← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း ၁၈၇ - အနိဋ္ဌာရုံ၏ နောက်ဆက်တွဲ (၂)

ကျောက်စိမ်းနေပြည်တော်မှာ ရပ်ကွက် ၂၄ ခု ရှိပြီး အထက်ပိုင်းရှစ်ကွက်၊ အလယ်ပိုင်းရှစ်ကွက်နှင့် အောက်ပိုင်းရှစ်ကွက် ဟူ၍ ခွဲခြားထားသည်။

ထိုက်ရှန်အကွက်သည် အထက်ပိုင်း မြို့ကွက် ရှစ်ကွက်ထဲမှာ ပါဝင်ပြီး ဟိုက်ချန်အကွက်ကတော့ အောက်ပိုင်း ရှစ်ကွက်ထဲမှာ ရှိလေသည်။ ထိုက်ရှန်အကွက်သည် ကျောက်စိမ်းနေပြည်တော်၏ အနောက်မြောက်ဘက်ထောင့်မှာ ရှိပြီး ရွှမ်မြို့တော်နှင့် နီးကပ်သည်။ ဟိုက်ချန်အကွက်ကတော့ ကျောက်စိမ်းနေပြည်တော်၏ အရှေ့တောင်ထောင့်မှာ ရှိပြီး မြို့အပြင်ဘက် ဝေဟင်ပျံသင်္ဘောများ ဆင်းသက်ရာ ဆိပ်ကမ်းများနှင့် နီးကပ်သည်။

သီလရှင်စွေ့၏ အားလပ်ရက်က ကုန်ဆုံးသွားပြီး သူမက နှစ်သစ်ကူးနေ့မှာ ကျောက်စိမ်းနေပြည်တော်သို့ ဝေဟင်ပျံသင်္ဘောဖြင့် ပြန်စီးလာသည်။ ထိုယာဉ်သည် ကျုံးကျိုးကနေ ထွက်ခွာပြီး တစ်လပိုင်း နှစ်ရက်နေ့မှာ ကျောက်စိမ်းနေပြည်တော်ကို ရောက်ရှိလာသည်။

ကျောက်စိမ်းနေပြည်တော်ရှိ ဆိပ်ကမ်းက အတော်လေး ကြီးမားပြီး ဝေဟင်ပျံသင်္ဘော အစင်း ၂၀ ကျော်က တစ်ချိန်တည်းမှာ ဆိုက်ကပ်နိုင်သည်။ တစ်လပိုင်း နှစ်ရက်နေ့မှာ ဝေဟင်ပျံသင်္ဘောများစွာက ခမ်းနားသော မြင်ကွင်းတစ်ခုအဖြစ် အတန်းလိုက် ဆိုက်ကပ်လာကြသည်။

သီလရှင်စွေ့သည် ကုန်းပေါင်တံတားပေါ်ကနေ ဆင်းသက်လာသည့် အချိန်မှာ အခြားသော ဝေဟင်ပျံသင်္ဘောများမှ ခရီးသည်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြသည်။ ယခုက ပွဲတော်ကာလ ဖြစ်နေသေးပြီး ယာဉ်ပေါ်ကနေ ဆင်းလာသည့်လူ များစွာမရှိချေ။ မလှမ်းမကမ်း ဆိုက်ကပ်ရာ နေရာတစ်ခုက လစ်လပ်နေသည်ကို သီလရှင်စွေ့ သတိထားမိလိုက်၏။

သီလရှင်စွေ့က အံ့အားသင့်သွားပြီး ရေရွတ်လိုက်သည်။

“ဟိုသင်္ဘောက နောက်ကျနေတာလား”

ကုန်းပေါင်တံတားပေါ်ကနေ သူမ ဆင်းလာပြီးနောက် အရှေ့မှာ စုရုံးနေသော လူအုပ်ကြီးကို တွေ့မြင်လိုက်ရ၏။ သူမက သိချင်စိတ် ဖြစ်သွားပြီး သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို တွေ့မြင်သည့်အချိန်မှာ အနားကို သွားပြီး မေးမြန်းစုံစမ်းလိုက်သည်။

လုပ်ဖော်ကိုင်ဖက်က ပြောလိုက်၏။

“ယာဉ်ပျက်ကျမှု ဖြစ်သွားတယ်လို့ ငါကြားတယ်... ဝေဟင်ပျံသင်္ဘောတစ်စင်းကို အယူဝါဒမိစ္ဆာတွေ တိုက်ခိုက်ပြီး ယာဉ်ပေါ်က လူအတော်များများ သေကုန်ကြတယ်တဲ့... ထျန်ကန်းခန်းမကိုတောင်မှ စေလွှတ်လိုက်တယ်”

“ဝေဟင်ပျံသင်္ဘော ပျက်ကျတာလား”

သီလရှင်စွေ့က အံ့အားသင့်သွား၏။ သူမက လစ်လပ်နေသော ဆိုက်ကပ်ရာနေရာကို ပြန်လှည့်ကြည့်ပြီး မေးလိုက်သည်။

“အဲ့ဒါ ဘယ်ဝေဟင်ပျံသင်္ဘောလဲ”

လုပ်ဖော်ကိုင်ဖက်က ဖြေလိုက်၏။

“အဲ့ဒါ ရှန်ချင်းနန်းတော်က ထွက်လာတာဖြစ်မယ် ထင်တယ်... အယူဝါဒမိစ္ဆာက ဝေဟင်ပျံသင်္ဘောပေါ်ကို ခိုးဝင်ပြီး လိုက်လာတယ်လို့ ပြောတယ်... အဲ့ဒီမိစ္ဆာတွေက တကယ်ကို နေရာအနှံ့ ရောက်နေပြီပဲ... သူတို့က တစ်ချိန်လုံး ပြဿနာပဲ ရှာနေကြတယ်”

သီလရှင်စွေ့သည် ရုတ်တရက် နိမိတ်မကောင်းသော ခံစားချက်တစ်ခုကို ရသွားပြီး သူမ၏ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုက ထင်ဟပ်လာသည်။ လုပ်ဖော်ကိုင်ဖက်ကလည်း သူမ၏အမူအရာကို သတိထားမိပြီး မေးလိုက်၏။

“ဘာလို့လဲ... အဲ့ဒီ ဝေဟင်ပျံသင်္ဘောပေါ်မှာ နင်ရဲ့ အသိအကျွမ်း ပါလို့လား”

သီလရှင်စွေ့က ခေါင်းခါပြလိုက်၏။

“ငါ့ရဲ့အိမ်နီးချင်းက ယွင်ကျင်းတောင်ကို သွားတာ… ဒါပေမဲ့ သူက ၁လပိုင်း ၁၅ ရက်နေ့မှ ပြန်လာဖို့ များတယ်... သူတော့ မပါလောက်ပါဘူး... ဒါပေမဲ့ တကယ့်ကို ကပ်သီးလေးပဲ”

