရေးမှူးသည် ဒေသဆိုင်ရာ တာအိုစံအိမ်သို့ ဆက်သွယ်ကာ အကူအညီတောင်းနိုင်သည်။ ကောင်းကင်သက်ရှိတစ်ဦး သူတို့ကို ထောက်ကူဖို့ ရောက်လာမည်ဆိုလျှင် သူတို့က ဤလူအိုကြီးကို အလွယ်တကူ အနိုင်ယူနိုင်သည်။
သို့သော် ခွန်လွင်တာအိုစံအိမ်သည် ဤနေရာမှာ တပ်ဖြန့်ထားခြင်း မရှိဘဲ သူတို့၏ လူသူအင်အားအများစုကို ခွန်လွင်တောင်ကြောလမ်းသို့ ရွှေ့ပြောင်းပေးထားသည်။ ထို့သို့ဖြင့် ဤအခိုက်အတန့်မှာ မည်သူကမှ သူတို့ကို ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။
လူတိုင်းက တွေဝေခြင်းမရှိဘဲ တာအိုဆရာအိုကြီးကို ဝိုင်းထားလိုက်ကြ၏။ သို့သော် လူအိုကြီးက ဘယ်လောက်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိထားသည်ဖြစ်စေ သူက သေနိုင်မည် မဟုတ်ချေ။ လူအိုကြီးက လူပုံစံနှင့် ဆက်လက်၍ မတူတော့ပေ။ မျက်လုံးတစ်လုံးက ၎င်း၏ မျက်တွင်းအိမ်ထဲကနေ ထွက်ကျပြီး အနက်ရောင် ဟောင်းလောင်းပေါက်သာ ကျန်ခဲ့သည်။ ထိုအတွင်းဒဏ်ရာကြောင့် ရထားသော သူ့နဖူးပေါ်ရှိ ဟက်တက်ကွဲဒဏ်ရာကနေ အနက်ရောင် မီးခိုးများက အဆက်မပြတ် ထွက်နေ၏။
သူ့လက်နှစ်ဖက် အရေပြားအောက်ရှိ သွေးကြောများက လူးလွန့်နေသော ရှည်မျောမျော မြွေများနှင့် တူနေ၏။ ပို၍ပင် ကြောက်စရာကောင်းသည်မှာ သူ့ကျောကနေ ဘုကြီးတစ်ဖု ပြူထွက်နေခြင်း ဖြစ်သည်။ ထိုဘုကြီးမှာ မရှင်းလင်းသော မျက်နှာပုံစံ အရေးအကြောင်းများပင် ရှိနေ၏။
“သူ့ကို သင်္ဘောပေါ်ကနေ ပစ်ချလိုက်”
တစ်ယောက်က အော်ပြောလိုက်၏။
တာအိုဆရာအိုကြီးက ဆက်လက်၍ ထိန်းချန်မထားတော့ပေ။ ရွှေရောင်နတ်ဘုရားစွမ်းအားတစ်ခုက သူ့ကို လွှမ်းခြုံထားပြီး မည်သူကမှ သူ့အနားကို မချဉ်းကပ်နိုင်ကြပေ။
ဤအချိန်မှာ ကျန်းယွဲ့လုက သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ ရွှေရောင်အဆောင်တစ်ခုကို ထုတ်ယူလိုက်၏။ တာကျန်းစံအိမ်ကို အလည်သွားစဉ်က သူမအား ကောင်းကင်ဆရာသခင် ပေးအပ်ချီးမြှင့်ခဲ့သော အဆောင်ဖြစ်သည်။ ကောင်းကင်ဆရာသခင်အတွက်တော့ ဤအဆောင်က အသေးစား ကိရိယာတစ်ခုမျှသာ ဖြစ်သော်လည်း ဤအဆောင်သည် ကောင်းကင်သက်ရှိတစ်ဦး မဖြစ်သေးသည့် မည်သူ့ကိုမဆို သတ်ဖြတ်နိုင်သည်။
ကောင်းကင်ဆရာသခင်က ကျန်းယွဲ့လုအား ဤအဆောင်ပေးခဲ့သည်မှာ သူမသည် ရှန်ချင်းစီရင်စုသို့ လာရာလမ်းတွင် လုပ်ကြံသတ်ဖြတ်မှုနှင့် ကြုံတွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျန်းယွဲ့လုက သူ့မျိုးဆက်ဖြစ်ပြီး သူ့မှာ စောင့်ရှောက်ပေးရမည့် တာဝန်ရှိလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဆရာသခင်သည် ဤချောင်းမြောင်းတိုက်ခိုက်မှု၏ နောက်ကွယ်မှ ကြိုးကိုင်သူကို စုံစမ်းဖော်ထုတ်ဖို့လည်း အမိန့်ထုတ်ပြန်ပေးထားသည်။
ကျန်းယီဂိုဏ်းတပည့်သားများက ဤအမိန့်ကို လျစ်လျူမရှုရဲဘဲ ချွမ်ကျန်းဂိုဏ်းတပည့်သားများကလည်း ကူညီထောက်ပံ့ပေးရသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည် ကြီးမားသည့် သဲလွန်စတစ်ခုကို ရှာတွေ့ခဲ့သော်လည်း ကြိုးကိုင်သူက အင်ပါယာနန်းတော်၏ ဗဟိုချက်မနယ်မြေဖြစ်သော အင်ပါယာနေပြည်တော်သို့ ထွက်ပြေးတိမ်းရှောင်သွားပြီ ဖြစ်သည်။