“ဟုတ်တယ် တော်တော်ကို နီးစပ်ခဲ့တာပဲ... ကံကြမ္မာက ရက်စက်တယ်... အဲ့ဒီခရီးသည်တွေက ရက်နည်းနည်းစောပြီး ချွမ်ကျန်းဂိုဏ်း ဝေဟင်ပျံသင်္ဘောနဲ့ လိုက်လာမယ်ဆိုရင် သူတို့က အသက်ရှင်နိုင်ဦးမှာ... ဘာပဲပြောပြော အဲ့ဒီသင်္ဘောပေါ်မှာ သူတော်စင်တွေ အများကြီး ပါလာတယ်… ဘယ်သူကမှ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး... အဲ့ဒီခရီးသည်တွေက နည်းနည်းနောက်ကျပြီး ၁လပိုင်း ၁၅ ရက်နေ့မှ ထွက်လာမယ်ဆိုရင်လည်း ယာဉ်ပေါ်မှာ အဆင့်မြင့်တာအိုဆရာတွေနဲ့ ကောင်းကင်သက်ရှိတွေ ပါလာဦးမှာပဲ... သူတို့က နှစ်သစ်ကူးနေ့ ဝေဟင်ပျံသင်္ဘောကိုမှ လိုက်စီးလာခဲ့တာ ကံဆိုးကြတာပဲ... အဲ့ဒီလူတွေက အလုပ်ခွင်ကို ပြန်ဝင်ဖို့ လောနေကြတာ ဖြစ်လောက်တယ်... ဘယ်လောက် နှမြောဖို့ကောင်းလဲ”

လုပ်ဖော်ကိုင်ဖက်က သက်ပြင်းချလိုက်၏။

သူတို့ စကားပြောနေစဉ် သူတို့၏ နောက်ဘက် ရေကန်ပေါ်ကို ဝေဟင်ပျံသင်္ဘောတစ်စင်း ဆင်းသက်လာပြီး မြူခိုးများ တထောင်းထောင်းထသွားသည်။

“အဲ့ဒါ ထျန်ကန်းခန်းမက ဝေဟင်ပျံသင်္ဘောပဲ”

သူတို့ထဲမှ တစ်ယောက်က ဝေဟင်ပျံသင်္ဘောပေါ်က အမှတ်အသားကို မှတ်မိသွားပြီ ဖြစ်သည်။

ကုန်းပေါင်တံတား နိမ့်ဆင်းလာပြီးနောက် ထုံးတမ်းစဉ်လာ ဝတ်စုံများကို ဝတ်ဆင်ထားသည့် ထျန်ကန်းခန်းမ တာအိုဆရာတစ်အုပ်စုက ပင်ပန်းနွမ်းနယ်နေသည့် ပုံစံများဖြင့် ဆင်းသက်လာကြသည်။ သူတို့အုပ်စု၏ နောက်ဆုံးမှာ အရပ်ဝတ်နှင့် အမျိုးသမီးတစ်ဦး ရှိနေပြီး အခြားသူများနှင့် ကွဲထွက်နေသည်။ သူမ၏မျက်နှာက ဖြူဖျော့နေပြီး မျက်လွှာချထား၏။

သီလရှင်စွေ့က ထိုအမျိုးသမီးကို ချက်ချင်းပင် မှတ်မိသွားပြီး လှမ်းခေါ်လိုက်သည်။

“လက်ထောက်ခန်းမသခင်မ ကျန်း…”

ကျန်းယွဲ့လုက ခေါ်သံကြားသည့်အတွက် လှည့်ကြည့်လိုက်၏။ သီလရှင်စွေ့ ဖြစ်နေသည်ကို တွေ့မြင်သောအခါ ခဏမျှ တွေဝေနေပြီးနောက် သူမက မူကျင်းနှင့်အတူ ဆင်းပြီး ထိုအမျိုးသမီးကြီး ရှိရာဘက်သို့ စတင်၍ လျှောက်လှမ်းလာ၏။

သီလရှင်စွေ့က သူမ၏ လုပ်ဖော်ကိုင်ဖက်ကို အကြောင်းပြချက်ပေးပြီး ကျန်းယွဲ့လု ရှိရာသို့ လျှောက်သွား၏။

“ပညာရှိ စွေ့…”

ကျန်းယွဲ့လုက ချီရွှမ်းစု၏ အိမ်နီးနားချင်း သီလရှင်စွေ့ကို မှတ်မိလေသည်။ လွန်ခဲ့သည့် တစ်လက ဟိုက်ချန်အကွက်သို့ ကျန်းယွဲ့လု သွားခဲ့စဉ်က သူတို့နှစ်ယောက် တွေ့ဆုံပြီး စကားအနည်းငယ် ပြောခဲ့ဖူးသည်။

သီလရှင်စွေ့က ကျန်းယွဲ့လု၏ နောက်ဘက်ကို ကြည့်ပြီး သူမ ရှာနေသည့်လူကို မတွေ့သည့် အခါ ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားပြီး ညင်သာစွာ မေးလိုက်သည်။

“ထျန်းယွမ် ဘယ်မှာလဲ… သူ မင်းနဲ့ လိုက်မလာဘူးလား”

ကျန်းယွဲ့လုက ခဏမျှ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။ ထို့နောက် ပြန်ဖွင့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ထျန်းယွမ်… သူ… ပါသွားတယ်”

“သူ.. ပါသွားတယ်လား…”

သီလရှင်စွေ့က သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ပင့်သက်ကို ရှိုက်လိုက်၏။

. . . . . .

သီလရှင်စွေ့နှင့် ကျန်းယွဲ့လုက ဟိုက်ချန်အကွက်က ချီရွှမ်းစု၏ နေအိမ်သို့ သွားလိုက်ကြသည်။

ချီရွှမ်းစု၏ အထုပ်အပိုးများက ကျန်းယွဲ့လု၏ မှော်သိုလှောင်ပစ္စည်းထဲမှာ ရှိနေသောကြောင့် ကျန်းယွဲ့လုမှာ ချီရွှမ်းစု၏ အိမ်သော့ ရှိနေသည်။

ဤအချိန်မှာ ကျန်းယွဲ့လုနှင့် သီလရှင်စွေ့က ဧည့်ခန်းထဲမှာ ထိုင်နေကြသည်။ ကျန်းယွဲ့လုသည် ဝေဟင်ပျံသင်္ဘောပေါ်မှာ ဖြစ်ပျက်ခဲ့သည့် အရာများကို အကျဉ်းချုံး ပြန်ပြောပြလိုက်၏။

“ဖြစ်ပျက်ခဲ့တာကတော့ အဲ့ဒါပါပဲ... ကျွန်မ အရင်ဆုံး သူ့ကို ပျောက်ဆုံးစာရင်းသွင်းဖို့ ဆုံးဖြတ်ထားတယ်... ထျန်းယွမ်က တစ်နေ့ကျရင် ပြန်လာချင် လာမှာ”

သီလရှင်စွေ့က သူမ၏ မျက်ဝန်းထောင့်က မျက်ရည်စများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။

“ချီရွှမ်းစုနဲ့ သူ့ဆရာက ဘာလို့ အဲ့လောက်ထိ ကံဆိုးရတာလဲ... သူ့ဆရာကို ဘယ်သူ သတ်သွားလဲ ငါတို့ မသိရသေးဘူး… အခု သူကလည်း…”

ဤစကားကို ကြားပြီး ချီရွှမ်းစုက သူ့ဆရာအတွက် လက်စားချေချင်သည်ကို ကျန်းယွဲ့လုက ရုတ်တရက် အမှတ်ရသွား၏။ ကျန်းယွဲ့လု မသိသည်မှာ တကယ်တော့ ချီရွှမ်းစုက လက်စားချေပြီးသွားပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများက နီရဲလာပြီး ကတိပေးလိုက်၏။

“သူ… မပြီးပြတ်သေးတဲ့ ဘယ်အလုပ်ကိုမဆို ကျွန်မ အဆုံးသတ်ပေးမယ်”

သီလရှင်စွေ့က သက်ပြင်းရှည်တစ်ချက် ချလိုက်၏။

“ထျန်းယွမ်မှာ ဆွေမျိုးသားချင်း မရှိဘူး... လက်ထောက်ခန်းမသခင်ကျန်း… စီစဉ်စရာတွေ အားလုံးအတွက် မင်းကိုပဲ အားကိုးပါရစေ... ငါ ကူညီနိုင်တာ ရှိရင်လည်း အချိန်မရွေးပြောပါ”