ပါဝင်ပတ်သက်သော နိုင်ငံရေး အခင်းအကျင်းများက ရှုပ်ထွေးနေပြီး ကြိုးကိုင်သူကို လက်ရဖမ်းဆီးဖို့အတွက် အချိန်အနည်းငယ် ယူရပေလိမ့်မည်။ ဤသည်မှာ သန်မာသော ကျောထောက်နောက်ခံ ရှိထားခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ ချောင်းမြောင်းတိုက်ခိုက်ခံရသူက ချီရွှမ်းစုသာ ဖြစ်မည်ဆိုလျှင် သူ့ကို မည်သူကမှ ကူညီပေးလိမ့်မည် မဟုတ်ဘဲ ဘယ်အချိန်မှာ လုပ်ကြံသတ်ဖြတ်သူများ ထပ်မံပေါ်ထွက်လာမလဲ သူက စိုးရိမ်နေရပေလိမ့်မည်။ သို့သော် ချောင်းမြောင်းတိုက်ခိုက်ခံရသူက ကျန်းယွဲ့လု ဖြစ်သောကြောင့် ကောင်းကင်ဆရာသခင်က သူမကို ကာကွယ်ပေးနိုင်သည်။
ကောင်းကင်ဆရာသခင်၏ ကာကွယ်ရေးအဆောင်ကို ဤမျှအထိ မြန်မြန်ဆန်ဆန် သုံးရလိမ့်မည်ဟု ကျန်းယွဲ့လု ထင်မှတ်မထားခဲ့ပေ။ ဤအဆောင်သည် အဆောင်တချို့ကို ပေါင်းစည်းထားခြင်းဖြစ်ပြီး အစီအရင်တစ်ခုလုံးကို ဟန်ချက်ညီစွာ ပေါင်းစပ်ဖို့အတွက် မြင့်မားသော ကျင့်ကြံမှုအဆင့်ကို လိုအပ်သည်။ ထို့ကြောင့် ဤအဆောင်ကို အသက်သွင်းဖို့ သိသာထင်ရှားသော ပင်ကိုယ်ချီ၊ သွေးချီ၊ ဉာဏ်ကွန့်မြူးမှု သို့မဟုတ် နတ်ဘုရားစွမ်းအားကိုလည်း လိုအပ်သည်။ ထိုသို့ဖြင့် ကျန်းယွဲ့လုက သူမ လက်ထဲရှိ အဆောင်ထဲသို့ သူမ၏ ပင်ကိုယ်ချီအများစုကို ပို့လွှတ်ပေးလိုက်၏။ အဆောင်က အလျှံညီးညီး အော်ရာတစ်ခုနှင့်အတူ ချက်ချင်းပင် တောက်ပလာသည်။ စက္ကူက ထွင်းဖောက်မတတ် ကြည်လင်လာပြီး ရေးဆွဲထားသော အဆောင်အင်းကွက်များကနေ ခရမ်းရောင်အလင်းတစ်ခု ဖြာထွက်လာ၏။
ထို့နောက် ချက်ချင်းပင် ကျန်းယွဲ့လုက တာအိုဆရာအိုကြီးကို အဆောင်နှင့် ပစ်ပေါက်လိုက်၏။ ချက်ချင်းပင် မိုးကြိုးငါးစင်းက နက်မှောင်နေသော တိမ်စိုင်များကို ထိုးဖောက်ပြီး ကောင်းကင်ထက်ကနေ ဆင်းသက်လာကြသည်။ မိုးကြိုးတစ်စင်းချင်းစီက လက်မောင်းလုံးလောက် တုတ်ခိုင်နေ၏။ တစ်ခဏချင်းမှာပင် သူတို့က ဝေဟင်ပျံသင်္ဘောကို ပစ်ချပြီး မိုးကြိုးလှောင်အိမ်တစ်ခုကဲ့သို့ တာအိုဆရာအိုကြီးကို ပိတ်လှောင်လိုက်သည်။
ဤအချင်းအရာမှာ တာအိုဆရာအိုကြီးက ဖြုံသွားခြင်း မရှိချေ။ သူက မိုးကြိုးလျှပ်စီးကြောင်းတစ်ခုကို လက်ဖြင့်ပင် လှမ်းစမ်းလိုက်၏။ သို့သော် အဲ့ဒါကို ထိမိသည်နှင့် လက်သီးဆုပ်အရွယ် ခရမ်းရောင် လျှပ်စီးမီးလုံးများစွာက အဘက်ဘက်ကို ဖြာထွက်ပြီး ကစဉ့်ကလျား လျှပ်စီးပင့်ကူအိမ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
နောက်ခဏ၌ ရေဆွဲပုံးလောက် တုတ်ခိုင်သော မိုးကြိုးစီးကြောင်းတစ်ခုက တာအိုဆရာအိုကြီး၏ ဦးခေါင်းပေါ်သို့ ဆင်းသက်သွားသည်။ ချက်ချင်းပင် ခံ့ညား၍ အကန့်အသတ်မဲ့သော ခရမ်းရောင်အလင်းကိုသာ သူတို့တွေ့မြင်ရတော့သည်။ ဤကဲ့သို့သော မိုးကြိုးသည် ကောင်းကင်သက်ရှိများကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်ပင် ၎င်းသည် ရှောင်းယောင်အဆင့်မှာ ရှိသော ကောင်းကင်သက်ရှိတစ်ဦးကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်ဆဲဖြစ်၏။
ဝေဟင်ပျံသင်္ဘောက နောက်တစ်ဖန် လှုပ်ခါသွားသော်လည်း မိုးကြိုးလျှပ်စီးသည် တာအိုဆရာအိုကြီးကို အဓိကထား တိုက်ခိုက်ခြင်းဖြစ်ပြီး ဝေဟင်ပျံသင်္ဘောအပေါ် သက်ရောက်မှုများစွာ မရှိချေ။
ကောင်းကင်ဆရာသခင်သည် ကောင်းကင်သက်ရှိများကို သတ်ဖြတ်နိုင်သည့် အဆောင်တစ်ခု သူမအား မပေးခဲ့ရခြင်းမှာ ထိုကဲ့သို့သော အဆောင်တစ်ခုကို အသက်သွင်းဖို့ စွမ်းအင်များစွာ ပိုမိုလိုအပ်သောကြောင့်ဖြစ်သည်။ ကျန်းယွဲ့လု၏ လက်ရှိခွန်အားဖြင့် ထိုကဲ့သို့သော သန်မာလွန်းသော အဆောင်တစ်ခုကို အသက်သွင်းနိုင်မည် မဟုတ်ချေ။