“ရပါတယ်… ဒါ ကျွန်မ တာဝန်ပါပဲ”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

သီလရှင်စွေ့က မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် ငါ အရင်သွားနှင့်ဦးမယ်”

သီလရှင်စွေ့ ထွက်သွားပြီးနောက် ကျန်းယွဲ့လုသည် မှော်သိုလှောင်ပစ္စည်းထဲကနေ ချီရွှမ်းစု၏ အထုပ်အပိုးများကို ထုတ်ယူပြီး ပစ္စည်းများကို နဂိုနေရာများမှာ ပြန်ထားပေးလိုသည်။ စာကြည့်ခန်းထဲကို ရောက်သည့်အချိန်မှာ ထိုနေရာက ယခင်တစ်ခေါက်က ရောက်ခဲ့သည့်အတိုင်း ရှိနေသည်။ ကျန်းယွဲ့လုက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုပြီး ချီရွှမ်းစုနှင့်အတူ အထုပ်အပိုးများ ပြင်ဆင်နေခဲ့သည်ကို ရုတ်တရက် အမှတ်ရသွား၏။ သူမ၏ နှာခေါင်းထဲမှာ ယားယံလာပြီး ငိုချင်စိတ်ပေါက်လာသည်။

သူတို့နှစ်ယောက်က အတူတကွ ထွက်ခွာခဲ့ကြသော်လည်း တစ်ယောက်သာလျှင် ပြန်ရောက်လာခဲ့သည်။

. . . . . . .

ဝေဟင်ပျံသင်္ဘော ပျက်ကျသည့် အကြောင်းကို ကြားသိရပြီးနောက် ကျန်းကျွီချီ၊ ထန်ထိုက်ချုံး၊ ကျန်းယွီယွဲ့၊ ကျန်းချီယွဲ့၊ ကျန်းကျွီဖျင်၊ ယန်မင်ချန်နှင့် တချို့သူများက ကျန်းယွဲ့လုထံ စာရေးပြီး သတင်းမေးခဲ့ကြသည်။ သို့သော်လည်း ကျန်းယွဲ့လုက စာပြန်ဖို့ စိတ်အာရုံမရှိသလို မိခင်ကလေးအဆောင်ကိုလည်း အသုံးမပြုပေ။ သူမသည် အခြားသူများကို မစိုးရိမ်စေချင်သည့်အတွက် သူမကိုယ်စား မူကျင်းကို စာပြန်ခိုင်းလိုက်သည်။

မူကျင်းက စာတစ်စောင်ချင်းစီကို သေသေချာချာ ပြန်ပေးလိုက်သည်။ ကျန်းယွဲ့လု ဘေးကင်းလုံခြုံသည်ကို ကျန်းမိသားစု အတည်ပြုပြီးနောက် သူတို့က စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်သွားသည်။ ဤဖြစ်ရပ်မှာ ချီရွှမ်းစု သေဆုံးသွားသည်ကိုလည်း သူတို့ သိရှိသွားကြသည်။

ထန်ထိုက်ချုံးသည် ချီရွှမ်းစု၏ သေဆုံးမှုအပေါ် မည်သည့် ဝမ်းနည်းမှုကိုမှ မပြသပေ။ သူမသည် ကြားရသော သတင်းကို လုံးဝ ဂရုမစိုက်သည့်ပုံ ရှိသည်။ သူ့ဇနီး၏ တုံ့ပြန်မှုကို ကြည့်ပြီး ခါတိုင်း အနေအေးသော ကျန်းကျွီချီက မခံချိမခံသာဖြင့် ဒေါသထွက်လာသည်။

ကျန်းကျွီချီသည် ခါတိုင်းမှာ သူ့ဇနီးနှင့် အချေအတင် စကားများလေ့ မရှိသော်လည်း ဤတစ်ခေါက်မှာတော့ သူက ဆူပူအော်ငေါက်လိုက်သည်။

“မင်း… ထျန်းယွမ်ကို ဘယ်လိုပဲ သဘောမကျပါစေဦး... သူက ငါတို့သမီးအတွက် သူ့ကိုယ်သူ စွန့်လွှတ်စတေးခဲ့တာပဲ... မင်း ကျေးဇူးတင်တဲ့အနေနဲ့ မျက်ရည်တစ်စတောင် မကျတာ များလွန်းမနေဘူးလား... ဒါက မင်း ကြီးပြင်းလာတဲ့ ပုံစံလား... မင်းရဲ့ လူသားဆန်မှုက ဘယ်မှာလဲ”

ထန်ထိုက်ချုံးကလည်း ဒေါသထွက်ပြီး သူ့ယောကျ်ားကို ပြန်ခံပြောချင်သည်။ သို့သော် ကျန်းကျွီချီက ဖြတ်ပြောလိုက်သည်။

“မင်း ငါနဲ့ စကားများချင်တယ် ဆိုရင်လည်း အရင်ဆုံး သက်သေတချို့ ရှာပြီး ချင်းရှောင်ရှေ့မှာ ပြောကြတာပေါ့... အဲ့ဒီကောင်လေးက ချင်းရှောင်နဲ့ ဘာမှ မပတ်သက်ဘူး ဆိုရင်တောင် သူက တာအိုတပည့်ဂိုဏ်းသားတစ်ဦး ဖြစ်နေတုန်းပဲ... အနည်းဆုံးတော့ ဒီဖြစ်ရပ်မှာ သေသွားတဲ့ လူတွေအတွက် မင်းမှာ စာနာသနားစိတ် နည်းနည်းတော့ ရှိသင့်တယ် မဟုတ်ဘူးလား”

ထန်ထိုက်ချုံးက ဘာမှ ပြန်မပြောနိုင်တော့ဘဲ သူမ၏ အမျက်ဒေါသကို မျိုသိပ်လိုက်ရသည်။

ကျန်းကျွီချီက ကျန်းယွီယွဲ့ဘက်ကို လှည့်ပြီး အော်ငေါက်လိုက်၏။

“ထျန်းယွမ်က ဒုတိယလီမင်ဟွမ်ဖြစ်တယ်… သူက ချင်းရှောင်ကို လှေကားထစ်အဖြစ် အသုံးချလို့တဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတာလို့ မင်း တတွတ်တွတ် ပြောနေခဲ့တယ်မလား… ကဲ… အခုတော့ ဘယ့်နှယ်ရှိစ… မင်း သူ့အကြောင်း ဘာထပ်ပြောဦးမလဲ… လီမင်ဟွမ်က မင်းအတွက် သူ့ကိုယ်သူ စွန့်လွှတ်အနစ်နာခံမယ်လို့ ထင်လား… မင်းက အဲဒီကောင် လှည့်စားတာကို ခံခဲ့ရတယ်… ဒါပေမဲ့ ယောက်ျားတွေ အားလုံးကို အဲ့လို တစ်ပုံစံတည်းလို့ သိမ်းကျုံးပြီး စွပ်စွဲရအောင် မင်းရဲ့ ဆင်ခြေတုံတရားက ဘယ်မှာလဲ”

ကျန်းယွီယွဲ့ကလည်း လုံးဝ မငြင်းဆန်နိုင်ဘဲ အတန်ကြာပြီးနောက် ခပ်တိုးတိုး ပြောလိုက်၏။

“ကျွန်မ… မှားသွားပါတယ်”