ခရမ်းရောင်အလင်းက ကျိန်းစပ်လွန်းနေ၏။ အလင်းရောင် ပျက်ပြယ်သွားသည့်အချိန်မှာ ချီရွှမ်းစုက မော့ကြည့်လိုက်သည်။ တာအိုဆရာအိုကြီးက တစ်စစီ ခြေမွှဖျက်ဆီးခံလိုက်ရသည့်အလား သူရပ်နေခဲ့သည့် နေရာတွင် လောင်ကျွမ်းထားသော အနက်ရောင် အမှတ်အသားတစ်ခုသာ ကျန်ခဲ့သည်။
လူအိုကြီးက ဒီလိုမျိုး အလွယ်တကူ သေသွားတာလား။
ချီရွှမ်းစုက ထိုခဏမှာ မယုံကြည်နိုင် ဖြစ်နေသည်။ မည်သို့ပင်ဆိုစေ တာအိုဆရာအိုကြီးက ယုံကြည်မှုရှိလွန်းနေပြီး သူက ဝေဟင်ပျံသင်္ဘောကို ဖျက်ဆီးပစ်နိုင်သည်ဟု အခိုင်အမာ ထုတ်ဖော်ပြောဆိုနေခဲ့သည်။ သူ့မှာ ရှေးဟောင်းအင်မော်တယ်နှစ်ပါး၏ နတ်ဘုရားစွမ်းအားပင် ရှိထားပြီး သူက ဘယ်လိုလုပ် ထိုကဲ့သို့ အလွယ်တကူ ပျောက်ကွယ်သွားနိုင်ပါ့မလဲ။
ဤအချိန်မှာ အဆင့်-၄ တာအိုဆရာတစ်ဦးက ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ လူတိုင်းက အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်ချိန် အဆင့်-၄ တာအိုဆရာ၏ ရင်ဘတ်ကို အရိုးစုလက်ဝါးတစ်ခုသည် နောက်ကျောကနေ ထိုးဖောက်ထားသည်ကို တွေ့မြင်လိုက်ရ၏။ အရိုးများသာ ကျန်တော့သည့် လက်ငါးချောင်းက အဆင့်-၄ တာအိုဆရာ၏ နှလုံးကို ဆုပ်ကိုင်ထား၏။
အနည်းငယ် တွန်းလိုက်ရုံနှင့် အဆင့်-၄ တာအိုဆရာက ယာဉ်ဦးစွန်းမှာ မှောက်လျက် လဲကျသွားပြီး နောက်မှာရှိသော ကိုယ်ကာယက ပေါ်ထွက်လာသည်။
ထိုကိုယ်ကာယ၏ နောက်ကျောပေါ်က ဘုကြီးကြောင့် မဟုတ်လျှင် ဤသတ္တဝါသည် စောစောက တာအိုဆရာအိုကြီး ဖြစ်လိမ့်မည်ဟု မည်သူကမှ ခွဲခြားနိုင်လိမ့်မည် မဟုတ်ပေ။
တာအိုဆရာအိုကြီး၏ ဝတ်ရုံနှင့် ဆံပင်က လျှပ်စီးမီးဖြင့် လောင်ကျွမ်းခံထားရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက မည်းတူးနေ၏။ မီးမြိုက်ခံထားရသည့် သူ့ခန္ဓာကိုယ်က အရေပြားသည် ခြောက်သွေ့နေသော သစ်ခေါက်များကဲ့သို့ အဆက်မပြတ် ကွာကျသွားပြီး အောက်ဘက်မှာ အသွေးအသားနှင့်ပင် မတူတော့သည့် ညိုမည်းနေသော ပျစ်ချွဲချွဲ ကိုယ်ကာယက ပေါ်ထွက်လာသည်။
တာအိုဆရာအိုကြီး၏ မျက်လုံးနှစ်လုံးနေရာမှာ ဗလာကျင်းနေသော မျက်တွင်းအိမ်နှစ်ခုသာ ကျန်တော့သည်။ မျက်တွင်းအိမ်ထဲမှာ အနက်ရောင် မီးတောက်များ လောင်ကျွမ်းနေပြီး လူတိုင်း၏ ပုံရိပ်က ရောင်ပြန်ဟပ်နေ၏။
ကျန်းယွဲ့လုက ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားသည်။ လူတိုင်းကလည်း တုန်လှုပ်သွားကြသည်။ ဤကဲ့သို့ တုတ်ခိုင်သော မိုးကြိုးလျှပ်စီးကြောင်းကပင် ဤတာအိုဆရာအိုကြီးကို မသတ်ဖြတ်နိုင်ဘူးဆိုပါက မည်သည့်အရာကမှ တတ်နိုင်တော့မည် မဟုတ်ချေ။
ရုတ်တရက် တာအိုဆရာအိုကြီးက သူ့ပါးစပ်ကို ဖွင့်လိုက်သည်။ အထဲမှာ လျှာမရှိ၊ သွားများက လုံးဝ မည်းတူးနေသော်လည်း တစ်နည်းတစ်ဖုံအားဖြင့် အသံထွက်လာဆဲ ဖြစ်၏။
“ဝူလော…”
ဝူလောဆိုသည်မှာ တကယ်တော့ ‘မဟာစုန်းလော’ကို ရည်ညွှန်းသည့် ဂုဏ်ပြုဘွဲ့တစ်ခု ဖြစ်သည်။ လောဆိုသည်မှာ ထိုစုန်း၏ နာမည်အရင်း ဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်များစွာ ကြာပြီးနောက် နောင်ပိုင်းမျိုးဆက်များသည် ဝူက သူမ၏ မျိုးရိုးနာမည် ဖြစ်မည်ဟု မှတ်ယူလိုက်ကြ၏။