ကျန်းကျွီချီက နှာတစ်ချက်မှုတ်ပြီး ဆက်ပြောလိုက်၏။

“ဒီမိသားစုတစ်ခုလုံးက ကန်းနေကြတာပဲ… ချင်းရှောင်တစ်ယောက်ပဲ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်… ဟုတ်တယ်… ထျန်းယွမ်က တကယ်ပဲ မိဘမဲ့တစ်ဦး… သူက အဆင့်နိမ့်တာအိုဆရာတစ်ဦး… ဒါပေမဲ့ ချင်းရှောင်အတွက် သူ့ကိုယ်သူ စွန့်လွှတ်စတေးခဲ့တာနဲ့တင် လီထျန်ကျန်းထက် အဆတစ်ရာ ပိုသာနေပြီ… မင်းတို့နှစ်ယောက် ကြံစည်နေတာတွေကို ရပ်ပြီး ချင်းရှောင်ရဲ့ ခံစားချက်တွေကို ထည့်တွက်စဉ်းစားပေးသင့်ပြီ”

ခဏကြာအောင် ခန်းမက တိတ်ဆိတ်ငြိမ်သက်သွား၏။ ထန်ထိုက်ချုံးရော ကျန်းယွီယွဲ့ပါ ဘာမှမပြောနိုင်ကြတော့ပေ။

. . . . . . .

ကျန်းယွဲ့လုသည် ထျန်ကန်းခန်းမက ယောင်ကွမ်းအဆောင်သို့ ပြန်ရောက်လာပြီး သူမ၏ အခန်းကို သွားလိုက်သည်။ ချီရွှမ်းစု၏ စားပွဲပေါ်မှာ ခေါက်ထားသော အသစ်စက်စက် အဝတ်အစားတစ်စုံနှင့် စာရွက်စာတမ်းတချို့ကို သူမ သတိထားမိလိုက်၏။

“ဒါက ဘာလဲ…”

ကျန်းယွဲ့လုက သူမ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။

မူကျင်းက မဝံ့မရဲဖြင့် ရှင်းပြလိုက်သည်။

“ဒါက အဆင့် ၆ တာအိုဆရာအတွက် ထုံးတမ်းစဉ်လာဝတ်စုံ၊ အဆောင်အယောင်၊ လစာ၊ ထောက်ပံ့ငွေနဲ့ ရွှေ့ပြောင်းစရိတ်တွေပါ”

အဲဒါက ဘယ်သူ့အတွက် ဆိုတာကို မူကျင်းက မပြောဆိုသော်လည်း နှစ်ယောက်စလုံး သိရှိထားကြသည်။

ကျန်းယွဲ့လုက ခဏကြာ နှုတ်ဆိတ်နေပြီးနောက် ညွှန်ကြားလိုက်၏။

“အဲ့ဒါတွေကို အတွင်းခန်းက ဗီရိုတစ်လုံးထဲမှာ သွားထည့်ထားလိုက်... သူ ပြန်လာတဲ့အခါ ထုတ်ပေးရမယ်”

မူကျင်းက အလိုလို အသံထွက်သွား၏။

“ဒါပေမဲ့ သူက…”

မူကျင်းက စကားဆက်မပြောခင် ကျန်းယွဲ့လုက သူ့ကို ခပ်စူးစူးတစ်ချက် စိုက်ကြည့်လိုက်၏။

ကျန်းယွဲ့လုက သက်ပြင်းချပြီး အမိန့်ပေးလိုက်သည်။

“သွားတော့”

“ကောင်းပါပြီ”

မူကျင်းက ချီရွှမ်းစု၏ ပစ္စည်းများကို သိမ်းယူပြီး လှည့်ထွက်သွား၏။

ကျန်းယွဲ့လုက ချီရွှမ်းစု၏ ခုံမှာ ထိုင်လိုက်သည်နှင့် ထျန်ကန်းခန်းမသခင်က ဝင်ရောက်လာသည်။ ကျန်းယွဲ့လုက သူ့ကို ဤနေရာမှာ တွေ့မြင်ရသည့်အတွက် အံ့အားသင့်သွားပြီး အလိုလို ထနှုတ်ဆက်ဖို့ ပြင်လိုက်သည်။

သို့သော် ခန်းမသခင်က အေးအေးဆေးဆေးနေဖို့ လက်ကာပြလိုက်၏။

သူက ပြောလိုက်သည်။

“ဖြစ်ပျက်ခဲ့တာကို ငါ ကြားပြီးသွားပြီ... အဲ့ဒါ မင်းနဲ့ ပြဇာတ်လိုက်ကြည့်တဲ့ ကောင်လေးမလား”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

ခန်းမသခင်က သက်ပြင်းချလိုက်သည်။ သူက ကျန်းယွဲ့လုကို သူ့တပည့်အဖြစ် အမြဲတမ်း သဘောထားခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်က သူသည် ဆုလာဘ်အဖြစ် သူမအား ပြဇာတ်လက်မှတ်နှစ်စောင် ပေးပြီး တစ်နေ့မှာ သူမ၏ ဘဝလက်တွဲဖော်ကို ရှာဖွေနိုင်ဖို့ မျှော်လင့်ထားခဲ့သည်။ ထိုလက်မှတ်နှစ်စောင်က သက်ရောက်မှုအနည်းငယ် ရှိခဲ့သော်လည်း ဤကဲ့သို့ ဖြစ်ပျက်လာမည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

“အဲဒီကောင်လေးကို ငါသိတယ်… သူ့မှာ အလားအလာကောင်းတွေ ရှိတယ်… အခုလို ဖြစ်သွားတာ နှမြောစရာပဲ”

ထျန်ကန်းခန်းမသခင်က ရေရွတ်လိုက်၏။

“ဒါပေမဲ့ သိပ်ပြီးလည်း ဝမ်းနည်းမနေပါနဲ့… လူတိုင်းက နောက်ဆုံးမှာ သေရမှာပဲ… ငါတို့ နေသားကျအောင်နေဖို့ သင်ယူရမယ်”

ကျန်းယွဲ့လုက ညင်သာစွာ ပြောလိုက်၏။

“ဟုတ်ကဲ့ပါ ခန်းမသခင်”

ခန်းမသခင်က ထပ်ပြောလိုက်သည်။

“မင်း တတ်နိုင်သမျှမြန်မြန် ပြန်ပြီး တက်ကြွလာရမယ်... ငါထင်တာ မမှားဘူးဆိုရင် တာအိုဂိုဏ်းတော်က လျှို့ဝှက်အသင်းအဖွဲ့တွေကို ဖြိုခွင်းဖို့ စစ်ဆင်ရေးတစ်ခု မကြာခင် စတင်လိမ့်မယ်... အချိန်ကျလာတဲ့အခါ အဲ့ဒီစစ်ဆင်ရေးအတွက် ငါ မင်းကို ရွေးချယ်မယ်”

ကျန်းယွဲ့လုက တည်တံ့စွာ ဖြေပေးလိုက်၏။

“ခန်းမသခင်… အဲဒီအတွက်တော့ စိတ်ချပါ”

ခန်းမသခင်က ဘာမှ ထပ်မပြောတော့ဘဲ ထွက်ခွာသွား၏။

ခန်းမသခင် ထွက်သွားပြီးနောက် လင်းချွမ်ကျီ၊ စွန်းယုံဖုန့်၊ ချောင်လီယိုနှင့် ရှုခိုတို့က ကျန်းယွဲ့လုကို သတင်းမေးဖို့ ရောက်ရှိလာ၏။ သူတို့သည် ချီရွှမ်းစု သေဆုံးသည့် သတင်းကိုလည်း အတည်ပြုလိုကြသည်။