နောက်ခဏ၌ ဝေဟင်ပျံသင်္ဘောက လေထဲမှာ ရပ်တန့်သွားသည်။ သူတို့ရှေ့မှာ အမျိုးသမီးသဏ္ဌာန် ကြီးမားသည့် ပုံရိပ်တစ်ခု ရှိနေ၏။ အဲ့ဒါက အသွေးအသားခန္ဓာ မဟုတ်ဘဲ တံလျှပ်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်သည်။ သို့သော်လည်း ၎င်းကနေ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်အရိုင်းက ဖြာထွက်နေ၏။
ဤသည်မှာ ရှေးဟောင်းအင်မော်တယ် ဝူလော၏ ရုပ်ပုံလွှာဖြစ်လေသည်။
အခန်း ၁၈၄ - ဝေဟင်ပျံသင်္ဘော ပျက်ကျခြင်း
ဝူလော၏ ပုံရိပ်က ဝေဟင်ပျံသင်္ဘောရှေ့မှာ ရပ်ပြီး လမ်းကြောင်းကို ပိတ်ဆို့ထားသည်။ ယာဉ်ပေါ်ရှိ လူတိုင်းက တုန်လှုပ်ချောက်ချားစရာကောင်းသော ဤမြင်ကွင်းမှာ ပြောစရာစကားများ ပျောက်ဆုံးသွားကြသည်။
ပုံရိပ်က အရမ်းကို ကြီးမား၍ စွမ်းအားကြီးမားလွန်းနေပြီး အဲ့ဒါကို အနိုင်ယူဖို့ အခွင့်အရေး သူတို့မှာ မရှိသောကြောင့် ဖြစ်သည်။
ကောင်းကင်သက်ရှိများသာ ပျံသန်းနိုင်သည်ကို ထည့်ပြောနေစရာ မလိုပေ။ ဝူလော၏ ပုံရိပ်က အသွေးအသားခန္ဓာ မဟုတ်သည့်အတွက် သူတို့က တိုက်ခိုက်ဖို့ တွေးထားသည် ဆိုလျှင်တောင် တိုက်ခိုက်နိုင်စရာ နည်းလမ်း သူတို့မှာ မရှိချေ။
“ဒါက ရှေးဟောင်းအင်မော်တယ် ဝူလောပဲ”
ချီရွှမ်းစုက ငေးငိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။ ရုပ်ပုံလွှာက အသွေးအသားခန္ဓာ မဟုတ်သော်လည်း ယွီလန်ဘုရားကျောင်းမှာတုန်းက ရင်းနှီးခဲ့ဖူးသော သွေးသံရဲရဲ နတ်ဘုရားစွမ်းအား၏ အော်ရာကို သူ ခံစားမိနေ၏။
နောက်ခဏ၌ ဝူလောက လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း မြှောက်ပြီး ဝေဟင်ပျံသင်္ဘော၏ ကိုယ်ထည်ကို ဖမ်းဆွဲလိုက်သည်။ သာမန်လူများအတွက်တော့ ဝေဟင်ပျံသင်္ဘောက ကြီးမားလွန်း၏။ သို့သော် ဝူလော၏ လက်ထဲမှာ ဝေဟင်ပျံသင်္ဘောသည် စင်ပေါ်မှာ အလှပြထားသော ပုံစံငယ် သင်္ဘောတစ်စင်းနှင့် တူနေ၏။
ဝေဟင်ပျံသင်္ဘောပေါ်ရှိ လူတိုင်းက ဤမြင်ကွင်းမှာ တုန်လှုပ်သွားကြသည်။
ဝူလောက သူ့လက်ချောင်းများဆီ ခွန်အားကို ဖြည်းဖြည်းချင်း ပို့လွှတ်လိုက်သည်။ ဝေဟင်ပျံသင်္ဘောကိုယ်ထည်၏ အလယ်မှာ ချိုင့်ခွက်များနှင့် တုန်လှုပ်စရာကောင်းသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ အက်ကွဲကြောင်းများကနေတစ်ဆင့် ယာဉ်ပေါ်မှ လူများသည် ကုန်းပတ်၏ အောက်ဘက်မှ တစ်ဖျပ်ဖျပ် တလက်လက် တောက်ပနေသည့် အမျိုးမျိုးသော ဝင်္ကပါများကို တွေ့မြင်နေရပြီ ဖြစ်သည်။
ဝေဟင်ပျံသင်္ဘောက မြေပြင်အထက် ပေပေါင်းများစွာ အမြင့်မှာ ပြင်းထန်ကြမ်းတမ်းစွာ လှုပ်ခါပြီး ကုန်းပတ်ပေါ်ရှိ လူတိုင်းက ဟန်ချက်ပျက်သွားကြ၏။ ကျန်းယွဲ့လုက ချီရွှမ်းစုကို သူမ၏ ဘယ်ဘက်လက်ဖြင့် အလျင်အမြန် ဖမ်းဆွဲပြီး ညာဘက်လက်ဖြင့် ပုံသဏ္ဌာန်မဲ့ စက္ကူကို ကျာပွတ်တစ်ခုအဖြစ် ပြောင်းလဲကာ ဝေဟင်ပျံသင်္ဘော၏ ရွက်တိုင်ကို ရစ်ပတ်လိုက်သည်။ သူတို့သည် ပေပေါင်းထောင်ချီ အမြင့်ကနေ ပြုတ်ကျမည်ဆိုလျှင် သေရဖို့သာရှိသည်။
ဝူလော၏ ပုံရိပ်က တံလျှပ်သာ ဖြစ်သော်လည်း သူမ၏ လက်ဖဝါးက ခိုင်မာကျစ်လျစ်ပြီး ခွန်အားကို ဆက်လက်၍ ထုတ်ဖော်နေ၏။ ဝေဟင်ပျံသင်္ဘော၏ အောက်ဘက် ကုန်းပတ်ပေါ်ရှိ ဝင်္ကပါသည် နာရီတစ်လုံးထဲက ဂီယာများကဲ့သို့ သေးငယ်သော ဝင်္ကပါများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သူတို့က အထပ်ထပ်ဆင့်၍ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်။ ဝူလော၏ အင်အားမှာ ဝင်္ကပါတချို့က လဲပြိုပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