ချောင်လီယိုက တုန်ယင်နေသော အသံဖြင့် မေးလိုက်၏။

“လက်ထောက်ခန်းမသခင်… အဲဒါ တကယ်ပဲလား… အမှုဆောင်ချီက…”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

ချောင်လီယိုက တုန်လှုပ်သွားပြီး ဘာပြောရမည် မသိတော့ပေ။

စိတ်ရင်းမှန်သည် မမှန်သည်ကို အသာထား… ဤသတင်းကို ကြားသောအခါ လူတိုင်းတွင် စိတ်မကောင်းသော အမူအရာများ ပေါ်ထွက်လာ၏။ ချီရွှမ်းစုနှင့် အတူယှဉ်တွဲကာ တိုက်ခိုက်ခဲ့ဖူးသော လင်းချွမ်ကျီက ဤသတင်းမှာ တကယ်ပင် စိတ်ထိခိုက်ဝမ်းနည်းနေသည်။

ရှုခိုက ရေရွတ်လိုက်၏။

“မင်းက အစစ်အမှန် ယောက်ျားတစ်ယောက်ဆိုတာ ငါ တကယ်လက်ခံသွားပြီ။”

အခန်း ၁၈၈ - ကြယ်တာရာပင်လယ်

အရှေ့ဘက် ကျာလင်းရေကန်နှင့်ကပ်လျက် ကြယ်တာရာပင်လယ်သည် ကျဉ်းမြောင်းပြီး ရှည်လျားသောပုံစံရှိသည်။ ယန်ဇီမြစ်ရေက ဤနေရာကို ရောက်သည့်အခါ ပြန့်ပြူးသော မြေပြင်အနေအထားကြောင့် မြစ်ရေ၏ စီးဆင်းမှုက နှေးကွေးသွားပြီး ရေမျက်နှာပြင်က ကျယ်ပြန့်လာသည်။ ထိုသို့ဖြင့် ရေများက အဘက်ဘက်ကို စီးထွက်သွားပြီး ဤဧရိယာမှာ ကြီးမားသော စိမ့်များနှင့် များပြားလှစွာသော ရေကန်များကို ဖြစ်ပေါ်လာစေသည်။

(ဤဇာတ်လမ်းတွင် ရေကန်ဆိုသည်မှာ အလွန်ကြီးမားကျယ်ပြန့်သည့်ကန်ကြီးများကို ဆိုလိုပါသည်။)

ရာနှင့်ချီသော ပုံသဏ္ဌာန်နှင့် အရွယ်အစားအမျိုးမျိုး ရေကန်များက ဤဧရိယာကို သိမ်းပိုက်ထားသည်။ မြေပြင်အနေအထားကို အထက်စီးကနေ ကြည့်မည်ဆိုလျှင် ဤရေကန်များသည် ညကောင်းကင်ယံက ကြယ်ပွင့်များကဲ့သို့ နေရောင်အောက်မှာ တဖျပ်ဖျပ်လက်နေသည်ကို တွေ့မြင်ရပေမည်။ ထို့ကြောင့်ပင် ဤဧရိယာက ကြယ်တာရာပင်လယ်ဟူသော အမည်ကို ရလာခြင်းဖြစ်ပေသည်။

ထျန်ကန်းခန်းမက စိတ်ဝိညာဉ်တပ်သားများသည် ကျာလင်းရေကန်နှင့် အယ်လင်းရေကန် အနီးနားတစ်ဝိုက်မှာ ရှာဖွေနေဆဲဖြစ်ပြီး အနည်းငယ် ပိုမိုဝေးကွာသော ကြယ်တာရာပင်လယ်ကို လျစ်လျူရှုထားကြသည်။

ဤအတွဲလိုက် ရေကန်များကြားမှ အကြီးမားဆုံးရေကန်သည် ဧက ၁၀၀ ခန့် ရှိသည်။ ရုတ်တရက် ရေမျက်နှာပြင်ပေါ် ခန္ဓာတစ်ခု ဖြည်းဖြည်းချင်း တက်လာပြီး ရေစီးကြောင်းနှင့်အတူ မျောပါသွား၏။

ခဏနေပြီးနောက် ထိုခန္ဓာက မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ မှင်တက်သွားသည်။ ဤခန္ဓာက ချီရွှမ်းစုဖြစ်သည်။

ချီရွှမ်းစုသည် သူပြုတ်ကျ၍ ဝေဟင်ပျံသင်္ဘော၏ ကိုယ်ထည်အပိုင်းအစတစ်ခုအား ဖမ်းဆွဲခဲ့သည်ကို မှတ်မိနေသည်။ ထို့နောက် ဝေဟင်ပျံသင်္ဘော၏ ကိုယ်ထည်အပိုင်းအစနှင့်အတူ အောက်ကိုပစ်ဆောင့်ကျသွားခဲ့သည်။ သူ တွေးလိုက်၏။

‘ငါ မသေသေးဘူးလား။’

ဤကဲ့သို့သော အမြင့်ကနေ ပြုတ်ကျသည့်အခါ ကောင်းကင်သက်ရှိတစ်ဦးသာ အသက်ရှင်ဖို့ အခွင့်အရေးရှိပေလိမ့်မည်။ သို့သော် ရှန်းထျန်သက်ရှိတစ်ဦးက မလွဲမသွေ သေရပေလိမ့်မည်။ ရွှမ်ကျောက်စိမ်းကနေ အသွင်ပြောင်းလဲပေးထားသည့် သူ၏ကြံ့ခိုင်သော ကိုယ်ကာယနှင့်ပင်လျှင် ဤကဲ့သို့သော အမြင့်ကနေ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

ချီရွှမ်းစုသည် ကမ်းခြေကို ဖြည်းဖြည်းချင်း ကူးခတ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ဒဏ်ရာများကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ သူက လုံးဝ ထိခိုက်မှုမရှိခဲ့ခြင်း မဟုတ်သော်လည်း ဒဏ်ရာပြင်းထန်စွာ ရထားခြင်းမရှိဘဲ တကယ့်ကို ထူးဆန်အံ့သြဖွယ်ရာဖြစ်သည်။

ဖြစ်ပျက်နေသည့်အရာကို သူနားမလည်ပေ။ သူ့မှာ မသေနိုင်လောက်အောင် စွမ်းအားကြီးမားသည့် ပြန်လည်ကုသနိုင်စွမ်းများ ရှိနေမည်ဆိုရင် ပိုင်သီမြို့မှာ သူ့လက်ကို ကျောက်ဖူအန် ချိုးခဲ့စဉ်က ဤစွမ်းရည်များက ဘာကြောင့် မပေါ်ထွက်ခဲ့တာလဲ”

သူ၏ ပြန်လည်ကုသနိုင်စွမ်းကြောင့် မဟုတ်လျှင် တခြားဘာဖြစ်နိုင်မလဲ။ ဤရေကန်ထဲက ရေကြောင့်လား။ ဤရေကန်သည် ရွှမ်အရှင်မြတ်၏ဇနီး ရေးခဲ့သည့် ‘အမျိုးသမီး ဓားအင်မော်တယ်’လို ဝတ္ထုများထဲက အင်မော်တယ်စိမ့်စမ်းရေ ဖြစ်နေမလား။ သူမသည် မွန်မြတ်မဟာသူတော်စင်နှင့် လက်ထောက်မဟာအကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။ သူမ၏ ကျယ်ပြန့်သော ဗဟုသုတများအရ ထိုကဲ့သို့သော အံ့ဖွယ်သရဲ ရေထုက တကယ်ပင် ရှိနေနိုင်သည်။