တာအိုဂိုဏ်းတော်၏ ခရီးသည်တင် ဝေဟင်ပျံသင်္ဘောသည် မဟာအကြီးအကဲ၏ ဝေဟင်ပျံသင်္ဘောကို တုပထားခြင်း ဖြစ်သည်။ သို့သော် ကုန်ကျစရိတ်ကြောင့် ခရီးသည်တင် သင်္ဘောမှာ ပစ္စည်းအတော်များများကို အစားထိုးထားသည်။ ထို့ကြောင့် ခရီးသည်တင် သင်္ဘောသည် မဟာအကြီးအကဲ၏ သင်္ဘောလောက် ကြံ့ခိုင်မှု မရှိချေ။ ဒါ့အပြင် ခရီးသည်တင် သင်္ဘောမှာ တိုက်စစ်နှင့် ခံစစ် လုပ်ဆောင်ချက်များကိုလည်း ဖယ်ရှားထား၏။
ပြင်းထန်ကြမ်းတမ်းသော ပေါက်ကွဲမှုက ကုန်းပတ်၏ အစိတ်အပိုင်းများကို ပြိုကျသွားစေ၏။ အပိုင်းအစတချို့သည် ဝေဟင်ပျံသင်္ဘော၏ ဘေးတစ်ဖက်တစ်ချက်ဆီကနေ လျှောကျသွားကြသည်။
သင်္ဘောခန်းထဲမှာ ပုန်းကွယ်နေသည့် ခရီးသည်များက ထိတ်လန့်တကြား ဖြစ်နေကြသော်လည်း သူတို့တတ်နိုင်တာ ဘာမှ မရှိချေ။ မြင့်မားသော ကျင့်ကြံမှုအဆင့်တစ်ခု မရှိဘဲ သင်္ဘောခန်းထဲကနေ ထွက်ခွာမည်ဆိုလျှင် ပြင်းထန်သော လေဖြင့် လွင့်ပါသွားပေလိမ့်မည်။ သို့သော်လည်း သူတို့က သင်္ဘောခန်းထဲကနေ မထွက်ဘူး ဆိုလျှင်လည်း ဖိခြေဖျက်ဆီးခံရကာ သေဆုံးရပေလိမ့်မည်။
ဤအချိန်မှာ လျှို့ဝှက်အသင်းအဖွဲ့များက ဘယ်လောက်တောင် သောင်းကျန်းတတ်ပြီး တာအိုဂိုဏ်းတော်က ဘယ်လောက်ထိ အကျင့်ပျက်ခြစားနေသည်ကို ချီရွှမ်းစုက နောက်ဆုံးမှာ နားလည်သဘောပေါက်သွားသည်။ အရင်တုန်းက ဤလျှို့ဝှက်အသင်းအဖွဲ့များသည် ဘယ်လောက်ထိ ပျက်စီးထိခိုက်စေတတ်သလဲ ဇာတ်လမ်းများကို သူ မကြာခဏ ကြားဖူးထားသော်လည်း ယခုလောက် နက်နက်ရှိုင်းရှိုင်း ဘယ်တုန်းကမှ မခံစားမိခဲ့ပေ။
လျှို့ဝှက်အသင်းအဖွဲ့များသည် တစ်ခါက ကျောက်စိမ်းနေပြည်တော်သို့ စိမ့်ဝင်ထိုးဖောက်ခဲ့ဖူးသည်။ ကံကြမ္မာအယူဝါဒဂိုဏ်းသည် လူများကို သတ်ဖြတ်ပြီး မြို့များကို အမြစ်ပြတ် ချေမှုန်းခဲ့ဖူးသည်။ ချီရွှမ်းစုသည် ထိုအကြောင်းများကို ကြားရုံသာ ကြားဖူးထားခဲ့ပြီး လူများက ချဲ့ကားပြောဆိုနေခဲ့ခြင်း ဖြစ်မည်ဟု ခံစားမိခဲ့၏။
ဤတစ်ခေါက်ကတော့ လုံးဝ ကွဲပြားခြားနားသွားပြီဖြစ်သည်။ လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း၏ မွှေနှောက်သောင်းကျန်းမှုကို ကိုယ်တိုင်ကြုံတွေ့ရမှသာ အဲ့ဒါက ဘာနဲ့တူသလဲ နောက်ဆုံး သူ နားလည်သဘောပေါက်သွား၏။ တာအိုဂိုဏ်းတော်က သူတို့၏ အဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့ပြီး လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းက လက်တုံ့ပြန်ချင်သည်။ ထိုသို့ဖြင့် သူတို့သည် ခွန်လွင်တာအိုစံအိမ်၏ ပိုင်နက်နယ်မြေထဲမှာ တာအိုဂိုဏ်းတော်၏ ဝေဟင်ပျံသင်္ဘောကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ဤသည်မှာ သိသာရှင်းလင်းသော ရန်စမှုဖြစ်ပြီး ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။
ထို့ကြောင့်ပင် တာအိုဂိုဏ်းတော်သည် ဤလျှို့ဝှက်အသင်းအဖွဲ့များကို ထပ်တလဲလဲ ဖြိုခွဲနေခဲ့ခြင်း ဖြစ်သည်။ ချီရွှမ်းစု နောက်ထပ် နားလည်သိရှိလိုက်သည်မှာ တာအိုဂိုဏ်းတော်အတွင်းတွင် အကျင့်ပျက်ခြစားများ ရှိနေသည်။ တာအိုဂိုဏ်းတော်၏ ကြီးမားသော အင်အားနှင့် ဩဇာအာဏာနှင့် ဆိုပါက ဤလျှို့ဝှက်အသင်းအဖွဲ့များကို ဖျက်ဆီးဖို့က သေချာပေါက် ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ တာအိုဂိုဏ်းတော်သည် အရင်တုန်းက အင်အားစုကြီးများ ဖြစ်ခဲ့သော ကွန်ဖြူးရှပ်ကျောင်းတော်နှင့် မဟာယာနဗုဒ္ဓဂိုဏ်းကိုပင် အနိုင်ယူခဲ့သည်။
ထိုအင်အားစုကြီးနှစ်ခုနှင့် ယှဉ်လျှင် လျှို့ဝှက်အသင်းအဖွဲ့များက ဘာမှမဟုတ်သော်လည်း တာအိုဂိုဏ်းတော်သည် ဤမျှအထိ ကြာမြင့်ပြီးတာတောင် သူတို့ကို အမြစ်ပြတ် သုတ်သင်နိုင်ခြင်း မရှိသေးပေ။ တာအိုဂိုဏ်းတော်သည် ရွှမ်အရှင်မြတ်ခေတ်တုန်းကလို မဟာယာနဗုဒ္ဓဂိုဏ်းကို ဖိနှိမ်ဖို့ အာရုံစိုက်နေရဦးမည်ဆိုလျှင် လက်ခံနိုင်ဖွယ်ရာဖြစ်သည်။
သို့သော်လည်း နောက်ပိုင်းဆက်ခံသော မဟာအကြီးအကဲများသည် မျိုးဆက်အဆင့်ဆင့် ပြောင်းလဲခဲ့ပြီးတာတောင် လျှို့ဝှက်အသင်းအဖွဲ့များကို ချေမှုန်းသုတ်သင်ရာမှာ မအောင်မြင်ကြသေးပေ။ ဤအချက်သည် တာအိုဂိုဏ်းတော်အတွင်းမှာ ကြီးမားသော ပြဿနာတစ်ခု ရှိသည်ကို ညွှန်ပြနေ၏။
လျှို့ဝှက်အသင်းအဖွဲ့များသည် ကွန်ဖြူးရှပ်ဝါဒနှင့် မဟာယာနဗုဒ္ဓဝါဒတို့နှင့် မတူဘဲ သူတို့က ထကြွသောင်းကျန်းတတ်သော်လည်း တာအိုဝါဒ၏ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နိုင်ခြင်း မရှိပေ။ ဤသည်မှာ တာအိုဂိုဏ်းတော်ကို မပေါင်းစည်းနိုင်သည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်။
ချီကျိုးနှင့် ယုံကျိုးသည် အင်ပါယာနန်းတော်နှင့် ဝေးကွာလွန်းသောကြောင့် အင်ပါယာနန်းတော်အနေဖြင့် ဤနေရာမှာ အုပ်ချုပ်မှု လစ်လပ်နေခြင်းက လက်ခံနိုင်ဖွယ်ရာဖြစ်သည်။ သို့သော်လည်း ဤနေရာသည် တာအိုဂိုဏ်းတော်၏ ဗဟိုချက်မ ဖြစ်သော ခွန်လွင်တာအိုစံအိမ်၏ နယ်မြေအစပ်ဖြစ်သည်။ သို့သော်လည်း အတွင်းပိုင်း ယှဉ်ပြိုင်တိုက်ခိုက်မှုများကြောင့် တာအိုဂိုဏ်းတော်သည် သူတို့၏ ဗဟိုချက်မနယ်မြေအတွင်းမှာ အုပ်ချုပ်မှု လျော့ကျနေပြီး ဤကဲ့သို့ ကြီးမားသော ဟာကွက်တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။ သိပ်မကြာတော့ခင် အချိန်တွင်းမှာ တာအိုဂိုဏ်းတော်သည် အတွင်းရန်သူများနှင့် အပြင်ရန်သူများ၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရနိုင်ခြေ ရှိသည်။
ဒါက အကျင့်ပျက်ခြစားမှု မဟုတ်ပေဘူးလား…
ကျန်းယွဲ့လုသည် တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းဖို့ မရမက စိတ်ပိုင်းဖြတ်ထားသည်မှာ မထူးဆန်းတော့ပေ။
ဤအချိန်မှာ နောက်ထပ် ကြီးမားသည့် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ သူ့ခြေဖဝါးအောက်ရှိ ကုန်းပတ်က ပြိုကျသွားသည်ကို ချီရွှမ်းစု တွေ့ရှိလိုက်ရ၏။ ဝေဟင်ပျံသင်္ဘော၏ ဦးပိုင်းနှင့် ပဲ့ပိုင်းက ထူးဆန်းသော ထောင့်ချိုးဖြင့် ထောင်တက်သွားပြီး သင်္ဘော၏ အလယ်ပိုင်းက အောက်သို့ နိမ့်ဆင်းကာ ပြိုကျသွား၏။
ထို့နောက် ချက်ချင်းပင် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် သူတို့၏ ခြေဖဝါးအောက်မှ လာသည့် အားလှိုင်းတစ်ခုကို ခံစားမိလိုက်ပြီး လေထဲသို့ မြှောက်တက်သွားကြ၏။ ကံကောင်းစွာဖြင့် ကုန်းပတ်က ထိုရိုက်ခတ်မှုကို အရှိန်လျှော့ချပေးခဲ့ပြီး သူတို့က ဒဏ်ရာပြင်းထန်စွာ ရရှိမသွားကြပေ။ ကျန်းယွဲ့လု၏ စက္ကူကျာပွတ်သည် ဝေဟင်ပျံသင်္ဘော၏ ရွက်တိုင်နှင့် ချိတ်ဆက်ထားဆဲ ဖြစ်သည်။ ထိုသို့ဖြင့် သူတို့က ဝေဟင်ပျံသင်္ဘောနှင့် တွဲလျက်သားဖြစ်ပြီး လွင့်ပါမသွားသော်လည်း သူတို့သည် သင်္ဘောကိုယ်ထည်၏ အပြင်ဘက်ကို ရောက်ရှိနေပြီ ဖြစ်သည်။