ပြန်လည်စဉ်းစားကြည့်ရင်း အဲ့ဒါက အဓိပ္ပာယ်မရှိတော့ပြန်ပေ။ သူသည် ဘိုးဘေးကျောင်းတော်နှင့် သိပ်မကွာဝေးသည့် ခွန်လွင်ဒေသထဲမှာ ရှိနေသေးသည်ကို ချီရွှမ်းစု သေချာသိရှိထားသည်။ ဤကဲ့သို့ အံ့ဖွယ်သရဲ ဂုဏ်သတ္တိများနှင့် ရေထုက ရှိနေမည်ဆိုလျှင် တာအိုဂိုဏ်းတော်သည် အဲဒါကို အတန်ကြာကတည်းက ရှာဖွေတွေ့ရှိပြီး အမျိုးမျိုးသော ဝင်္ကပါများ၊ စက်ယန္တရားများနှင့် ကာကွယ်ထားပေလိမ့်မည်။ သို့သော် ချီရွှမ်းစုသည် ထိုကဲ့သို့သော မည်သည့်အရာကိုမှ အာရုံမခံမိပေ။

ဤအချိန်မှာ အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ရေများစိုရွှဲနေသည့် ချီရွှမ်းစုကို ခိုက်ခိုက်တုန် ချမ်းစိမ့်သွားစေ၏။ သူက သတိစိတ်ပြန်ကပ်လာပြီး သူ၏ ပင်ကိုယ်ချီနှင့် သွေးချီနှင့်အတူ သူ့ကိုယ်သူ ခြောက်သွေ့အောင် လုပ်လိုက်၏။

သူ၏အတွေးများက ပြေးလွှားနေ၏။ ရေထဲကို မဟုတ်ဘဲ ကုန်းမြေပေါ်ကို ကျဆင်းခဲ့မည်ဆိုလျှင် အသားပျော့ဖတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဤသဘာဝလွန် ပြန်လည်ကုသနိုင်စွမ်းနှင့်ပင် သူက ကုသနိုင်ပါဦးမလား။ သူ၏ မူလပုံစံကို ပြန်မရောက်တော့ဘဲ ပုံပျက်ပန်းပျက် ခန္ဓာအတိုင်း ရှိနေမလား။

၁၅ မိနစ်ခန့် အတွေးများ ခုန်ပေါက်ပြေးလွှားနေပြီးနောက် ချီရွှမ်းစုက သူ၏ပိုင်ဆိုင်မှုများကို စတင်၍ စစ်ဆေးကြည့်လိုက်၏။ ချင်းယွမ်နှင့် နတ်နဂါးပစ္စတိုက သူ့ခါးမှာ ချိတ်ထားဆဲဖြစ်သည်။ ပစ္စတိုက ရေများဝင်နေသော်လည်း အသုံးပြု၍ ရနိုင်ဆဲဖြစ်သည်။ နတ်ဘုရားလက်နက်တိုက်သည် နတ်နဂါးပစ္စတိုကို ရေစိုခံနိုင်အောင် ပုံစံဖော်ထားသည်။ သားရေအိတ်ထဲမှ ကျည်ဆံများနှင့် အခြားသော ပစ္စည်းများကလည်း ရှိနေဆဲဖြစ်သည်။

ထို့နောက် သူ၏ ရင်ဘတ်အတွင်းအိတ်ကပ်များကို သတိရသွား၏။ သူ့ရင်ဘတ်ကို လက်နှင့်စမ်းမိသည့်အချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် အေးစက်တောင့်တင်းသွား၏။ သူ့နှလုံးခုန်သံကို မခံစားရ၊ မကြားရတော့ပေ။ အထဲမှာ လုံးဝကို တိတ်ဆိတ်ငြိမ်သက်နေ၏။

ထိတ်လန့်တကြားဖြင့် သူ၏အတွေးများက တစ်ဖန်ပြန်လည် ခုန်ပေါက်သွား၏။

ဘာတွေ ဖြစ်နေတာလဲ... ငါ ဖုတ်ကောင်တစ်ကောင် ဖြစ်သွားတာလား... ဒါပေမဲ့ အဲ့ဒါက မြန်ဆန်လွန်းမနေဘူးလား... တာအိုဂိုဏ်းတော်တောင် ဖုတ်ကောင်တွေကို မွေးမြူဖို့ နှစ်ပေါင်းအတော်များများ အချိန်ယူရတယ်... ပုံမှန်အခြေအနေမှာဆိုရင် ဖုတ်ကောင်တစ်ကောင် နိုးထလာဖို့ နှစ်ပေါင်းရာနဲ့ချီ ကြာတတ်တယ်... ဒါဆို ဝေဟင်ပျံသင်္ဘော ပျက်ကျပြီးတဲ့နောက် နှစ်ပေါင်းရာချီ ကုန်ဆုံးသွားခဲ့ပြီလား... ကျန်းယွဲ့လုနဲ့ တခြားသူတွေကော သေကုန်ကြပြီလား…။

သို့သော် ချီရွှမ်းစုက ထိုအတွေးကို အလျင်အမြန် စွန့်လွှတ်လိုက်၏။ နှစ်ပေါင်းရာချီ ကုန်ဆုံးသွားမည်ဆိုလျှင် သူ၏ အဝတ်အစားများနှင့် သူ့အိတ်ထဲမှ ပစ္စည်းများက ဆွေးမြည့်သွားမည် ဖြစ်သည်။ သို့သော် ဤပစ္စည်းများထဲမှ ဘယ်တစ်ခုကမှ ပုံသဏ္ဌာန်အရ ပြောင်းလဲမသွားပေ။ ထို့ကြောင့် သူက ကျိုးရှီခေတ်၏ ၄၂ခုနှစ်မှာ ရှိနေဆဲဖြစ်သည်ကို သေချာပြောနိုင်သည်။

ချီရွှမ်းစုက သူ့ရင်ဘတ်ကို လက်ဖြင့်ဖိပြီး အလေးအနက် စဉ်းစားတွေးတောနေ၏။ အတန်ကြာပြီးနောက် သူ့ရင်ဘတ်မှ တုန်ခါမှုသေးသေးကလေးကို နောက်ဆုံးမှာ ခံစားမိလိုက်၏။ သူ၏ နှလုံးခုန်သံက စစချင်းမှာ အတော်လေး တိုးညင်းသော်လည်း တဖြည်းဖြည်း ပိုမိုသန်မာ ပိုမိုရှင်းလင်းလာပြီး နောက်ဆုံးမှာ ပုံမှန်အတိုင်း ဖြစ်လာ၏။

ချီရွှမ်းစုက စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်စဉ် နောက်ဆုံး တစ်ခုကို အမှတ်ရသွား၏။ တည်းခိုခန်းက လုပ်ကြံသတ်ဖြတ်သူသည် တစ်ခါက သူ့နှလုံးကို ဓားဖြင့်ထိုးခဲ့ဖူးသည်။ ထိုစဉ်တုန်းက အစ်မချီက သူ့ကို ကယ်တင်ပြီး ချင်းဖျင်အသင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် သူ၏ခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲမှုတချို့ ပြုလုပ်ခဲ့ကြ၏။ ဤအသွင်ပြောင်းလဲမှုက သူ့အသက်ကို ကယ်တင်ပေးပြီး သူ့ကို ယခင်ကထက် ပိုမိုသန်မာလာစေခဲ့သည်။

ချင်းဖျင်အသင်းတော် ပြုလုပ်ပေးခဲ့သည့် ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုက လုံးဝ မရိုးရှင်းပုံရသည်။ ဤအသွင်ပြောင်းလဲမှုသည် သူ့ကို ပိုမိုသန်မာလာစေရုံသာမက သေရွာကနေ ပြန်အသက်သွင်းနိုင်သည့် မှော်စွမ်းအားတစ်ခုပါ ပေးခဲ့သည်ဟု ချီရွှမ်းစုက ရဲတင်းစွာ ခန့်မှန်းမိသည်။