ဝူလော၏ ပုံရိပ်က အသိစိတ်ရှိပုံ မရပေ။ သူမသည် ဝေဟင်ပျံသင်္ဘောကို ကိုင်ပြီး ခွန်အားကို စိုက်ထုတ်နေရုံသာဖြစ်၏။ ဆက်တိုက်ပေါက်ကွဲမှုများသည် ဝေဟင်ပျံသင်္ဘော၏ သဘာဝ စိုထိုင်းမှုနှင့်ပင် မဖိနှိမ်နိုင်တော့သည့် မီးတောက်များကို ဖြစ်ပေါ်လာစေ၏။ ဝေဟင်ပျံသင်္ဘော၏ အစိတ်အပိုင်းများစွာက စတင်ပြိုကျ၍ မီးတောက်များထဲမှာ အရည်ပျော်ကျကုန်သည်။
ဝူလော၏ လက်ချောင်းငါးချောင်းက လက်သီးအဖြစ် ဆုပ်လိုက်ပြီး ဝေဟင်ပျံသင်္ဘောကို နှစ်ပိုင်းချိုးချလိုက်စဉ် နောက်ဆုံး ပေါက်ကွဲသံက အကျယ်လောင်ဆုံးပုံစံဖြင့် ထွက်ပေါ်လာ၏။ မီးစွဲနေသော သင်္ဘောကိုယ်ထည် အပိုင်းအစများက ကွာကျပြီး မီးမိုးများ ရွာသွန်းကျဆင်းလာ၏။ လူတချို့က သင်္ဘောခန်းထဲကနေ လျှောကျပြီး စူးစူးဝါးဝါး အော်ဟစ်ကာ ပျောက်ကွယ်သွားကြသည်။
ကျိုးထွက်သွားသော သင်္ဘောကိုယ်ထည်နှစ်ပိုင်းက ဆက်လက်၍ လွင့်မျောမနေနိုင်တော့ဘဲ မြေပြင်ပေါ်ကို ထိုးဆင်းသွား၏။ ဝေဟင်ပျံသင်္ဘောကို ဖျက်ဆီးပြီးနောက် ဝူလော၏ ကျစ်လျစ်ခိုင်မာသော လက်ဖဝါးက အရောင်အစင်းဖျော့တော့သွားလေသည်။
ဤသည်ကို ကြည့်ပြီး ကျန်းယွဲ့လုက သူမ၏ အစွမ်းကုန်ဖြင့် ချီရွှမ်းစုကို ဆွဲယူကာ အော်ပြောလိုက်၏။
“ငါ့ခါးကို တင်းတင်းဖက်ထား”
ချီရွှမ်းစုက ကျန်းယွဲ့လုအပေါ် ယုံကြည်မှုရှိပြီး ညွှန်ကြားသည့်အတိုင်း သူမ၏ ခါးကို လက်နှစ်ဖက်ဖြင့် ဖက်ကာ သူတို့က တစ်သားတည်းကျသွား၏။
ကျန်းယွဲ့လုက ဝေဟင်ပျံသင်္ဘော၏ ရွက်တိုင်မှာ ချည်ထားသည့် စက္ကူကျာပွတ်ကို ရုပ်ပြီး ပုံသဏ္ဌာန်မဲ့ စက္ကူကို ကြီးမားသော တောင်ပံတစ်စုံအဖြစ် ပြောင်းကာ သူမ၏ ကျောနောက်တွင် ဖြန့်လိုက်၏။
စက္ကူတောင်ပံကို တစ်ဖျပ်ဖျပ် မခတ်နိုင်သော်လည်း သူတို့က သန်မာသော လေအဟုန်မှာ ညက်ညောစွာဖြင့် မျှောချနိုင်ဆဲဖြစ်သည်။ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုမှာ သင်္ဘောပေါ်ရှိ အခြားသူများထက် ပိုမိုသန်မာသော ကိုယ်ကာယရှိပြီး သူတို့မှာ ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခု ရှိနေသည်။ ဤသည်က သူတို့၏ နောက်ဆုံး မှီခိုအားထားရာ ဖြစ်ပြီး သူတို့ စဉ်းစားမိသည့် တစ်ခုတည်းသော အဖြေလည်း ဖြစ်သည်။
ဤအချိန်မှာ ကျန်းယွဲ့လုနှင့် အနီးဆုံး ကျိုးပဲ့နေသော သင်္ဘောကိုယ်ထည်ကနေ လောင်ကျွမ်းနေသော ခန္ဓာတစ်ခုက ခုန်ထွက်လာ၏။
ထိုခန္ဓာက ပုံပျက်ပန်းပျက်ဖြစ်အောင် လောင်ကျွမ်း ခံထားရသော်လည်း ၎င်း၏ ကျောနောက်က ဘုကြီးသည် ဝူလော၏ ပုံရိပ်ကို ဆင့်ခေါ်ခဲ့သော တာအိုဆရာအိုကြီးဖြစ်ကြောင်း ပြသပေးနေ၏။ မထင်မှတ်ထားစွာဖြင့် တာအိုဆရာအိုကြီးက ယခုအချိန်ထိ မသေသေးပေ။
တာအိုဆရာအိုကြီးက တောင်ပံပေါ်သို့ ခုန်ချလိုက်ပြီး ကျန်းယွဲ့လုသည် ရုတ်တရက် ဆွဲချလိုက်သော အလေးချိန်တစ်ခုကို ခံစားလိုက်ရ၏။
ပုံသဏ္ဌာန်မဲ့စက္ကူက အရွယ်အစား ကန့်သတ်ချက် ရှိသည်။ ကျန်းယွဲ့လု ဆင့်ခေါ်ထားသည့် စက္ကူတောင်ပံနှစ်ဖက်က ၁၈ပေခန့်ရှိပြီး လူနှစ်ဦး၏ အလေးချိန်ကိုသာ ကောင်းကောင်းထိန်းထားနိုင်သည်။ ထိုသို့ဖြင့် တာအိုဆရာအိုကြီး၏ အလေးချိန် ထပ်တိုးလာသောအခါ သူတို့က ချက်ချင်းပင် အောက်ဘက်ကို စောင်းဆင်းသွားလေသည်။
ကျန်းယွဲ့လုက တောင်ပံနှစ်ဖက်ကို ထိန်းကာ တာအိုဆရာအိုကြီးကို ခါချချင်သော်လည်း လူအိုကြီးက လုံးဝ အလျှော့မပေးဘဲ စက္ကူတောင်ပံကို မရမက ဖမ်းဆွဲထား၏။
ချီရွှမ်းစုက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ချင်းရှောင်... မနေ့က ငါပြောခဲ့တာကို မင်း မှတ်မိသေးလား... ငါ့ရဲ့အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်တော့မှာ စိုးမိတယ်... ဒါပေမဲ့ မင်းကတော့ လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်”
ကျန်းယွဲ့လုက ငေးငိုင်သွား၏။ ထို့နောက် သူမက ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး အော်ပြောလိုက်၏။
“ထျန်းယွမ်... နင် ဘာလုပ်မလို့လဲ”
ချီရွှမ်းစုက မည်သည့်စကားမှ မဆိုတော့ဘဲ ကိုယ်ခံပညာသိုင်းသမားတစ်ဦးနှင့် ယှဉ်နိုင်သော ခွန်အားဖြင့် ကျန်းယွဲ့လု၏ ကျောပေါ်ကို တွယ်တက်သွားသည်။ ဤသည်မှာ မြင်းစီးစစ်သည်တော်တစ်ဦးသည် မြားကိုရှောင်ရန် မြင်း၏ ဝမ်းအောက်သို့ ဝင်ပုန်းပြီးနောက် မြင်းကျောပေါ်ကို ပြန်တက်လာပုံနှင့် တူသည်။
ချီရွှမ်းစုက အားယူ၍ တစ်ချက်ခုန်ပြီး ပုံပျက်ပန်းပျက် လောင်ကျွမ်းခံထားရသော တာအိုဆရာအိုကြီးကို နောက်ကနေ သိုင်းဖက်ကာ အော်လိုက်၏။
“လွှတ်လိုက်စမ်း”
ချီရွှမ်းစုက သူ၏ ခြေလက်များဆီ ခွန်အားကို ပို့လွှတ်လိုက်သောအခါ စပါးအုံးမြွေတစ်ကောင်က သူ၏ သားကောင်ကို ရစ်ပတ်နေသလို အရိုးများ အက်ကွဲသည့် အသံများ ထွက်ပေါ်လာ၏။
တာအိုဆရာအိုကြီးက မသေနိုင်သော်လည်း သူက ဖျက်ဆီး၍ မရနိုင်ခြင်း မဟုတ်ပေ။ သူ၏ အရိုးများက ကျိုးကြေသွားပြီး စက္ကူတောင်ပံကို ဖမ်းဆုပ်ထားသော သူ့လက်တစ်ဖက်က လွတ်သွား၏။
တာအိုဆရာအိုကြီးက ကျန်လက်တစ်ဖက်ဖြင့် စက္ကူတောင်ပံကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ချီရွှမ်းစုက သူ့ကို တင်းကျပ်စွာ သိုင်းဖက်ထားသည်။
ကံကောင်းစွာဖြင့် ပုံသဏ္ဌာန်မဲ့စက္ကူသည် ဖျက်ဆီး၍ မရနိုင်လောက်အောင် မာကျောပြီး ဤမျှအထိ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ပျက်စီးသွားခြင်း မရှိချေ။
“လွှတ်စမ်းကွာ... လွှတ်စမ်းကွာ”
ချီရွှမ်းစုက ချင်းယွမ်ကို ဆွဲထုတ်ပြီး တာအိုဆရာအိုကြီး၏ လက်ကို တတိတိ လှီးဖြတ်နေ၏။
ကျန်းယွဲ့လု၏ မျက်လုံးများက နီရဲလာပြီး အော်ပြောလိုက်၏။
“ချီရွှမ်းစု… တော်တော့… ငါ နင့်ကို မလုပ်နဲ့တော့လို့ အမိန့်ပေးနေတယ်”
ချီရွှမ်းစုက အတော်လေး တည်ငြိမ်နေပြီး သူမကို နှစ်သိမ့်ပေးလိုက်၏။
“ချင်းရှောင်… ငါတို့နှစ်ယောက်စလုံး သေမှာထက်စာရင် တစ်ယောက်ပဲ သေတာက ပိုကောင်းတာပေါ့… တစ်ယောက်တော့ အသက်ရှင်နေရမယ်… အခြေအနေအရ ရွေးစရာ မရှိတော့မယ့်အချိန်မှာ မင်း လက်လွှတ်သင့်တာကို လွှတ်ချရမယ်”
နောက်ဆုံးမှာတော့ ချီရွှမ်းစုသည် တာအိုဆရာအိုကြီး၏ လက်ကို တံတောင်ဆစ်ကနေ လှီးဖြတ်ချလိုက်နိုင်၏။ တစ်ယောက်နှင့်တစ်ယောက် လုံးထွေးနေသော တာအိုဆရာအိုကြီးနှင့် ချီရွှမ်းစုက ချက်ချင်းပင် ကျန်းယွဲ့လုနှင့် ကွဲထွက်သွားပြီး အောက်ကို ထိုးဆင်းသွား၏။ သူတို့၏ ခန္ဓာကိုယ်များက လျင်မြန်စွာ ကျုံ့ဝင်၍ နောက်ဆုံးမှာ ပျောက်ကွယ်သွား၏။
ကျန်းယွဲ့လုက ကူကယ်ရာမဲ့စွာဖြင့် ငုံ့ကြည့်ပြီး သူမ၏ မျက်နှာပေါ် မျက်ရည်များက အဆက်မပြတ် စီးကျလာ၏။ ရှန်ချင်းမြို့ကို ရောက်ကတည်းက သူမ ရရှိခဲ့သည့် စိတ်တထင့်ထင့် ခံစားချက်က နောက်ဆုံးမှာ ပျက်ပြယ်သွားသော်လည်း သူမက စိတ်သက်သာမှု ရမလာခဲ့ပေ။ ထိုအစား သူမ၏ နှလုံးက စူးရှစွာဖြင့် နာကျင်ကိုက်ခဲလာသည်။
ယခုအခါမှသာ သူမသည် ဤလူကို ဘယ်တော့မှ မေ့ဖျောက်နိုင်တော့မည် မဟုတ်ကြောင်း နားလည်သိရှိသွား၏။