ထိုမှော်စွမ်းအားက ပုံမှန်အချိန်မှာ အသက်မဝင်ဘူးဆိုလျှင် ပိုင်သီမြို့မှာ သူ့လက်ကို ကျောက်ဖူအန် ချိုးခဲ့စဉ်က ထူးဆန်းအံ့ဩဖွယ်ရာ ပြန်လည်ကုသနိုင်စွမ်း ပေါ်ထွက်မလာခဲ့သည်မှာ အဓိပ္ပာယ်ရှိလေသည်။ သို့သော်လည်း သူက သေလောက်သည့်ဒဏ်ရာ ရရှိမည်ဆိုလျှင် ဤမှော်စွမ်းအားက အသက်ဝင်လာပြီး သူ့ကို သေရွာကနေ ပြန်ခေါ်ပေးနိုင်တာလား။

လက်တလောမှာ အဲဒါက ယုတ္တိအရှိဆုံး အကြောင်းပြချက်ဟု ချီရွှမ်းစု တွေးမိသည်။ ဘာတွေဖြစ်ပျက်ခဲ့သလဲ နောက်မှ အစ်မချီကို မေးကြည့်ရပေမည်။ သူမက ရှင်းလင်းသော အဖြေတစ်ခု သူ့ကို ပေးကောင်းပေးနိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူ့ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုမှာ အစကတည်းက အစ်မချီ ပါဝင်ပတ်သက်ခဲ့ပြီး သူမက အတွင်းပိုင်းဇာတ်လမ်းကို သိရှိထားလောက်သည်။

သို့သော်လည်း အစ်မချီနှင့် မဆက်သွယ်ခင် ချီရွှမ်းစုက လုံခြုံစိတ်ချရသော နေရာတစ်ခုကို အရင်ဆုံး ရှာဖွေရပေမည်။

ချီရွှမ်းစုက အတွေးများကို စုစည်းပြီး မတ်တတ်ထရပ်၍ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုကာ ဤနေရာကနေ အရင်ဆုံး ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည်။

ချီရွှမ်းစုသည် ယခုမှ သတိပြန်ရလာကာစ ဖြစ်သော်လည်း သူ လောလောဆယ်မှာ တာအိုအဖွဲ့အစည်းကို ပြန်သွားလို့မဖြစ်ဟု တွေးမိသည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်မှ လူများကို ရှောင်ရပေမည်။

သူပြုတ်ကျပြီးနောက် ဘယ်လိုရှင်သန်နိုင်ခဲ့သလဲ လောလောဆယ်မှာ မရှင်းပြနိုင်သောကြောင့် ဖြစ်သည်။ သူက ကျောက်စိမ်းနေပြည်တော်ကို ချက်ချင်းပြန်သွားမည်ဆိုလျှင် ပေချန်ခန်းမသည် သူ့ကို သေချာပေါက် အာရုံစိုက်လာပေလိမ့်မည်။ ထို့နောက် သူတို့သည် သူ၏ အတုအယောင် ကိုယ်ရေးမှတ်တမ်း၊ ချင်းဖျင်အသင်းနှင့် ရွှမ်ကျောက်စိမ်းက ပေးခဲ့သည့် သူ၏ ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုနှင့် ငါးရုပ်အဆောင်တို့ကို ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။ သူ၏ သရုပ်သကန် ပေါက်ကြားသွားသည်နှင့် သူက ကွပ်မျက်ခံရပေလိမ့်မည်။

ထိုအခါ ကျန်းယွဲ့လုက သူ့ကို ဘယ်လိုမြင်မလဲ။ သူတို့နှစ်ယောက်ကြား ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းက သရုပ်ဆောင်ခြင်းမျှသာဖြစ်ပြီး သူမက လှည့်စားခံခဲ့ရသည်ဟု တွေးမလား။

ယခုအချိန်မှာ သူ ပျောက်ကွယ်သွားမည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။ ထိုသို့ဖြင့် သူသည် နစ်နာသူများစွာထဲမှ တစ်ဦးဖြစ်ပြီး ကျန်းယွဲ့လု မှတ်မိသိရှိထားသော ချီရွှမ်းစုအတိုင်း ဆက်ရှိနေပေလိမ့်မည်။ သူတို့၏ လှပသော အတိတ်များကလည်း မစွန်းထင်းဘဲ ဆက်ရှိနေပေလိမ့်မည်။

တကယ်တော့ သူက တစ်နေ့မှာ တာအိုအဖွဲ့အစည်းကို ပြန်သွားဖို့ နည်းလမ်းတစ်ခု ရှာရပေဦးမည်။ သို့သော် ဤကိစ္စကြီး ငြိမ်သက်သွားပြီးမှသာဖြစ်သည်။ ပေချန်ခန်းမ၏ စစ်ကြောမေးမြန်းမှုကို ရှောင်လွှဲဖို့အတွက် သင့်လျော်သည့် အခွင့်အလမ်းတစ်ခုကို ရှာရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ တစ်ခါတလေမှာ ကံကြမ္မာ၏ အလုပ်လုပ်ပုံက ထူးခြားဆန်းကြယ်သည်။ သူ အသက်ရှင်နိုင်ဖို့ အခွင့်အရေးက အလွန်တရာ နည်းပါးသော်လည်း သူက ကံကောင်းသွားသည်ဟု ပြောခြင်းဖြင့် အကြောင်းပြချက်တချို့ကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

ထိုသို့ဖြင့် ချီရွှမ်းစုသည် ရေကန်နားတစ်ဝိုက်မှာ သူ၏ ခြေရာလက်ရာများကို ဂရုတစိုက် ဖျောက်ဖျက်ပြီး ကုန်းမြင့်ပိုင်းတစ်ခုသို့ သွားကာ ဘေးပတ်ဝန်းကျင်အနေအထားကို စစ်ဆေးကြည့်လိုက်သည်။

ဤနေရာသည် ခွန်လွင်တောင်ကြားလမ်းနှင့် ကျာလင်းရေကန်ကြား ကြယ်တာရာပင်လယ် ဖြစ်သည်ကို သူ မြန်မြန်ဆန်ဆန် မှတ်မိသိရှိသွား၏။ ဤနေရာကို ပင်လယ်ဟု ခေါ်သော်လည်း တကယ်တမ်းမှာတော့ ဆက်နေသော ရေကန်များနှင့် မြစ်ချောင်းများ ရှိသည့် မြစ်ဝှမ်းတစ်ခုသာ ဖြစ်သည်။

ကြယ်တာရာပင်လယ်၏ အလှအပနှင့် သွင်ပြင်လက္ခဏာများကြောင့် ဤနေရာကို ခွဲခြားဖို့က အတော်လေး လွယ်ကူသည်။ အရင်တုန်းက သူ့ဆရာနှင့် ကျောက်စိမ်းနေပြည်တော်ကို ပြန်လာခဲ့စဉ် ဤနေရာကို ဖြတ်ဖူးပြီး သူကောင်းကောင်းမှတ်မိနေသည်။

ကြယ်တာရာပင်လယ်သည် ကျာလင်းရေကန်၏ မြစ်ညာပိုင်းမှာ ရှိသည်ကိုလည်း ချီရွှမ်းစု သိထားသည်။ ဝေဟင်ပျံသင်္ဘောသည် ကျာလင်းရေကန်နှင့် အယ်လင်းရေကန် အထက်မှာ ပျက်ကျခဲ့ပြီး တာအိုဂိုဏ်းတော်သည် ဤရေကန်နှစ်ခု အနီးအနားတစ်ဝိုက်မှာ ရှာဖွေမှု ပြုလုပ်လိမ့်မည်ဟု သူပုံဖော်မိသည်။

တာအိုဂိုဏ်းတော်သည် ဝေဟင်ပျံသင်္ဘော၏ နဂါးပုလဲကိုလည်း ပြန်လည်ရယူလိုပေလိမ့်မည်။ ထို့ကြောင့် သူက တာအိုဂိုဏ်းတော်၏ ရှာဖွေမှုကို ရှောင်လွှဲရန် မြစ်ကြောင်းအတိုင်း မြစ်ညာဘက်ကို တက်သွားရန်သာ လိုအပ်သည်။

ဤသည်ကို စဉ်းစားရင်း ချီရွှမ်းစုက တွေဝေမနေတော့ဘဲ ကြယ်တာရာပင်လယ်ကနေ ချက်ချင်းပင် ထွက်ခွာလိုက်၏။ ကြယ်တာရာပင်လယ်က လှပသော နေရာတစ်ခု ဖြစ်သော်လည်း ကျောက်စိမ်းနေပြည်တော်နှင့် အတော်လေး ဝေးကွာဆဲဖြစ်ပြီး လူသူအရောက်အပေါက် နည်းလွန်းသည်။ အရင်တုန်းက ခွန်လွင်တာအိုစံအိမ်မှာ စိတ်ဝိညာဉ်တပ်သားတချို့သည် ရံဖန်ရံခါ ဤအနီးအနားတစ်ဝိုက်တွင် ကင်းလှည့်တတ်ကြသည်။ သူတို့က ဤနေရာမှာ စခန်းပင် ချတတ်သည်။

သို့သော်လည်း တာအိုဂိုဏ်းတော်အတွင်း အခြေအနေများ တင်းမာလာပြီးနောက် ခွန်လွင်တာအိုစံအိမ်သည် ကျောက်စိမ်းနေပြည်တော်နှင့် အနီးအနားတစ်ဝိုက်မှာသာ သူတို့၏ လူသူအင်အား အများစုကို ဖြန့်ကြက်လိုက်ပြီး မည်သည့် စိတ်ဝိညာဉ်တပ်သားကမှ ဤနေရာကို ရောက်ရှိမလာတော့ပေ။ ထို့ကြောင့် ကျယ်ပြောသော ကြယ်တာရာပင်လယ်က တစ်ကောင်တစ်မြီး မရှိဘဲ ဗလာကျင်းနေ၏။ ဤနေရာက တိတ်ဆိတ်ခြောက်ကပ်၍ သာယာလှပနေ၏။

ကြယ်တာရာပင်လယ်ကနေ ထွက်လာပြီးနောက် ချီရွှမ်းစုသည် အကန့်အသတ်မရှိသော ခွန်လွင်အနောက်ဘက်ဒေသကို တွေ့မြင်လိုက်ရသည်။ သူ သွားမည့်နေရာကို အကြမ်းဖျင်း စဉ်းစားကြည့်လိုက်၏။ အရှေ့ဘက်မှာ ကျာလင်းရေကန်၊ အနောက်ဘက်မှာ ခွန်လွင်တောင်ကြားလမ်း၊ တောင်ဘက်မှာ ထုံထန်မြစ်နှင့် ယီရှန်မြို့ကိုသွားရာ တောင်တန်းများ၊ မြောက်ဘက်မှာ ဆားကန်ဟု ကျော်ကြားသည့် ကျယ်ပြောသော ဂိုဘီသဲကန္တာရတို့ ရှိသည်။

အမှတ်တမဲ့ စဉ်းစားကြည့်လျှင် တောင်ပိုင်းကို သွားသည်က ပိုကောင်းသည်ဟု ထင်ရသည်။ ပထမအချက် သူက ထိုလမ်းကြောင်းနှင့် ရင်းနှီးပြီးသားဖြစ်ပြီး ဒုတိယအချက် ထိုနေရာက လူဦးရေထူထပ်သည်။ သို့သော်လည်း ချီရွှမ်းစုမှာ နောက်ထပ်စိုးရိမ်စရာ ရှိနေသည်။ သူ နှစ်ကြိမ်ကြုံတွေ့ခဲ့သည့် လင်းရှန်စုန်းကဝေဒဂိုဏ်းဝင်များက ထိုဒေသမှာ ရှိနေသည်။

ထုံထန်မြစ်သည် ကျာလင်းရေကန်နှင့် မိုင် ၃၀၀ ခန့်သာ ကွာဝေးသည်။ ခွန်လွင်တောင်ကြားလမ်းကနေ ထုံထန်မြစ်သို့ အကွာအဝေးသည် ခွန်လွင်တောင်ကြားလမ်းကနေ ကျာလင်းရေကန်သို့ အကွာအဝေးထက်ပင် ပိုမိုတိုတောင်းသည်။ သူက လင်းရှန်စုန်းကဝေဂိုဏ်းဝင်များနှင့် နောက်တစ်ဖန် ကြုံတွေ့ရမည်ဆိုလျှင် ဒုက္ခများပေလိမ့်မည်။ အထူးသဖြင့် သူတို့၏ အဖွဲ့ဝင်များကို ယခင်က သူ သတ်ဖြတ်ထားခဲ့သည်။ ကျန်းယွဲ့လုက ပိုမိုကျော်ကြားပြီး လင်းရှန်စုန်းကဝေဂိုဏ်းသည် သူမကို အရင်ဆုံး ပစ်မှတ်ထားခဲ့ကြသည်။ သို့သော် လင်းရှန်စုန်းကဝေဂိုဏ်းသည် ပါဝင်ပတ်သက်ခဲ့သော သူ့ကို လျစ်လျူရှုထားမည်ဟု မဆိုလိုပေ။

ခဏမျှ စဉ်းစားပြီးနောက် ကျယ်ပြောသော ဆားကန်ရှိရာ မြောက်ဘက်ကိုသွားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ယုံကျိုးမြို့တော် ရှီဖျင်စီရင်စုသို့ ဆားကန်အတိုင်း အရှေ့ဘက်သို့ ဆက်သွားပေလိမ့်မည်။ ထိုနေရာကနေ သူ နောက်ထပ်ဘာလုပ်မလဲ အစီအစဉ်ချနိုင်သည်။

ချီရွှမ်းစုသည် လျန်ကျိုးမြို့တော် ထျန်ရွှေစီရင်စုသို့ သွားနိုင်သည်။ သို့မဟုတ် ချင်ကျုံးမြို့တော် ရှီကျင်းစီရင်စုသို့လည်း တရားဝင်လမ်းမအတိုင်း အရှေ့စူးစူးကို သွားနိုင်သည်။ ဤမြို့ကြီးသုံးမြို့မှာ ချင်းဖျင်အသင်း၏ အချိန်းအချက်နေရာများ ရှိနေပေလိမ့်မည်။

သူက လက်တွေ့ကျသော လူတစ်ယောက်ဖြစ်သည်။ ချင်းဖျင်အသင်းကနေ ထွက်ခွာချင်သော်လည်း ချင်းဖျင်အသင်းက ထောက်ပံ့ပေးထားသည့် အမျိုးမျိုးသော ခံစားခွင့်များနှင့် ဝန်ဆောင်မှုများကို အမြတ်ထုတ်ယူဖို့လည်း သူ ဝန်လေးမနေပေ။ အထူးသဖြင့် လိုအပ်သည့်အချိန်မှ ဖြစ်သည်။

All Chapters